အခန်း ၂၀၃
Vol. 21 Ch. 203
၂၀၃ : ရှင်က ဧကရီနော်... ကျေးဇူးကို ရန်ငြိုးနဲ့ တုန့်ပြန်လို့ မရဘူး...
~
"ဝှစ်..."
ဂြိုဟ်ပြာ၏ အခြားတစ်ဖက်တွင် လျူယန်သည် သက်တံတစ်စင်းအဖြစ် ပြောင်းလဲသွားကာ ကျယ်ပြောလှသော သမုဒ္ဒရာနှင့် ရေခဲပြင်များပေါ်မှ လျင်မြန်စွာ ဖြတ်သန်းပြေးနေသည်။
အချိန်မည်မျှကြာသွားသည်ကို မသိရသော်လည်း လုံလောက်သော အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားပြီဟု ခံစားလိုက်ရသောအခါ သူမ လေထဲ၌ ရပ်တန့်လိုက်ပြီး အနောက်သို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်သည်။
သူမ၏ အနောက်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး လိုက်လာသူ မရှိ ။ ထို အခါမှသာ သူမ သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။
ကံကောင်းထောက်မစွာဖြင့် နတ်ဆိုးအရှင်နှင့် ဧကရီတို့က ရှီညီအစ်ကိုများနောက်သို့ လိုက်သွားပုံရသောကြောင့် သူမ ယာယီအားဖြင့် ဘေးကင်းသွားလေပြီ ။
"ဟမ့်... ဒီအရှင်က မင်းကို ဒီလောက်ကြာကြာ ထွက်ပြေးခွင့်ပေးထားတာတောင် မင်းက ဒီလောက်ပဲ ရောက်သေးတာလား ..."
နောက်ပြောင်သော အသံတစ်သံက လျူယန်၏ အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ရင်းနှီးနေသော ထိုအသံကို ကြားလိုက်ရသည့်အခါ လျူယန်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။
ဤအသံနှင့် ယှဉ်လိုက်လျှင် သူမ၏ပတ်ဝန်းကျင်ရှိ အရိုးကွဲမတတ် အေးစိမ့်နေသော လေပြင်းများကပင် ပိုမို နွေးထွေးနေသယောင် ရှိနေပေသည်။
"ဟီးဟီးဟီး... နတ်ဆိုးအရှင်..."
လျူယန်က သူမ၏ခေါင်းကို တောင့်တင်းစွာ လှည့်လိုက်ပြီး မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိကာ အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် ခုခံလိုစိတ်မရှိဘဲ အရှုံးပေးသည့်အနေဖြင့် သူမ၏ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ထားလိုက်၏ ။
"ကျွန်မကို လူကိုယ်တိုင် လိုက်ရှာတာ တကယ်ကို ဂုဏ်ယူဝမ်းမြောက်စရာပါပဲ..."
"အရှင့်ရဲ့ ဂုဏ်သတင်းကျော်ဇောမှုကို ကြားနေရတာ ကြာပါပြီ... ကျွန်မရဲ့ ရင်ထဲမှာလည်း အရှင့်ကို အရမ်းလေးစားကြည်ညိုနေခဲ့တာပါ.."
"ကျွန်မက အရှင်နဲ့ အမြဲတမ်း မိတ်ဆွေဖြစ်ချင်နေခဲ့တာပါ.."
ထိုသို့ပြောရင်း လျူယန်သည် လင်းဖန်အား မျက်စိတစ်ချက်မှိတ်ပြလိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးကို လှုပ်ခါကာ သူ၏အနီးသို့ ချဉ်းကပ်သွားသည်။
လင်းဖန်သည် နှုတ်ခမ်းကိုကွေးကာ မထီမဲ့မြင် ပြုံးလိုက်ပြီး သူ၏လက်ကို မြှောက်ကာ ဝိညာဥ်ချီစွမ်းအင်ဖြင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖမ်းဆုပ်လိုက်သည်။ အနည်းငယ် ညှစ်လိုက်ရုံဖြင့် ယခင်လူကဲ့သို့ပင် သူမကို အမှုန့်ချေ ပစ်နိုင်ပေသည် ။
"နတ်.. နတ်ဆိုးအရှင်... နေပါဦး... နေပါဦး... ရှင် ကျွန်မကို သတ်လို့မရဘူး..."
