အခန်း ၂၀၂
Vol. 21 Ch. 202
၂၀၂ : မင်းရဲ့ ရုပ်ကို မြင်ရတာ.. ငါ့ရဲ့ အစာစားချင်စိတ်ကို ထိခိုက်စေတယ်...
~
တစ်ဖက်တွင် ရှီဒီ သည် ရှီထျန်း ထံမှ ခွဲထွက် ထွက်ပြေးလာခဲ့ပြီးနောက် ချက်ချင်းပင် မြေအောက်သို့ တူးဝင်ကာ တောင်တန်းများကို ဖြတ်သန်း၍ ခရီးနှင်လာခဲ့သည်။
ကောင်းကင်ယံမှ ထွက်ပြေးခြင်းနှင့် နှိုင်းယှဉ်ပါက မြေအောက်တွင် ပုန်းအောင်းနေခြင်းက ရှာဖွေတွေ့ရှိနိုင်ခြေ ပို၍ နည်းပါးပေသည်။
မိုင်တစ်ထောင်နီးပါးခန့် ခရီးနှင်လာပြီးနောက် ထိုနေရာတွင် ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သကဲ့သို့ ပုံရိပ်တစ်ခုသည် သူ၏ ရှေ့တွင် တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့သည်။
"မင်းက ငါ့အိမ်ကို ဖျက်ဆီးခဲ့တယ်.. လျော်ကြေးလည်း ဘာမှမပေးဘဲနဲ့ ဒီအတိုင်း ထွက်သွားလို့ရမယ်လို့ ထင်နေတာလား.."
လင်းဖန် က အေးစက်စွာဖြင့် ခြေထောက်ကို ဆောင့်နင်းလိုက်ရာ မြေပြင်က ချက်ချင်း အက်ကွဲသွားပြီး အက်ကွဲကြောင်းများက ရှေ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားသည်။
မြေအောက်တွင် ပုန်းအောင်းနေသော ရှီဒီ က အပေါ်သို့ ခုန်ထွက်လာပြီး သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သောအခါ မရေမတွက်နိုင်သော အလောင်းကောင် အင်းဆက်များက အင်္ကျီလက်ထဲမှ အဆက်မပြတ်ပန်းထွက်လာကြသည်။
"တစ္ဆေအလောင်း.. အင်းဆက်ထောင်ချောက်..."
အလောင်းကောင် အင်းဆက်ပိုးမွှား မြောက်မြားစွာသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် စုဝေးလာကာ မှောင်မိုက်ပြီး ကြီးမားလှသော မိုးတိမ်မည်းကြီး တစ်ခုကဲ့သို့ လင်းဖန် ကို လွှမ်းခြုံထားလိုက်ပြီး တဝီဝီ မြည်သံများနှင့် အတောင်ခတ်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။
အလောင်းကောင် အင်းဆက်များအားလုံးက စူးရှသော အော်ဟစ်သံများ ဆက်တိုက် ထုတ်လွှတ်လာပြီး ဆူနာမီလှိုင်းလုံးကြီး တစ်ခုကဲ့သို့ သွားများကို ထုတ်ဖော်ကာ အတင်း ဝင်ရောက် ကိုက်ဖြတ်ကြမည့်အချိန်တွင် လင်းဖန် က သူ၏ လက်နှစ်ဖက်ကို ညင်သာစွာ ပူးကပ်လိုက်လေသည်။
"ဖုန်း..."
