← Chapters

အခန်း ၄၉၂

Vol. 50 Ch. 492

အခန်း ၄၉၂

Vol. 50 Ch. 492

အခန်း (၄၉၂) လာပါ့မလား... အဲ့ဒီပုဂ္ဂိုလ်ကြီး

​ကားပေါ်တွင် ယာဉ်မောင်းရှိနေသည်ဖြစ်ရာ သူတို့နှစ်ဦးက နက်နက်ရှိုင်းရှိုင်း စကားပြောဆိုခြင်းမျိုး မလုပ်ဘဲ ပြောဆိုလို့ရသည့် သူတို့၏ လက်ရှိအခြေအနေများကိုသာ တိတ်တဆိတ် သဘောတူညီမှုတစ်ခုဖြင့် အပြန်အလှန် ဖလှယ်ခဲ့ကြသည်။

​နောက်ခဏ၌ ကားက လူသူကင်းရှင်းပြီး လုံခြုံရေး တင်းကျပ်လှသည့် စခန်းတစ်ခုထဲသို့ မကြာမီ ဝင်ရောက်သွားလိုက်သည်။

​ကားရပ်သွားသည်နှင့် ကျန်းယဲ့က ကားပေါ်မှ ဆင်းလိုက်ပြီး ကွပ်ကဲရေးတဲအပြင်ဘက်တွင် ရပ်နေသည့် ရင်းနှီးနေသော လူတစ်ယောက်ကို ချက်ချင်း မြင်လိုက်ရ၏။ အဘိုးကျန်းဒဲဖူ မဟုတ်လျှင် ဘယ်သူဖြစ်နိုင်မည်နည်း။

​ကျန်းဒဲဖူ၏ ဘေးတွင် အသက်အရွယ်တူခန့်ရှိပြီး စစ်ဝတ်စုံများ ဝတ်ဆင်ထားကာ သူ့နှင့် ရုပ်ချင်းဆင်သော စစ်သားသုံးဦးလည်း ရပ်နေကြ၏။

​သူတို့၏ မျက်နှာများပေါ်တွင် အချိန်ကာလ၏ ဒဏ်ရာဒဏ်ချက်များ ထင်ဟပ်နေသော်လည်း သူတို့၏ မျက်ဝန်းများကမူ တောက်ပစူးရှနေပြီး ကျန်းယဲ့ကို အလွန်အမင်း စူးစမ်းချင်စိတ်များဖြင့် အထက်အောက် အကဲခတ်ကြည့်ရှုနေကြလေသည်။

​ကျန်းယဲ့၏ ရင်ထဲတွင် နွေးထွေးမှုလှိုင်းတစ်ခု ဖြတ်ပြေးသွားပြီး ရှေ့သို့ အမြန် တိုးသွားလိုက်သည်။

​ကျန်းဒဲဖူက ပို၍ပင် စိတ်လှုပ်ရှားနေချေသည်။ သူက ခြေလှမ်းအနည်းငယ် လျှောက်လာပြီး ကျန်းယဲ့ကို တင်းကျပ်စွာ ဖက်ထားကာ ကျောကို ခပ်နာနာလေး ပုတ်ပေးရင်း သူ၏ အသံများက စိတ်လှုပ်ရှားမှုကြောင့် ဆို့နင့်နေခဲ့သည်။ "ကောင်လေး... ဒီဘဝမှာ မင်းနဲ့ ပြန်မတွေ့ရတော့ဘူးလို့ ငါ ထင်နေခဲ့တာ... မင်း ပြန်လာလိမ့်မယ်လို့... မင်း ပြန်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူးကွာ.."

​ကျန်းဒဲဖူက ဖက်ထားရာမှ လွှတ်လိုက်ပြီးနောက် ကျန်းယဲ့ကို ဆွဲခေါ်ကာ ထိုစစ်သား သုံးဦးဘက်သို့ လှည့်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝမ်းမြောက်မှုများဖြင့် တစ်ဦးချင်းစီ မိတ်ဆက်ပေးလိုက်လေသည်။ "လာ... လာ... ရှောင်ယဲ့... သူတို့ကို နှုတ်ဆက်လိုက်ဦး... ဒါက မင်းရဲ့ ဒုတိယအဘိုး... ကျန်းယိုဖူတဲ့"

​"ဒုတိယအဘိုး..." ကျန်းယဲ့က ရိုသေစွာ နှုတ်ဆက်လိုက်သည်။ ကျန်းယိုဖူက ကျန်းယဲ့ကို ကြည့်ကာ ရိုးသားပွင့်လင်းသော အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်သည်။

​"ဒါက မင်းရဲ့ ပဉ္စမအဘိုး... ကျန်းလိုင်ဖူ"

​"ပဉ္စမအဘိုး"

​"ဒါက မင်းရဲ့ ဆဋ္ဌမအဘိုး... ကျန်းမန်ချန်"

​"မင်္ဂလာပါ ဆဋ္ဌမအဘိုး..."

