အခန်း ၂၀၆
Vol. 21 Ch. 206
၂၀၆ : နင့်ကြောင့် ငါ နောက်ကျသွားပြီ...
~
မင်ဆေးပန်းချီတောင်တန်းများအတွင်း..
မင်ရည်များဖြင့် ဖွဲ့စည်းထားသော သားရဲများသည် ပန်းချီကားထဲမှ ဆက်တိုက် ထွက်ပေါ်လာပြီး ယင်းနွီဆီသို့ ပြေးဝင်လာကြသည် ။
ယင်းနွီ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး သူမ၏ ခြေဖဝါးအောက်ရှိ အရိပ်သည် ရုတ်တရက် ဆန့်ထွက်လာကာ မိုရန်၏ လက်ထဲရှိ သားရဲတစ်သောင်း ပန်းချီလိပ်ထဲမှအတိုင်း အင်မော်တယ်သားရဲများ၊ နတ်ဆိုးသားရဲများနှင့် ဘီလူးသားရဲများအဖြစ် အတိအကျ ပုံတူကူး ပြောင်းလဲသွားလေ၏ ။
တစ်ခုတည်းသော ကွာခြားချက်မှာ မိုရန်၏ သားရဲတစ်သောင်း ပန်းချီလိပ်မှ သားရဲများသည် မင်ရည်များဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး သူမ၏ သားရဲများမှာမူ အရိပ်များဖြင့်သာ ဖွဲ့စည်းထားသော အရိပ်သားရဲများ ဖြစ်နေခြင်းပင် ။
ယင်းနွီက ရှေ့သို့ ခုန်ထွက်လိုက်ရာ လေထဲတွင် သူမ၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုကဲ့သို့ ပုံပျက်သွားပြီးနောက် နဂါးချိုတစ်စုံ ပါရှိသည့် အမည်းရောင် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ သားရဲအုပ်ထဲသို့ ဦးဆောင် ထိုးဖောက်ဝင်ရောက်သွားတော့သည် ။
သူမ၏ နောက်ကွယ်ရှိ ရေတွက်မရနိုင်သော အရိပ်သားရဲများကလည်း သူမနှင့်အတူ ပြေးဝင်လာကြသည် ။
ဒီရေလှိုင်းအလား ပြေးဝင်လာကြသော သားရဲအုပ်ကြီး နှစ်ခုသည် ထိပ်တိုက် ရင်ဆိုင်မိကြပြီး တစ်ကောင်နှင့်တစ်ကောင် ရက်စက်ကြမ်းကြုတ်စွာ ကိုက်ဖြတ် ဝင်တိုက်ကြလေ၏ ။
အရိပ်သားရဲတစ်ကောင် ဆွဲဖြတ်ခံရသောအခါ လေပူပေါင်း ပေါက်ကွဲသွားသကဲ့သို့ ပျောက်ကွယ်သွားပြီး မင်ရည်သားရဲများမှာမူ ချက်ချင်းပင် မင်ရည်များအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားကြသည် ။
ယင်းနွီ ပြောင်းလဲထားသော နဂါးကြီးသည် သားရဲများကြားတွင် မြန်ဆန်စွာ လှုပ်ရှားနေပြီး သူမ၏ ကြီးမားခိုင်မာသော ခန္ဓာကိုယ်ကြီးက မင်သားရဲများကို အပိုင်းပိုင်းအစစ ကြေမွသွားစေကာ ကောင်းကင်ယံတွင် မင်ရည်များအဖြစ် ပြန့်ကျဲသွားစေသည် ။
