အခန်း ၂၀၅
Vol. 21 Ch. 205
၂၀၅ : ဧည့်သည့်... စုစုပေါင်း သုံးသိန်း ကျပါတယ်..
~
လူနေရပ်ကွက်၏ အပြင်ဘက်တွင်..
" ဘုန်း.. "
လုံယဲ့ နှင့် လီခွေ တို့ တစ်ယောက်ကို တစ်ယောက် လက်သီးချင်း အပြန်အလှန် ထိုးကြိတ်နေကြပြီး ယောကျ်ားများကြားမှ သွေးထွက်သံယိုနှင့် ချွေးများ ရွှဲနစ်နေသော ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွှဲနေကြသည် ။
လီခွေ တွင် ရှေးဟောင်းဟာကျူလီ သွေးမျိုးဆက်ပါရှိပြီး သူ၏ အသားအရေသည် ခိုင်ခံ့သော သံချပ်ကာကဲ့သို့ ဖြစ်နေသည် ။ လုံယဲ့ ၏ ခန္ဓာကိုယ် တစ်ခုလုံးကိုမူ ဖျက်ဆီး၍မရသော နဂါးကြေးခွံများဖြင့် ဖုံးလွှမ်းထားသည် ။ သူတို့နှစ်ယောက်စလုံးက တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် မရွေးချယ်ကြဘဲ လက်သီးကို လက်သီးဖြင့်သာ တုံ့ပြန်နေကြသည် ။
တစ်ယောက်၏ ရင်ဘတ်ကို တစ်ယောက် အပြင်းအထန် ထိုးကြိတ်လိုက်ပြီးနောက် သူတို့နှစ်ဦးစလုံး မီတာတစ်ရာခန့် နောက်သို့ လွင့်စင်သွားကြပြီးမှ နောက်ဆုံးတွင် ဟန်ချက်ပြန်လည် ထိန်းနိုင်သွားကြသည် ။
" ဟားဟားဟား.. တကယ်ကို စိတ်လှုပ်ရှားစရာပဲ.. "
လုံယဲ့ သည် သူ၏ ပါးစပ်မှ စီးကျလာသော သွေးများကို သုတ်ပစ်လိုက်သည် ။ သူ၏ မျက်နှာတွင် အနည်းငယ်မျှပင် ဒေါသထွက်နေသည့် အရိပ်အယောင် မရှိဘဲ စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်မှုများကိုသာ တွေ့မြင်နေရသည် ။
သူ ဒဏ်ရာရပြီး သွေးထွက်ခဲ့သည်မှာ အချိန်မည်မျှ ကြာမြင့်ခဲ့ပြီကိုပင် သူ ကိုယ်တိုင် မမှတ်မိတော့ပေ ။
ယခုအချိန်တွင် သူ၏ အကောင်းဆုံး အခြေအနေ၌ မရှိနေသော်လည်း လီခွေ က သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်းက သူ၏ သွေးများကို ဆူပွက်လာစေရန် လုံလောက်နေသည် ။
အခြားတစ်ဖက်တွင်တော့ လီခွေ သည် အသက်ရှူမဝဖြစ်နေပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ပွန်းပဲ့ဒဏ်ရာများနှင့် ကုတ်ခြစ်ခံထားရသော ဒဏ်ရာများ ပြည့်နှက်နေသည် ။ များပြားလှသော သွေးများက သူ၏ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို ရွှဲနစ်လုနီးပါး ဖြစ်နေချေပြီ ။
" ခွေခွေ.. အဆင်ပြေရဲ့လား.. "
မော်ယိုယို က လီခွေ ၏ ဘေးတွင် ချက်ချင်း ပေါ်လာသည် ။ သွေးသံရဲရဲ ဖြစ်နေသော သူ၏ အသွင်အပြင်ကို ကြည့်ပြီး သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကာ လုံယဲ့ အပေါ်ထားရှိသည့် သူမ၏ နှလုံးသားထဲမှ သတိထားမှုက ပို၍ ကြီးမားလာခဲ့သည် ။
