← Chapters

အခန်း ၄၉၁

Vol. 50 Ch. 491

အခန်း ၄၉၁

Vol. 50 Ch. 491

အခန်း (၄၉၁) တာဝန်တစ်ခု သယ်ဆောင်လာခြင်း

​ဟိုတယ်တွင် တစ်ညတာ အနားယူပြီးနောက် ကျန်းယဲ့၏ ခွန်အားနှင့် စွမ်းအင်များက အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

​မထွက်ခွာမီ သူက စနစ်မြေပုံကို ထပ်မံဖွင့်ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်ကြီး နှင့် အဘိုးတို့ကို ကိုယ်စားပြုသည့် အလင်းစက်လေးများက ရွေ့လျားနေဆဲဖြစ်ပြီး သူတို့၏ လမ်းကြောင်းများက တူညီသည့် ပစ်မှတ်ဖြစ်သော ** မြို့ဆီသို့ ရှင်းလင်းစွာ ဦးတည်နေကြသည်။

​၎င်းက သူ၏ သုံးသပ်ချက်ကို ပိုမို ခိုင်မာသွားစေလေသည်။

​"စနစ်... ခရီးစဉ်ကို ပြန်ဆွဲပေး။ ခရီးဆုံးပစ်မှတ် - **"

​နောကိခဏ၌ အသစ်သတ်မှတ်ထားသည့် အန္တရာယ်ဇုန်များကို ရှောင်ရှားထားသော လမ်းကြောင်းသစ်တစ်ခု လျင်မြန်စွာ ထွက်ပေါ်လာပြန်သည်။

​ကျန်းယဲ့က အချိန်မဆွဲတော့ဘဲ ဟိုတယ်ခကို ရှင်းလိုက်ကာ သူ၏ ဆိုင်ကယ်ပေါ်သို့ တက်ခွလိုက်ပြီး မြို့ပြင်သို့ ထွက်ခွာနေသည့် နံနက်ခင်း လူအုပ်ကြီးထဲ ရောနှောကာ အနောက်မြောက်ဘက်သို့ အရှိန်တင် မောင်းနှင်သွားလိုကိသည်။

​ဤလမ်းကြောင်းက ရွာများစွာကို ဖြတ်သန်းသွားရသည့် ကျေးလက်မြေသားလမ်းများသာ ဖြစ်သော်လည်း အားသာချက်မှာ အဓိကသယ်ယူပို့ဆောင်ရေး လမ်းမကြီးများနှင့် ရန်သူ့ စစ်စခန်းများမှ ကင်းကွာပြီး ကြီးမားသော ရန်သူ့တပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံရန် အန္တရာယ် နှိုင်းယှဉ်ချက်အရ နည်းပါးလှသည်။

​ကျန်းယဲ့က ခက်ခဲကြမ်းတမ်းပြီး ရှည်လျားလှသော ခရီးကို ဖြတ်သန်းခဲ့ရသည်။ လိုအပ်သည့် အနားယူမှုနှင့် ရိက္ခာဖြည့်တင်းမှုမှလွဲ၍ သူ၏ အချိန်အားလုံးနီးပါးကို ခရီးသွားခြင်း၌သာ ကုန်ဆုံးစေခဲ့လေသည်။

​သူက သတိကြီးစွာဖြင့် ကားမောင်းနေရင်း ပစ်မှတ်နှစ်ခု၏ ရွေ့လျားမှုကို အတည်ပြုရန် သူ၏ ဝိညာဉ်အာရုံကို အသုံးပြုကာ စနစ်မြေပုံကို ရံဖန်ရံခါ စစ်ဆေးကြည့်နေ၏။

​ထိုပုဂ္ဂိုလ်ကြီးနှင့် သူ၏အဖွဲ့က လမ်းလွှဲကာ သွားနေပုံရပြီး သိပ်မမြန်လှချေ။ အဘိုးကျန်းဒဲဖူနှင့် သူ၏ အဖွဲ့ကတော့ ကင်းလှည့်တာပဲဖြစ်ဖြစ်၊ ထောက်လှမ်းရေးတာဝန်တစ်ခုခုကိုပဲဖြစ်ဖြစ် ထမ်းဆောင်နေသကဲ့သို့ နှိုင်းယှဉ်ချက်အရ ပိုမိုလှုပ်ရှားနေကြသည်။