အသံတစ်သံနှင့်အတူ ဆယ်ကျန်းခန့် မြင့်မားသော ကိုယ်တစ်ဝက် ဓမ္မရုပ်တုကြီး တစ်ခု သူ၏ နောက်ကျောဘက်တွင် ထွက်ပေါ်လာပြီး လက်ဖဝါးများကို ပူးကပ်ကာ အလောင်းကောင် အင်းဆက်ပိုးမွှားများကို ခြင်ရိုက်သလို ရိုက်ချေ ပစ်လိုက်သည်။ ပြင်းထန်လှသော ဝိညာဉ်လှိုင်းရိုက်ခတ်မှုကြောင့် မြေအောက်နှင့် တောင်တန်းများအတွင်း၌ ပုန်းအောင်းနေကြသော အခြား အလောင်းကောင် အင်းဆက်ပိုးမွှားများ အားလုံးပါ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
ရှီဒီ ၏ ခြေဖဝါးအောက်မှ ဧရာမ ကင်းခြေများကောင်ကြီး တစ်ကောင် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ရစ်ပတ်ထားလိုက်ကာ ဝိညာဉ်လှိုင်း၏ ရိုက်ခတ်မှုကို တားဆီးနိုင်ရန် သူ၏ ကျောက်ကုန်းပေါ်ရှိ အခွံမာကို ဒိုင်းကာအဖြစ် အသုံးပြုလိုက်သည်။
ရှီဒီ က သူ့ရှေ့ရှိ ကင်းခြေများကောင် အလောင်းကောင်ကို ဖယ်ရှားလိုက်သောအခါ သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းကြောင့် အလွန်အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်သွား၏ ။
တစ်ချိန်က စိမ်းလန်းစိုပြည်နေခဲ့သော တောင်တန်းကြီးများမှာ ပျောက်ကွယ်သွားခဲ့လေပြီ ။ တောင်ထိပ် တစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်နေပြီး ထိုအထဲတွင် သူ အချိန်ကြာမြင့်စွာ စုဆောင်းကာ သန့်စင်ထားခဲ့သော အလောင်းကောင် အင်းဆက် သိန်းပေါင်းများစွာပါ ပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။
ဤအချိန်ရောက်မှသာ ရှောင်ယီ ဘာကြောင့် ဤမျှ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားခဲ့ရသလဲ ဆိုသည်ကို သူ နားလည် သဘောပေါက်သွားတော့သည်။ နတ်ဆိုးအရှင်၏ တိုက်ခိုက်မှုကို သူကိုယ်တိုင်ပင်လျှင် ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
အစကတည်းက သူတို့သည် နတ်ဆိုးအရှင်၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ ။
ကျင့်ကြံခြင်း စွမ်းအား၏ ဆယ်ပုံတစ်ပုံသာ ကျန်ရှိနေသေးသော နတ်ဆိုးအရှင်ကို သူတို့ အထင်သေးမိခဲ့ကြ၏ ။
ရှီဒီ သည် အနည်းငယ်မျှပင် တွန့်ဆုတ်နေခြင်း မရှိတော့ဘဲ ထွက်ပြေးရန်သာ ပြင်ဆင်လိုက်သည်။ သူ၏ လက်ဖဝါးထဲတွင် မှော်အစီအရင် တစ်ခု ပေါ်လာပြီး ဖောင်းအိနေသော တီကောင် တစ်ကောင်က ထိုအထဲမှ တွားသွားကာ ထွက်ပေါ်လာခဲ့သည်။
တီကောင်က သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို မျိုချလိုက်ပြီးနောက် ချွန်ထက်သော သွားများဖြင့် ဟင်းလင်းပြင်ကို ထိုးဖောက် ဆုတ်ဖြဲကာ ထိုဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ တည့်မတ်စွာ ဝင်ရောက်သွားလေသည်။
"ဟင်းလင်းပြင် တီကောင်..."