လီခွေ သည် ရှေးဟောင်းဟာကျူလီ သွေးဆက်ကို ပိုင်ဆိုင်ထားပြီး သဘာဝအတိုင်း ကြီးမားသော ခွန်အားနှင့် ထိခိုက်မှုကင်းသော ခန္ဓာကိုယ်ကို ရရှိထားသူ ဖြစ်သည် ။ သာမန် လက်နက်များနှင့် အင်မော်တယ်စွမ်းရည်က သူ့ကို အလွယ်တကူ ဒဏ်ရာမရစေနိုင်သော်လည်း လုံယဲ့ ကမူ လက်ချည်းသက်သက်ဖြင့် သူ့ကို ဒဏ်ရာရအောင် ရိုက်နှက်နိုင်၏ ။
ထိုမျှမက သူ၏ နဂါးကြေးခွံများကလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် မာကျောလှသည် ။
လီခွေ ၏ အကာအကွယ်အောက်မှ သူမသည် လုံယဲ့ ကို မမြင်နိုင်သော နေရာအမျိုးမျိုးမှ အကြိမ်ကြိမ် ချုံခိုတိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံ တစ်ခုကိုပင် ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့ချေ ။
လီခွေ သည် ခေါင်းကို ဖြည်းဖြည်းချင်းခါယမ်းလိုက်ပြီး တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် သူ၏ လက်သီးများကို ပြန်လည် ဆုပ်ကိုင်လိုက်သည် ။
ထိုစဥ် ကောင်းကင်ယံမှ လင်းဖန် ၏ အသံ ပဲ့တင်ထပ်လာသည် ။
" ကစားမနေနဲ့တော့.. အမြန်ဆုံး အဆုံးသတ်လိုက်ကြ.. "
" နှမြောစရာပဲ.. နတ်ဆိုးအရှင်က အမိန့်ပေးလာပြီဆိုတော့ ဒီမှာတင် အဆုံးသတ်လိုက်ရတော့မှာပေါ့.. "
အမိန့်ကို ကြားပြီးနောက် လုံယဲ့ ၏ မျက်နှာတွင် နှမြောသော အရိပ်အယောင်တစ်ခု ပေါ်လာသည် ။ ထို့နောက် သူ၏ အကြည့်များက ရုတ်တရက် စူးရှလာပြီး သူ၏ အရှိန်အဝါက ယခင်ကထက်ပင် ပို၍ ပြင်းထန်စွာ မြင့်တက်လာတော့သည် ။
' ခုနက သူ အစွမ်းကုန် မသုံးထားသေးဘူးပေါ့.. '
မော်ယိုယို ၏ မျက်နှာအမူအရာက အံ့သြမှုကြောင့် ပြောင်းလဲသွားသည် ။
သူမ မတုံ့ပြန်နိုင်မီ လုံယဲ့ အားယူ၍ ခုန်လိုက်ပြီး သူမ၏ ရှေ့သို့ ချက်ချင်းရောက်လာကာ လက်သည်းဖြင့် ကုတ်လိုက်သည် ။
ဤအရေးကြီးသော အခိုက်အတန့်တွင် လီခွေ သည် မော်ယိုယို ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး သူ၏ ဘယ်ဘက်ပခုံးဖြင့် နဂါးလက်သည်းကို ခံယူလိုက်၏ ။
နဂါးလက်သည်းက သူ၏ ဘယ်ဘက်ပခုံးကို ဖောက်ထွင်းသွားပြီး ဒဏ်ရာမှ သွေးများ အဆက်မပြတ် စီးကျလာသည် ။
" ခွေခွေ.. "
မော်ယိုယို က ထိုမြင်ကွင်းကို ကြည့်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည် ။
လီခွေ သည် အခြား မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ပေ ။ သူက သူ့ရှေ့ရှိ လုံယဲ့ ကို ဆွဲကိုင်လိုက်ပြီး အစွမ်းကုန် အားသုံးကာ နောက်သို့ တွန်းထုတ်လိုက်သည် ။
လုံယဲ့ က သူ၏ ဟန်ချက်ကို ထိန်းလိုက်ပြီးနောက် လီခွေ ၏ လက်မောင်းကို ဖမ်းကိုင်၍ ပေါက်လိုက်ရာ လီခွေ ၏ ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည် ။
" ဘုန်း ..."
