← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

၂၀၉ : လက်ဆောင်ကို အခုပဲ ပေးလိုက်မယ်

~

​စကားသံအဆုံးတွင် လင်းဖန်နှင့် လုံယွဲ့တို့ သစ်တောထဲမှ ထွက်ပေါ်လာကြသည် ။

​ရှီညီအစ်ကိုများသည် အသက်ရှင်ခွင့် မပေးသင့်သော ကပ်ဆိုးကောင်များ ဖြစ်ကြသည် ။ သူတို့ထဲမှ တစ်ယောက်ယောက်သာ လွတ်မြောက်သွားပါက လောကကြီးအတွက် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာနိုင်ပေသည် ။

ထို့ကြောင့် လျိုယန် သတိရလာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ်အတွင်း ရှီရန်၏ ခြေရာကို အတူတကွ ခြေရာခံလိုက်လံရှာဖွေခဲ့ကြရာမှ ဤမြင်ကွင်းကို မမျှော်လင့်ဘဲ တွေ့မြင်ခဲ့ရခြင်း ဖြစ်သည် ။

​ကောင်းကင်တာအို၏ ကိုယ်ပွား ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လုံယွဲ့ အလွန် အံ့အားသင့်သွား၏ ။ ရှီရန်ကဲ့သို့ပင် သူမကလည်း ဝိညာဉ်ချီစွမ်းအင် ကင်းမဲ့နေသော ဤကမ္ဘာတွင် ကောင်းကင်တာအို မရှိနိုင်ဟု အစပိုင်းက ထင်မှတ်ထားခဲ့သည် ။

​" လင်းဖန်... ဒီကမ္ဘာမှာ ကောင်းကင်ရဲ့ ဆန္ဒ ရှိနေခဲ့တယ်ဆိုတာကို ရှင် အစကတည်းက သိနေခဲ့တာပေါ့..."

​လုံယွဲ့သည် လင်းဖန်ကို စပ်စုလိုစိတ်ဖြင့် လှည့်ကြည့်လိုက်သည် ။ သူ၏ တည်ငြိမ်နေသော အမူအရာနှင့် ခုလေးတင် ပြောလိုက်သော စကားများအရ သူသည် ကောင်းကင်တာအို ရှိနေကြောင်းကို ကြာမြင့်စွာကတည်းက သိရှိနေခဲ့ပုံရသည် ။

​" အင်း... ဒါပေမဲ့ ဒီအရှင် ကိုယ်တိုင်လည်း အခုမှ သူ့ကို ပထမဆုံးအကြိမ် မြင်ဖူးတာလေ ..."

​လင်းဖန်က ခေါင်းညိတ်လိုက်ပြီး သူ၏ အကြည့်များကို ကောင်းကင်တာအိုထံတွင် စူးစိုက်ထားလိုက်သည် ။

​ဤကမ္ဘာသို့ သူ ပထမဆုံး ပြန်ရောက်လာသည့် အချိန်ကတည်းက အမှောင်ထဲတွင် သူတို့ကို အမြဲတမ်း စောင့်ကြည့်နေသော မျက်လုံးတစ်စုံ ရှိနေသကဲ့သို့ သူ ဝေဝေဝါးဝါး ခံစားခဲ့ရသည် ။

ထိုညက အန်ယောင်နှင့် တိုက်ခိုက်ခဲ့စဉ် အမှောင်ထဲမှ ချောင်းကြည့်နေသော အကြည့်က သိသိသာသာ ပိုမို ရှင်းလင်းလာခဲ့ပြီး ထိုအချိန်မှစ၍ ကောင်းကင်တာအို ရှိနေကြောင်းကို သူ အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည် ။ သူ့ကို မမိစေဘဲ တိတ်တဆိတ် စောင့်ကြည့်နိုင်သူဟူ၍ ဤကမ္ဘာ၏ ဆန္ဒဖြစ်သော ကောင်းကင်တာအို တစ်ခုတည်းကိုသာ သူ စဉ်းစားမိခဲ့သည် ။

​" နတ်ဆိုးအရှင်... မင်းပြောတာ တစ်ခုတော့ မှားသွားပြီ... ဒါက ငါတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း မဟုတ်ဘူး..."