​ကျန်းလိုင်ဖူနှင့် ကျန်းမန်ချန်တို့က ရုတ်တရက် ပေါ်လာသည့် သူတို့၏ ထူးချွန်ထက်မြက်လှသော မြေးကို အံ့ဩဝမ်းသာစွာ ကြည့်ပြီး ထပ်ခါတလဲလဲ ပြန်လည်နှုတ်ဆက်လိုက်ကြ၏။

​နှုတ်ခွန်းဆက် စကားအနည်းငယ် ပြောပြီးနောက် ကျန်းယဲ့က တပ်မမှူးစွန်း၏ နောက်မှလိုက်ကာ ယာယီ ကွပ်ကဲရေးခန်းထဲသို့ ဝင်သွားလိုက်သည်။

​အခန်းထဲတွင် ဆေးလိပ်ငွေ့များ ဖုံးလွှမ်းနေပြီး ရိုးရှင်းသော မြေပုံစားပွဲတစ်ခုကို ဝိုင်းရံထားကြသည့် ရင်းနှီးနေသော မျက်နှာအချို့ကို တွေ့လိုက်ရသည်။ သူတို့ကား စစ်ဦးစီးချုပ်ဝမ်နှင့် အခြား မိတ်ဟောင်းဆွေဟောင်းအချို့ပင်။

​"ရဲဘော်ကျန်းယဲ့..."

​"အို... ရဲဘော်ကျန်းယဲ့ တကယ် ပြန်လာတာပဲ..."

​သူ့ကို မြင်သည့်အခါ လူတိုင်းက မတ်တပ်ရပ်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ဝမ်းသာပီတိများ လင်းလက်သွားကြသည်။

​ကျန်းယဲ့က ပြုံးကာ သူတို့တစ်ဦးချင်းစီကို လက်ဆွဲနှုတ်ဆက်ပြီး အပြန်အလှန် စကားစမြည် ပြောဆိုကြရာ လေထုက နွေးထွေးသွားချေသည်။

​အားလုံး ထိုင်ပြီးနောက် တာဝန်ကျ စစ်သားက ရေနွေးများ ယူလာပေးသည်။

​ကြွေရည်သုတ်ခွက်ကို ကိုင်ထားရင်း ကျန်းယဲ့က အပိုစကားတွေ ပြောမနေတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်၏။ သူ၏ အသံက မကျယ်လောင်သော်လည်း အခန်းထဲကို ချက်ချင်း တိတ်ဆိတ်သွားစေချေသည်။ "တပ်မမှူးစွန်း... စစ်ဦးစီးချုပ်ဝမ်... ဒီမှာ လှုပ်ရှားမှုတချို့ ရှိနေတာ သတိထားမိတယ်... နောက်တစ်ရက် နှစ်ရက်အတွင်းမှာ အရေးကြီးတဲ့ ဧည့်သည်တော်တွေ လာဖို့ရှိနေလို့လား"

​တပ်မမှူးစွန်း၏ မျက်ဝန်းထဲတွင် ဖုံးကွယ်၍မရနိုင်သော အံ့ဩမှုတစ်ခု လင်းလက်သွားရသည်။ သူက စစ်ဦးစီးချုပ်ဝမ်နှင့် အကြည့်ချင်း ဖလှယ်လိုက်ရာ နှစ်ယောက်လုံး၏ မျက်ဝန်းများထဲတွင် အံ့အားသင့်နေမှုများကို အသီးသီး မြင်တွေ့လိုက်ကြရ၏။

​ဤမျှ လျှို့ဝှက်ထားသော ခရီးစဉ်ကို ကျန်းယဲ့က ဘယ်လိုလုပ် သိနေရတာလဲ...

