အခန်း ၂၀၄
Vol. 21 Ch. 204
၂၀၄ : ကစားနေတာ ရပ်လိုက်တော့...
~
" ရှန့်က လဲ့ယီနဲ့ ဝူကျိကို တိုက်ခိုက်နေတယ်.. ငါ သွားကူလိုက်ဦးမယ်.. "
လျူယန်ကို အသက်ကယ်ဆေးတစ်လုံး တိုက်ကျွေးပြီးနောက် လုံယွဲ့က ကောင်းကင်ယံတွင် တိုက်ခိုက် နေကြသူများကို မော့ကြည့်လိုက်သည် ။
ရှေးဟောင်းဂီတ အင်မော်တယ်နန်းတော်၏ ဖျော်ဖြေမှုအောက်တွင် ရှေးဟောင်းတူရိယာအမျိုးမျိုးကို တီးခတ်လိုက်တိုင်း မတူညီသော သဘာဝစွမ်းအင် အင်မော်တယ်သင်္ကေတများက ရှန့်ဆီသို့ ပျံသန်းသွားလေသည် ။
တူရိယာဆယ်မျိုးကျော်ကို တစ်ပြိုင်နက်တည်း တီးခတ်လိုက်သောအခါ ခမ်းနားထည်ဝါလှသော အင်မော်တယ်သင်္ကေတများက အဆက်မပြတ် ထွက်ပေါ်လာတော့၏ ။
ထိုအထဲတွင် ရှေးဟောင်းခေါင်းလောင်းက အခြားတူရိယာများကို ထိန်းချုပ်နိုင်ရုံသာမက ခေါင်းလောင်းသံ အကာအကွယ်တစ်ခုကိုပါ ဖန်တီးပေးနိုင်စွမ်း ရှိပေသည် ။
ထိုအရာကပင် ရှေးဟောင်းဂီတ အင်မော်တယ်နန်းတော်၏ စွမ်းအားဖြစ်သည် ။ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးလုံးကို လုပ်ဆောင်နိုင်ပြီး လူပိုများလေလေ စွမ်းအားပိုကြီးလေလေဖြစ်ကာ ရင်ဆိုင်ရ အလွန်ခက်ခဲလှသည် ။
လဲ့ယီနှင့် ဝူကျိတို့က နှစ်ယောက်တည်းသာ ရှိသော်လည်း သူတို့နှစ်ဦးစလုံးသည် ဂီတနှင့် ကခုန်ခြင်းတွင် ရှားပါးသော ပါရမီရှင်များ ဖြစ်ကြသည် ။ သူတို့နှစ်ဦး ပူးပေါင်းဖျော်ဖြေလိုက်သော ရှေးဟောင်းဂီတ အင်မော်တယ်နန်းတော်၏ စွမ်းအားသည် သူတို့နှင့် ကျင့်ကြံမှုအဆင့်မကွာသော အင်မော်တယ်ဧကရာဇ် လေးငါးယောက်ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိပေသည် ။
လုံယွဲ့ ဝင်ရောက်တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် လင်းဖန်က လက်ကာပြ၍ တားလိုက်ပြီး ...