ကျယ်လောင်သည့် အသံနှင့်အတူ မြေပြင်သည် ချိုင့်ဝင်သွားပြီး အက်ကွဲသွား၏ ။
လီခွေ ထမလာနိုင်မီ လုံယဲ့ က သူ၏ မျက်နှာကို အားဖြင့် နင်းချလိုက်သည် ။ သူ၏ ခေါင်းတစ်ခုလုံး မြေကြီးထဲသို့ နက်ရှိုင်းစွာ မြုပ်ဝင်သွားတော့သည် ။
" မြောင်.. "
မော်ယိုယို အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုံယဲ့ ၏ အပေါ်သို့ ခုန်တက်ကာ သူမ၏ အမြန်နှုန်း အားသာချက်ကို အသုံးပြု၍ ကုတ်ဖဲ့တိုက်ခိုက်လိုက်သည် ။
" စိတ်အနှောင့်အယှက်ပေးတဲ့ ကြောင်စုတ်လေး.. "
လုံယဲ့ က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ရွှေရောင်နဂါးမျက်လုံးများက အလျင်အမြန် စကင်ဖတ်လိုက်သည် ။ သူ၏ မျက်လုံးထဲတွင် မော်ယိုယို သည် အနှေးပြကွက်ဖြင့် ရွေ့လျားနေသကဲ့သို့ ဖြစ်နေပြီး သူမ၏ ပုံရိပ်က တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည် ။
သူမ လေထဲတွင် ရှိနေသည့် အခိုက်အတန့်၌ သူသည် သူ၏ နဂါးအမြီးကို ဝှေ့ယမ်းလိုက်ကာ သူမကို ရစ်ပတ်လိုက်ပြီး မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည် ။
သူမ မြေပြင်မှ ပြန်ကန်တက်လာသောအခါ သူက ရှေ့သို့ ထပ်မံ ခုန်ဝင်သွားပြီး သူမ၏ ဝမ်းဗိုက်ဆီသို့ နဂါးလက်သီးဖြင့် ထိုးချလိုက်သည် ။
" ဘုန်း.. "
ပဲ့တင်ထပ်နေသော ပေါက်ကွဲသံနှင့်အတူ မော်ယိုယို က သွေးများ အန်ထုတ်လိုက်ရပြီး အမြောက်ဆံတစ်လုံးကဲ့သို့ မီတာထောင်ပေါင်းများစွာ အဝေးသို့ လွင့်စင်သွားသည် ။
လုံယဲ့ က သူမနောက်သို့ လိုက်ကာ အဆုံးသတ်ရန် ပြင်လိုက်ချိန်မှာပင် လီခွေ က မြေအောက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ လက်မောင်းတွင် ရစ်ပတ်ထားသော သံကြိုးများကို ဝှေ့ယမ်းကာ လုံယဲ့ ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပြီး တင်းကျပ်စွာ ဖက်ထားလိုက်သည် ။
လုံယဲ့ က လီခွေ ၏ ဝမ်းဗိုက်ကို သူ၏ တံတောင်ဆစ်များဖြင့် အဆက်မပြတ် ထိုးကြိတ်လိုက်ရာ ထိုးချက်တစ်ခုစီတိုင်းသည် ညကောင်းကင်ယံတွင် ပေါက်ကွဲသံများကဲ့သို့ ပဲ့တင်ထပ်သွားလေသည် ။
လီခွေ ၏ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေသော်လည်း သူက လုံယဲ့ ကို တင်းကျပ်စွာ ဖက်ထားဆဲဖြစ်ပြီး လုံးဝ မလွှတ် ။
" မင်းက တကယ်ကို ပြဿနာပဲ.. ဒီဘုရင်က အဲ့ဒီကြောင်ကို အရင်ရှင်းလိုက်ဦးမယ်.. ပြီးမှ မင်းနဲ့ ဆက်ချမယ်.. "
လုံယဲ့ က မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏ အစစ်အမှန်ပုံစံကို ဖော်ထုတ်လိုက်သည် ။
