← Chapters

အခန်း ၄၉၄

Vol. 50 Ch. 494

အခန်း ၄၉၄

Vol. 50 Ch. 494

အခန်း (၄၉၄) ၂၀၂၅ ခုနှစ်သို့ ရောက်ရှိခြင်း

​စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်နူးညံ့ပြီး လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်အလင်းတန်းတစ်ခုက ဟင်းလင်းပြင်ထဲမှ မည်သည့် သတိပေးမှုမျှ မရှိဘဲ နွေးထွေးသော ဒီရေလှိုင်းတစ်ခုကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာကာ ကွပ်ကဲရေးခန်းမ၏ နေရာအနှံ့အပြားသို့ လွှမ်းခြုံသွားပြီး အတွင်းရှိ လူငါးဆယ့်တစ်ယောက်လုံးကို ရစ်ပတ်သွားသည်။

​အဖြူရောင် အလင်းတန်းက အမြင့်ဆုံး အနေအထားသို့ ရောက်ရှိသွားချိန်တွင် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

​လူများဖြင့် ပြည့်ကျပ်နေခဲ့သော ကွပ်ကဲရေးခန်းမက ရုတ်တရက် ဟာလာဟင်းလင်းဖြစ်သွားပြီး လွင့်မျောနေသော လေစီးကြောင်းများနှင့် ယမ်းငွေ့အချို့သာ ကျန်ရစ်ခဲ့သည်။

​ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သော မစ္စတာကျိုးက ထိုလူငါးဆယ့်တစ်ယောက် ပျောက်ကွယ်သွားသည့် နေရာကို စိုက်ကြည့်နေခဲ့သည်။ သူက အရာရာကို မြင်တွေ့ဖူးသည့် အတွေ့အကြုံရင့်သူ တစ်ယောက်ဖြစ်သော်ငြားလည်း မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး တိုးညင်းစွာ ရေရွတ်လိုက်မိ၏။ "တကယ်ကို... နတ်ဘုရားတွေရဲ့ အစွမ်းပဲ"

​ဘေးတွင် ရပ်နေသော စစ်ဦးစီးချုပ်ဝမ်ကလည်း အံ့ဩမှုကြောင့် ဟဟလေး ဖြစ်နေသော သူ၏ ပါးစပ်ကို ပိတ်လိုက်ပြီး နက်နက်ရှိုင်းရှိုင်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။

​"ဟုတ်တယ်...တကယ်လို့များ ရဲဘော်ကျန်းယဲ့က လေဟာနယ်ထဲကနေ ဆေးဝါးတွေ၊ လက်နက်တွေနဲ့ ရိက္ခာတွေကို တောင်ပုံရာပုံထွက်လာအောင် ဖန်တီးပြခဲ့တာကို ခင်ဗျားသာ မြင်ဖူးခဲ့ရင် အဲ့ဒါက အခုထက်တောင် ပိုပြီး အံ့ဩဖို့ကောင်းပြီး ယုံနိုင်စရာမရှိဘူးဆိုတာ သိလိမ့်မယ်..."

​တပ်မှူးရွှီက ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ထိုင်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အံ့ဩမှုနှင့် မျှော်လင့်စောင့်စားမှုတို့ ရောယှက်နေသည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူက ပြောလိုက်၏။ "ရဲဘော်ကျန်းယဲ့ ပြောပြချက်အရဆိုရင် နှစ်ဖက်စလုံးရဲ့ အချိန်စီးဆင်းမှုက ကွဲပြားတယ်တဲ့..."

​"သူတို့ အဲ့ဒီမှာ ၇ ရက်ကြာနေပေမဲ့ ဒီမှာက လက်ဖက်ရည်တစ်ခွက်သောက်တဲ့ အချိန်... များသောအားဖြင့် ဆယ်မိနစ်လောက်ပဲ ကြာမှာတဲ့။ ငါတို့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ကြတာပေါ့..."