လင်းဖန် အနည်းငယ် အံ့အားသင့်သွားသည် ။
အင်းဆက် စာရင်းတွင် အမြင့်ဆုံး အဆင့်ရှိသည့် အင်မော်တယ် အင်းဆက်ပိုးမွှားများ ဖြစ်ကြသော ဟင်းလင်းပြင် တီကောင်များသည် တိုက်ခိုက်ရေး စွမ်းရည် မရှိသော်လည်း ဟင်းလင်းပြင် အာကာသကို ဖောက်ထွင်းသွားလာရာတွင်မူ အလွန် ထူးချွန်ကြပေသည်။
သူတို့သည် သဘာဝအားဖြင့် ကြောက်ရွံ့တတ်ကြပြီး အန္တရာယ် တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရသည့်အခါ ချက်ချင်းပင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ထွက်ပြေးတတ်ကြသည်။
သူတို့၏ သဘာဝအတိုင်း ဖောင်းပွနေသော ခန္ဓာကိုယ်များကြောင့် သာမန် ကမ္ဘာလောက အတွင်း၌ အလွန် နှေးကွေးစွာ ရွေ့လျားကြပြီး တဖြည်းဖြည်းချင်းသာ တွားသွားနိုင်ကြသော်လည်း ဟင်းလင်းပြင်ထဲတွင်မူ ရေထဲမှ ငါးများကဲ့သို့ အလွန် လျင်မြန်စွာ ရွေ့လျားသွားလာနိုင်ကြသည်။
ဟင်းလင်းပြင်ထဲသို့ ထွက်ပြေးနိုင်သည့် ဤအသက်ကယ် နည်းလမ်းကြောင့်သာလျှင် ဟင်းလင်းပြင် တီကောင်များကို တစ်ချိန်က ကျင့်ကြံသူများစွာက နှစ်သက် သဘောကျခဲ့ကြသည်။ ထို့ကြောင့်ပင် ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီး အမဲလိုက်ခဲ့ကြပြီး ဟင်းလင်းပြင် မှော်ရတနာ အမျိုးမျိုးနှင့် ဝိညာဉ် ဆေးဝါးများ အစရှိသည်တို့အဖြစ် သန့်စင် အသုံးပြုခဲ့ကြသည်။
ရှေးခေတ်ကာလများ ကတည်းက မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် အလွန် ရှားပါးသော အင်မော်တယ် အင်းဆက်ပိုးမွှားများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပြီး သူကိုယ်တိုင်ပင်လျှင် အသက်ရှင်နေသော ဟင်းလင်းပြင် တီကောင်ကို ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဤတီကောင်လေး အကူအညီဖြင့် သူ၏ လက်အောက်မှ လွတ်မြောက်သွားနိုင်လိမ့်မည်ဟု တွေးထင်နေခြင်းကတော့ အရမ်းကို ရိုးရှင်းလွန်းနေပေသည်။
လင်းဖန် သည် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ လိုက်ပါသွားလေသည်။
ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းကို ဖြတ်ကျော်သွားပြီးနောက် ဟင်းလင်းပြင် တီကောင်သည် ဟင်းလင်းပြင်ကို တစ်ဖန် ပြန်လည် ဆုတ်ဖြဲလိုက်ကာ ရှီဒီ ကို ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းထဲမှ ခေါ်ဆောင်လာခဲ့ပြီး လူသူကင်းမဲ့သော လွင်တီးခေါင်ပြင် တစ်နေရာသို့ ရောက်ရှိလာခဲ့သည်။
ရှီဒီ သည် ဟင်းလင်းပြင် တီကောင်၏ ပါးစပ်မှ ထွေးထုတ်ခံလိုက်ရပြီး ကြောင်အမ်းအမ်းဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။
ဟင်းလင်းပြင် တီကောင်များသည် ဟင်းလင်းပြင်ထဲမှ ထွက်ပြေးရာတွင် အလွန် ကျွမ်းကျင်ကြသော်လည်း ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းထဲတွင် တည်နေရာ အတိအကျ သတ်မှတ်နိုင်ခြင်း မရှိပေ ။
ထို့ကြောင့် လုံးဝ မလွှဲမရှောင်သာ အသက်အန္တရာယ်နှင့် ကြုံတွေ့ရချိန်မျိုးမှလွဲ၍ သူသည် ဟင်းလင်းပြင် တီကောင်ကို ထွက်ပြေးရန်အတွက် အသုံးမပြုခဲ့ခြင်း ဖြစ်သည်။
'ငါ့ကို ဘယ်နေရာဆီ ခေါ်သွားမယ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ.. ငါ ထွက်လာတာနဲ့ ပိုပြီး အန္တရာယ်များတဲ့ အရာတစ်ခုခုနဲ့ ကြုံတွေ့ရနိုင်ခြေကလည်း ရှိနေတာပဲလေ..'