​ကျန်းယဲ့က သူတို့၏ တုံ့ပြန်မှုများကို အကဲခတ်ကြည့်လိုက်ပြီးနောက် ပိုမို သေချာသွားရသည်။

​ထို့နောက် သူက အသံကို နှိမ့်လိုက်ပြီး အတည်ပြုသည့် လေသံဖြင့် ပြောလိုက်၏။ "အဲ့ဒီ... ပုဂ္ဂိုလ်ကြီး လာမှာမလား"

​တပ်မမှူးစွန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် လေးနက်စွာ ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။ "ကောင်လေးရယ်... မင်းကိုတော့ ဘာမှ ဖုံးကွယ်ထားလို့ မရပါလား။ ဟုတ်တယ်... ရဲဘော် JY က ငါတို့ရဲ့ အစီရင်ခံစာကို နားထောင်ဖို့နဲ့ နောက်တစ်ဆင့် လှုပ်ရှားမှုတွေကို စီစဉ်ဖို့ ဒီကို လာပါလိမ့်မယ်.."

( မူရင်းစာရေးဆရာက နာမည်အတိကျကို ထုတ်ဖော်မထားပဲ JYဆိုပြီးပဲ ရေးထားပါတယ်..)

​"ခန့်မှန်းခြေ ဘယ်အချိန်လောက် ရောက်လာမလဲ" ကျန်းယဲ့က ဆက်မေးလိုက်ရာ သူ၏ နှလုံးခုန်နှုန်းများက ပုံမှန်ထက် ပိုမြန်နေခဲ့သည်။

​"နောက်ဆုံး အဆက်အသွယ်အရဆိုရင်တော့ ဒီနေ့ နေ့လယ်လောက် ရောက်လိမ့်မယ်လို့ ခန့်မှန်းရတယ်..." တပ်မမှူးစွန်းက ပြောလိုက်ပြီး ကျန်းယဲ့ကို စူးစမ်းသည့် အကြည့်ဖြင့် ကြည့်လာ၏။ "ရဲဘော်ကျန်းယဲ့... ဒီကိုလာတဲ့ မင်းရဲ့ တာဝန်က ရဲဘော် JY နဲ့များ သက်ဆိုင်နေလို့လား..."

​ယင်းကို ကြားသည့်အခါ ကျန်းယဲ့က ခေါင်းခါပြလိုက်ပြီးနောက် ပြန်လည် ခေါင်းညိတ်ပြလိုက်သည်။

​ထို့နောက် သူ၏ အကြည့်က ထိုနေရာရှိ တပ်မှူးတိုင်းအပေါ်သို့ ဖြတ်ပြေးသွားပြီး ပြုံးလျက် ပြောလိုက်သည်။ "သူ တစ်ယောက်တည်း မဟုတ်ပါဘူး.... ဒီမှာရှိနေတဲ့ ခင်ဗျားတို့ အားလုံးကလည်း ကျွန်တော့်ရဲ့ တာဝန်စာရင်းထဲမှာ ပါပါတယ်.."

​ထိုစကားများကြောင့် အားလုံး အံ့အားသင့်သွားကြပြီး တပ်မမှူးစွန်းပင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

​သူတို့ပါ ပါတယ်...

​ဒါက ဘာအဓိပ္ပာယ်လဲ...

​ထိုစဉ်မှာပင် ကွပ်ကဲရေးစားပွဲပေါ်ရှိ ဖုန်းက အရေးပေါ် မြည်လာလေသည်။

​စစ်ဦးစီးချုပ်ဝမ်က ချက်ချင်း မတ်တပ်ရပ်ကာ ဖုန်းကို ဖြေကြားလိုက်၏။ သူက "ဟုတ်ကဲ့" "သဘောပေါက်ပါပြီ" ဟု အကြိမ်အနည်းငယ် ပြန်ပြောပြီးနောက် ဖုန်းချလိုက်သည်။ သူ လှည့်လာသည့်အခါ သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်နေပြီး သူ၏ အကြည့်က ကျန်းယဲ့ပေါ်သို့ ကျရောက်လာချေသည်။

​"ကြည့်ရတာ မင်းနဲ့ ရဲဘော် JYက အတော်လေး ရေစက်ဆုံပုံပဲ။ ယာဉ်တန်းက ဒီကို ရောက်နေပြီ... မှန်းထားတာထက်တောင် စောနေသေးတယ်"

​ယင်းကို ကြားသည့်အခါ လူတိုင်းက ချက်ချင်း မတ်တပ်ရပ်လိုက်ကြပြီး သူတို့၏ စစ်ဝတ်စုံများကို သေသပ်အောင် ပြင်ဆင်လိုက်ကြသည်။ တပ်မမှူးစွန်းက လက်ကို ဝှေ့ယမ်းလိုက်၏။ "သွားကြစို့... သွားကြိုကြမယ်..."