" စိတ်မပူပါနဲ့.. ရှန့်က အေးဆေးပါ.. သူ တမင် ကစားနေတာ.. "
နှစ်ရာပေါင်းများစွာ အတူတူ ရှိနေခဲ့သော နတ်ဆိုးအရှင်တစ်ဦးအနေဖြင့် သူ၏ လက်အောက်ငယ်သား လေးယောက်၏ အစစ်အမှန် စွမ်းအားကို သူ အသိဆုံးဖြစ်သည် ။
ကြီးမြတ်သော နတ်ဆိုးစစ်သူကြီး လေးယောက်အနက် တစ်ဦးချင်းစီ၏ စွမ်းရည်ကို ယှဉ်ကြည့်လျှင် ရှန့်သည် မေ့ကျီနှင့် အခြားသူများထက် များစွာ ပိုမို အားကောင်းလှပေသည် ။
လဲ့ယီနှင့် ဝူကျိတို့ နှစ်ယောက်တည်းနှင့် သူမအတွက် သွားကြားပင် မညပ်ပေ ။
" က.. ကစားနေတာ.. "
လုံယွဲ့က ကောင်းကင်ယံရှိ ရှန့်ကို မယုံကြည်နိုင်စွာဖြင့် ထပ်မံမော့ကြည့်လိုက်သည် ။ သေးသွယ်သော ခန္ဓာကိုယ်လေးသည် အမျိုးမျိုးသော ရှေးဟောင်းဂီတ အင်မော်တယ်သင်္ကေတ များကြားတွင် ယီမ်းနွဲ့ရှောင်တိန်းနေပြီး သူမ၏ မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်မှု သို့မဟုတ် ရုန်းကန်နေရသည့် အရိပ်အယောင် လုံးဝ မရှိ ။ ပေါ့ပါးသွက်လက်စွာ ပြုံးရွှင်နေသည်ကို တွေ့လိုက်ရသည် ။
သူမက လဲ့ယီနှင့် ဝူကျိတို့ကို ကစားဖော်များအဖြစ် သတ်မှတ်ထားပုံ ရပေသည် ။
ထိုစဥ် လင်းဖန်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပြတ်သားစွာ အမိန့်ပေးလိုက်သည် ။
" ကစားမနေနဲ့တော့.. အမြန်ဆုံး အဆုံးသတ်လိုက်ကြ.. "
သူ၏ အသံက မြို့တော်၏ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး မြို့၏ နေရာအနှံ့အပြားသို့ ရောက်ရှိသွားလေသည် ။
" အို.. နတ်ဆိုးအရှင် သူ့ဘက်က ကိစ္စတွေကို ရှင်းပြီးသွားပြီဆိုတော့ ငါလည်း ဆက်ကစားနေလို့ မဖြစ်တော့ဘူးပေါ့.. ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်.. "
လင်းဖန်၏ အသံကို ကြားသောအခါ ရှန့်က နောက်ပြောင်ချင်သည့်ပုံစံဖြင့် ပြုံးလိုက်ပြီးနောက် သူမ၏ မျက်နှာက ချက်ချင်း တည်ငြိမ်သွားသည် ။ သူမက အနက်ရောင် မှော်ပုတီးစေ့တစ်ခုကို ထုတ်ယူကာ လေထဲသို့ ပစ်တင်လိုက်ပြီး လက်ဖျောက်တစ်ချက်ကို တီးလိုက်သည် ။
" ဖြောက်.. အတွင်းနယ်မြေ.. "
သူမ၏ အသံထွက်ပေါ်လာသည်နှင့် မှော်ပုတီးစေ့မှ အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ဗဟိုချက်မှ ဘေးပတ်လည်သို့ ပျံ့နှံ့သွားကာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည် ။
တစ်ခဏအတွင်းမှာပင် နတ်ဆိုးမြို့တော်တစ်ခုလုံး မှိုင်းညို့နေသော အကာအကွယ်တစ်ခုဖြင့် ဖုံးလွှမ်းသွားပြီး အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည် ။
" အတွင်းနယ်မြေ.. "
လဲ့ယီနှင့် ဝူကျိတို့က ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြသည် ။
အတွင်းနယ်မြေ ဆိုသည်မှာ နေရာနှင့် အချိန်ကို ပေါင်းစပ်ထားသော အင်မော်ရတနာတစ်ခု ဖြစ်သည် ။ အတွင်းနယ်မြေ ပွင့်လာသည်နှင့် မူလကမ္ဘာကို အခြားသော အာကာသအကာအကွယ်တစ်ခုဖြင့် ဖုံးလွှမ်းသွားပြီး အတွင်းနယ်မြေထဲရှိ အချိန်သည် စတင်သုံးစွဲသည့် အချိန်မှာပင် ရပ်တန့်သွားလေသည် ။