​နေ့ရောညပါ ခရီးဆက်လာပြီးနောက် ဒုတိယနေ့ နံနက်အရုဏ်တက်ချိန်၌ မြေပုံ၏လမ်းညွှန်မှုဖြင့် ကျန်းယဲ့က တောင်ကြားတစ်ခုအတွင်းရှိ လူသူကင်းမဲ့သော နေရာတစ်ခုသို့ နောက်ဆုံးတွင် ချဉ်းကပ်လာနိုင်ခဲ့သည်။

​ဤနေရာတွင် ကင်းစောင့်များ သိသိသာသာ များပြားနေပြီး တင်းမာကာ လေးနက်သော လေထုက ပတ်ဝန်းကျင် တစ်ခွင်လုံး၌ ဖုံးလွှမ်းနေချေသည်။

​ထင်ထားသည့်အတိုင်းပင်... သူက ဆိုင်ကယ်ဖြင့် ရှေ့သို့ တိုးကပ်ရန် ကြိုးစားလိုက်သည်နှင့် လမ်းဘေးချုံပုတ်များအနောက်မှ ဩဇာပါသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ "ရပ်လိုက်... ဘယ်သူလဲ"

​ကျန်းယဲ့က အင်ဂျင်ကို ချက်ချင်း ပိတ်လိုက်ပြီး ဆိုင်ကယ်ပေါ်မှ တည်ငြိမ်စွာ ဆင်းလိုက်ကာ သူ့ထံတွင် လက်နက် မရှိကြောင်း ပြသသည့်အနေဖြင့် လက်နှစ်ဖက်ကို မြှောက်ထားလိုက်သည်။

​မီးခိုးရောင် စစ်ဝတ်စုံဝတ်ဆင်ထားပြီး ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ထားသည့် စစ်သားနှစ်ယောက်က သူတို့၏ ပုန်းအောင်းရာနေရာမှ ထွက်လာပြီး သူ့ကို သတိကြီးစွာဖြင့် ကြည့်လာကြသည်။

​သူတို့ထဲမှ တစ်ယောက်က ရှေ့သို့ တက်လာပြီး မေးခွန်းထုတ်စရာ မလိုသည့် အာဏာသံဖြင့် မေးလိုက်၏။ "နာမည်ဘယ်သူလဲ... ဘယ်ကလာတာလဲ... ဒီကို ဘာလာလုပ်တာလဲ"

​ကျန်းယဲ့က တည်ငြိမ်နေဆဲပင်။ သူ၏ အကြည့်က တစ်ဖက်လူ၏ လက်ထဲရှိ သေချာစွာ ထိန်းသိမ်းထားသော ရိုင်ဖယ်သေနတ်ပေါ်သို့ ကျရောက်သွားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်၏။ "ကျွန်တော်က တပ်မမှူးစွန်းကို လာရှာတာပါ။ သူနဲ့ မိတ်ဟောင်းဆွေဟောင်းတွေပါ..."

​ထိုစစ်သားက လုံးဝ မယုံကြည်သည့်ဟန်ဖြင့် မျက်မှောင်ကြုတ်သွားမိသည်။

​တစ်ဖက်လူ၏ သံသယကို မြင်သည့်အခါ ကျန်းယဲ့က လောမကြီးချေ။ ယင်းအစား သူက ခပ်ဟဟ ပြုံးလိုက်ပြီး တစ်ဖက်လူ တင်းကျပ်စွာ ကိုင်ဆောင်ထားသည့် ရိုင်ဖယ်သေနတ်ကို လက်ညှိုးထိုးပြကာ အံ့အားသင့်ဖွယ်ရာ စကားတစ်ခွန်းကို ဆိုလိုက်သည်။ "ရဲဘော်... ကျွန်တော်သာ မမှားဘူးဆိုရင် ခင်ဗျား လက်ထဲက အဲ့ဒီသေနတ်က ကျွန်တော် ယူလာပေးခဲ့တာပဲ..."