​ကျန်းယဲ့က အခြားသူများ၏ နောက်မှလိုက်ကာ ကွပ်ကဲရေးခန်းထဲမှ ထွက်လာခဲ့ပြီး စခန်းဝင်ပေါက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

​အင်ဂျင်သံများက တောင်ကြားထဲတွင် ပဲ့တင်ထပ်သွားပြီး နီးကပ်လာလေလေ ပိုမိုကျယ်လောင်လာလေလေပင်။

​မကြာမီမှာပင် ဖုံးကွယ်ရေးပိုက်ကွန်များ ဖုံးအုပ်ထားသည့် ဂျစ်ကားအချို့က စခန်းအတွင်းသို့ အလွန် သိုသိုသိပ်သိပ်ဖြင့် ဖုန်တလုံးလုံး ဝင်ရောက်လာကြသည်။

​ကားတံခါးပွင့်လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့က ကားပေါ်မှ အမြန်ဆင်းကာ လုံခြုံရေး ယူလိုက်ကြသည်။

​ထို့နောက် အလယ်ရှိ ဂျစ်ကား၏ နောက်ခန်းမှနေ၍ အရပ်မြင့်မြင့် လူရိပ်တစ်ခုက ကိုယ်ကိုကိုင်းကာ ဆင်းလာချေသည်။

​သူက မီးခိုးရောင် အဋ္ဌဂံပုံဦးထုပ်ကို ဆောင်းထားပြီး ရိုးရှင်းသည့် မီးခိုးရောင်စစ်ဝတ်စုံကို ဝတ်ဆင်ထားချေသည်။ သူ၏ မျက်နှာက ပိန်ပါးနေသော်လည်း သူ၏ မျက်ဝန်းများက သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှထက်မြက်နေကာ မြူခိုးများ အားလုံးကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိသကဲ့သို့ပင်။

​သူက... သူက JY ပဲ...

​ထိုအခိုက်အတန့်၌ ကျန်းယဲ့တစ်ယောက် အသက်ရှူရပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ရင်ဘတ်ထဲတွင် နှလုံးခုန်သံများက ပြင်းထန်စွာ ဆောင့်ခုန်နေကာ ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုများနှင့် ရှုပ်ထွေးလှသော ခံစားချက်များက ရင်ထဲတွင် လှိုင်းထလာရတော့သည်။

​သမိုင်းစာအုပ်များနှင့် ဓာတ်ပုံများထဲတွင်သာ ကြည်ညိုလေးစားခဲ့ရသည့် ဤပုဂ္ဂိုလ်ကြီးကို အချိန်ကာလနှင့် ဟင်းလင်းပြင်အတားအဆီးများကို ဖြတ်ကျော်ကာ ဤနေရာ၌ အစစ်အမှန်ကြီး ကိုယ်တိုင်ကိုယ်ကျ ရပ်ကြည့်ခွင့်ရလိမ့်မည်ဟု မည်သူကများ စိတ်ကူးယဉ်မိခဲ့ပါမည်နည်း။

​တပ်မမှူးစွန်းက ရှေ့သို့ အမြန်တိုးသွားပြီး မတ်မတ်ရပ်ကာ အလေးပြုလိုက်၏။ ထို့နောက် သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်ပြီး နှုတ်ခွန်းဆက် စကားပြောဆိုကြသည်။

​ကျန်းယဲ့က အနောက်သို့ အနည်းငယ် ဆုတ်ရပ်နေပြီး သူ၏ အကြည့်များက ထိုပုဂ္ဂိုလ်ကြီး၏ ပုံရိပ်ပေါ်တွင်သာ ရပ်တန့်နေကာ သူ၏ နှလုံးသားက စိတ်လှုပ်ရှားမှုကြောင့် ပြင်းထန်စွာ ခုန်ပေါက်နေချေသည်။

​နှုတ်ခွန်းဆက် စကားအနည်းငယ် ပြောဆိုပြီးနောက် JY၏ ပညာရှိပြီး နက်ရှိုင်းလှသော အကြည့်က လူအုပ်၏အစွန်တွင် ရပ်နေကာ ပတ်ဝန်းကျင်ရှိ စစ်သားများနှင့် ဟန်ပန်အမူအရာနှင့် လုံးဝ ကွဲပြားခြားနားနေသည့် ကျန်းယဲ့အပေါ်သို့ သဘာဝကျကျ ကျရောက်လာသည်။