အတွင်းနယ်မြေထဲ၌ မည်သို့ ပျက်ဆီး စေကာမူ အတွင်းနယ်မြေကို ဖျက်သိမ်းလိုက်သည်နှင့် ပျက်စီးသွားသမျှ အရာအားလုံးသည် မသုံးမီ အချိန်သို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည် ။ ဒုတိယမြောက် ပုံတူကူးထားသော ကမ္ဘာတစ်ခုကို ဖွင့်လှစ်လိုက်သကဲ့သို့ ဖြစ်သောကြောင့် ၎င်းကို အတွင်းနယ်မြေဟု ခေါ်ဆိုခြင်း ဖြစ်သည် ။
အကျိုးသက်ရောက်မှုအရ အတွင်းနယ်မြေသည် သိပ်အသုံးမဝင်လှပေ ။ သူတစ်ပါးကို အန္တရာယ် မပြုနိုင်သလို ကာကွယ်ရေး အကာအကွယ်တစ်ခုအဖြစ်လည်း အသုံးမဝင်ချေ ။ ဤသည်ကို အင်မော်တယ်ကျင့်စဥ်အသစ်များ သုတေသနပြုလုပ်ပြီး စမ်းသပ်ရာတွင် ကျင့်ကြံသူများက အများဆုံး အသုံးပြုလေ့ရှိပြီး ဤနည်းလမ်းကို ရည်ရွယ်ချက်ရှိရှိ သင်ယူသူဆို၍ ခပ်ရှားရှားပင် ။
ထို့ကြောင့် အတွင်းနယ်မြေသည် ရှေးခေတ်ကာလကတည်းက တဖြည်းဖြည်း တိမ်ကောပျောက်ကွယ်လာခဲ့ခြင်း ဖြစ်သည် ။
အသုံးမဝင်သော ဤအတွင်းနယ်မြေကို ရုတ်တရက် အသုံးပြုလိုက်သည့် ရှန့်၏ ရည်ရွယ်ချက်ကို သူတို့ နားမလည်နိုင်ဖြစ်နေကြသည် ။
လဲ့ယီနှင့် ဝူကျိတို့၏ ဇဝေဇဝါဖြစ်နေသော မျက်နှာများကို မြင်သောအခါ ရှန့်က လေထဲတွင် ထိုင်၍ သူမ၏ ခြေထောက်တိုလေးများကို လွှဲကာ စိတ်အားထက်သန်စွာ ရှင်းပြလိုက်သည် ။
" နတ်ဆိုးအရှင်က ဒီကမ္ဘာမှာ ပြဿနာအကြီးကြီး မလုပ်ရဘူးလို့ ပြောထားတယ်လေ.. ငါကလည်း မြန်မြန်အဆုံးသတ်ချင်နေတာဆိုတော့ နင်တို့နှစ်ယောက်ကို အတွင်းနယ်မြေထဲ ဖိတ်ခေါ်လိုက်ရတာပေါ့.. "
" ... "
ရှန့်၏ စကားကို ကြားပြီးနောက် လဲ့ယီနှင့် ဝူကျိတို့ ချက်ချင်းပင် ကြီးမားသော စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည် ။
' ပြဿနာအကြီးကြီး မဖြစ်စေဖို့ အတွင်းနယ်မြေထဲကို ဆွဲသွင်းလိုက်တယ်ဆိုတာ သူက ဒီထဲမှာ ပြဿနာကြီးကြီး လုပ်တော့မယ်ဆိုတဲ့ သဘောပဲမလား.. '
ထင်သည့်အတိုင်းပင် ရှန့်က သူမ၏ သိုလှောင်ကွင်းထဲမှ အလွှာများစွာ ထပ်နေသော စိန်ပွင့်ပုံသဏ္ဌာန် ကြေးမုံတစ်ခုကို ထုတ်ယူကာ လေထဲသို့ ပစ်တင်လိုက်သည် ။
ကြေးမုံကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် လဲ့ယီနှင့် ဝူကျိတို့၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားတော့သည် ။
" ရှေးဟောင်းအမွေအနှစ်.. စိန်ပွင့်ပုံ အင်မော်တယ်ကြေးမုံ.. "
စိန်ပွင့်ပုံ အင်မော်တယ်ကြေးမုံ ဆိုသည်မှာ အင်မော်တယ်ကျင့်စဥ်များ၏ စွမ်းအားကို မြှင့်တင်ပေးသော အမွေအနှစ်တစ်ခု ဖြစ်သည် ။
စိန်ပွင့်ပုံ အင်မော်တယ်ကြေးမုံမှတစ်ဆင့် ထုတ်လွှတ်လိုက်သော မည်သည့် တိုက်ခိုက်ရေး စွမ်းရည်မဆို မူရင်းထက် ဆယ်ဆမက မြင့်တက်သွားပေမည် ။
" နင်တို့နှစ်ယောက် အဆင်သင့်ဖြစ်ပြီလား.. ငါ လာပြီနော်.. "
ရှန့်က လဲ့ယီနှင့် ဝူကျိတို့ကို နောက်ပြောင်ဟန်ဖြင့် မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီးနောက်...
