အခန်း ၄၉၃
Vol. 50 Ch. 493
အခန်း (၄၉၃) အိမ်ပြန်ဖို့ လာခေါ်တာပါ
ကွပ်ကဲရေးခန်းမက ချက်ချင်း တိတ်ဆိတ်သွားပြီးစာရွက်လှန်သည့် အသံများပင် ရပ်တန့်သွားကြသည်။ အားလုံး၏ အကြည့်များက ကျန်းယဲ့အပေါ်သို့ စိုက်ကျလာပြီး သူ၏ နောက်ဆက်တွဲ စကားများကို စောင့်မျှော်နေကြသည်။
"ကျွန်တော် ဒီကိုလာရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ခင်ဗျားတို့ အားလုံးကို ကျွန်တော်နဲ့အတူ ၂၀၂၅ ခုနှစ်ကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ချင်လို့ပါ။ နှစ်ပေါင်း ၈၈နှစ်အကြာက ကမ္ဘာသစ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့် ရစေချင်လို့ပါ..."
"..."
သူ စကားပြောပြီးသွားသည်နှင့် ကွပ်ကဲရေးခန်းမ တစ်ခုလုံးက အသံပိတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။
လေထုက အေးခဲသွားပြီး အချိန်များပင် ရပ်တန့်သွားသကဲ့သို့ပင်။
လူတိုင်း၏ မျက်နှာများပေါ်တွင် တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး အချို့က သူတို့ အကြားအာရုံ မှားယွင်းသွားသလားဟု တွေးကာ သူတို့၏ နားများကို မသိစိတ်အရ ကလော်ကြည့်နေကြ၏။
စစ်ဦးစီးချုပ်ဝမ်က ကြီးမားလှသော တုန်လှုပ်မှုကြီးထဲမှ ပထမဆုံး ပြန်လည်သတိဝင်လာသူ ဖြစ်သည်။ သူက မျက်မှန်ကို ပင့်တင်လိုက်ပြီးနောက် အနည်းငယ် တုန်ယင်နေသော အသံဖြင့် အတည်ပြုသည့်အနေဖြင့် မေးလိုက်မိသည်။ "ရဲဘော်ကျန်းယဲ့... မင်း ခုနက ဘာပြောလိုက်တာလဲ။ ၂၀၂၅ ခုနှစ်...ဟုတ်လား..."
ကျန်းယဲ့က အံ့အားသင့်မှုများ၊ သံသယများနှင့် ဖော်ပြ၍မရနိုင်သော ခံစားချက်များ ပြည့်နှက်နေသည့် ထိုအကြည့်များကို ရင်ဆိုင်လျက် ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ပါတယ် စစ်ဦးစီးချုပ်ဝမ်... ခင်ဗျား ကြားတာ မမှားပါဘူး။ **** ကိုယ်စား... ၂၀၂၅ ခုနှစ်က ကမ္ဘာသစ်ဆီကို ၇ ရက်ကြာ သွားရောက်လည်ပတ်ဖို့ ခင်ဗျားတို့အားလုံးကို ကျွန်တော် တရားဝင် ဖိတ်ခေါ်ပါတယ်...."
အရာအားလုံးက မှန်ကန်ကြောင်း အတည်ပြုလိုက်သည့် အခိုက်အတန့်မှာပင် ကွပ်ကဲရေးခန်းမအတွင်း၌ မျိုသိပ်ထားရသည့် ရှိုက်သံအချို့ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
မရေမတွက်နိုင်သော မုန်တိုင်းများကို ဖြတ်သန်းခဲ့ရသည့် JY နှင့် ထိုနေရာရှိ တပ်မှူးကြီးများပင်လျှင် စိတ်ကူးယဉ်၍ပင် မရနိုင်ဘဲ သူတို့၏ နားလည်မှုကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည့် ဤဖိတ်ခေါ်မှုကြောင့် ဆွံ့အသွားကြရသည်။
လူတိုင်း၏ ခေါင်းထဲ၌ အတွေးတစ်ခုတည်းကသာ ချာချာလည်နေချေသည်။
ဒါက... ဒါက မယုံနိုင်စရာပဲ....
