← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

၂၁၀ : ကမ္ဘာပေါ်က အံ့သြစရာအကောင်းဆုံးနေရာ

~

​ဒေါသထွက်ပေါက်ပေးပြီးနောက်တွင် ထိုနေရာတစ်ဝိုက်သည် အပျက်အစီးများဖြစ်သွားပြီး နေရာအနှံ့တွင် ချော်ရည်များပြည့်နှက်နေကာ လေထုထဲတွင်လည်း ပြင်းထန်သော အပူရှိန်များ ထွက်ပေါ်နေသည် ။

​" ဟဲဟဲ..အခု စိတ်အေးသွားပြီလား နတ်ဆိုးအရှင် .. "

ကောင်းကင်တာအိုက လင်းဖန်နှင့် မနီးမဝေးတွင် ရုတ်တရက် ပေါ်လာပြီး နောက်ပြောင်ချင်သော အပြုံးဖြင့် မေးလိုက်၏ ။

​သူ၏ အမူအရာကို မြင်သောအခါ လင်းဖန်၏ ဒေါသက ပေါက်ကွဲထွက်လာသော်လည်း ယခုအချိန်တွင် သူက ဤလူအား လုံးဝ ယှဉ်နိုင်မည်မဟုတ်ကြောင်းကိုလည်း သိနေပေသည် ။

ထိုသူသာ အလိုရှိပါက ဤကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ချက်ချင်းပေါ်လာနိုင်ပြီး လင်းဖန် ခွဲခြား၍မရနိုင်သော မည်သူ့အသွင်ကိုမဆို ပြောင်းလဲနိုင်ပေသည် ။ ဆက်လက်တိုက်ခိုက်နေခြင်းက သူ၏ လျော့နည်းနေသော ဝိညာဉ်ချီစွမ်းအင်များကို အလဟဿ ဖြုန်းတီးပစ်ရာသာ ရောက်ပေလိမ့်မည် ။

​" ငါ့ကို နတ်ဆိုးနယ်မြေဖြစ်တဲ့ အင်မော်တယ်နတ်ဆိုးတိုက်ကြီးဆီကို ဘာလို့ ပို့လိုက်ရတာလဲ .. "

လင်းဖန်က မေးလိုက်သည် ။

​သူ အင်မော်တယ်နတ်ဆိုးတိုက်ကြီးသို့ ကူးပြောင်းသွားခြင်းမှာ ကောင်းကင်တာအို၏ လက်ချက်ဖြစ်ကြောင်း သိထားပြီးဖြစ်သော်လည်း ကောင်းကင်တာအိုက အဘယ်ကြောင့် ဤသို့လုပ်ဆောင်ခဲ့သည်ကိုတော့ သူ နားမလည်နိုင်သေးချေ ။

​ကောင်းကင်တာအိုက ချက်ချင်းမဖြေဘဲ သူ၏ မျက်နှာပေါ်ရှိ နောက်ပြောင်ချင်သော အပြုံးကို ဖယ်ရှားလိုက်သည် ။ သူ၏ အမူအရာက အနည်းငယ် တည်ကြည်လေးနက်လာ၏ ။

​" နတ်ဆိုးအရှင်.. မင်းရဲ့ အမေးကို မဖြေခင် ပုံပြင်တစ်ပုဒ်လောက် အရင်ပြောပြပါရစေ .. "

ထိုသို့ပြောပြီးနောက် ကောင်းကင်တာအိုက သူ၏လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်တစ်ပြင်လုံးသည် ပရိုဂျက်တာ ဖန်သားပြင်တစ်ခုကဲ့သို့ ဖြစ်သွားပြီး ရှေးဟောင်း လျှို့ဝှက်သမိုင်းကြောင်း၏ အစိတ်အပိုင်းတစ်ခုကို စတင်ပြသလာတော့သည် ။

​" ကမ္ဘာဦးအစ ဖန်ဆင်းချိန်မှာ မရေမတွက်နိုင်တဲ့ လောကတွေနဲ့ အရွယ်အစားစုံလင်တဲ့ ကမ္ဘာပေါင်းများစွာ မွေးဖွားလာခဲ့တယ်.. အဲဒီကမ္ဘာများစွာထဲမှာမှ တစ်ခုကတော့ အထူးခြားဆုံးပဲ .. "