ကောင်းကင်ဘုံကိုးဆင့် နဂါးကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ကောင်းကင်သို့ ပျံတက်သွားပြီး အရောင်ပြောင်းလဲနေသော အနက်ရောင် ကြေးခွံများက တောက်ပစွာ လက်လင်းနေကာ သူ၏ ခေါင်းပေါ်တွင် ထည်ဝါလှသော နဂါးချိုတစ်စုံ ထွက်ပေါ်လာသည် ။
သူ၏ နဂါးလက်သည်းက ဆင်းသက်လာပြီး လီခွေ ကို ရိုက်ချက်တစ်ချက်တည်းဖြင့် အောက်သို့ ဖိချလိုက်သည် ။
ပြင်းထန်စွာ ဒဏ်ရာရနေပြီဖြစ်သော လီခွေ သည် မြေပြင်ပေါ်တွင် အင်အားမဲ့စွာ လဲလျောင်းနေပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ ။
လုံယဲ့ သည် မော်ယိုယို ကို ရှာဖွေရန် အလျင်အမြန် လှည့်ကြည့်လိုက်သော်လည်း သူမ အရိပ်အယောင်ကိုပင် မမြင်ရတော့ဘဲ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည် ။
တံစဉ်ကြောင်များသည် သူတို့၏ အမြန်နှုန်းကြောင့် လူသိများပြီး သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ရာတွင်လည်း အလွန် ကျွမ်းကျင်ကြသည် ။ ဤတိုတောင်းသော အချိန်လေးအတွင်းမှာပင် သူမသည် မည်သည့်နေရာသို့ ရောက်သွားမှန်းမသိအောင် ပျောက်ကွယ်သွားခဲ့လေပြီ ။
လုံယဲ့ သည် သူ၏ အစစ်အမှန်ပုံစံကိုပြန်လည်ရုပ်သိမ်းလိုက်ပြီး လီခွေ ကို နင်းထားကာ မကျေမနပ်ဖြင့်...
" ချီးပဲ.. ကြောင်စုတ်လေး လွတ်သွားပြီ.. "
... အခြားတစ်ဖက်တွင် ..
ဝန်ဆောင်မှုဆိုင်အတွင်းတွင် ချီဟန် ၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ နဖူးတွင် ချွေးစီးများ စီးကျနေကာ သူ၏ တုန်ရီနေသော လက်ချောင်းများက အဖြူရောင် နယ်ရုပ်တစ်ခုကို ကောက်ယူလိုက်သည် ။
သူ၏ ရှေ့ရှိ စစ်တုရင်ခုံကို စိုက်ကြည့်ရင်း သူ၏ စိတ်များ ဝေ့ဝါးနေကာ သူ၏ ရွှေ့ကွက်အတွက် တုံ့ဆိုင်းနေသည် ။
သူ ကစားနည်းကို မသိ၍မဟုတ်ဘဲ ရှင်းရှင်းလင်းလင်း တွေးတောနိုင်ရန် သူ၏ စိတ်ဝိညာဥ်စွမ်းအား အလွန် အားနည်းနေခြင်းကြောင့် ဖြစ်သည် ။
ဝိညာဉ်ကမ္ဘာ၏ စစ်မြေပြင်တွင် အဖြူရောင် သံချပ်ကာဝတ် အင်မော်တယ်စစ်သည်များနှင့် နတ်ဆိုးသားရဲများက ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး ဓားချင်းရိုက်ခတ်သံများနှင့် တိုက်ပွဲ၏ အော်ဟစ်သံများက အဆက်မပြတ် ပဲ့တင်ထပ်နေသည် ။
အဖြူရောင် သံချပ်ကာဝတ် အင်မော်တယ်စစ်သည်များက တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကာ သူတို့၏ အရေအတွက်က အဆက်မပြတ် လျော့ကျလာနေချိန်တွင် လောဘကြီးသော နတ်ဆိုးသားရဲများက သဲပြင်ထဲမှ အဆုံးမရှိ ဆက်လက် ထွက်ပေါ်နေ၏ ။