​ထို့နောက် သူ၏ မျက်နှာပေါ်တွင် နူးညံ့သည့် အပြုံးတစ်ခု ပေါ်လာချေသည်။

​ကျန်းယဲ့က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ကာ ခိုင်မာသော ခြေလှမ်းများဖြင့် ရှေ့သို့ တက်သွားလိုက်သည်။

​သူက JY နှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်ပြီး ကျောရိုးကို မတ်မတ်ဆန့်တန်းကာ ကြည်လင်ပြီး ရိုသေလေးစားသော အသံဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်လေသည်။

​"ရဲဘော် JY... မင်္ဂလာပါ။ ကျွန်တော့်နာမည် ကျန်းယဲ့ပါ.."

​သူက အနည်းငယ် ရပ်တန့်လိုက်ပြီးနောက်... "ကျွန်တော်က... ၂၀၂၅ ခုနှစ်ကနေ လာခဲ့တာပါ..."

​JY က ကျန်းယဲ့ကို နားလည်သဘောပေါက်ဟန်ရှိသည့် အပြုံးတစ်ခုဖြင့် ကြည့်လာခဲ့သည်။

​သူ၏ အသံက နူးညံ့သော်လည်း ခိုင်မာနေချေသည်။ "ငါ မင်းကို သိပါတယ်... ရဲဘော်လေး။ တပ်မမှူးစွန်းတို့က မင်း ယူလာပေးတဲ့ အချိန်မီ အကူအညီတွေအကြောင်း အမြဲပြောနေကြတာလေ..."

​ကျန်းယဲ့က သူ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားရင်း ရိုသေစွာ ပြန်ဖြေလိုက်၏။ "ခင်ဗျားနဲ့ ရဲဘော်တွေအတွက် ကျွန်တော် တတ်နိုင်တဲ့ဘက်က ကူညီခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ..."

​နှုတ်ခွန်းဆက် စကားများ ပြောပြီးနောက် လူတိုင်းက ကွပ်ကဲရေးခန်းထဲသို့ ဝင်သွားလိုက်ကြသည်။

​ဤအခိုက်အတန့်၌ လက်ရှိ စစ်စခန်းနယ်မြေမှ အရေးပါသည့် တပ်မှူးများအားလုံးနီးပါး ဤရိုးရှင်းသော အခန်းလေးထဲတွင် စုဝေးနေကြပြီး လေထုက လေးနက်ပြီး ခမ်းနားနေချေသည်။

​ကျန်းယဲ့၏ အထူးအဆင့်အတန်းနှင့် ယခင်က ပံ့ပိုးကူညီမှုများကြောင့် သူ့ကို ရှေ့ဆုံးတန်းအနီးတွင် ထိုင်ရန် အထူး စီစဉ်ပေးထားခဲ့ကြသည်။

​အစည်းအဝေး တရားဝင် မစတင်မီလေးမှာပင် ကျန်းယဲ့က ချောင်းဟန့်လိုက်ရာ လူတိုင်း၏ အာရုံက သူ့ထံသို့ ရောက်လာကြသည်။

​ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး သူ၏အကြည့်က ထိုနေရာရှိ အာရုံစိုက်နေကြသည့် တပ်မှူးတစ်ဦးချင်းစီအပေါ်သို့ ဖြတ်ပြေးသွားကာ နောက်ဆုံးတွင် ထိပ်ဆုံးခုံ၌ ထိုင်နေသည့် JY အပေါ်သို့ ကျရောက်သွားသည်။

​"ရဲဘော် JY နဲ့ ခေါင်းဆောင်ကြီးများခင်ဗျာ... အစည်းအဝေး မစခင်မှာ ကျွန်တော် ကြေညာစရာလေး တစ်ခု ရှိပါတယ်။ ကျွန်တော် ဒီနေ့ ဒီကိုလာတာ ခင်ဗျားတို့အားလုံးကို အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခု တင်ပြဖို့ဖြစ်ပြီး ခင်ဗျားတို့ဆီကနေ သဘောတူခွင့်ပြုချက်ရဖို့ မျှော်လင့်ပါတယ်"

အခန်း ၄၉၂ပြီး၏။

All Chapters