​" သူ မွေးဖွားလာကတည်းက ကောင်းကင်နဲ့မြေပြင်မှာ ဝိညာဉ်ချီစွမ်းအင်တွေ ပြည့်နှက်နေပြီး သက်ရှိတွေကို မွေးဖွားပေးနိုင်ဖို့ အသင့်တော်ဆုံးကမ္ဘာဖြစ်လာခဲ့တယ် .. "

​" အချိန်တွေ ကြာလာတာနဲ့အမျှ အဲဒီကမ္ဘာကြီးမှာ ကိုယ်ပိုင်အသိစိတ်တစ်ခု ဖြစ်ပေါ်လာပြီး သူ့ရဲ့ကမ္ဘာကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့တယ်.. မင်းတို့စကားနဲ့ ပြောရရင်တော့ ကိုယ့်ကလေး မွေးဖွားလာတာကို ကြည့်နေသလိုမျိုးပေါ့ .. "

​" ဒါပေမဲ့ ကြီးမားတဲ့ ကပ်ဘေးကြီးတစ်ခုအတွင်းမှာ အဲဒီကမ္ဘာကြီးဟာ နှစ်ပိုင်းကွဲသွားခဲ့တယ်.. ခက်ခက်ခဲခဲ ရရှိထားတဲ့ ကမ္ဘာကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ကမ္ဘာ့အသိစိတ်က ဝိညာဉ်ချီစွမ်းအင်အားလုံးကို ကမ္ဘာတစ်ခြမ်းထဲမှာပဲ စုစည်းလိုက်ပြီး ကျန်တစ်ခြမ်းကိုတော့ စွန့်ပစ်လိုက်တယ် .. "

​" ဝိညာဉ်ချီစွမ်းအင်တွေ ပြည့်နှက်နေတဲ့ အဲဒီကမ္ဘာမှာ သူက လောကတွေ ..တောင်တန်းတွေနဲ့ သမုဒ္ဒရာတွေကို ဖန်ဆင်းတယ်.. ရာသီဥတုတွေကို ပြောင်းလဲပေးပြီး အရာအားလုံးကို ရှင်သန်ကြီးထွားခွင့် ပေးခဲ့တယ်.. မကြာခင်မှာပဲ သက်ရှိများစွာ မွေးဖွားလာခဲ့တယ် .. "

​" အစပိုင်းမှာတော့ တောင်တန်းတွေနဲ့ သစ်တောတွေထဲက ငှက်တွေ၊ သားရဲတွေပဲ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ မတ်တတ်လျှောက်နိုင်တဲ့ သာမန်လူသားတွေ ပေါ်လာတယ်.. သာမန်လူသားတွေက တဖြည်းဖြည်း တိုးပွားလာပြီး လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေကို တည်ထောင်ကြတယ်.. ကမ္ဘာပေါ်မှာ အလျင်အမြန်ပဲ အင်အားကြီးလာပြီး အသန်မာဆုံး အင်အားစု ဖြစ်လာခဲ့တယ် .. "

​" နောက်ပိုင်းမှာတော့ ဝိညာဉ်စွမ်းအင်ရဲ့ ကာလကြာရှည် လွှမ်းမိုးမှုအောက်မှာ ပါရမီပါတဲ့ သာမန်လူသားတချို့ဟာ တဖြည်းဖြည်း ပြောင်းလဲလာကြပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို တတ်မြောက်ကာ ကျင့်ကြံသူတွေ ဖြစ်လာကြတယ် .. "

​" အဲဒီအချိန်ကစပြီး ကျင့်ကြံသူတွေက ဂိုဏ်းတွေကို တည်ထောင်ကြတယ်.. သူတို့ရဲ့ ကြွယ်ဝတဲ့ ဖန်တီးနိုင်စွမ်းတွေနဲ့အတူ လောကမှာရှိတဲ့ ဂိုဏ်းပေါင်းစုံနဲ့ ကျင့်စဉ်တွေကို ဖန်တီးခဲ့ကြတယ်.. သူတို့နဲ့အတူ နတ်ဆိုးမျိုးနွယ်ကလည်း ထွက်ပေါ်လာခဲ့တယ် .. "