​"ဘာ... " စစ်သားမှာ သိသိသာသာ လန့်သွားပြီး သူ၏ လက်ထဲရှိ သေနတ်ကို မသိစိတ်အရ ငုံ့ကြည့်လိုက်မိကာ ပြီးနောက် ကျန်းယဲ့ကို မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည့် မျက်နှာဖြင့် ရုတ်တရက် မော့ကြည့်လိုက်ပြန်သည်။

​ဤသေနတ်က စစ်တပ်ထဲတွင် ရှားပါးပြီး လျှို့ဝှက်လမ်းကြောင်းတစ်ခုမှ ရလာသည်ဟု ဆိုကြသည်။ ဒီလူငယ်လေးက ဘယ်လိုလုပ် ယူလာပေးနိုင်မှာလဲ...

​အဓိပ္ပါယ်မရှိလိုက်တာ...

​အခြားစစ်သားတစ်ယောက်က သေနတ်ကို အနည်းငယ် နှိမ့်ကာ ရှေ့သို့ တက်လာပြီး ပိုမို တင်းမာသော လေသံဖြင့် ပြောလိုက်ပြန်သည်။ "စကားတွေက အလကားပဲ... မင်းဆီမှာ ဘာသက်သေရှိလို့လဲ..."

​ကျန်းယဲ့က တည်ငြိမ်နေဆဲပင်။ သူ့ဘက်က တစ်ဖက်သတ် ပြောနေရုံဖြင့် သူတို့ ယုံကြည်လိမ့်မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိထားသဖြင့် ပိုမို တိကျသည့် သတင်းအချက်အလက်ကို ပေးလိုက်၏။ "ကျွန်တော့်ရဲ့ အဘိုးကလည်း ဒီမှာ ရှိပါတယ်။ သူ့နာမည်က ကျန်းဒဲဖူပါ။ ခင်ဗျားတို့ သွားစစ်ဆေးလို့ရတယ်။ သူ့ကို သွားရှာလို့ရတယ် ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ အထက်လူကြီးဆီကို သတင်းပို့ပြီး ကျန်းယဲ့ဆိုတဲ့ မိတ်ဟောင်းဆွေဟောင်းတစ်ယောက် ပြန်ရောက်နေပြီလား လို့သာ မေးကြည့်လိုက်ပါ။ သူတို့ သဘောပေါက်ပါလိမ့်မယ်..."

​သူ၏ စကားများက အလွန်သေချာလွန်းနေပြီး သူ၏ အမူအရာကလည်း အလွန် တည်ငြိမ်လွန်းနေချေသည်။ အထူးသဖြင့် အတွင်းလူများ၏ နာမည်ကို တိုက်ရိုက် ထုတ်ပြောလိုက်သည့်အခါ ထိုစစ်သားနှစ်ယောက်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ သံသယများက အနည်းငယ် လျော့ကျသွားသော်လည်း သတိထားမှုကတော့ ရှိနေဆဲပင်။

​ပထမဆုံး စကားပြောခဲ့သည့် စစ်သားက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏ အဖော်ကို မျက်စိပစ်ပြလိုက်ကာ ကျန်းယဲ့အား ပြောလိုက်၏။ "မင်း ဒီမှာပဲ စောင့်နေ... မလှုပ်နဲ့... ငါတို့ သွားပြီး စစ်ဆေးကြည့်မယ်..."

​စစ်ဆေးကြည့်မယ်ဟူသော စကားလုံးကို သူက အထူးတလည် အလေးပေး ပြောဆိုသွားခဲ့ပြီး အခြားစစ်သားတစ်ယောက်၏ သေနတ်ပြောင်းဝကတော့ မသိမသာဖြင့် ကျန်းယဲ့ရှိရာဘက်သို့ ချိန်ရွယ်ထားဆဲပင်။

​"ကောင်းပြီလေ... ကျွန်တော် စောင့်နေပါ့မယ်..."

​ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး ငြိမ်သက်စွာ ရပ်နေကာ တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာဆီသို့ တည်ငြိမ်စွာ လှမ်းကြည့်နေလိုက်၏။

​အဘိုးနှင့် အခြားသူများ မဝေးလှသော နေရာတွင် ရှိနေကြောင်းကို သူ ခံစားမိနေသည်။

​ကျန်းယဲ့က ဆိုင်ကယ်ကို မှီကာ တိတ်ဆိတ်စွာဖြင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်လေသည်။

​အချိန်များ ကုန်ဆုံးသွားပြီး တောင်ကြားထဲရှိ လေအေးများက သူ၏ အဝတ်အစားများကို တဖျပ်ဖျပ် လွင့်ခါနေစေသည်။

​သတင်းပြန်ရောက်မလာသေးသည်ကို မြင်သည့်အခါ သူက ကင်းစောင့်နေသည့် စစ်သားဆီသို့ ခြေလှမ်းနှစ်လှမ်းခန့် တိုးကပ်သွားလိုက်၏။

​စစ်သားက သူ၏ သေနတ်ကို သတိကြီးစွာဖြင့် ချက်ချင်း မြှောက်လိုက်လေသည်။ "မင်း ဘာလုပ်မလို့လဲ..."