မိုးထိမတတ် မြင့်မားလှသော ဓမ္မရုပ်တုကြီး နှစ်ခုက စစ်မြေပြင်ပေါ်တွင် ခမ်းနားထည်ဝါစွာ ရပ်တည်နေပြီး တိုက်ပွဲကို ကြီးကြပ်နေကြသည် ။ ချီဟန် ၏ ဓမ္မရုပ်တုသည် လွင့်မျောနေသော အနက်နှင့် အဖြူရောင် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး စစ်တုရင်နယ်ရုပ် တစ်ခုကို ကိုင်ဆောင်ထားကာ မေ့ကျီ ၏ ဓမ္မရုပ်တုမှာမူ ရှေ့တစ်မျက်နှာ နောက်တစ်မျက်နှာဖြင့် မျက်နှာနှစ်ခုပါသော နတ်ဆိုးပုံစံတစ်ခု ဖြစ်နေသည် ။
အမျိုးသားမျက်နှာသည် ချောမောပြီး ဆွဲဆောင်မှုရှိကာ အမျိုးသမီးမျက်နှာမှာလည်း ညို့ယူဖမ်းစားနိုင်စွမ်း ရှိပေသည် ။ လိင် သို့မဟုတ် အသက်အရွယ် မရွေး မည်သူမဆို အကြည့်ချင်း ဆုံမိပါက သူတို့၏ စိတ်များ ယိမ်းယိုင်သွားမည်ဖြစ်ပြီး သတိလက်လွတ်ဖြစ်ကာ စိတ်ညှိ့ခံလိုက်ရသကဲ့သို့ ဖြစ်သွားပေမည် ။
စစ်မြေပြင်ပေါ်ရှိ အဖြူရောင် သံချပ်ကာဝတ် အင်မော်တယ်စစ်သည်များသည် မျက်နှာနှစ်ခုပါသော နတ်ဆိုးရုပ်တုကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ချက်ချင်း သတိလက်လွတ်ဖြစ်သွားကြပြီး ရပ်တန့်သွားကာ နတ်ဆိုးသားရဲများ၏ ဝါးမျိုခြင်းကို ခံလိုက်ကြရသည် ။
ချီဟန် သည် သူ၏ တာအိုနှလုံးသားကို ခိုင်မာသည်ဟု ယူဆထားပြီး စစ်တုရင်လမ်းစဉ်အတွက်သာ မြှုပ်နှံထားကာ အမျိုးသမီးများအပေါ် မည်သည့်အခါမှ စိတ်မဝင်စားခဲ့သောကြောင့် ဆက်ကျူးဘတ်စ်နတ်ဆိုးမများ၏ မြှူဆွယ်မှုကို သဘာဝအတိုင်း ခုခံနိုင်စွမ်းရှိသည် ။
သို့သော်လည်း သူ၏ ရှေ့ရှိ မေ့ကျီ ၏ ဓမ္မရုပ်တုကို တိုက်ရိုက် ရင်ဆိုင်လိုက်ရသောအခါ သူ၏ တာအိုနှလုံးသားက စတင် ယိမ်းယိုင်လာခဲ့သည် ။
ဓမ္မရုပ်တုတစ်ခုသည် ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သော်လည်း သူ၏ မျက်လုံးထဲတွင်တော့ ပိုမို ရှင်းလင်းလာပြီး အသက်ရှင်နေသော ပြိုင်ဘက်ကင်း အလှပိုင်ရှင်တစ်ဦး သူ့ရှေ့တွင် ရပ်နေကာ သူ့ကို ပြုံးပြပြီး လက်ယပ်ခေါ်နေသကဲ့သို့ ဖြစ်နေသည် ။
ထိုပြိုင်ဘက်ကင်း အလှပိုင်ရှင်သည် မေ့ကျီ နှင့် အလွန် တူညီနေပေသည် ။
သူ၏ တာအိုနှလုံးသားက တဖြည်းဖြည်း ယိမ်းယိုင်လာသည်နှင့်အမျှ စစ်မြေပြင်ပေါ်ရှိ အဖြူရောင် သံချပ်ကာဝတ် အင်မော်တယ်စစ်သည်များအားလုံး ဝါးမျိုခံလိုက်ရသည် ။ ချီဟန် သည် ဆက်လက် တောင့်ခံထားနိုင်ခြင်း မရှိတော့ပေ ။ သူ၏ လက်မောင်းက တုန်ရီလာပြီး အဖြူရောင် နယ်ရုပ်က သူ၏ လက်ထဲမှ လွတ်ကျသွားခဲ့သည် ။
' ဒုက္ခပဲ.. '