​စစ်ဦးစီးချုပ်ဝမ်ကလည်း ထိုင်လိုက်သော်လည်း သူ၏ အကြည့်များက ဟာလာဟင်းလင်းဖြစ်နေသော နေရာလွတ်ဆီသို့ အလိုအလျောက် ရောက်ရှိသွားပြီး သူ၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်၍မရနိုင်သော လွမ်းဆွတ်တမ်းတမှုများ ပေါ်လွင်နေချေသည်။

​သူက တိုးညင်းစွာ သက်ပြင်းချလိုက်၏။ "ဟုတ်တယ်... ငါတို့ စောင့်နေရမှာပဲ။ ဒါပေမဲ့ နှစ်ပေါင်း ရှစ်ဆယ့်ရှစ်နှစ်ကြာပြီးတဲ့နောက် ကမ္ဘာကြီးက ဘယ်လိုများ ဖြစ်နေမလဲဆိုတာ တွေးကြည့်နေမိတယ်။ ရဲဘော်ကျန်းယဲ့ပြောသလိုပဲ ခမ်းနားကြီးကျယ်တဲ့ ရွှေရောင်လွှမ်းတဲ့ ခေတ်ကြီး ... နိုင်ငံတော်အတွက် ငြိမ်းချမ်းပြီး ကြီးပွားတိုးတက်နေတဲ့ အချိန်ကာလကြီး တကယ်ပဲ ဖြစ်နေမလား..."

​သူ၏ အသံက တဖြည်းဖြည်း တိုးဝင်သွားပြီး မသိမသာ ခံစားရနိုင်သည့် ဝမ်းနည်းမှုနှင့် မျှော်လင့်ချက် အရိပ်အယောင်လေးများ ပါဝင်နေချေသည်။

​ဤမေးခွန်းက နောက်တွင် ကျန်ရစ်ခဲ့သူတိုင်း၏ စိတ်နှလုံးထဲတွင်လည်း ကိန်းအောင်းနေခဲ့သည်။

​အဆင့်မြင့် တပ်မှူးကြီးအချို့ တိတ်ဆိတ်စွာ ထိုင်စောင့်နေကြရင်း ကွပ်ကဲရေးခန်းမထဲတွင် ခဏတာ တိတ်ဆိတ်မှုတစ်ခု ကျရောက်သွားသည်။

​ရေနံဆီမီးခွက်၏ အလင်းရောင်က ဆက်လက်၍ တဖျပ်ဖျပ် လင်းလက်နေပြီး သူတို့၏ တည်ငြိမ်သော်လည်း ရှုပ်ထွေးနေသော မျက်နှာများကို လင်းထိန်ပေးနေချေသည်။

​အပြင်ဘက်တွင် ညဉ့်နက်နေဆဲဖြစ်ပြီး စစ်မြေပြင်မှ အကျပ်အတည်းများက မပြေလည်သေးသော်လည်း ဤတိုတောင်းလှသော ဆယ်မိနစ်စာ စောင့်ဆိုင်းရမှုက ရာစုနှစ်တစ်ခုစာဖြတ်သန်းလာသည့် ကြီးမားလေးလံလှသော မျှော်လင့်ချက်များကို သယ်ဆောင်ထားသကဲ့သို့ပင်။

​သူတို့က ဤမြေကမ္ဘာကြီး၏ အနာဂတ်နှင့် ပတ်သက်သည့် အလှပဆုံးသော အဖြေတစ်ခု ထွက်ပေါ်လာမည်ကို စောင့်မျှော်နေသည့်အလား ဤနေရာတွင် စောင့်ကြပ်နေခဲ့ကြသည်။

​အဆုံးအစမဲ့သော အချိန်နှင့် ဟင်းလင်းပြင် ဥမင်လှိုဏ်ခေါင်းကြီးအတွင်း၌ အမှောင်ထုက ထာဝရ နောက်ခံကားချပ်ကြီးဖြစ်ပြီး တစ်ခါတစ်ရံ အဝေးဆီမှ ဖြတ်ပြေးသွားတတ်သော ထူးဆန်းသည့် အလင်းတန်းများကသာ ဤလျှို့ဝှက်ဆန်းကြယ်သော နေရာကြီး၏ ပုံပန်းသဏ္ဍာန်ကို မပီမသ ပုံဖော်ပေးနေခဲ့သည်။

​ချောမွေ့ပြောင်လက်နေသော ငွေဖြူရောင်အချိန်ခရီးသွားကားတစ်စီးက ဤအကြွင်းမဲ့ တိတ်ဆိတ်မှုနှင့် အမှောင်ထုကြီးကို ဖြတ်သန်းကာ တိတ်ဆိတ်ညင်သာစွာ ရွေ့လျားနေချေသည်။

​ကားအတွင်း၌ ခေါင်းဆောင်ကြီးများ၊ တပ်မမှူးစွန်းနှင့် ကျန်းဒဲဖူတို့ အပါအဝင် ၁၉၃၇ ခုနှစ်မှ ခရီးသည် ငါးဆယ်မှာ... ခဏတာ မူးဝေမှုနှင့် ဆွဲငင်အားမဲ့သွားသည့် ခံစားချက်ကို ဖြတ်သန်းပြီးနောက် ပြတင်းပေါက် အပြင်ဘက်ရှိ ဖော်ပြ၍မရနိုင်သော မြင်ကွင်းကြီးကြောင့် အားလုံး အံ့သြမှင်တက်သွားကြရသည်။