" ကောင်းကင်ယံ ပြိုကျခြင်း.. "
သူမ၏ အသံထွက်ပေါ်လာသည်နှင့် ကောင်းကင်ယံရှိ တိမ်တိုက်များထဲမှ အတိုင်းအဆမရှိ ကြီးမားလှသော ဥက္ကာပျံကြီးတစ်ခု ပြုတ်ကျလာသည် ။
စိန်ပွင့်ပုံ အင်မော်တယ်ကြေးမုံသည် ရုတ်တရက် ကြီးထွားလာပြီး ဥက္ကာပျံကြီးတစ်ခုလုံးကို ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားသွားသည် ။
ဥက္ကာပျံကြီး ကြေးမုံထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွားသည်နှင့်အမျှ အင်မော်တယ်ကြေးမုံသည်လည်း လေထဲတွင် အဆက်မပြတ် ကျယ်ပြန့်ကြီးထွားလာလေသည် ။ ဥက္ကာပျံကြီးသည် ကြေးမုံ၏ အခြားတစ်ဖက်မှ ဖြတ်သန်းသွားသောအခါ အရွယ်အစားသည် မူလအခြေအနေထက် အဆပေါင်းများစွာ ပို၍ ကြီးမား လာလေ၏ ။
အတိုင်းအဆမရှိ ကြီးမားလှသော ဥက္ကာပျံကြီးသည် နတ်ဆိုးမြို့တော်တစ်ခုလုံးကို နီးပါး ဖုံးလွှမ်းသွားတော့သည် ။
ဥက္ကာပျံကြီး တဖြည်းဖြည်း ဆင်းသက်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက လဲ့ယီနှင့် ဝူကျိတို့၏ နှလုံးသားများကို ဖိစီးလာပြီး တိုက်ခတ်နေသော လေပြင်းများက အထပ်မြင့် အဆောက်အအုံများအားလုံးကို ချက်ချင်း အမှုန့်ကြိတ်ပစ်လိုက်သည် ။
" ဒုန်း.. "
လဲ့ယီနှင့် ဝူကျိတို့သည် အံ့သြမှင်သက်နေရာမှ အသိပြန်ဝင်လာပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ချေ ။ သူတို့သည် ခေါင်းလောင်းကို အလျင်အမြန် တီးခတ်လိုက်ပြီး ရှေးဟောင်းဂီတ အင်မော်တယ်နန်းတော်ကို အကျယ်လောင်ဆုံး တီးခတ်လိုက်ကြသည် ။
အသံလှိုင်းများဖြင့် ဖွဲ့စည်းထားသော အကာအကွယ်များက သူတို့နှစ်ဦးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်တွင် လွင့်ပျံနေသော ပိုးသားပန်းချီများကလည်း အသံအကာအကွယ်ပေါ်တွင် ရစ်ပတ်ကာ ပြုတ်ကျလာသော ဥက္ကာပျံကြီးကို တိုင်များကဲ့သို့ ထောက်ပံ့ပေးထားကြသည် ။
ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးသည် ဘာကိုမှ ချန်လှပ်မထားတော့ဘဲ သူတို့၏ ဝိညာဉ်စွမ်းအင်နှင့် ကျင့်ကြံမှုအားလုံးကို အကာအကွယ်ပေါ်သို့ စုစည်းလိုက်ကြသည် ။