သားရဲများက သူမ၏ ခန္ဓာကိုယ်ကို ကုတ်ခြစ် ကိုက်ခဲကြသော်လည်း ပွန်းပဲ့ရာတစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ ။ ထိုအစား သူမက နဂါးမြီးဖြင့် တစ်ချက် ရိုက်ချလိုက်ရာ သားရဲအားလုံး ချက်ချင်းပင် မင်ရည်များအဖြစ်သို့ ပြောင်းလဲသွားကြသည် ။
နဂါးမီးတောက်တစ်ချက် မြေပြင်ဆီသို့ မှုတ်ထုတ်လိုက်ရာ သားရဲများ ချက်ချင်း ပြာကျပျောက်ကွယ်သွားတော့သည် ။
" ငရဲကိုးထပ်က မြေအောက်ကမ္ဘာနဂါးကြီးပါလား.. "
မင်ရည်ရေကန်၏ မျက်နှာပြင်ပေါ်တွင် ရပ်နေသော မိုရန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများထဲတွင် အံ့ဩမှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားလေ၏ ။
နတ်ဆိုးနယ်မြေမှ အရိပ်မျိုးနွယ်စုသည် လောကတွင် အထူးခြားဆုံး လူမျိုးနွယ်ဖြစ်သည့်အားလျော်စွာ အရိပ်မျိုးနွယ်စုဝင်တိုင်းသည် လောကတွင် သူတို့မြင်ဖူးသမျှ အရာအားလုံးအဖြစ် ပြောင်းလဲနိုင်သော စွမ်းရည်ကို မွေးရာပါ ပိုင်ဆိုင်ထားကြပြီး သူတို့၏ ပြောင်းလဲနိုင်စွမ်းမှာ ပုံသဏ္ဌာန်ကို ရိုးရှင်းစွာ အတုခိုးခြင်းမျိုး သက်သက် မဟုတ်ပေ ။
စွမ်းအားကြီးမားသော ပါရမီရှိသည့် အရိပ်မျိုးနွယ်စုဝင်များသည် ပုံသဏ္ဌာန်ကို အတုခိုးနိုင်ရုံသာမက စိတ်ဝိညာဉ်ကိုပါ ဖွဲ့စည်းနိုင်ပြီး စွမ်းအားများကိုပါ အသုံးပြုနိုင်ကြသည် ။
စိတ်ဝိညာဉ်ကို ဖွဲ့စည်းခြင်း ဆိုသည်မှာ ရည်ရွယ်ထားသော သက်ရှိ၏ အသွင်အပြင်၊ အမူအရာနှင့် လှုပ်ရှားမှုတိုင်းကို အတိအကျ ပုံတူကူးနိုင်ရုံသာမက ဝိသေသလက္ခဏာများကို လေ့လာပြီး အကျင့်စရိုက်များကိုပါ အတုခိုးနိုင်ခြင်းကို ဆိုလိုသည် ။
ဤအချက်က အရိပ်မျိုးနွယ်စုဝင် အများစုအတွက် မခက်ခဲလှပေ ။ အနည်းငယ် လေ့လာအတုခိုးလိုက်ရုံဖြင့် အရိပ်မျိုးနွယ်စုဝင် အများစုသည် ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြ၏ ။
စွမ်းအားများကို အသုံးပြုခြင်း ဆိုသည်မှာ ပစ်မှတ်၏ အသွင်အပြင်သို့ ပြောင်းလဲသွားသောအခါ ပစ်မှတ်ပိုင်ဆိုင်ထားသော စွမ်းရည်များကိုပါ ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည် ။