သူမ၏ အသက်က အခြားသူတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် လျူယန်သည် ဆက်လက်၍ တည်ငြိမ်မနေနိုင်တော့ဘဲ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ထိုစကားကို ကြားလိုက်ရသောအခါ လင်းဖန်သည် ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့လေသည်။
"ပြောစမ်း... ဒီအရှင်က မင်းကို ဘာကြောင့် မသတ်သင့်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်တစ်ခု ပေးစမ်းပါ.."
"စောစောက... စောစောက ရှင်မရှိတဲ့အချိန်တုန်းက ဧကရီကို ကယ်တင်ဖို့ ကျွန်မ ကူညီပေးခဲ့တယ်.."
"ဧကရီက အခု ရှင့်ရဲ့ အမျိုးသမီးပဲ ... ကျွန်မက ဧကရီကို ကယ်တင်ခဲ့တာဆိုတော့ နတ်ဆိုးအရှင်ဖြစ်တဲ့ ရှင့်အပေါ်ကို ကျေးဇူးပြုခဲ့တာပဲလေ... ရှင်က ဒီလိုမျိုး ကျေးဇူးကို ရန်သူလို မတုံ့ပြန်သင့်ဘူး..."
လျူယန်က အလျင်စလို ပြောလိုက်သည်။ ဤသည်မှာ အသက်ရှင်ကျန်ရစ်ရန်အတွက် သူမ၏ နောက်ဆုံးအားထားရာပင် ။
လုံယွဲ့ကို မြင်လိုက်ရစဉ်က သူမအား ချက်ချင်းသတ်ပစ်ချင်စိတ် ပေါ်လာခဲ့သော်လည်း နတ်ဆိုးအရှင်က ရှုံးနိမ့်သွားခြင်း မရှိသေးကြောင်းကို သူမ ပြန်လည်စဉ်းစားမိခဲ့သည်။
အကယ်၍ သူမသည် ယခုအချိန်တွင် ဧကရီကို သတ်လိုက်မည်ဆိုပါက နတ်ဆိုးအရှင်အား သေချာပေါက် ဒေါသထွက်စေလိမ့်မည်။ နတ်ဆိုးအရှင်ထံတွင် စွမ်းအားမည်မျှ ကျန်ရှိနေသေးသည်ကို သူမ သေချာမသိသလို ရှောင်ယီနှင့် အခြားသူများက နတ်ဆိုးအရှင်ကို အနိုင်ယူနိုင်စွမ်း ရှိမရှိကိုလည်း သူမ သေချာပေါက် မပြောနိုင်ပေ။
အကယ်၍ ရှောင်ယီနှင့် အခြားသူများက နတ်ဆိုးအရှင်၏ ပြိုင်ဘက်များ မဟုတ်ခဲ့ဘဲ သူတို့က ဧကရီကို သတ်ဖြတ်ခဲ့မိမည်ဆိုလျှင် နတ်ဆိုးအရှင်က သူတို့ကို လုံးဝ လွှတ်ပေးမည်မဟုတ်ချေ။ ထို့ကြောင့် သူမသည် အရေးယူဆောင်ရွက်ခြင်းမပြုမီ စီစဉ်ထားသည့်အတိုင်း ဧကရီကို ဝင်ရောက်တိုက်ခိုက်ကာ သတ်ဖြတ်ခြင်းမပြုဘဲ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို တမင်တကာ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အန်ယောင်က ဝိညာဉ်အရည်ကို ဧကရီထံသို့ ပစ်ပေးလိုက်ချိန်တွင်လည်း သူမက တမင်တကာ ခဏတာ တွန့်ဆုတ်ဟန်ပြခဲ့ပြီးမှ ဧကရီ၏ရှေ့တွင် ဝိညာဉ်အရည်ပုလင်းကို ခွဲလိုက်ခြင်းဖြစ်သည်။ အကယ်၍ သူမသာ ရှီညီအစ်ကိုများ၏ အစီအစဉ်ကို တိတ်တဆိတ် နှောင့်ယှက်ခြင်းမပြုခဲ့ပါက နတ်ဆိုးအရှင် မရှိသည့်အချိန်တွင် ဧကရီသည် အခန်း ထဲ၌ သေဆုံးနေမည်သာ ။