'ကံကောင်းထောက်မစွာနဲ့ ငါ့ကံက သိပ်မဆိုးလှဘူး ထင်တယ်.. လူသူကင်းမဲ့တဲ့ လွင်တီးခေါင် တစ်ခုကိုပဲ ရောက်လာတာဆိုတော့ ဒီနေရာမှာ နတ်ဆိုးအရှင်ရဲ့ လက်ကနေ လွတ်မြောက်နိုင်လောက်ပါပြီလေ..'
ရှီဒီ သက်ပြင်းတစ်ချက် ချလိုက်ပြီး ခဏအကြာတွင်ပင် လင်းဖန် ၏ ပုံရိပ်က သူ၏ နောက်ကျောဘက်ရှိ ပြိုကွဲနေသော ဟင်းလင်းပြင် အာကာသထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
အသစ် ထပ်မံ ရောက်ရှိလာသူကို မြင်လိုက်ရသောအခါ သူ ချက်ချင်းပင် ကြောက်ရွံ့ တုန်လှုပ်သွားပြီး မယုံကြည်နိုင်ချေ ။
ယေဘုယျအားဖြင့် ဟင်းလင်းပြင် တီကောင်ကို အသုံးပြု၍ ဟင်းလင်းပြင်ထဲသို့ ထွက်ပြေးသည့်အခါ ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းသည် အလွန် အန္တရာယ်များလှပြီး အနည်းငယ်သော အမှားအယွင်း တစ်ခုကြောင့်ပင် ဟင်းလင်းပြင်၏ ဆုတ်ဖြဲ ဖျက်ဆီးခံရနိုင်ခြေ ရှိသောကြောင့် မည်သူမှ လိုက်လံ ဖမ်းဆီးလေ့ မရှိကြပေ။
ထို့အပြင် ဟင်းလင်းပြင် တီကောင် တစ်ကောင်၏ နောက်သို့ လိုက်ပါသွားခြင်းဖြင့် သူတို့ ဘယ်နေရာသို့ ရောက်ရှိသွားမည်ကိုလည်း မည်သူမှ မသိနိုင်ကြချေ။ ဟင်းလင်းပြင် တီကောင် တစ်ကောင်၏ နောက်မှ ဟင်းလင်းပြင်ထဲသို့ လိုက်ပါသွားခြင်းသည် အလွန် အန္တရာယ်များပြီး မိုက်မဲလွန်းသော လုပ်ရပ် ဖြစ်သော်လည်း နတ်ဆိုးအရှင်ကမူ သူ့ကို တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ လိုက်လံ ဖမ်းဆီးနေလေ၏ ။
"မြန်မြန်ထ.. ထပ်ပြီး ထွက်ပြေးစမ်း.."
ရှီဒီ က သူ၏ ဘေးနားရှိ ဟင်းလင်းပြင် တီကောင်ကို ပုတ်ကာ အလျင်အမြန်ပင် ဟင်းလင်းပြင် တီကောင်ထဲသို့ ပြန်လည် ဝင်ရောက်နိုင်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း လင်းဖန် က သူ့ကို ဒုတိယ အခွင့်အရေး ထပ်ပေးလိမ့်မည်ဟု တွေးထင်နေပါက မှားယွင်းသွားပေလိမ့်မည်။
ဟင်းလင်းပြင် တီကောင်က သူ၏ ပါးစပ်ကို မဖွင့်နိုင်မီမှာပင် ပြင်းထန်သော ဝိညာဉ် စွမ်းအားတစ်ခုက သူ့ကို လာရောက် ပိတ်ဆို့ထားလိုက်လေသည်။
ပါးစပ်ကို မဖွင့်နိုင်တော့သောကြောင့် ဟင်းလင်းပြင် တီကောင်သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်ခြင်း မရှိတော့ချေ။ သူသည် အခြားသူများ၏ သနားကြင်နာမှုအပေါ်တွင် မှီခိုနေရသော ကြီးမားပြီး ဖောင်းအိနေသည့် တီကောင်ကြီး တစ်ကောင်မျှသာ ဖြစ်သွားတော့သည်။
ဟင်းလင်းပြင် တီကောင် အသုံးမဝင်တော့သည်ကို မြင်လိုက်ရသောအခါ ရှီဒီ သည် နောက်သို့ တစ်ချက်မျှ လှည့်မကြည့်တော့ဘဲ မြေပြင်ကို အားပြု ဆောင့်နင်းကာ အဝေးသို့ ထွက်ပြေးသွားတော့သည်။