​သူရှိနေကြောင်းကို သိသွားသည့်တိုင် ကောင်းကင်တာအိုက လုံးဝ အံ့သြသွားခြင်းမရှိဘဲ အနည်းငယ် ပြုံးလိုက်သည် ။ လင်းဖန်ကို သူ တိတ်တဆိတ် စောင့်ကြည့်နေစဉ်ကတည်းက သူကိုယ်တိုင်လည်း သတိထားမိခံနေရကြောင်းကို သိရှိထားပြီး ဖြစ်သည် ။

ယခုညတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် ကြီးမားသော ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့သဖြင့် သူ ကိုယ်တိုင် ထွက်လာရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ ။ နတ်ဆိုးအရှင်ကလည်း သူ သေချာပေါက် ဝင်ပါလိမ့်မည်ဟု ခန့်မှန်းမိပြီး ဖြစ်ပေမည် ။ သူ လှုပ်ရှားလာမည့်အချိန်ကို စောင့်ဆိုင်းကာ အမှောင်ထဲတွင် တမင်တကာ ပုန်းကွယ်နေခဲ့ခြင်းက ရှီရန်ကို ထွက်ပြေးခွင့်ပြုမည် မဟုတ်ကြောင်းကို သိရှိထားသည်ကို ပြသနေသည် ။ ထို့ကြောင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဆက်လက် ဖုံးကွယ်ထားရန် သူ ရိုးရှင်းစွာပင် ရည်ရွယ်မထားတော့ချေ ။

​" ပထမဆုံးအကြိမ် တွေ့ဆုံခြင်း မဟုတ်ဘူးဆိုတာ..."

​လင်းဖန်၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာတစ်ခု ပေါ်လာပြီး မျက်မှောင် အနည်းငယ် ကြုတ်သွားသည် ။ သူ၏ ဦးနှောက်ကို အစွမ်းကုန် ညှစ်၍ စဉ်းစားကြည့်သော်လည်း ကောင်းကင်တာအိုနှင့် မည်သည့်နေရာတွင် တွေ့ဆုံခဲ့ဖူးကြောင်းကို သူ ပြန်လည် မမှတ်မိနိုင်ပေ ။

​သူ၏ ရှုပ်ထွေးနေသော အမူအရာကို မြင်သောအခါ ကောင်းကင်တာအိုသည် ပုံစံပြောင်းလဲသွားပြီး သူနှင့် ကျိုးယန်တို့ နို့လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ်က သူတို့ကို နို့လက်ဖက်ရည် လာချပေးခဲ့သော ဝန်ထမ်းအဖြစ်သို့ ပြောင်းလဲသွားသည် ။ ထိုမျှ မကသေးဘဲ သူ၏ လက်ဖဝါးကို မျက်နှာရှေ့တွင် တစ်ချက် ဝှေ့ယမ်းလိုက်ရာ မျက်နှာပြောင်းလဲသည့် မျက်လှည့်ပညာကဲ့သို့ပင် သူတို့နှစ်ဦး ဘူဖေးစားသောက်ဆိုင်သို့ ပထမဆုံးအကြိမ် သွားခဲ့စဉ်က စားသောက်ဆိုင်အပြင်ဘက်တွင် ဖောက်သည်များကို ခေါ်ယူနေခဲ့သည့် ဝန်ထမ်းအဖြစ်သို့ ထပ်မံ ပြောင်းလဲသွားပြန်သည် ။

​" မင်းပဲ..."