​"ဒါ... ဒါက..." လူငယ်စစ်သားတစ်ယောက်က မျက်လုံးများ ပြူးကျယ်လျက် ကြည့်နေပြီး သူ၏ အသံထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားရသည်။

​လူအများအပြားက ကားပြတင်းပေါက်များဆီသို့ မသိစိတ်အရ မှီသွားကြပြီး အလင်းရောင်အားလုံးကို မျိုချပစ်တော့မည့်အလား နက်ရှိုင်းလှသော အမှောင်ထုကြီးကို ငေးကြည့်နေရင်း သူတို့၏ မျက်နှာများက အေးစက်နေသော မှန်ပြတင်းပေါက်များနှင့် ထိကပ်လုမတတ် ဖြစ်နေကြသည်။

​၎င်းက အကြွင်းမဲ့ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဟာလာဟင်းလင်း ဖြစ်နေမှုကြီးဖြစ်သည်။ တစ်ခါတစ်ရံ အလွန်ဝေးကွာသော နေရာမှ ဖော်ပြ၍မရနိုင်သော အလင်းစက်ငယ်လေးတစ်ခု သို့မဟုတ် ပုံပျက်နေသော အရောင်အသွေးရှိသည့် အလင်းတန်းတစ်ခုက ဖြတ်သန်းသွားတတ်သော်လည်း... ၎င်းက မြန်ဆန်လွန်းလှသဖြင့် အမြင်မှားခြင်းလားဟုပင် သံသယဝင်သွားစေနိုင်သည်။

​ကျန်းဒဲဖူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ ရင်ထဲတွင် ပြင်းထန်စွာ ခုန်ပေါက်နေမှုကို ဖိနှိပ်ထားကာ ကားအရှေ့တွင် တည်ငြိမ်စွာ ရပ်နေသော ကျန်းယဲ့ကို လှည့်ကြည့်လိုက်သည်။ သူ၏ အသံက အနည်းငယ် တုန်ယင်နေ၏။

​"ရှောင်ယဲ့... ဒါ... ဒါက ဘယ်လိုနေရာကြီးလဲ.."

​ကားအတွင်းရှိ အံ့အားသင့်နေသော၊ စိုးရိမ်ပူပန်မှု နှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော မျက်နှာများကို ကြည့်ရင်း ကျန်းယဲ့က ပြုံးလိုက်သည်။

​သူတို့အထဲတွင် ဗျူဟာမြောက် စစ်ရေးပညာရှင်များ၊ တိုက်ပွဲအတွေ့အကြုံရင့် စစ်သူကြီးများ ပါဝင်သလို မျက်ဝန်းထဲ၌ အပြစ်ကင်းစင်မှုများ ရှိနေသေးသော်လည်း မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့ရပြီးသည့် လူငယ်စစ်သားလေးများစွာလည်း ပါဝင်နေချေသည်။

​သူက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး လူတိုင်း၏ မေးခွန်းများကို ကြည်လင်ပြီး တည်ငြိမ်သော အသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

​"ရဲဘော်တို့... ဒီနေရာကို အချိန်နှင့် ဟင်းလင်းပြင် ဥမင်လှိုဏ်ခေါင်းလို့ ခေါ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ စီးနင်းနေတဲ့ ယာဉ်ကို အချိန်ခရီးသွားကားလို့ ခေါ်ပါတယ်။ ဒါက ကျွန်တော်တို့ကို အချိန်ကာလ အတားအဆီးတွေကို ဖြတ်ကျော်ပြီး နှစ်ပေါင်း ရှစ်ဆယ့်ရှစ်နှစ် ကြာပြီးတဲ့နောက် အနာဂတ်ဆီကို သယ်ဆောင်သွားပေးနေတာပါ.."

​အချိန်နှင့် ဟင်းလင်းပြင် ဥမင်လှိုဏ်ခေါင်း...

​အချိန်ခရီးသွားကား....