လင်းဖန် က သူ၏ လက်ကို မြှောက်ကာ ဆုပ်ကိုင်လိုက်သောအခါ သူ၏ နောက်ကျောဘက်တွင် ထွက်ပေါ်နေသော ဓမ္မရုပ်တုကြီးက ဧရာမ လက်မောင်းကြီးကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်ယံကို ဖြတ်ကျော်ကာ လက်ဖဝါး တစ်ချက်တည်းဖြင့် သူ့ကို အမှုန့်ချေ ပစ်လိုက်သည်။
လက်ပြန်ရုတ်လိုက်သောအခါ ထိုအထဲတွင် ပါးလွှာပြီး ကွာကျနေသော အရေပြားကဲ့သို့ အမြှေးပါး တစ်ခုသာ ကျန်ရစ်ခဲ့ပြီး ရှီဒီ ၏ ပုံရိပ်ကိုမူ မည်သည့် နေရာတွင်မှ မမြင်တွေ့ရတော့ချေ။
"ဟင်း.. သူ့မှာ ထွက်ပြေးဖို့ နည်းလမ်းတွေ အများကြီး ရှိနေတာပဲ..."
လင်းဖန် က လှောင်ပြောင် သရော်သည့်ဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် သူ၏ လက်ဖဝါးကို မြှောက်ကာ အောက်ဘက်ရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ဝုန်း..."
သူ၏ နောက်ကျောရှိ ဓမ္မရုပ်တုကြီးကလည်း လက်မောင်းကို မြှောက်ကာ အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။ မြေပြင်တစ်ခုလုံး ချက်ချင်းပင် အက်ကွဲသွားခဲ့ပြီး ရှီဒီ ၏ ပုံရိပ်ကလည်း လွင့်စင်လာသော အပျက်အစီးများ ကြားတွင် ထွက်ပေါ်လာခဲ့သည်။
"မင်းကို တွေ့ပြီ..."
လင်းဖန် က ရှီဒီ ၏ ပုံရိပ်ကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ပြီး သူ၏ လက်ဖဝါးက ဓား တစ်လက်သဖွယ် လေထုကို ဖြတ်တောက်သွားသည်။ ထို့နောက် မမြင်ရသော လေဓား တစ်လက်က ရှီဒီ ၏ လည်ပင်းကို တိုက်ရိုက် လှီးဖြတ်သွားလေတော့၏ ။
ရှီဒီ တုံ့ပြန်ရန် နောက်ကျသွားခဲ့ပြီး တစ်ချက်တည်းသော ဓားချက်ဖြင့်ပင် လည်ပင်း ပြတ်ထွက်သွားသည်။ သူ၏ ခေါင်းသည် လည်ပင်းမှ လိမ့်ထွက်သွားပြီး ခေါင်းမဲ့နေသော ခန္ဓာကိုယ်သည် ကောင်းကင်ယံမှ အပျက်အစီးများကြားထဲသို့ ပြုတ်ကျသွားလေသည်။
ရှီဒီ ကို ရှင်းလင်း သုတ်သင်ပြီးနောက် လင်းဖန် သည် ဟင်းလင်းပြင် တီကောင်နှင့်အတူ ထွက်ခွာရန် လှည့်ထွက်လိုက်သော်လည်း ဟင်းလင်းပြင် တီကောင်အပေါ်တွင် ချမှတ်ထားသော ဝိညာဉ်ရေးရာ ထိန်းချုပ်မှုက ဆက်လက် ရှိနေသေးသည်ကို သတိထားမိလိုက်သည်။
ပုံမှန်အားဖြင့် သခင်တစ်ဦး သေဆုံးသွားသောအခါ သိုလှောင်လက်စွပ်နှင့် စာချုပ်ချုပ်ဆိုထားသော သားရဲများအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များမှာလည်း အလိုအလျောက် ပျောက်ကွယ်သွားလေ့ ရှိပေသည်။
'ဟင်းလင်းပြင် တီကောင် အပေါ်က ကန့်သတ်ချက် ရှိနေသေးတယ်ဆိုတော့ သူ မသေသေးဘူးပေါ့...'