မည်သို့ပင်ဆိုစေကာမူ သူမသည် ဧကရီကို ကူညီခဲ့ပြီး သူမ၏ အသက်ကို ကယ်တင်ခဲ့သည်သာ ဖြစ်သည်။ သူမ ဤသို့လုပ်ဆောင်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ ဤကဲ့သို့သော အချိန်မျိုးအတွက် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ရရှိစေရန်နှင့် နတ်ဆိုးအရှင်၏ လက်အောက်မှ လွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခု ပိုမိုရရှိစေရန်အတွက်ပင် ဖြစ်လေသည်။
"ဒီအရှင် မရှိတဲ့အချိန်တုန်းက မင်းက ယွဲ့အာကို ကယ်ခဲ့တယ်ပေါ့..."
လင်းဖန်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး လျူယန်အား ခေါင်းအစခြေအဆုံး စူးစမ်းလေ့လာလိုက်ကာ သူမ၏ စကားများကို တစ်ဝက်ခန့်သာ ယုံကြည်သည်။ လူတို့သည် အသက်ရှင်သန်ရန်အတွက် မည်သည့်လိမ်ညာမှုကိုမဆို ပြောဆိုနိုင်သော်လည်း သေချာပြန်လည်စဉ်းစားကြည့်မည်ဆိုပါက သူ မရှိသည့်အချိန်တွင် အန်ယောင် တစ်ယောက်တည်းဖြင့် လျူယန်နှင့် ရှီညီအစ်ကိုများ၏ ပူးပေါင်းတိုက်ခိုက်မှုရန်မှ လုံယွဲ့အား အမှန်တကယ်ပင် ကာကွယ်နိုင်စွမ်း ရှိမည်မဟုတ်ချေ။
သို့သော် သူမပြောသည့်စကားမှာ အမှန်ဖြစ်ပြီး သူမ၏ လျှို့ဝှက်ကူညီမှုသာ ပါဝင်ခဲ့မည်ဆိုပါက မည်သည့်အရာမဆို ဖြစ်နိုင်ချေရှိပေသည်။
"အင်း... ဟုတ်တယ်... ကျွန်မက နတ်ဆိုးအရှင်ကို ဘယ်လိုလုပ် လိမ်ရဲမှာလဲ... အမှန်လား အမှားလားဆိုတာ ရှင် ကျွန်မကို ပြန်ခေါ်သွားပြီး ဧကရီကို မေးကြည့်လိုက်ရုံပါပဲ..."
လျူယန်က ကြက်ကလေးတစ်ကောင် အစာကောက်နေသည့်အလား ခေါင်းကို ဆက်တိုက်ငြိမ့်ပြရင်း သူမ၏ ထိတ်လန့်နေသော အကြည့်များကို လင်းဖန်ထံသို့ စူးစိုက်ထားလိုက်လေသည်။ ယခုအခါ သူမ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းမှာ သူ၏လက်ထဲတွင် ရှိနေလေပြီ ။
သူမက ဤမျှလောက် ယုံကြည်မှုရှိနေပြီး လိမ်ညာနေပုံမရသည်ကို မြင်လိုက်ရသောအခါ လင်းဖန်သည် ခဏတာ တွေးတောလိုက်ပြီးနောက် သူမအပေါ် ချုပ်နှောင်ထားသော ဝိညာဥ်ချီကို ရုပ်သိမ်းလိုက်သည်။
"ကောင်းပြီ... ဒီအရှင်က မင်းကို ပြန်ခေါ်သွားပြီး ယွဲ့အာကို မေးကြည့်မယ်... အကယ်၍ မင်း လိမ်နေတာကို ဒီအရှင် သိရမယ်ဆိုရင် မင်းကို လွယ်လွယ်ကူကူ သေခွင့်ပေးမှာ မဟုတ်ဘူး.."