​" နတ်ဆိုးမျိုးနွယ်က ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ အင်အားကြီးမားစွာ ထွက်ပေါ်လာပြီး နတ်ဆိုးနယ်မြေကို တည်ထောင်ခဲ့တယ်.. တိုက်ကြီးကို အင်မော်တယ်နဲ့ နတ်ဆိုးနယ်မြေဆိုပြီး နှစ်ပိုင်းခွဲခြားလိုက်တဲ့အတွက် အင်မော်တယ်နတ်ဆိုးတိုက်ကြီး ဆိုတာ ဖြစ်ပေါ်လာခဲ့တယ် .. "

​" အဲဒီအချိန်ကစပြီး အင်မော်တယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေဟာ ကာလရှည်ကြာ ရှေးဟောင်းစစ်ပွဲကြီးကို စတင်ခဲ့ကြပြီး နှစ်သောင်းနဲ့ချီကြာအောင် တိုက်ခိုက်ခဲ့ကြတယ် .. "

​" ဒီ အင်မော်တယ်နဲ့ နတ်ဆိုးစစ်ပွဲကြီးမှာ ကောင်းကင်နဲ့မြေကြီး ပြိုကျပြီး ကမ္ဘာကြီးလည်း ပျက်စီးခဲ့ရတယ်.. အားနည်းတဲ့ သာမန်လူသားတွေဟာ ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရပြီး အားလုံးနီးပါး မျိုးတုန်းပျောက်ကွယ်သွားခဲ့တယ်.. ကျန်ရစ်နေတဲ့ သာမန်လူသား နည်းနည်းကလည်း အင်မော်တယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေကိုသာ မှီခိုနေခဲ့ကြရတယ် .. "

​ဤနေရာသို့အရောက်တွင် ကောင်းကင်တာအိုက နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီး သူ၏ အမူအရာတွင် အလွန်နောင်တရနေသည့်ဟန်များ ပေါ်လွင်နေသည် ။

​လုံယွဲ့လည်း တိတ်ဆိတ်သွားသည် ။

​သူမသည် အင်မော်တယ်နယ်မြေတွင် မှတ်တမ်းတင်ထားသော ရှေးဟောင်းစာပေများ၌ အင်မော်တယ်နတ်ဆိုးတိုက်ကြီး၏ သမိုင်းကြောင်းကို မြင်ဖူးခဲ့သည် ။ ထိုအချိန်က အင်မော်တယ်နတ်ဆိုးတိုက်ကြီးသည် အလွန်စည်ပင်ဝပြောခဲ့ပြီး အင်မော်တယ်နှင့် နတ်ဆိုးမျိုးနွယ်များမှာ လူနည်းစုသာဖြစ်ကာ သာမန်လူသားများမှာမူ ကမ္ဘာတစ်ဝှမ်းလုံးတွင် ပျံ့နှံ့နေလောက်အောင် များပြားလှပေသည် ။

သို့သော်လည်း အင်မော်တယ်နှင့် နတ်ဆိုးစစ်ပွဲ စတင်ပြီးနောက်တွင် သာမန်လူသားအရေအတွက်မှာ ထိုးကျသွားခဲ့ပြီး နိုင်ငံများစွာသည်လည်း နောက်ဆက်တွဲ ဂယက်များကြောင့် ပျက်စီးသွားခဲ့ရသည် ။ နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်သော သာမန်လူသားအရေအတွက်သည် အင်မော်တယ်နှင့် နတ်ဆိုးမျိုးနွယ်များထက်ပင် ပို၍ နည်းပါးသွားတော့သည် ။ သာမန်လူသားကမ္ဘာသည် အင်မော်တယ်နှင့် နတ်ဆိုးကမ္ဘာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ ။

​" မင်း အင်မော်တယ်နတ်ဆိုးတိုက်ကြီးရဲ့ ကိစ္စတွေကို ဘာလို့ ဒီလောက်တောင် ရှင်းရှင်းလင်းလင်း သိနေရတာလဲ.. မင်းက ဒီကမ္ဘာရဲ့ ကောင်းကင်တာအို မဟုတ်ဘူးလား .. "