ကျန်းယဲ့က JY နှင့် သူ၏ဘေးမှ မစ္စတာကျိုးကို ရိုးသားလှိုက်လှဲစွာ ကြည့်လိုက်ရာ သူတို့၏ အကြည့်များက နူးညံ့သော်လည်း တူညီစွာ ခိုင်မာနေကြသည်။ သူ၏ အသံထဲတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်များ ပါဝင်နေ၏။ "နောင်လာနောက်သားတွေက ခင်ဗျားတို့ကို လွမ်းဆွတ်တသပြီး အမှတ်ရနေကြပါတယ်။ ခင်ဗျားတို့ကို အနာဂတ်ဆီ ဖိတ်ခေါ်ခွင့်ရဖို့ အခွင့်အရေးတစ်ခုရှိနေတယ်ဆိုတာကို လူတိုင်း သိလိုက်ရတဲ့အချိန်မှာ အားလုံးက စိတ်အားထက်သန်စွာနဲ့ မျှော်လင့်နေကြပါတယ်..."
JY က ဆေးလိပ်ပြာကို ခါချရင်း ခဏမျှ စဉ်းစားပြီးနောက် အရေးအကြီးဆုံး မေးခွန်းကို မေးလိုက်၏။ "ရဲဘော်ကျန်းယဲ့... လည်ပတ်ဖို့အတွက် လူဘယ်နှစ်ယောက်ကို အိမ်ပြန်ခေါ်သွားလို့ ရမှာလဲ.."
"နေရာ ၅၀ ရပါတယ်..." ကျန်းယဲ့က ပြန်ဖြေလိုက်ပြီးနောက် သူ၏ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များကိုပါ ဖွင့်ဟဝန်ခံလိုက်သည်။ "ကျွန်တော်က ကျွန်တော့်ရဲ့ အဘိုးလေးယောက်ကို အိမ်ပြန်ခေါ်သွားချင်တယ်။ ပြီးတော့ ခေါင်းဆောင်ကြီးတွေနဲ့ စစ်သားတွေကိုလည်း ကျွန်တော်နဲ့အတူ အိမ်ပြန်လာဖို့ ဖိတ်ခေါ်ချင်ပါတယ်"
စကားပြောပြီးနောက် သူက ဆက်မပြောတော့ဘဲ အနည်းငယ် ဦးညွှတ်လိုက်၏။ "အတိအကျ စာရင်းကို ကျေးဇူးပြုပြီး ဆွေးနွေးဆုံးဖြတ်ပေးကြပါ။ ကျွန်တော် ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး"
သူက ရွေးချယ်မှုအားလုံးကို လွှဲပြောင်းပေးလိုက်ပြီး နောင်လာနောက်သားများ၏ ဆန္ဒနှင့် သူကိုယ်တိုင်၏ မျှော်လင့်ချက်များကိုသာ ပြောပြခဲ့ခြင်းဖြစ်သည်။
လိုက်မည်၊ မလိုက်မည်ဆိုသည်မှာတော့ လူတိုင်း၏ ဆန္ဒကို လေးစားပြီး မည်သူ့ကိုမျှ အတင်းအကျပ် ခေါ်ဆောင်သွားမည် မဟုတ်ချေ။
ကျန်းယဲ့ ထွက်သွားပြီးနောက် ကွပ်ကဲရေးစခန်းက ခဏတာ တိတ်ဆိတ်သွားရသည်။ ခေတ်ကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေသည့် ဤတုန်လှုပ်ဖွယ်ရာ ကိစ္စကြီးကို နားလည်သဘောပေါက်နိုင်ရန် လူတိုင်း အချိန်ယူဖို့ လိုအပ်နေသကဲ့သို့ပင်။