ထိုသို့ပြောပြီးနောက် လင်းဖန်သည် လျှပ်စီးလက်သကဲ့သို့ ကောင်းကင်ယံသို့ ပျောက်ကွယ်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အမြင်အာရုံမှ ပျောက်ကွယ်သွားလေသည်။
လျူယန်အလွန် ထိတ်လန့်သွားခဲ့ပြီး နတ်ဆိုးအရှင်၏ လက်ထဲမှ သူမ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်းကို ရှင်းလင်းစွာ သိရှိထားလေသည်။ သူမလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အံကြိတ်ကာ သူ၏နောက်သို့ လိုက်သွားရန်သာ ။ မကြာမီပင် လင်းဖန်သည် လျူယန်အား အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သော သူတို့၏အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။
"လင်းဖန်... နင် ပြန်လာပြီပဲ.."
လင်းဖန် ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ လုံယွဲ့က ချိုသာစွာ ပြုံးလိုက်ပြီး ကြိုဆိုရန် ရှေ့သို့ တိုးလာသည်။
"အင်း... မင်း ဒဏ်ရာရသွားသေးလား.."
လင်းဖန်က ပြုံး၍ ခေါင်းငြိမ့်လိုက်ပြီး လုံယွဲ့အား ခေါင်းအစခြေအဆုံး ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ လုံယွဲ့သည် သူမ၏ ကျင့်ကြံခြင်းစွမ်းရည် အနည်းငယ်မျှသာ ပြန်လည်ရရှိသေးပြီး သူမက ရှီညီအစ်ကိုများထဲမှ အကြီးဆုံးဖြစ်သူ ရှီထျန်းနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သောကြောင့် သူမတွင် ဒဏ်ရာတစ်ခုခုများ ရသွားခဲ့လေမလားဟု သူ စိုးရိမ်ပူပန်နေမိခြင်းဖြစ်ပေသည်။
"ဟမ့်... နင်က ဒီဧကရီကို အထင်သေးနေတာလား.."
လုံယွဲ့က သူမ၏ နှင်းကဲ့သို့ ဖြူဖွေးနေသော လည်တိုင်လေးကို မော်ကြွားစွာ မော့လိုက်ပြီး မာနထောင်လွှားမှုနှင့် ယုံကြည်မှုများကို ဖော်ပြလိုက်လေသည်။ သူမသည် အကူအညီမဲ့နေသော လင်းလုံယွဲ့ မဟုတ်တော့ဘဲ အလွန်မွန်မြတ်သော ကျိရှန့်ထျန်းကုန်း၏ ပြိုင်ဘက်ကင်း ဧကရီတစ်ပါးပင် ဖြစ်ပေသည်။ လုံယွဲ့၏ ကျေနပ်ဂုဏ်ယူနေသော အမူအရာကို ကြည့်ရင်း လင်းဖန်က ကြင်နာစွာ ပြုံးလိုက်ပြီး..
"အာ... ဟုတ်သားပဲ... ဒီအရှင်က မင်းအတွက် လက်ဆောင်တစ်ခု ယူလာခဲ့တယ်..."
ထိုသို့ပြောရင်း သူက ဘေးသို့ ဖယ်လိုက်ရာ သူ၏အနောက်တွင် ပုန်းကွယ်နေသော လျူယန်ကို မြင်တွေ့လိုက်ရလေသည်။
"ဟီးဟီးဟီး... ဧကရီ... ကျွန်မတို့ ထပ်တွေ့ပြန်ပြီနော်..."