ဤအချက်ကို သင်ယူမှုနှင့် ကြိုးစားအားထုတ်မှု သက်သက်ဖြင့် မကျွမ်းကျင်နိုင်ဘဲ မွေးရာပါ ပါရမီ လိုအပ်ပေသည် ။
ရှေးခေတ်ကာလကတည်းက အရိပ်မျိုးနွယ်စုတွင် ဤကဲ့သို့ ပစ်မှတ်နှင့် တစ်သားတည်းကျအောင် ပြောင်းလဲနိုင်သည့် စွမ်းရည်ဖြင့် မွေးဖွားလာသူဟူ၍ လုံးဝ မရှိခဲ့ချေ ။
ယခုအချိန်တွင်တော့ ယင်းနွီသည် ငရဲကိုးထပ်မှ မြေအောက်ကမ္ဘာနဂါး၏ အသွင်အပြင်သို့ ပြောင်းလဲသွားခဲ့ပြီး ထိုနဂါးကြီး၏ မာကျောသော အကြေးခွံများနှင့် နဂါးမီးတောက်များကိုပါ ပိုင်ဆိုင်ထားလေပြီ ။
သံသယဖြစ်စရာမလိုဘဲ သူမသည် ပြောင်းလဲလိုက်သည့် အရာမှန်သမျှ အစစ်အမှန်အတိုင်း ဖြစ်လာနိုင်သည့် အရိပ်မျိုးနွယ်ဝင် ဖြစ်ပေသည် ။
မီးတောက်တစ်ချက်ဖြင့် သားရဲများကို ပြာချလိုက်ပြီးနောက် ယင်းနွီသည် သူမ၏ နဂါးခန္ဓာကိုယ်ကို လှုပ်ရှားကာ မိုရန်အား အစွယ်များ ထုတ်ပြလိုက်ပြီး သူမ၏ ပါးစပ်ထဲတွင် နဂါးမီးတောက်များကို စုစည်းလိုက်သည် ။
" ရှေးဟောင်းပန်းချီ ..ကောင်းကင်ထမ်း လူ့ဘီလူး.. "
မိုရန်က သူ၏ ရင်ခွင်ထဲမှ ကြိုတင်ရေးဆွဲထားသော ပန်းချီလိပ်တစ်ခုကို ထုတ်ယူကာ လေထဲသို့ ပစ်တင်လိုက်သည် ။
ပန်းချီလိပ် ပွင့်သွားသည်နှင့်အမျှ မိုးထိအောင် မြင့်မားသော ကောင်းကင်ထမ်း လူ့ဘီလူး သည် ပန်းချီကားထဲတွင် ခမ်းနားထည်ဝါစွာ ရပ်တန့်နေလေ၏ ။
ထိုလူ့ဘီလူးကြီးသည် အင်မော်တယ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အသက်ဝင်နေကာ လွတ်ဟာနေသော မျက်လုံးတစ်စုံမှလွဲ၍ အသေးစိတ်အချက်အလက်တိုင်းက မယုံနိုင်လောက်အောင် လက်တွေ့ဆန်နေပေသည် ။
မိုရန်က မင်စုတ်တံကို ကိုင်ကာ လူ့ဘီလူးကြီး၏ မျက်လုံးများပေါ်သို့ ဖွဖွလေး တို့လိုက်သည် ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပန်းချီလိပ်ထဲရှိ လူ့ဘီလူးသည် အသက်ဝင်လာသကဲ့သို့ သူ၏ မျက်လုံးများ လှုပ်ရှားလာပြီးနောက် ပန်းချီကားထဲမှ ခုန်ထွက်လာကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ရပ်တည်နေသည့် ပေတစ်ထောင်ကျော် မြင့်သော ဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည် ။