ထိုသို့ တွေးတောနေစဉ်မှာပင် ရုတ်တရက် သူ၏ နောက်ကျောဘက်မှ ထက်မြက်ပြီး အေးစက်သော လေပြင်းများ တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။
လင်းဖန် က ခေါင်းလှည့်မကြည့်သလို ရှောင်တိမ်းခြင်းလည်း မပြုလုပ်ဘဲ သူ၏ ဓမ္မရုပ်တု ခန္ဓာကိုယ်ကို အတားအဆီးတစ်ခုအဖြစ် အသုံးပြုကာ သူ၏ ကိုယ်ကို ဖုံးကွယ်ထားလိုက်သည်။ ထိုအချိန်တွင် တံစဉ်ပုံသဏ္ဌာန် ရှိသော အင်းဆက်ဓား နှစ်လက်သည် ဓမ္မရုပ်တု၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်လာခဲ့လေသည်။
"ဘာ..."
ရှီဒီ အလွန် ထိတ်လန့်သွားပြီး နတ်ဆိုးအရှင်က ဤမျှ လျင်မြန်စွာ တုံ့ပြန်နိုင်လိမ့်မည်ဟု လုံးဝ မယုံကြည်နိုင် ။
လင်းဖန် က မထီမဲ့မြင်ပြုသော အမူအရာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ရှီဒီ ၏ လက်ရှိ အသွင်အပြင်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသည်။
ဤအချိန်တွင် ရှီဒီ သည် လူသား ပုံပန်းသဏ္ဌာန် မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ် အောက်ပိုင်းမှာ ကင်းခြေများကောင်၏ ကိုယ်ထည် ဖြစ်နေပြီး ပုစဉ်းလက်များ၊ ကျောပေါ်တွင် ပိုးဟပ်တောင်ပံများ ပါရှိနေကာ သူ၏ ခေါင်းမှာလည်း မျက်လုံးများဖြင့် ဖုံးလွှမ်းနေသော ယင်ကောင်ခေါင်းကြီး တစ်ခုအဖြစ် ပြောင်းလဲနေပေသည်။ သူ၏ တစ်ကိုယ်လုံးမှာ လူမဟုတ် အင်းဆက်မဟုတ်သည့် စက်ဆုပ် ရွံရှာဖွယ်ကောင်းသော သတ္တဝါကြီး တစ်ကောင်အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
သူသည် အလောင်းကောင်အင်းစက်ကျင့်စဥ်ကို ပိုမို ကျွမ်းကျင် လာစေရန်အတွက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အင်းဆက် အမျိုးမျိုးဖြင့် သန့်စင် ပေါင်းစပ်ထားခဲ့ပြီး ဖြစ်သည်။ သူ၏ မူလ လူသား ပုံပန်းသဏ္ဌာန်မှာ အပေါ်ယံ ဗလာ အခွံတစ်ခုသာ ဖြစ်နေခဲ့ပေသည်။
"ထွီ... ရွံစရာကောင်းလိုက်တာ..."
"မင်းရဲ့ ရုပ်ကို မြင်ရတာ ငါ့ရဲ့ အစာစားချင်စိတ်ကို ထိခိုက်စေတယ်..."
လင်းဖန် ၏ မျက်ဝန်းများက အေးစက်စွာ ကျဉ်းမြောင်းသွားပြီး သူ့ကို ထပ်မံ ချေမွပစ်ရန် လက်ကို မြှောက်လိုက်လေသည်။
"ခဏလေး.. ခဏလေး နေပါဦး နတ်ဆိုးအရှင်..."
ရှီဒီ အလွန် ထိတ်လန့်သွားပြီး အသက်ချမ်းသာပေးရန် အသနားခံလိုက်သော်လည်း စကားပင် ဆုံးအောင် မပြောလိုက်ရ ။ ဧရာမ လက်ဖဝါးကြီး တစ်ခုက သူ့ကို ရိုက်ချေပစ်လိုက်ရာ အစိမ်းရောင် အရည်များ နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။