လျူယန်က ခါးသီးသော အပြုံးဖြင့် လုံယွဲ့အား လက်ဝှေ့ယမ်းပြလိုက်သည်။
"နတ်ဆိုးမ..."
လျူယန်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် လုံယွဲ့က မျက်မှောင်ကြုတ်သွားပြီး စကားတစ်ခွန်းမှ ထပ်မပြောဘဲ မိုးပြာရောင်နဂါးဓားကို ထုတ်ကာ ခုတ်ပိုင်းလိုက်သည်။
"နေပါဦး... နေပါဦး... ဧကရီ..."
လျူယန် လန့်သွားပြီး လင်းဖန်၏ နောက်ကွယ်သို့ လျင်မြန်စွာ ဝင်ရောက်ပုန်းအောင်းလိုက်ကာ သူမ၏ ခေါင်းတစ်ဝက်ခန့်ကိုသာ ဖော်ပြထားလိုက်သည်။
"ဧကရီ... နတ်ဆိုးအရှင်က ကျွန်မရဲ့ အသက်ကို ချမ်းသာပေးထားတာလေ... ရှင် ကျွန်မကို သတ်လို့မရဘူး.."
"ဟင်..."
ထိုစကားကို ကြားလိုက်ရသောအခါ လုံယွဲ့က သူမ၏ မိုးပြာရောင်နဂါးဓားကို ရပ်တန့်လိုက်ပြီး နူးညံ့သော မျက်ခုံးလေးများ တွန့်ကွေးသွားကာ လင်းဖန်အား သံသယမျက်လုံးများဖြင့် ကြည့်၏။
သူမ၏ ထိုအကြည့်ကို လင်းဖန် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေပေသည်။ သူမက သူအား ဖောက်ပြန်နေသည်ဟု သံသယဝင်သောအခါများတွင် ကြည့်တတ်သည့် အကြည့်မျိုးပင် ။
စကားတစ်ခွန်းမှ မပြောဘဲ လင်းဖန်က အနောက်ဘက်ရှိ လျူယန်ကို ဖမ်းဆွဲလိုက်ပြီး သူ၏ရှေ့သို့ ဆွဲထုတ်လိုက်ကာ သူ၏ အပြစ်ကင်းစင်ကြောင်းကို သက်သေပြလိုက်သည်။
"အထင်မလွဲပါနဲ့... ဒီအရှင် မရှိတဲ့အချိန်တုန်းက သူက ယွဲ့အာကို ကယ်တင်ခဲ့တယ်လို့ ပြောတာကြောင့်သာ သူ့ အသက်ကို ချမ်းသာပေးထားခဲ့တာပါ... ဒီအရှင်က အတည်ပြုဖို့အတွက်ပဲ သူ့ကို ပြန်ခေါ်လာခဲ့တာ.."
"တကယ်လို့ သူ ပြောတာ မှားနေရင် ဒီအရှင်က အခုချက်ချင်း သတ်လိုက်မယ် ..."
"ဟမ့်..."
ထိုစကားကို ကြားလိုက်ရသောအခါ လုံယွဲ့၏ လှပသော မျက်နှာလေးပေါ်တွင် လှောင်ပြောင်လှည့်စားလိုသော အေးစက်သည့် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။
လျူယန် ချက်ချင်းပင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရ၏ ။
လုံယွဲ့က သူမ၏ ပြောဆိုချက်ကို မဆိုင်းမတွပင် ငြင်းဆိုလိုက်လေသည်။
"ဒီဧကရီကို အဲ့နတ်ဆိုးမ ဘယ်တုန်းက ကယ်ဖူးလို့လဲ ...."