​"ဘာမှမလုပ်ပါဘူး... စကားလေး ဘာလေး ပြောမလို့ပါ..." ကျန်းယဲ့က တင်းမာမှုကို လျှော့ချရန် ပြုံးလျက် ပြောလိုက်သည်။ "ရဲဘော်... ရှန်ဟိုင်းဘက်က အခြေအနေ ဘယ်လိုရှိလဲ..."

​စစ်သားက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းခါပြလိုက်၏။ တိုက်ပွဲ အခြေအနေကို ပေါ့ပေါ့ဆဆ မပြောရန် စည်းကမ်းချက်များက သူ့ကို တားမြစ်ထားကြောင်း ရှင်းလင်းစွာ ပြသနေခြင်းပင်။

​ယင်းကို မြင်သည့်အခါ ကျန်းယဲ့က မေးခွန်းထပ်မမေးတော့ဘဲ သူ၏ မူလနေရာသို့ ပြန်သွားကာ တိတ်ဆိတ်စွာ ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။

​တစ်နာရီကျော်ကြာအောင် စောင့်ဆိုင်းပြီးနောက် ကောင်းကင်ယံက အနည်းငယ် လင်းလာချိန်တွင် ယာယီကွပ်ကဲရေးစခန်း ရှိရာဘက်မှ ဖုန်းမြည်သံတစ်ခု နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။

​ဆက်သွယ်ရေး တာဝန်ကျစစ်သားက ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ၏ အထက်လူကြီးထံမှ စိတ်လှုပ်ရှားကာ အနည်းငယ်အလျင်စလိုဖြစ်နေသည့် အသံကို နားထောင်လိုက်သည်။ သူက ထပ်ခါတလဲလဲ ခေါင်းညိတ် သဘောတူနေခဲ့သည်။

​ဖုန်းချသွားပြီးနောက် ကျန်းယဲ့အပေါ် ကြည့်သည့် သူ၏ အကြည့်က လုံးဝကို ပြောင်းလဲသွားတော့သည်။ သတိထားမှုသက်သက် မဟုတ်တော့ဘဲ အံ့ဩမှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားခြင်းပင်။

​သူက ခြေလှမ်းကျဲကြီးများဖြင့် ပြန်လျှောက်လာပြီး မနေနိုင်တော့ဘဲ တိုက်ရိုက် မေးလိုက်၏။ "ဒီသေနတ်... တကယ်ပဲ ခင်ဗျား ယူလာခဲ့တာလား..."

​ကျန်းယဲ့က ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်.."

​ထိုအတည်ပြုချက် တစ်ခွန်းကပင် လုံလောက်သွားသည့်အလား စစ်သားများက အတော်လေး သက်သောင့်သက်သာ ဖြစ်သွားကြပြီး ကျန်းယဲ့ကို ကြည့်သည့် သူတို့၏ မျက်ဝန်းများထဲတွင် စူးစမ်းလိုစိတ်နှင့် ကျေးဇူးတင်မှု အရိပ်အယောင်လေးများပင် ပါဝင်လာကြသည်။

​နှစ်ဖက်ကြားရှိ စိမ်းသက်သက်ဖြစ်နေမှုများက ချက်ချင်း အရည်ပျော်ကျသွားပြီး သူတို့က ပေါ့ပေါ့ပါးပါး စကားစမြည် စတင်ပြောဆိုလာကြသည်။ အများစုက ထိုအဆင့်မြင့်လက်နက်အကြောင်းများဖြစ်ပြီး သူတို့၏ စကားလုံးများထဲတွင် ချီးကျူးအားရမှုများ ပြည့်နှက်နေ၏။

​ဆယ်မိနစ်ခန့်သာ စကားပြောရသေးချိန်တွင် တောင်ကြားအနောက်ဘက်မှ ကားအင်ဂျင်သံတစ်ခု ထွက်ပေါ်လာပြီး တဖြည်းဖြည်း နီးကပ်ကာ ကျယ်လောင်လာချေသည်။