လင်းဖန်၏ အမူအရာက တွေးတောနေဟန်ရှိပြီး ပြဿနာ၏ အဓိကအချက်ကို စကားတစ်ခွန်းတည်းဖြင့် ထက်မြက်စွာ ဆုပ်ကိုင်နိုင်ခဲ့သည် ။

​လုံယွဲ့လည်း သတိပြန်ဝင်လာပြီး ကောင်းကင်တာအိုကို မေးခွန်းထုတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည် ။ စောစောက သူမသည် ဝမ်းနည်းမှုထဲတွင် အရမ်းနစ်မြုပ်နေခဲ့သဖြင့် ဤအချက်ကို သတိမထားမိခဲ့ချေ ။

​' ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုက အင်မော်တယ်နတ်ဆိုးတိုက်ကြီး၏ ကိစ္စတွေကို ဘာလို့ ဒီလောက်တောင်ရှင်းရှင်းလင်းလင်း သိနေရတာလဲ.. '

​သူတို့၏ အကြည့်များအောက်တွင် ကောင်းကင်တာအို၏ နှုတ်ခမ်းများက အနည်းငယ် အပေါ်သို့ ကွေးညွတ်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြစ်ပေါ်လာပြီး...

​" နတ်ဆိုးအရှင်.. ဧကရီ.. မင်းတို့ ဘယ်လိုထင်လဲ .. "

​လင်းဖန်နှင့် လုံယွဲ့တို့၏ မျက်လုံးများ ကျဉ်းမြောင်းလိုက်ကြပြီးနောက် အဖြေကို တစ်ပြိုင်နက်တည်း ခန့်မှန်းမိသွားကာ သူတို့၏ အမူအရာများတွင် အနည်းငယ် အံ့အားသင့်သွားသည့်ဟန်များ ပေါ်လာသည် ။

​" အင်မော်တယ်နတ်ဆိုးတိုက်ကြီးနဲ့ ဒီကမ္ဘာက တကယ်တော့ မူလက တစ်ကမ္ဘာတည်းပဲ.. ပြီးတော့ စွန့်ပစ်ခံလိုက်ရတဲ့ ကမ္ဘာက ဒီကမ္ဘာပေါ့ .. "

​" ပြီးတော့ မင်းက တကယ်တော့ ဒီကမ္ဘာနှစ်ခုလုံးရဲ့ ပူးတွဲကမ္ဘာ့အသိစိတ်ပဲ .. "

​" ဘင်ဂို.. မင်းတို့ ခန့်မှန်းတာ မှန်တယ်.. ဒါပေမဲ့ တစ်ဝက်ပဲ မှန်တယ် .. "

​" တစ်ဝက် .. "

လုံယွဲ့ ရှုပ်ထွေးသွားသည် ။

​" အင်းဟင်း .. "

ကောင်းကင်တာအိုက တည်ကြည်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဆက်၍ ရှင်းပြလိုက်သည် ။

​" ဒီကမ္ဘာက စွန့်ပစ်ခံခဲ့ရတဲ့ ကျန်တဲ့တစ်ခြမ်းဆိုတာ သေချာတယ်.. ပြီးတော့ ငါကလည်း ဒီကမ္ဘာရဲ့ အသိစိတ် ဆိုတာ မှန်တယ်.. ဒါပေမဲ့ ဒီကမ္ဘာရဲ့ အသိစိတ် တစ်ခုတည်းသာဖြစ်ပြီး အင်မော်တယ်နတ်ဆိုးတိုက်ကြီးရဲ့ ကောင်းကင်တာအိုတော့ မဟုတ်ဘူး .. "

​" ကမ္ဘာတိုင်းမှာ သူ့ရဲ့ သီးသန့် ကမ္ဘာ့အသိစိတ်ရှိတယ်.. ငါ ဝင်စွက်ဖက်လို့ရတာက ဒီကမ္ဘာတစ်ခုတည်းပဲ .. "