အဘယ်ကြောင့်ဆိုသော် ထိုဥက္ကာပျံကြီးထံမှ ယခင်က မကြုံဖူးသော သေလောက်သည့် ဖိအားကို သူတို့ ခံစားနေရသောကြောင့်ပင် ။
" ဘုန်း.. "
ဥက္ကာပျံကြီး ပြင်းထန်စွာ ကျဆင်းလာပြီး နတ်ဆိုးမြို့တော်တစ်ခုလုံး ချက်ချင်း ပြိုကျသွားကာ အရာအားလုံးသည် ရိုက်ခတ်မှု၏ အရှိန်ကြောင့် ကြေမွသွားတော့သည် ။
ရှေးဟောင်းဂီတ အင်မော်တယ်နန်းတော်၏ အသံအကာအကွယ်သည် ရိုက်ခတ်မှုလှိုင်းကို ခံစားရသည့် အခိုက်အတန့်မှာပင် ချက်ချင်း ယိမ်းယိုင်တုန်ခါသွားသည် ။ ပိုးသားပန်းချီများမှာလည်း ရိုက်ခတ်မှုအရှိန်ကြောင့် အစွယ်အမွှာမွှာ စုတ်ပြဲသွားပြီး အကာအကွယ်ကြီးမှာ ပြိုကျလုနီးပါး ဖြစ်သွားသည် ။
ဤဥက္ကာပျံသည် သူတို့၏ အကာအကွယ်ကို တိုက်ရိုက်ထိမှန်ခြင်းပင် မဟုတ်သေးဘဲ ဆင်းသက်လာသည့် အရှိန်၏ ရိုက်ခတ်မှုသာ ဖြစ်သည် ။
လဲ့ယီနှင့် ဝူကျိတို့ အံကြိတ်ကာ ခုခံနေကြသော်လည်း နောက်ဆုံးတွင် သူတို့သည် ခုခံနိုင်စွမ်း ကင်းမဲ့သွားကြသည် ။ အကာအကွယ်ကြီး ကျိုးပျက်သွားသည့် အခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံး သွေးစိမ်းများ အန်ထုတ်လိုက်ရပြီး နောက်သို့ လွင့်စင်သွားကြလေသည် ။
ရှန့်သည် လေဟာပြင်တွင် ရပ်နေရင်း သူမ၏ ဥက္ကာပျံတစ်ခုတည်းကြောင့် လုံးဝပျက်စီးသွားသော နတ်ဆိုးမြို့တော်ကို ငုံ့ကြည့်ကာ သူမ၏ မျက်နှာလေးပေါ်တွင် အောင်ပွဲခံမှုနှင့် ကျေနပ်မှုများ ပြည့်နှက်နေသည် ။
သူမ ပထမဆုံး ရောက်လာကတည်းက ဤမြို့တော်ပေါ်သို့ ဥက္ကာပျံတစ်ခု ချပစ်ချင်နေသည်မှာ လက်ယားနေ၏ ။ ယခုတော့ သူမ ကျေနပ်သွားရလေပြီ ။
" ဖြောက်.. "
နတ်ဆိုးခေါင်းဆောင်က လက်ဖျောက်တစ်ချက် တီးလိုက်သည်နှင့် အတွင်းနယ်မြေ ပျောက်ကွယ်သွားသည် ။ လုံးဝ ပျက်စီးသွားခဲ့သော နတ်ဆိုးမြို့တော်သည်လည်း ဘာမှမဖြစ်ခဲ့သကဲ့သို့ မူလအခြေအနေသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားလေသည် ။
လဲ့ယီနှင့် ဝူကျိတို့မှာမူ လမ်းဘေးတွင် လဲကျနေကြပြီး သတိလစ်မေ့မြောကာ အသက်ငွေ့ငွေ့သာ ကျန်ရှိတော့သည် ။