​လင်းဖန်နှင့် လုံယွဲ့တို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အာမေဍိတ်သံ ထွက်သွားကြသည် ။ အထူးသဖြင့် လင်းဖန်မှာ ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည် ။

​သူတို့ ရောက်ရှိလာကတည်းက ကောင်းကင်တာအိုသည် သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြောင်း သူ သိထားသော်လည်း ဤကဲ့သို့သော နည်းလမ်းဖြင့် ဗြောင်ကျကျ စောင့်ကြည့်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ ။ နို့လက်ဖက်ရည်ဆိုင်တွင် ကျိုးယန်နှင့် တွေ့ဆုံစဉ်က စားပွဲထိုးအဖြစ် ရုပ်ဖျက်ထားသော ကောင်းကင်တာအိုသည် သူ့ကို ပြုံးပြခဲ့ရာ ထိုသည်က နှုတ်ဆက်ခြင်းပင် ဖြစ်သော်လည်း သူ သတိမထားမိခဲ့ပေ ။

​" ဟုတ်တယ်... ငါပဲလေ..."

​" ငါက ကမ္ဘာအနှံ့ကို လျှောက်သွားပြီး ဘယ်လို ပုံစံမဆို ပြောင်းလဲနိုင်တယ်... ငါက ယောက်ျား၊ မိန်းမ ဒါမှမဟုတ်မဟုတ် မတူညီတဲ့ အသားအရောင်ရှိတဲ့ လူတွေအဖြစ် ပြောင်းလဲနိုင်တယ်... တစ်ခါတလေ ဆရာ၊ ရဲအရာရှိ ဒါမှမဟုတ် နို့လက်ဖက်ရည်ဆိုင် ဝန်ထမ်း စတဲ့ မတူညီတဲ့ အသက်မွေးဝမ်းကျောင်းတွေကိုလည်း စမ်းလုပ်ကြည့်သေးတာပဲ..."

​" ဒါပေါ့... ငါက လူအဖြစ်နဲ့ပဲ ကန့်သတ်ထားတာ မဟုတ်ဘူး... တစ်ခါတလေ စိတ်ကူးပေါက်လာရင် တောင်ပေါ်က သားရဲတစ်ကောင်အဖြစ်တောင် ပြောင်းလဲနေထိုင်တတ်တယ်..."

​" ဒါတွေက ငါ့ရဲ့ ဝါသနာလေးတွေပါ..."

​ကောင်းကင်တာအိုသည် သက်သောင့်သက်သာ ပြောဆိုနေရင်း စကားပြောနေစဉ်မှာပင် မတူညီသော ယူနီဖောင်းများ ဝတ်ဆင်ထားသည့် လူများ သို့မဟုတ် ငှက်များနှင့် သားရဲအမျိုးမျိုးအဖြစ် ပုံစံပြောင်းလဲနေခဲ့သည် ။ ကမ္ဘာတစ်ခုလုံး၏ ဆန္ဒတစ်ခုအနေဖြင့် မည်သည့်အရာအဖြစ်မဆို ပြောင်းလဲခြင်းသည် သူ့အတွက် အတွေးတစ်ချက်မျှသာ ဖြစ်သည် ။

​" ဒီအရှင်ကို အင်မော်တယ်နတ်ဆိုးတိုက်ကြီးဆီ ကျရောက်သွားအောင် လုပ်ခဲ့တာ မင်းပဲမလား..."

​လင်းဖန်က မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည် ။ သူ ပြန်ရောက်လာပြီးနောက် ဤမေးခွန်းကို အမြဲတွေးနေခဲ့ပြီး ပိုတွေးမိလေလေ အင်မော်တယ်နတ်ဆိုးတိုက်ကြီးသို့ ကူးပြောင်းသွားခြင်းမှာ မတော်တဆမှု မဟုတ်ကြောင်း သူ ပို၍ ခံစားလာရလေလေ ဖြစ်သည် ။