​" ဒါဆိုရင် မင်းက အင်မော်တယ်နတ်ဆိုးတိုက်ကြီးရဲ့ ကိစ္စတွေကို ဘာလို့ ဒီလောက်တောင် ရှင်းရှင်းလင်းလင်း သိနေရတာလဲ .. "

​" အင်း... ဒါက ဒီကမ္ဘာနဲ့ အင်မော်တယ်နတ်ဆိုးတိုက်ကြီးက မူလက ပေါင်းစည်းနေတဲ့ ကမ္ဘာတစ်ခုတည်း ဖြစ်ခဲ့လို့ နေမှာပေါ့ .. "

​" ငါကလည်း အဲဒီကမ္ဘာကနေ ခွဲထွက်လာတဲ့ အသိစိတ်တစ်ခုပဲ.. တခြားစကားနဲ့ ပြောရရင်တော့.. အင်း.. အသွင်တူ အမြွှာတွေလိုမျိုးပေါ့ .. "

​" ငါက ဒီကမ္ဘာမှာ ရှိနေပေမဲ့ အဲဒီကမ္ဘာက အရာအားလုံးကိုလည်း မြင်နိုင်ပြီး ခံစားနိုင်တယ်.. ဒါပေမဲ့ ဝင်စွက်ဖက်လို့တော့ မရဘူး .. "

ကောင်းကင်တာအိုက ဥပမာပေး၍ ရှင်းပြလိုက်သည် ။

​" ဪ.. ဒါကြောင့်ကိုး .. "

ဤရှင်းပြချက်ကို ကြားသောအခါ လုံယွဲ့၏ စိတ်ထဲတွင် အံ့သြချီးကျူးသွားမိသည် ။

​' တူညီတဲ့ ကမ္ဘာတစ်ခုရဲ့ အသိစိတ်က နှစ်ပိုင်းကွဲသွားပြီး တစ်ခုစီက သူ့ကမ္ဘာနဲ့သူ ကောင်းကင်တာအိုတွေ ဖြစ်လာကြပေမဲ့ ဆက်စပ်နေသေးတယ်.. တကယ့်ကို အံ့သြစရာပဲ .. '

​" ရှင်ပြောတဲ့စကားတွေအရဆိုရင် ဒါက စွန့်ပစ်ခံထားရတဲ့ ကမ္ဘာတစ်ခုပေါ့.. ဒါပေမဲ့ ဒီဧကရီ အမြင်မှာတော့ အဲဒီလို မထင်ရဘူး .. "

လုံယွဲ့က မိုးမျှော်တိုက်ကြီးများနှင့် လင်းထိန်နေသော မီးရောင်များရှိသည့် အဝေးမှ မြို့ကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည် ။

​ယုတ္တိဗေဒအရဆိုလျှင် စွန့်ပစ်ခံကမ္ဘာတစ်ခုသည် နတ်ဆိုးနယ်မြေရှိ သေမင်းတမန်နယ်မြေကဲ့သို့ ဝိညာဉ်စွမ်းအင်နှင့် သက်ရှိများ ကင်းမဲ့နေသင့်သည် ။ သို့သော်လည်း ဤနေရာတွင်မူ ငှက်များ၊ သားရဲများနှင့် ပြည့်နှက်နေပြီး ဘီလီယံနှင့်ချီသော သာမန်လူသားများရှိသည့် ကမ္ဘာတစ်ခု ဖြစ်နေချေသည် ။ တချို့အချက်တွေမှာဆိုလျှင် ဤနေရာက အင်မော်တယ်နတ်ဆိုးတိုက်ကြီးထက်ပင် ပို၍ စည်ပင်ဝပြောနေသေးသည် ။

​" ကောင်းတဲ့ မေးခွန်းပဲ.. ဒါက ဒီကမ္ဘာနဲ့ပတ်သက်ပြီး အံ့သြစရာအကောင်းဆုံး အရာပဲ .. "

ကောင်းကင်တာအိုသည် လုံယွဲ့၏ နားမလည်နိုင်ဖြစ်မှုနှင့်ပတ်သက်၍ သူ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်တော့ချေ ။