သို့သော် မကြာမီမှာပင် တိုးညင်းသော ဆွေးနွေးသံများ ထွက်ပေါ်လာပြီး တဖြည်းဖြည်း ပိုမိုကျယ်လောင်လာကာ စိတ်လှုပ်ရှားမှုများ၊ ငြင်းခုံမှုများ၊ အလျှော့ပေးမှုများနှင့် ထိန်းချုပ်၍မရနိုင်သော မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာသည်။
ကျန်းယဲ့ကို ကွပ်ကဲရေးခန်းမဆီသို့ ပြန်လည်ဖိတ်ခေါ်လိုက်သည့်အခါ မှင်မခြောက်သေးသည့် စာရင်းတစ်ခုကို သူ့ထံသို့ လေးနက်စွာ ကမ်းပေးလာကြသည်။
ကျန်းယဲ့က ၎င်းကို ယူကာ အပေါ်ရှိ နာမည်များကို တစ်ချက်ကြည့်လိုက်သည့်အခါ သူ၏ မျက်နှာပေါ်တွင် မအံ့ဩဘဲ မနေနိုင်တော့ချေ။
သူ၏ အဘိုးလေးယောက်ဖြစ်သော ကျန်းဒဲဖူ၊ ကျန်းယိုဖူ၊ ကျန်းလိုင်ဖူနှင့် ကျန်းမန်ချန်တို့၏ နာမည်များအပြင် JY၏ နာမည်ကပါ အထင်အရှား ပါဝင်နေချေသည်။
သို့သော် မစ္စတာကျိုး၏ နာမည်က စာရင်းထဲတွင် မပါဝင်ကြောင်း သူ သတိထားမိလိုက်၏။ တပ်မမှူးစွန်း ပါဝင်သော်လည်း သူ၏ ညာလက်ရုံးများသဖွယ် ဖြစ်သော စစ်ဦးစီးချုပ်ဝမ်အပါအဝင် အဆင့်မြင့် တပ်မှူးအချို့ကမူ သူတို့၏ နေရာများကို ကိုယ်တိုင်ကိုယ်ကျ စွန့်လွှတ်ခဲ့ကြသည်။
ကျန်းယဲ့အတွက် စိမ်းသက်နေသည့် နာမည်များကို ပို၍ပင် တွေ့ရပြီး ၎င်းတို့ထဲမှ အချို့မှာ နောက်ပိုင်း သမိုင်းမှတ်တမ်းများတွင်ပင် သူ တစ်ခါမှ ထင်ထင်ရှားရှား မမြင်ဖူးခဲ့သည့် နာမည်များ ဖြစ်နေကြသည်။
ကျန်းယဲ့၏ မျက်နှာပေါ်ရှိ ဖုံးကွယ်၍မရနိုင်သော အံ့အားသင့်မှုကို မြင်သည့်အခါ JYက သူ၏ ဇဝေဇဝါ ဖြစ်နေမှုကို နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးကာ ရှင်းပြလိုက်၏။ သူ၏ စကားများက တည်ငြိမ်နေသော်လည်း နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေသည်။
"ငါတို့ အဘိုးကြီးတွေက ရှေ့ဆက်ရမယ့် ခရီးရှည်ကြီးနဲ့ လေးလံတဲ့ တာဝန်တွေ ရှိနေသေးတယ်။ အခွင့်အရေးတွေကို မျိုးဆက်သစ် လူငယ်ကောင်းတွေကို ပေးသင့်တယ်။ သူတို့က... သူတို့ အသက်စွန့်ပြီး ကာကွယ်နေတဲ့ မနက်ဖြန်က ဘယ်လိုမျိုးလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့သင့်တယ်လေ.."