​လူတိုင်းက အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ ဖုန်တလုံးလုံးဖြင့် အရှိန်ပြင်းပြင်း မောင်းနှင်လာသည့် ဂျစ်ကားတစ်စီးကို မြင်လိုက်ကြရသည်။ ကင်းစောင့်စစ်သားများက ထိုကားမှာ မည်သူ့ကားဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသဖြင့် သူတို့၏ ကျောရိုးများကို မတ်မတ်ဆန့်တန်းကာ လေးနက်တည်ကြည်သွားကြသည်။

​ကားက မလှမ်းမကမ်းတွင် တည်ငြိမ်စွာ ရပ်တန့်သွားလေသည်။ ထို့နောက် တံခါးပွင့်လာပြီး အရောင်လွင့်နေသော စစ်ဝတ်စုံကို ဝတ်ဆင်ထားကာ ထက်မြက်ပြီး တက်ကြွသည့်ပုံစံရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ကားပေါ်မှ ခုန်ဆင်းလာသည်။ ထိုသူကား တပ်မမှူးစွန်းပင်။

​ထို့နောက် သူက ဖုံးကွယ်၍မရနိုင်သော လှိုက်လှဲသည့် အပြုံးကြီးဖြင့် ကျန်းယဲ့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာလိုက်သည်။

​"ရဲဘော်ကျန်းယဲ့... ဟားဟားဟား... တကယ်ပဲ မင်းကိုး... မတွေ့ရတာ ကြာပြီကွ" တပ်မမှူးစွန်း၏ အသံက ကျယ်လောင်ရှင်းလင်းနေပြီး ကျယ်ပြန့်သော လက်ဝါးကြီးကို ကမ်းပေးလာသည်။

​ကျန်းယဲ့က ပြုံးကာ ရှေ့သို့ တိုးသွားပြီး သူ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင် နှုတ်ဆက်လိုက်၏။ "တပ်မမှူးစွန်း... နေကောင်းရဲ့လားဗျ...."

​ယင်းကို မြင်သည့်အခါ ကင်းစောင့်စစ်သားများထံတွင် မည်သည့် သံသယမှ မရှိတော့ဘဲ ကျန်းယဲ့ကို အလွန်အမင်း စိတ်အားထက်သန်မှုများဖြင့် ကြည့်လိုက်ကြသည်။

​သူတို့အား စစ်မြေပြင်တွင် ယုံကြည်ချက် ပိုမိုရှိလာစေခဲ့သည့် ထိုအဆင့်မြင့်လက်နက်များကို ယူဆောင်လာပေးခဲ့သူမှာ သူပင် ဖြစ်နေသည် မဟုတ်ပါလော။

​နှုတ်ခွန်းဆက် စကားအချို့ ပြောပြီးနောက် တပ်မမှူးစွန်းက ကျန်းယဲ့၏ ပခုံးကို နွေးထွေးစွာ ဖက်လိုက်သည်။ "လာ... ကားပေါ်တက်... ဒီနေရာက စကားပြောဖို့ မကောင်းဘူး..."

​ဂျစ်ကားက ကွေ့ဝိုက်ကာ တောင်ကြားအနက်ရှိုင်းပိုင်းရှိ ကွပ်ကဲရေးစခန်းဆီသို့ ဦးတည်သွားလိုက်သည်။

​ကားပေါ်တွင် တပ်မမှူးစွန်းက သူ၏ စပ်စုလိုစိတ်ကို မထိန်းနိုင်တော့ဘဲ အသံကို နှိမ့်ကာ မေးလိုက်၏။ "ရဲဘော်ကျန်းယဲ့... ဒီတစ်ခေါက် ဘာလို့ တစ်ယောက်တည်း လာတာလဲ...."

​ကျန်းယဲ့က ခေါင်းကို အနည်းငယ်ခါယမ်းပြလိုက်ပြီး တိုးညင်းသောအသံဖြင့် ပြန်ဖြေလိုက်သည်။ "ဒီတစ်ခေါက်တော့ ကျွန်တော် တစ်ယောက်တည်းပါ။ အထူးတာဝန်တစ်ခု ပါလာလို့ပါ...."

အခန်း ၄၉၁ပြီး၏။

All Chapters