အခြားကမ္ဘာတစ်ခုသို့ သာမန်ကူးပြောင်းခြင်းသည် အများဆုံးအားဖြင့် ဝိညာဉ်ကူးပြောင်းခြင်းသာ ပါဝင်သော်လည်း သူသည် ဟင်းလင်းပြင်ကို အထိအခိုက်မရှိ ဖြတ်သန်းကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အင်မော်တယ်နတ်ဆိုးတိုက်ကြီးပေါ်သို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည် ။ ထိုအချိန်က သူသည် အသိပညာ နုံချာနေပြီး မည်သည့် ကျင့်ကြံမှုမှလည်း မရှိခဲ့ပေ ။

ယခု ဟင်းလင်းပြင် ဥမင်လှိုဏ်ခေါင်းကို ကိုယ်တိုင် ပြန်လည်ဖြတ်သန်းပြီးနောက်တွင် တစ်စုံတစ်ယောက်က သူ့ကို ကူးပြောင်းနိုင်ရန် တိတ်တဆိတ် ကူညီပေးခဲ့ကြောင်းကို ပို၍ပင် သေချာသွားခဲ့သည် ။

​ထိုကဲ့သို့သော လုပ်ဆောင်ချက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်သူဟူ၍ ဤကမ္ဘာ၏ ဆန္ဒဖြစ်သော ကောင်းကင်တာအို တစ်ဦးတည်းသာ ရှိပေသည် ။

​" ဟုတ်တာပေါ့... ငါပဲလေ..."

​ကောင်းကင်တာအိုသည် လင်းဖန်က သူ့ကို ကျေးဇူးတင်မည်ဟု တွေးကာ အနည်းငယ် ပြုံး၍ ရိုးသားစွာ ဝန်ခံလိုက်ပြီး ဂုဏ်ယူနေသော အမူအရာဖြင့် ကြည့်လိုက်သည် ။ သူ ကိုယ်တိုင် ဝန်ခံသည်ကို ကြားပြီးနောက် လင်းဖန်က ပုံသဏ္ဌာန်မဲ့ လက်ဝါးရိုက်ချက်တစ်ခုကို လုံးဝ တွန့်ဆုတ်ခြင်းမရှိဘဲ သူ့ထံသို့ ပစ်လွှတ်လိုက်မည်ကို သူ မသိခဲ့ပေ ။

​" သေစမ်း..."

​" ဘုန်း..."

​လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် တောင်များစွာသည် တိုက်ရိုက်ပင် အပိုင်းပိုင်းအစစ ကြေမွသွားခဲ့သည် ။ ကောင်းကင်တာအိုသည် သီသီလေး ရှောင်တိမ်းနိုင်ခဲ့ပြီး မိုင်တစ်ရာခန့် ရှည်လျားသော လက်ဝါးရာကြီးကို ပြန်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အကြောက်တရားများ စွဲထင်နေဆဲ ဖြစ်သည် ။ လုံယွဲ့ပင်လျှင် လင်းဖန်က ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် လန့်သွားခဲ့ပြီး ကောင်းကင်တာအို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရဲလိမ့်မည်ဟု ပို၍ပင် မျှော်လင့်မထားခဲ့ပေ ။

​" နေပါဦး နတ်ဆိုးအရှင်... မင်း ဘာလုပ်နေတာလဲ..."

​ကောင်းကင်တာအိုက နားမလည်နိုင်စွာဖြင့် မေးလိုက်သည် ။

​"ဟားဟား.. အဲ့လို အံ့သြစရာကောင်းတဲ့ နေရာကို ပို့ပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်နေတာပေါ့..."