ထိုစကားကြောင့် ကျန်းယဲ့တစ်ယောက် တုန်လှုပ်သွားရသည်။ သူက စနစ်ကို တိတ်တဆိတ် ဖွင့်လိုက်ပြီး စာရင်း၏ နောက်ခံအကြောင်းအရာများကို အမြန် စစ်ဆေးကြည့်လိုက်၏။
တိုတောင်းသော်လည်း လေးလံလှသည့် မက်ဆေ့ချ်များ ပြန်လည်ရောက်ရှိလာသည့်အခါ သူ၏ နှာခေါင်းက ရုတ်တရက် စပ်ဖျင်းသွားပြီး မျက်ရည်များ လည်လာရသည်။
စနစ်၏ ဖော်ပြချက်အရ ဤစာရင်းထဲရှိ လူများ၏ သုံးပုံနှစ်ပုံကျော်က သူတို့၏ မူလသမိုင်း လမ်းကြောင်းအတိုင်းဆိုလျှင် လာမည့်နှစ်များ သို့မဟုတ် လများအတွင်း၌ပင် နာမည်ကြီးသည်ဖြစ်စေ၊ မသိသာသည်ဖြစ်စေ၊ ကြီးမားသော တိုက်ပွဲကြီးများ သို့မဟုတ် သေးငယ်သော တိုက်ပွဲငယ်လေးများတွင် အသက်ပေးလှူသွားရမည့် သူများဖြစ်ကြသည်။
သူတို့ထဲမှ အချို့မှာ သမိုင်းမှတ်တမ်းများတွင် အကျဉ်းချုံး ဖော်ပြခံရနိုင်သော်လည်း ပိုမိုများပြားသော လူများမှာမူ စစ်ပွဲနှင့် အကန့်အသတ်ရှိသော အခြေအနေများကြောင့် သူတို့၏ နာမည်များကိုပင် ချန်ရစ်မထားနိုင်ခဲ့ဘဲ စိမ်းလန်းသော တောင်ကုန်းများအောက်တွင် အမည်မသိအရိုးစုများအဖြစ် ကျန်ရစ်ခဲ့ရမည့် သူများဖြစ်၏။
သူတို့၏ အသွေးအသားများဖြင့် ရင်းနှီးတည်ဆောက်ခဲ့ရသည့် မြေကမ္ဘာကြီးက နောက်ဆုံးတွင် မည်မျှခမ်းနားလှပပြီး ငြိမ်းချမ်းကာ အင်အားကြီးမားစွာ ပွင့်လန်းလာခဲ့သည်ကို မြင်တွေ့ခွင့်ရရန် သူတို့က အမှန်တကယ်ပင် အသင့်တော်ဆုံးသူများ ဖြစ်ချေသည်။
ဤစာရင်းက ကျဆုံးသွားသူများအတွက် အသက်ရှင်ကျန်ရစ်သူများ၏ နှစ်သိမ့်ပေးမှုနှင့် အနာဂတ်အတွက် ရှေ့ဆောင်လမ်းပြများ၏ ယုံကြည်အပ်နှံမှုတို့ကို သယ်ဆောင်ထားသည်။
ချက်ချင်းပင် ကျန်းယဲ့က အပြီးသတ် အတည်ပြုထားသော စာရင်းကို စနစ်ထံ ပေးပို့လိုက်၏။
ရွေးချယ်ခံရသည့် စစ်သားများက အထက်အရာရှိများထံမှ အကြောင်းကြားစာများကို တစ်ယောက်ပြီးတစ်ယောက် လက်ခံရရှိကာ ကွပ်ကဲရေးစခန်းဆီသို့ ဦးတည်လာလ်ုက်ကြသည်။
အဘိုးကျန်းဒဲဖူက ကျန်းယဲ့ကို အရင်ဆုံး လာရှာသူဖြစ်သည်။
သူ၏ မျက်နှာက နီမြန်းနေပြီး အသံများက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေချေသည်။ "ရှောင်ယဲ့... သူတို့ပြောတာ တကယ်ပဲလား။ မင်း ငါတို့ကို... အိမ် ပြန်ခေါ်သွားပေးနိုင်တာ တကယ်ပဲလား.."