​လုံးဝ ထင်မှတ်မထားသော ဤဝေါဟာရများက ခရီးသည်များထံမှ တိုးညင်းသော အသက်ရှူသံများနှင့် ရုတ်တရက် နားလည်သွားသည့် သက်ပြင်းချသံများကို ထွက်ပေါ်လာစေခဲ့သည်။

​သူတို့ နားလည်သဘောပေါက်ရန် ခက်ခဲနေဆဲ ဖြစ်သော်လည်း သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော သူတို့ရှေ့မှ မြင်ကွင်းကြီးက သူတို့ကို မယုံကြည်ဘဲ မနေနိုင်အောင် ဖန်တီးနေချေသည်။

​တပ်မမှူးစွန်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ပြီး လူတိုင်း သိချင်နေသည့် မေးခွန်းကို မေးလိုက်၏။ "ရဲဘော်ကျန်းယဲ့... ကျွန်တော်တို့ ဘယ်တော့လောက် ရောက်မလဲ..."

​ကျန်းယဲ့က ကား၏ အရှေ့ဘက်ကို လက်ညှိုးထိုးပြလိုက်ရာ အဆုံးအစမဲ့သော အမှောင်ထု၏ အဆုံးသတ်တွင် အပ်ပေါက်ရာအရွယ် အလင်းစက်လေးတစ်ခုက တိတ်ဆိတ်စွာ လွင့်မျောနေခဲ့သည်။

​"ဟိုက အဖြူရောင် အလင်းစက်လေးကို မြင်လား။ အဲ့ဒါကို ဖြတ်သွားတာနဲ့ ကျွန်တော်တို့ရဲ့ ခရီးဆုံးပစ်မှတ်ဖြစ်တဲ့... ၂၀၂၅ ခုနှစ်က တရုတ်နိုင်ငံကို ရောက်ပါပြီ..."

​အားလုံး၏ မျက်လုံးများက ထိုအလင်းစက်ငယ်လေးထံသို့ ချက်ချင်း အာရုံစိုက်သွားကြသည်။

​သူတို့ အာရုံစိုက်လိုက်သည့် အခိုက်အတန့်မှာပင် ထိုအလင်းစက်ငယ်လေးက အသက်ဝင်လာပြီး စွမ်းအင်များ ပြည့်ဝသွားသကဲ့သို့ မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကျယ်ပြန့်လာကာ တောက်ပလာတော့သည်။

​မျက်တောင်တစ်ခတ်အတွင်းမှာပင် နူးညံ့သော်လည်း အလွန်အမင်း စူးရှတောက်ပသော အဖြူရောင် အလင်းတန်းကြီးက လူတိုင်း၏ အမြင်အာရုံကို ဖုံးလွှမ်းသွားခဲ့သည်။

​ထို့နောက် ၎င်းက နွေးထွေးသော ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ ကားတစ်စီးလုံးကို ချက်ချင်း မျိုချသွားတော့သည်။

​စူးရှတောက်ပသော အလင်းရောင်ကြောင့် လူတိုင်းက သူတို့၏ မျက်လုံးများကို အလိုအလျောက် မှိတ်လိုက်ကြ၏။

​ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသည့် ထိုအဖြူရောင်အလင်းတန်းကြီးက ဒီရေများ ပြန်ဆုတ်သွားသကဲ့သို့ ပျောက်ကွယ်သွားပြီး လူတိုင်းက အလင်းရောင်နှင့် အသားကျသွားကာ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည့်အခါ... မြင်ကွင်းထဲသို့ ဝင်ရောက်လာသော မြင်ကွင်းကြီးကြောင့် ကားတစ်စီးလုံး သေမင်းတမန်တိတ်ဆိတ်မှုကြီးထဲသို့ ကျဆင်းသွားပြီးနောက် တုန်လှုပ်ဖွယ်ရာအသက်ရှူသံများဖြင့် အဆုံးသတ်သွားရသည်။

​ခရီးသွားကားက လူစည်ကားသော လမ်းမကြီးတစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

​ပြတင်းပေါက် အပြင်ဘက်တွင် မှောင်မိုက်ပြီး လူသူကင်းမဲ့သော အချိန်နှင့် ဟင်းလင်းပြင် ဥမင်လှိုဏ်ခေါင်းကြီး မဟုတ်တော့ဘဲ သူတို့ အိပ်မက်ထဲတွင်ပင် တစ်ခါမှ မမက်ဖူးခဲ့သည့် ကမ္ဘာကြီးတစ်ခု ဖြစ်နေချေသည်။

​နက်ရှိုင်းသော ညကောင်းကင်ယံကို မရေမတွက်နိုင်သော စူးရှတောက်ပသည့် မီးရောင်များဖြင့် လင်းထိန်ထားပြီး အတန်းလိုက် တည်ရှိနေသော မိုးမျှော်တိုက်ကြီးများ၏ ပုံရိပ်များကို ပုံဖော်ပေးနေခဲ့သည်။