သူမ၏ စကားသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် လင်းဖန်က လျူယန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထပ်မံဖမ်းဆုပ်လိုက်ပြန်သည်။ လင်းဖန်၏ လက်ဖဝါးမှ အင်အားများ တဖြည်းဖြည်း သက်ရောက်လာသည်နှင့်အမျှ လျူယန်၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ကြေမွလာကာ အရိုးများ ကျိုးကြေသွားသည့် အသံများ ထွက်ပေါ်လာသည်။
ဤအသက်နှင့်သေဆုံးမှုကြား အချိန်လေးတွင် သူမသည် သူမ၏ ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ဘဲ လုံယွဲ့ကိုအလျင်အမြန်ပင် အသနားခံ တောင်းပန်လိုက်တော့သည်။
"နေပါဦး... ဧကရီ... ရှင် ဒီလိုမျိုး ကျေးဇူးကို ရန်သူလို မတုံ့ပြန်သင့်ဘူးလေ... ရှင်က ဧကရီပဲဟာကို..."
"ရှင် အဲ့ဒီ ဝိညာဉ်အရည်ကို ယူဖို့ အခွင့်အရေးရခဲ့တာက ကျွန်မ တမင်တကာ နောက်ဆုတ်ပေးခဲ့လို့လေ.."
"ကျေးဇူးပြုပြီး နတ်ဆိုးအရှင်ကို ရပ်ခိုင်းပေးပါ... ကျွန်မရဲ့ ခန္ဓာကိုယ်..ကြေ... ကြေတော့မယ်... အားးး..."
လုံယွဲ့က မကြားချင်ယောင်ဆောင်နေပြီး လျူယန် အမှန်တကယ်ပင် ကြေမွတော့မည့် အခြေအနေသို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသောအခါမှသာ သူမက...
"ထားလိုက်ပါတော့... သူ့ရဲ့ အသက်ကို ချမ်းသာပေးလိုက်ပါ... ဒီဧကရီက သူ့ကို မေးစရာရှိသေးတယ်..."
လုံယွဲ့ လျူယန်အား လွှတ်ပေးရခြင်း၏ အကြောင်းရင်းမှာ ရိုးရှင်းလှပေသည်။ လျူယန်သည် အမှန်တကယ်ပင် အလျှော့ပေးခဲ့ပြီး သူမနှင့် အန်ယောင်၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်းကြောင့်ပင် ။
အန်ယောင်က ဝိညာဉ်အရည်ကို သူမထံသို့ ပစ်ပေးလိုက်ချိန်တွင် လျူယန်သည် သူမ၏ ဓားဖြင့် ဝိညာဉ်အရည်ကို ပြန်လည်ဆွဲယူသွားနိုင်စွမ်း ရှိခဲ့ပေသည်။ သို့သော် သူမက ထိုသို့မလုပ်ဘဲ လုံယွဲ့၏ရှေ့တွင် ဝိညာဉ်အရည်ပုလင်းကို ခွဲလိုက်ခြင်းဖြင့် လုံယွဲ့အား ဝိညာဉ်အရည်ကို ရယူနိုင်စေရန် အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။
နောက်ထပ် ပို၍ အရေးကြီးသော အကြောင်းရင်းတစ်ခုမှာ သူမ၏ စိတ်ထဲတွင် မှန်းဆချက်များစွာ ရှိနေပြီး အတည်ပြုပေးမည့်သူ တစ်ဦး လိုအပ်နေပေသည်။
"မင်း သဘောပါပဲ..."
လင်းဖန်က သူ၏လက်ကို လွှတ်လိုက်သည် ။ ပျော့ခွေ နေသော လျူယန် မြေပြင်ပေါ်သို့ လဲကျသွား၏ ။
လုံယွဲ့က လျှောက်သွားကာ ကြည့်လိုက်သောအခါ လျူယန် သတိလစ်မေ့မြောနေပြီး အသက်ရှူရုံမျှသာ ကျန်ရှိတော့ကြောင်း တွေ့ရှိလိုက်ရပေသည်။