သူက အိမ်ဟူသော စကားလုံးကို အလေးပေးပြောဆိုသွားပြီး သူ၏ မျက်ဝန်းများထဲတွင် ဖော်ပြ၍မရနိုင်သော မျှော်လင့်တမ်းတမှုများ ပြည့်နှက်နေချေသည်။
ကျန်းယဲ့က ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်၏။ "တကယ်ပါ အဘိုး။ အဘိုးတင်မကဘူး... ဒုတိယအဘိုး၊ ပဉ္စမအဘိုးနဲ့ ဆဋ္ဌမအဘိုးတို့ပါ အားလုံး အတူတူ သွားကြမှာပါ..."
ကျန်းဒဲဖူ၏ မျက်နှာက ပိုမို ဝမ်းသာပီတိဖြစ်သွားသော်လည်း တစ်ခုခုကို သတိရသွားသကဲ့သို့ မေးလိုက်ပြန်သည်။ "ဒီတစ်ခေါက် လူဘယ်နှစ်ယောက် သွားလို့ရတာလဲ.."
"စုစုပေါင်း နေရာ ၅၀ ပါ..." ကျန်းယဲ့က သူ့ကို အမှန်အတိုင်း ပြောပြလိုက်သည်။
အရေအတွက်ကို ကြားလိုက်ရသည့်အခါ ကျန်းဒဲဖူ၏ စိတ်လှုပ်ရှားမှုများ အနည်းငယ် လျော့ကျသွားရသည်။ သူက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏ ကြမ်းတမ်းသော လက်များကို ပွတ်သပ်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ရုန်းကန်နေရမှုတစ်ခု လင်းလက်သွားပြီးမှ နောက်ဆုံးတွင် ခေါင်းကို မော့လာလေသည်။
"ရှောင်ယဲ့... မင်း ငါ့ကို ပြန်မခေါ်သွားတာပဲ ကောင်းမယ်ထင်တယ်။ ငါ့နေရာကို ငါတို့တပ်ခွဲက ရှောင်ရှီထို ကို ပေးလိုက်ရအောင်။ အဲ့ဒီကောင်လေးက အသက် ၁၇ နှစ်ပဲ ရှိသေးတာ... ပါးနပ်ပြီး သတ္တိလည်း ရှိတယ်... သူ သွားပြီး မြင်တွေ့သင့်ပါတယ်..."
အဘိုးဖြစ်သူ၏ မျက်ဝန်းများထဲရှိ ရိုးရှင်းပြီး တစ်ကိုယ်ကောင်းဆန်မှုကင်းသော အလင်းရောင်ကို ကြည့်ကာ ကျန်းယဲ့၏ ရင်ထဲတွင် နွေးထွေးမှုလှိုင်းတစ်ခု ဖြတ်ပြေးသွားသော်လည်း သူက တိုးညင်းစွာသာ သက်ပြင်းချနိုင်ခဲ့သည်။ "အဘိုး... စာရင်းကို အတည်ပြုပြီးပြီဆိုတော့ ပြင်လို့မရတော့ဘူးဗျ.."
ကျန်းဒဲဖူ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည့် စိတ်ပျက်မှုကို မြင်သည့်အခါ သူက ချက်ချင်း ထပ်ဖြည့်ပြောလိုက်ပြန်သည်။ "ဒါပေမဲ့ အဲ့ဒီ စစ်သားလေးရဲ့ နာမည်ကို ပြောပြထားလေ... ကျွန်တော် မှတ်ထားမယ်။ နောက်တစ်ခေါက် အခွင့်အရေးရရင် သူ့နာမည်ကို သေချာပေါက် ဦးစားပေးထည့်ပေးမယ်..."
ယင်းကို ကြားသည့်အခါ ကျန်းဒဲဖူ၏ နှမြောတသမှုက အနည်းငယ် လျော့ကျသွားပြီး ကျန်းယဲ့၏ ပခုံးကို ပုတ်လိုက်၏။ "ကောင်းတယ်... မြေးလိမ္မာလေး... အဘိုး မင်းကို ယုံပါတယ်..."