​ကောင်းကင်ယံကို ထိုးဖောက်နေသည့် ဧရာမ ပုံဆောင်ခဲတိုင်ကြီးများကဲ့သို့ မတ်မတ်ရပ်နေကြပြီး ၎င်းတို့၏ ဖန်သားပြင်နံရံများက နီယွန်မီးရောင်များနှင့် ယာဉ်ကြောများ၏ အလင်းအမှောင်များကို ရောင်ပြန်ဟပ်ကာ စီးဆင်းနေသော အလင်းရောင် သမုဒ္ဒရာကြီးတစ်ခုအဖြစ် ရက်ကန်းယက်လုပ် ဖန်တီးပေးနေသည်။

​လင်းလက်နေသော ဖဲကြိုးများကဲ့သို့ မိုးပျံအမြန်လမ်းများက မြို့တော်၏ ကောင်းကင်ယံတွင် ယှက်နွယ်နေကြသည်။ တံတားအထက်နှင့် အောက်ရှိ အဆက်မပြတ် သွားလာနေသော မော်တော်ယာဉ်များက သူတို့၏ အနီရောင်နောက်မီးများကို တန်းစီဆွဲငင်ကာ အဆုံးအစမဲ့သော အလင်းမြစ်ကြီးများကို ဖန်တီးပေးနေချေသည်။

​လမ်း၏ နှစ်ဖက်စလုံးတွင် လမ်းသွားလမ်းလာများက အပြည့်ပင်။

​သူတို့က တောက်ပသော အရောင်အသွေးများနှင့် စတိုင်ကျသော အဝတ်အစားမျိုးစုံကို ဝတ်ဆင်ထားကြပြီး ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနေကြကာ သူတို့၏ မျက်နှာများပေါ်တွင် သက်သောင့်သက်သာရှိပြီး ကျေနပ်ရောင်လွှမ်းနေသည့် အပြုံးများ ရှိနေကြသည်။

​ကလေးငယ်များက မိဘများဘေးတွင် ရယ်မောဆော့ကစားနေကြပြီး စုံတွဲများက လက်ချင်းချိတ်ကာ လမ်းလျှောက်နေခဲ့ကြသည်။ သက်ကြီးရွယ်အိုများကလည်း အေးအေးလူလူ လမ်းလျှောက်ရင်း စကားစမြည် ပြောဆိုနေကြသည်... ၎င်းက ငြိမ်းချမ်းပြီး အေးချမ်းသာယာလှသည့် မြင်ကွင်းတစ်ခုပင်။

​လမ်းမီးများ၊ ဆိုင်ပြတင်းပေါက် မီးရောင်များ၊ ကြော်ငြာဘုတ်များ၊ အဆောက်အအုံများ၏ အလှဆင် မီးရောင်များ... မရေမတွက်နိုင်သော အလင်းရင်းမြစ်များက ညအချိန်ကို နေ့လယ်ဘက်အလား လင်းထိန်နေစေသော်လည်း ပိုမို၍ အိပ်မက်ဆန်ပြီး စည်ကားလှသည့် လေထုလေးတစ်ခုတော့ ရောယှက်နေချေသည်။

​ဤအရာအားလုံးက လွန်းလွန်းမက စူးရှတောက်ပလွန်းလှပြီး လွန်းလွန်းမက ငြိမ်းချမ်းလွန်းကာ လွန်းလွန်းမက ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။

​ကိုလိုနီခေတ်၏ အရှက်ရဖွယ် အရိပ်အယောင်များ စွန်းထင်းနေသော ပုံပျက်နေသည့် ရှန်ဟိုင်းမြို့ဟောင်း၏ ကြီးပွားတိုးတက်မှုကို မျက်မြင်တွေ့ခဲ့ဖူးသူများပင်လျှင် ဤအခိုက်အတန့်၌ လုံးဝ ဆွံ့အသွားကြရသည်။

​သူတို့ရှေ့မှ မြင်ကွင်းကြီးက သူတို့၏ ခေါင်းပါးလှသော စိတ်ကူးယဉ်နိုင်စွမ်း အကန့်အသတ်များကို အများကြီး ကျော်လွန်နေခဲ့ပြီး သူတို့က ထူးဆန်းပြီး စိတ်ကူးယဉ်ဆန်လှသော အိပ်မက်တစ်ခုထဲတွင် ရောက်ရှိနေသကဲ့သို့ပင်... အလွန်အမင်း လှပလွန်းလှသဖြင့် အစစ်အမှန်နှင့်ပင် မတူတော့ချေ။

အခန်း ၄၉၄ပြီး၏။

All Chapters