ယင်းနွီ မှုတ်ထုတ်လိုက်သော မြေအောက်ကမ္ဘာနဂါး မီးတောက်သည် လူ့ဘီလူးကြီး၏ အင်မော်တယ်ချပ်ဝတ်တန်ဆာကြောင့် လွင့်စင်သွားပြီး ထိုလူ့ဘီလူးကြီးက သူမ၏ လည်ပင်းကို လက်ဖြင့် ဖမ်းဆုပ်ကာ လေထဲသို့ မြင့်မားစွာ မြှောက်တင်လိုက်သည် ။
" အရိပ်မျိုးနွယ်စုရဲ့ အရိပ်ပြောင်းလဲခြင်းပညာက တကယ်ကို နာမည်နဲ့ လိုက်ဖက်ပေမဲ့ ငါတို့ မိုရှုဂိုဏ်းရဲ့ လောကက အရာခပ်သိမ်းကို ရေးဆွဲနိုင်ပြီး ကဗျာတွေ စပ်ဆိုနိုင်တဲ့ စွမ်းရည်ကလည်း မဆိုးပါဘူး.. "
မိုရန်သည် လူ့ဘီလူးကြီး၏ ခြေရင်းတွင် ရပ်နေပြီး သူ၏ အမူအရာမှာ အောင်ပွဲခံကာ ဂုဏ်ယူနေပုံရသည် ။
အရိပ်မျိုးနွယ်စုက လောကရှိ အရာအားလုံးအဖြစ် ပြောင်းလဲနိုင်ပြီး သူ၏ မိုရှုဂိုဏ်းကလည်း ထိုနည်းတူစွာ မင်ရည်ကို အသုံးပြု၍ လောကရှိ အရာအားလုံးကို ရေးဆွဲကာ ပန်းချီလိပ်များမှ ခေါ်ယူနိုင်သည် ။
" သတ်စမ်း.. "
မိုရန်က အေးစက်စွာ အော်ဟစ်လိုက်ရာ လူ့ဘီလူးကြီးသည် ခါးမှ ဓားရှည်ကို ဆွဲထုတ်၍ ယင်းနွီထံသို့ ခုတ်ချလိုက်သည် ။
ဓားသွား ထိခတ်မိတော့မည့် ဆဲဆဲတွင် ယင်းနွီ ပြောင်းလဲထားသော နဂါးခန္ဓာကိုယ်သည် လူ့ဘီလူးကြီး၏ လက်မောင်းကို ရစ်ပတ်သွားပြီး အရိပ်အိုင်တစ်ခုကဲ့သို့ အရည်ပျော်ကျကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏ ။
အရိပ်က သူ၏ အသားအရေကဲ့သို့ တွယ်ကပ်နေပြီး မည်မျှပင် ဆုပ်ကိုင် ဆွဲဖြဲနေပါစေ သူ၏ ခန္ဓာကိုယ်မှ အရိပ်ကို ဖယ်ရှား၍ မရနိုင်တော့ပေ ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးထိအောင် မြင့်မားသော လူ့ဘီလူးကြီးသည် အရိပ်၏ လွှမ်းခြုံမှုကို အပြည့်အဝ ခံလိုက်ရပြီး လှုပ်ရှားမှု ရပ်တန့်သွားတော့သည် ။
မိုရန် မည်သို့ပင် ဂါထာများ ရွတ်ဆိုကာ ထိန်းချုပ်ရန် ကြိုးစားနေပါစေ လူ့ဘီလူးကြီးမှာ နေရာတွင် မလှုပ်မယှက် ရပ်တန့်နေဆဲဖြစ်သည် ။
လူ့ဘီလူးကြီး ထပ်မံ လှုပ်ရှားလာသောအခါ သူက ခြေထောက်ကို မြှောက်ကာ အောက်တွင်ရှိနေသော မိုရန်အား နင်းခြေလိုက်တော့သည် ။
ဤမျှသာ မကသေး ။ လူ့ဘီလူးကြီးသည် ဓားရှည်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ အောက်ဘက်ရှိ မင်ရည်ကန်ထဲသို့ ပြင်းထန်စွာ ခုတ်ချလိုက်ပြန်သည်..