ထို့နောက် သူက နာမည်တစ်ခုကို ပြောပြလာသည်။ "သူ့နာမည်က လီရှီထိုတဲ့.... သစ်သားပါတဲ့ လီ... ဘယ်လိုမှ ခွဲလို့မရတဲ့ ကျောက်တုံး ရှီထို..."
ကျန်းယဲ့က စနစ်၏ မှတ်စုထဲတွင် လီရှီထိုဆိုသည့် နာမည်ကို ဦးစားပေးအဖြစ် သတ်မှတ်ကာ လေးနက်စွာ မှတ်သားထားလိုက်၏။
စာရင်းက အပြီးသတ် အတည်ပြုပြီးသွားပြီဖြစ်ပြီး မည်သူကမျှ ပြောင်းလဲရန် ဆန္ဒမရှိကြတော့ချေ။
ထိုညက စခန်းတစ်ခုလုံး တိတ်ဆိတ်နေသော်လည်း မျက်စိဖြင့် မမြင်နိုင်သော တင်းမာမှုတစ်ခုက ကြီးထွားလာနေခဲ့သည်။
အဆင့်မြင့် တပ်မှူးဖြစ်စေ၊ သာမန်စစ်သားဖြစ်စေ ရွေးချယ်ခံရသူအားလုံးက သူတို့၏ အသပ်ရပ်ဆုံး စစ်ဝတ်စုံများကို လဲလှယ်ဝတ်ဆင်ကာ ဘုရားဖူးခရီးစဉ်တစ်ခုသို့ သွားရမည့်ကဲ့သို့ ခံစားချက်မျိုးဖြင့် ကွပ်ကဲရေးခန်းမအတွင်း၌ တိတ်ဆိတ်စွာ စုဝေးနေကြသည်။
မူလက အတော်လေးကျယ်ဝန်းသည့် ယာယီ ကွပ်ကဲရေးခန်းမက ယခုအခါ လူ ၆၀ ကျော် ရပ်နေသဖြင့် အလွန် ကျပ်ညပ်နေသကဲ့သို့ ခံစားရပြီး လေထုကလည်း ပူနွေးကာ လေးလံနေချေသည်။
ရေနံဆီမီးခွက်မှ တဖျပ်ဖျပ် လင်းလက်နေသည့် အလင်းရောင်က နုပျိုသည်ဖြစ်စေ၊ မနုပျိုတော့သည်ဖြစ်စေ သူတို့၏ မျက်နှာများကို လင်းထိန်ပေးနေပြီး အားလုံး၏ မျက်နှာများပေါ်တွင် တူညီသော ခိုင်မာပြတ်သားမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေကြ၏။
အချို့က စိုးရိမ်တကြီးဖြင့် နှုတ်ခွန်းများကို တင်းတင်းစေ့ထားကြပြီး အချို့ကမူ စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေကြသည်။ လူအများစုကတော့ အရှေ့တွင် ရပ်နေသည့် ကျန်းယဲ့အပေါ်သို့ သူတို့၏ အကြည့်များကို ပို့လွှတ်ထားကြလေသည်။
ကျန်းယဲ့က ထိုမျက်နှာများကို ပတ်ပတ်လည် ဝေ့ကြည့်လိုက်သည်။ သူတို့ထဲမှ အများအပြားကို နောင်လာနောက်သားများက သိချင်မှ သိကြပေလိမ့်မည်။ သို့သော် သူတို့၏ စွန့်လွှတ်အနစ်နာခံမှုများနှင့် ပံ့ပိုးကူညီမှုများက အနာဂတ်အတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့ခြင်းပင်။
ကျန်းယဲ့၏ အကြည့်က စစ်သား တစ်ယောက်ချင်းစီအပေါ်သို့ ဖြတ်ပြေးသွားပြီးနောက်...
"သွားကြစို့..."
အခန်း ၄၉၃ပြီး၏။