​" အစပိုင်းမှာတော့ ဒီကမ္ဘာက တကယ်ကို ဘာမှမရှိခဲ့ဘူး.. တစ်နေ့မှာ ကမ္ဘာပြင်ပက ဥက္ကာပျံတစ်ခု ဒီကမ္ဘာကို ဝင်ဆောင့်ခဲ့တဲ့ အချိန်အထိပေါ့.. အဲဒီအချိန်ကစပြီး သက်ရှိတွေ တဖြည်းဖြည်း မွေးဖွားလာခဲ့တယ် .. "

​" အစပိုင်းမှာတော့ သာမန်လူတွေရဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ သေးငယ်တဲ့ သက်ရှိလေးတွေပဲ.. အင်း.. ဒီကမ္ဘာမှာတော့ အဲဒါတွေကို ဘက်တီးရီးယား ဒါမှမဟုတ် ဆဲလ်တစ်လုံးတည်းရှိတဲ့ သက်ရှိတွေလို့ ခေါ်ကြတယ် .. "

​" နောက်ပိုင်းမှာတော့ သမုဒ္ဒရာတွေထဲမှာ တခြားသက်ရှိတွေ ဆက်တိုက်ပေါ်လာတယ်.. ဖိအားတွေကြောင့် ကုန်းမြေပေါ်မှာ တောင်တန်းတွေ ဖြစ်ပေါ်လာပြီး အပင်တွေက ကမ္ဘာကြီးကို ဖုံးလွှမ်းသွားတယ်.. အဲဒီနောက်မှာတော့ အင်းဆက်တွေ.. ငှက်တွေနဲ့ သားရဲတွေ ပေါ်လာခဲ့တယ် .. "

​" အဲဒီ အင်းဆက်တွေ..ငှက်တွေနဲ့ သားရဲတွေက ကာလရှည်ကြာ ဆက်တိုက် ဆင့်ကဲပြောင်းလဲလာပြီး ဒိုင်နိုဆောလို့ခေါ်တဲ့ သတ္တဝါတွေ ဖြစ်လာကြတယ်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကမ္ဘာကြီးက နောက်ထပ် ဥက္ကာပျံဝင်ဆောင့်တာကို ခံလိုက်ရပြီး သူတို့အားလုံး မျိုးတုန်းသွားခဲ့တယ် .. "

​" ကံကောင်းတာက သတ္တဝါတချို့ဟာ ဒီကပ်ဘေးကြီးကနေ လွတ်မြောက်ခဲ့ပြီး အသက်ဆက်ရှင်နိုင်ခဲ့တယ်.. ကာလရှည်ကြာ ပြန်လည်နာလန်ထူလာပြီးတဲ့နောက်မှာတော့ သာမန်လူသားတွေ ဒီကမ္ဘာပေါ်မှာ မွေးဖွားလာခဲ့တယ် .. "

​" ဒီကမ္ဘာမှာ ဝိညာဉ်စွမ်းအင် မရှိပေမဲ့ သူတို့က သူတို့ရဲ့ သတ္တိနဲ့ ဉာဏ်ပညာကိုသုံးပြီး အသက်ရှင်သန်ခဲ့ကြတယ်.. ပြီးတော့ ယနေ့ခေတ် ကမ္ဘာပေါ်က အရာအားလုံးကို ဖန်တီးနိုင်တဲ့အထိတောင် ဆင့်ကဲပြောင်းလဲလာခဲ့ကြတယ် .. "

​" အရမ်းကို အထင်ကြီးစရာကောင်းတယ်.. ဟုတ်တယ်မလား .. "

​ကောင်းကင်တာအိုက စိတ်လှုပ်ရှားစွာဖြင့် သူ၏ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး သူ၏စကားများတွင် ဤကမ္ဘာရှိ သာမန်လူသားများအပေါ် လေးစားချီးကျူးမှုများ ပြည့်နှက်နေသည် ။

​လုံယွဲ့က အာရုံစိုက်၍ နားထောင်နေသော်လည်း လင်းဖန်ကမူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည် ။

​' ငါ ပိုနားထောင်လေလေ ပိုရင်းနှီးနေသလို ခံစားရလေလေပဲ.. ဒါက ငါ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ကမ္ဘာကြီး မွေးဖွားခြင်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်တွေနဲ့ တူမနေဘူးလား .. '

All Chapters