" ဘန်း.. "
မင်ရည်ကန်မှာ လှိုင်းတံပိုးများ အထပ်ထပ် ထက်တက်သွားပြီး ကန်တစ်ခုလုံး ဓားချက်ကြောင့် နှစ်ခြမ်းကွဲသွားကာ အက်ကြောင်းကြီးမှာ မိုင်ရာနှင့်ချီ၍ ရှည်လျားသွားလေ၏ ။
မင်ရည်ကန်အောက်တွင် ပုန်းအောင်းနေသော မိုရန်မှာ အခြားရွေးချယ်စရာ မရှိတော့ဘဲ ထွက်ပြေးရတော့ကာ သူ၏ ကြောက်လန့်နေသော အမူအရာတွင် မယုံကြည်နိုင်မှုများ ပေါ်လွင်နေသည် ။
' ငါ ရေးဆွဲထားတဲ့ ပန်ချီကားက ငါ့အမိန့်မပါဘဲ ဘာလို့ ရုတ်တရက် ပြန်တိုက်ခိုက်လာရတာလဲ.. '
' ခုနက သူ ဘာလုပ်လိုက်တာလဲ.. '
' ဒါကရော အရိပ်မျိုးနွယ်စုရဲ့ စွမ်းရည်တစ်ခုပဲလား.. '
မိုရန်၏ နှလုံးသားထဲတွင် မေးခွန်းများ ပြည့်နှက်နေပြီး သူ၏ ခန့်မှန်းချက်က မမှားပေ ။
ဤသည်မှာ အခြားသော အရိပ်မျိုးနွယ်စုဝင်များတွင် မရှိဘဲ ယင်းနွီတွင်သာ ရှိသည့် စွမ်းရည်ဖြစ်သော အရိပ်ဝါးမျိုခြင်း ပင် ။
သူမကိုယ်သူမ အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ပစ်မှတ်ကို လွှမ်းခြုံဝါးမျိုခြင်းဖြင့် ပစ်မှတ်နှင့် တစ်သားတည်း ဖြစ်သွားနိုင်ပြီး ပစ်မှတ်ပိုင်ဆိုင်ထားသော စွမ်းရည်များကို ပုံတူကူးယူနိုင်ပေသည် ။
ထို့နောက်တွင် ပစ်မှတ် မရှိတော့လျှင်ပင် သူမသည် ပစ်မှတ်၏ အသွင်အပြင်သို့ ပြောင်းလဲနိုင်ပြီး ပစ်မှတ်၏ စွမ်းရည်များကို ပိုင်ဆိုင်နိုင်သေးသည် ။
ယခုအချိန်တွင် လူ့ဘီလူးကြီးသည် သူမ၏ ကိုယ်ပွားတစ်ခု ဖြစ်သွားခဲ့လေပြီ ။
" ကောင်းကင်နဲ့ မြေကြီး ပန်းချီကား.. "
မိုရန်က သူ၏ မင်စုတ်တံကို ထုတ်ယူလိုက်သော်လည်း သူ ပန်းချီစမဆွဲရသေးမီမှာပင် ယင်းနွီက ခြင်တစ်ကောင်ကို ရိုက်ချလိုက်သကဲ့သို့ လေထဲမှ မြေပြင်ပေါ်သို့ သူ့ကို ရိုက်ချလိုက်သည်..
" ဘန်း.. "
မြေကြီး တုန်ခါသွားပြီး လောကကြီး တိတ်ဆိတ်သွားသည် ။ မင်ရည်များ စွန်းထင်းနေသော တောင်တန်းများနှင့် မြစ်များသည် အရောင်ကျသွားသကဲ့သို့ တဖြည်းဖြည်း မှေးမှိန်သွားကာ မူလ လမ်းမကြီးဆီသို့ ပြန်လည်ရောက်ရှိသွားတော့သည် ။
ယင်းနွီက လူ့ဘီလူးကြီးထံမှ ဆုတ်ခွာလိုက်ပြီး သူမ၏ မူလ အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားသည် ။
မိုရန်သည် လမ်းမပေါ်တွင် လဲကျနေပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျနေကာ မျက်နှာမှာ ဖြူဖျော့ အားနည်းနေသည် ။ သူက ခေါင်းကို မနည်းမတင်ကာ တည်ငြိမ်သောအမူအရာဖြင့် နီးကပ်လာသော ယင်းနွီကို ကြည့်လိုက်သည် ။