​လင်းဖန်က အေးစက်စွာ ရယ်မောလိုက်ပြီး အပေါ်သို့ ခုန်တက်ကာ ကောင်းကင်နိယာမထံသို့ လက်ဝါးဖြင့် ထပ်မံ ရိုက်ချလိုက်ပြန်သည် ။ လက်ဝါးရိုက်ချက်တိုင်းတွင် သူ၏ ရင်ထဲ၌ အချိန်ကြာမြင့်စွာ စုဆောင်းလာခဲ့သော နာကြည်းမှုများနှင့် ဒေါသများ ပါဝင်နေပေသည် ။

​သူသည် အင်မော်တယ်နတ်ဆိုးတိုက်ကြီးသို့ ရှင်းပြ၍မရနိုင်အောင် ကျရောက်သွားခဲ့ပြီး လုံးဝ အသိပညာကင်းမဲ့စွာဖြင့် တောင်တန်းများပေါ်တွင် အသက်ရှင်သန်နိုင်ရန် အသေအလဲ ရုန်းကန်ခဲ့ရသည် ။

သူသည် သားရဲများ၏ လိုက်လံကိုက်ခဲခြင်း၊ ပိုးမွှားများ၏ ကိုက်ခဲခြင်းတို့ကို ခံခဲ့ရပြီး သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရသည်မှာ အကြိမ်ကြိမ်ဖြစ်သလို ငတ်မွတ်၍ သေလုနီးပါးပင် ဖြစ်ခဲ့ရသည် ။ အသက်ရှင်ရန်အတွက် သစ်ခေါက်များကို ကိုက်စားခဲ့ရပြီး မြက်မြစ်များကို စားကာ ငါးဖမ်းရန် သင်ယူခဲ့ရသည် ။

ထို့အပြင် တောင်ပေါ်ရှိ သားရဲအမျိုးမျိုးနှင့် တိုက်ခိုက်ခဲ့ရပြီး အဆိပ်ရှိသော အပင်များကို စားမိသဖြင့် အကြိမ်ပေါင်းများစွာ သေလုနီးပါး ဖြစ်ခဲ့ရသည် ။

​တစ်ခါတရံ အသားတစ်ဖတ် စားရရန်အတွက် ငှက်တစ်ကောင်ကို ဖမ်းမိရန် ထောင့်တစ်နေရာတွင် နာရီပေါင်းများစွာ မလှုပ်မယှက် ထိုင်စောင့်နေခဲ့ရသည် ။ တကယ်တမ်း စားစရာ ဘာမှမရှိတော့သည့် အချိန်များတွင် ပိုးကောင်များကို စားရန် မြေကြီးကို တူးရုံသာ တတ်နိုင်ခဲ့ပြီး သားရဲများ၏ ပါးစပ်ထဲမှ အစာများကို လုယူခဲ့ရသည် ။

မီးမရှိခဲ့သော ထိုနေ့ရက်များတွင် အသားစိမ်းကိုစားပြီး သွေးကိုသောက်ကာ သားရဲတစ်ကောင်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့ရသည် ။ ပြီးတော့ ဤကဲ့သို့သော ဘဝမျိုးဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရသည် ။ ဤအရာအားလုံးက သူ့ကျေးဇူးကြောင့်ပင် ဖြစ်သည် ။

​" နတ်ဆိုးအရှင်... ခဏနေပါဦး... ငါ့ကို ကျေးဇူးတင်သင့်တာ မဟုတ်ဘူးလား..."

​" မင်းကို စွမ်းရည်တွေ ပေးခဲ့ပြီး ဒီနေ့ မင်းရဲ့ ဖြစ်တည်မှုကို ဖန်တီးပေးခဲ့တာ... နတ်ဆိုးနယ်မြေရဲ့ အမြင့်မြတ်ဆုံးသူအဖြစ် လုပ်ပေးခဲ့တာ ငါလေ..."

​ကောင်းကင်တာအိုသည် ရှုပ်ထွေးစွာဖြင့် မေးနေရင်း ဆက်တိုက် ရှောင်တိမ်းနေခဲ့သည် ။ သူ၏ အမြင်တွင် သူသည် သာမန်လူတစ်ယောက်ကို နတ်ဆိုးအရှင်အဖြစ်သို့ ပြောင်းလဲပေးခဲ့ပြီး ကောင်းမှုတစ်ခု လုပ်ခဲ့ခြင်း ဖြစ်သည် ။ ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် သူ့အနေဖြင့် ထာဝရ ကျေးဇူးတင်နေသင့်သော်လည်း အဘယ်ကြောင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော အမုန်းတရားများ ရှိနေသကဲ့သို့ ဖြစ်နေရသနည်း ။

​" ဟုတ်တယ်... ဒီအရှင်က တကယ်ပဲ မင်းကို အခု ကျေးဇူးတင်နေတာလေ..."