ချီဟန် သည် အသိပြန်ဝင်လာပြီး သူ၏ နှလုံးသားက ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားကာ အခြေအနေ၏ ဆိုးရွားမှုကို သဘောပေါက်သွားသည် ။
" ဘုန်း... "
အဖြူရောင် နယ်ရုပ်က စစ်တုရင်ခုံပေါ်သို့ ကျရောက်သွားသည် ။
စစ်တုရင်ခုံပေါ်တွင် ရွှေ့ကွက်တစ်ခု လုပ်ပြီးသွားပါက နောင်တရနေ၍ မရတော့ ။ ခြေတစ်လှမ်း မှားလိုက်သည်နှင့် အရှုံးပေါ်သွားနိုင်သည် ။
မေ့ကျီ ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားပြီး အားလုံးကို ညို့ယူဖမ်းစားနိုင်စွမ်းရှိသည့် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုဖြင့်
" ကွက်တိပဲ.. နတ်ဆိုးအရှင်ကလည်း ငါ့ကို အလျင်လိုနေပြီဆိုတော့ ဒီမှာတင် အဆုံးသတ်ရမယ့် အချိန်ရောက်ပြီပေါ့.. "
ထိုသို့ပြောပြီးနောက် မေ့ကျီ က အနက်ရောင် နယ်ရုပ်တစ်ခုကို ချလိုက်သည်နှင့် ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခုက စစ်တုရင်ခုံမှ တုန်ခါထွက်ပေါ်လာသည် ။
စစ်မြေပြင်ပေါ်တွင် အဖြူရောင် သံချပ်ကာဝတ် အင်မော်တယ်စစ်သည်များအားလုံး ဝိညာဉ်စွမ်းအင်လှိုင်းကြောင့် တစ်စစီ ကြေမွသွားကြပြီး ချီဟန် ၏ ဓမ္မရုပ်တုပင်လျှင် ဝိညာဉ်စွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုအောက်တွင် ရုတ်တရက် မှေးမှိန်သွားကာ ပျောက်ကွယ်သွားလေသည် ။
" ဖူး.. "
ချီဟန် သည် ရုတ်တရက် သွေးတစ်ပွက် အန်ထုတ်လိုက်ရာ စစ်တုရင်ခုံပေါ်သို့ ပြန့်ကျဲသွားပြီးနောက် သူက စစ်တုရင်ခုံပေါ်သို့ အားပျော့စွာ လဲကျသွားတော့သည် ။
' ငါ.. ငါ တကယ်ကြီး ရှုံးသွားတာလား.. '
ယခုအချိန်အထိ သူ ဂုဏ်ယူခဲ့ရသော စစ်တုရင်လမ်းစဉ်တွင် နတ်ဆိုးတစ်ကောင်ကို ရှုံးနိမ့်သွားလိမ့်မည်ဟု သူ မယုံကြည်နိုင်သေးပေ ။
" မင်းရဲ့ စစ်တုရင်စွမ်းရည်က တကယ်ကို အဆင့်မြင့်လွန်းပါတယ်.. စစ်တုရင် သက်သက်ကိုပဲ ယှဉ်မယ်ဆိုရင် ငါ မင်းအောက်မှာ ရှိပေမဲ့ ငါ့ရဲ့ စိတ်စွမ်းအား ပိုကောင်းတယ်.... "
မေ့ကျီ က ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး သူ၏ ဖုန်းမှ အချိန်ကို စစ်ဆေးလိုက်သည် ။
" နာရီဝက်တိတိပဲ.. ဧည့်သည်ကို ပြောပြဖို့ မေ့သွားတယ်.. ငါ့ရဲ့ ဈေးနှုန်းက တစ်မိနစ်ကို ငါးထောင်ပါ.. မင်း ပေးရမှာက စုစုပေါင်း သုံးသိန်း ကျသင့်ပါတယ်.. "
ဤသို့ပြောရင်း မေ့ကျီ သည် ချီဟန် ထံသို့ လက်ကမ်းပေးကာ ငွေတောင်းခံလိုက်သည် ။
ချီဟန် သည် ဖြူလျော့နေသော မျက်နှာကို မော့လိုက်ပြီး ဇဝေဇဝါ ဖြစ်နေပုံရသည် ။
' အစတုန်းက သူ ပြောခဲ့တဲ့ တန်ဖိုးကြီးကြီး ပေးရမယ် ဆိုတာက ငွေပေးရမှာကို ပြောတာလား.. '