" ငါ ရှုံးသွားပြီ.. "
" မင်း ငါ့ကို မသတ်ခင်.. မင်းနောက်က အရာက ဘာလဲဆိုတာ ပြောပြလို့ရမလား.. "
ထိုသို့ပြောရင်း မိုရန်သည် ယင်းနွီ၏ အနောက်ရှိ လျှပ်စစ်စကူတာလေးဆီသို့ အကြည့်လွှဲလိုက်သည် ။
ယင်းနွီက ထိုအရာကို ကာကွယ်ပေးထားသည်ကို မြင်ရသဖြင့် တိုက်ပွဲစကတည်းက သူ ထိုအရာကို လျှို့ဝှက်စွာ အာရုံစိုက်နေခဲ့ပြီး တိုက်ပွဲအား အနိုင်ရစေမည့် လက်နက်တစ်ခုများ ဖြစ်နေမလားဟု တွေးတောနေခဲ့မိသည် ။
သို့တိုင်အောင် သူ ရှုံးနိမ့်သွားသည့်တိုင် ယင်းနွီ အသုံးပြုသည်ကို မတွေ့ခဲ့ရပေ ။ ဤအချက်က သူ၏ သိချင်စိတ်ကို မနှိုးဆွဘဲ မနေနိုင်တော့ချေ ။
' သူ ဒီလောက်အထိ သေချာကာကွယ်ထားတဲ့ အဖိုးတန်ပစ္စည်းက ဘယ်လိုအရာမျိုးများလဲ.. '
မသေဆုံးမီလေးမှာ သူ ထိုအဖြေကို အမှန်တကယ် သိချင်နေမိသည် ။
ယင်းနွီက သူမနောက်ရှိ လျှပ်စစ်စကူတာလေးကို လှည့်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည် ။
" အဲ့တာက မိစ္ဆာအရှင် ပေးထားတဲ့ လျှပ်စစ်စကူတာလေးလေ.. အဲ့ဒီမှာ ငါပို့ရမဲ့ အစားအသောက်ပါဆယ်တွေ ပါတယ်.. "
" လျှပ်စစ်စကူတာ.. အစားအသောက်ပါဆယ်.. "
မိုရန် သူမ ပြောသည်ကို နားမလည် ။ အူကြောင်ကြောင် ဖြစ်သွား၏ ။
ယင်းနွီက သူ့ကို ဂရုမစိုက်တော့ဘဲ ဖုန်းကို အမြန်ထုတ်ကာ အော်ဒါကို စစ်ဆေးလိုက်သည် ။ ထို့နောက် သူမ၏ အမူအရာက ရုတ်တရက် အေးစက်သွားပြီး မိုရန်ကို ပြန်ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည် ။
သူမ၏ အော်ဒါအားလုံး အချိန်လွန်သွားခဲ့လေပြီ ။
" အားလုံး နင့်အပြစ်တွေချည်းပဲ.. အကုန် အချိန်ကျော်သွားပြီ.. "
ယင်းနွီ၏ မျက်နှာက အေးစက်နေပြီး မိုရန်အား ဒေါသတကြီးဖြင့် ဆက်တိုက် ကန်ကျောက်တော့သည် ။
" အား.. တော်.. တော်ပါတော့.. "
မိုရန်မှာ အကန်ခံရသဖြင့် အော်ဟစ်နေရပြီး ယင်းနွီက သူ့ကို ဤကဲ့သို့ အရှက်ခွဲသည့်နည်းလမ်းဖြင့် သတ်ဖြတ်ရန် ရည်ရွယ်ထားသည်ဟု ထင်ကာ ဒေါသတကြီးဖြင့် ချက်ချင်း ပြောလိုက်သည် ။
" ပညာရှိတစ်ယောက်ကို သတ်လို့ရပေမဲ့ စော်ကားလို့တော့ မရဘူး.. ငါ့ကို မြန်မြန်သာ သတ်လိုက်စမ်းပါ.. "
သူ၏ စကားဆုံးသွားသည်နှင့်တပြိုင်နက် ယင်းနွီက သူ၏ မျက်နှာကို နောက်ထပ် ပြင်းပြင်းထန်ထန် တစ်ချက် ကန်ပစ်လိုက်ပြန်သည် ။