​" မင်း ငြိမ်ငြိမ်နေစမ်း... ဒီအရှင်က မင်းကို ကျေးဇူးဆပ်လက်ဆောင် အခုပဲ ပေးတော့မှာ..."

​လင်းဖန်သည် သူ၏ လက်များကို ပွတ်သပ်လိုက်ပြီး ဧရာမ မီးလုံးကြီးတစ်ခုကို ဖန်တီးလိုက်သည် ။ ပူလောင်ပြီး မျက်စိကျိန်းလောက်သော မီးတောက်များက ညတစ်ညလုံးကို လင်းထိန်သွားစေပြီး ကောင်းကင်ယံတွင် နေမင်းကြီး တစ်စင်းကဲ့သို့ ချိတ်ဆွဲထားသည် ။

​" ဧကရာဇ် ကျင့်စဉ် ... ကောင်းကင်ကို လောင်ကျွမ်းစေပြီး ကမ္ဘာမြေကို ဖျက်ဆီးခြင်း..."

​" ဟေ့..ဟေ့..ဟေ့... မင်း တကယ် လုပ်နေတာလား... ငါက ဘယ်လိုလုပ် ငြိမ်ငြိမ်ရပ်နေနိုင်မှာလဲ..."

​ကောင်းကင်တာအို ထိတ်လန့်သွားပြီး မီးလုံးကြီး ကျဆင်းလာသည့် အခိုက်အတန့်တွင် အလျင်အမြန် ရှောင်တိမ်းလိုက်သည် ။

​" ဘုန်း..."

​ဧရာမ မီးလုံးကြီးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ဒေါသတကြီး လောင်ကျွမ်းနေသော မီးတောက်များက နေရာအနှံ့ လွှမ်းခြုံသွားကာ မြေအောက်မှ ကြီးမားမြင့်မားသော မီးမြွေများစွာ ထွက်ပေါ်လာသည် ။ ပတ်ဝန်းကျင်ရှိ အရာအားလုံး ချက်ချင်းပင် ပျက်စီးပျောက်ကွယ်သွားတော့သည် ။

​လုံယွဲ့သည် ဝိညာဉ်စွမ်းအင် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်ပြီး အဝေးသို့ ဆုတ်ခွာသွားခဲ့သော်လည်း ပူလောင်သော မီးလှိုင်းများ သူမထံသို့ တိုးဝင်လာသဖြင့် သိသာထင်ရှားသော ရိုက်ခတ်မှုကို ခံစားနေရဆဲ ဖြစ်သည် ။ လင်းဖန် ဤမျှ ဒေါသထွက်နေသည်ကို သူမ မြင်တွေ့ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ။

​ကောင်းကင်တာအိုသည် ဟင်းလင်းပြင်အထက်တွင် ရပ်နေပြီး အောက်ဘက်ရှိ ချော်ရည်များနှင့် မီးပင်လယ်ကြီးကို ငုံ့ကြည့်နေကာ သူ၏ မျက်နှာတွင် အကြောက်တရားများ အတိုင်းသား စွဲထင်နေလေ၏ ။

​' နတ်ဆိုးအရှင်က တကယ်လုပ်မယ့်ပုံ ပေါ်နေတယ်... ငါ့ကို တကယ်သတ်ဖို့ ရည်ရွယ်ထားပုံပဲ... ဒါက ဒီနေ့ညအတွက် ငါ့ရဲ့ အလုပ်တာဝန်ကို နှစ်ဆ တိုးသွားစေလိမ့်မယ်...'

Chapter 210

~

All Chapters