အခန်း ၄၉၅
Vol. 50 Ch. 495
အခန်း (၄၉၅) ကမ္ဘာသစ်
ဒုတိယအဘိုး ကျန်းယိုဖူ၏ ကြမ်းတမ်းနေသော လက်အစုံက သူ့ရှေ့ရှိ ထိုင်ခုံနောက်ကျောကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရာ အားပါလွန်းသဖြင့် လက်ဆစ်များပင် ဖြူဆုတ်နေခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်မှ စီးဆင်းနေသော အလင်းတန်းများနှင့် မျက်စိကျိန်းမတတ် တောက်ပနေသည့် အဆောက်အအုံများကို ငေးကြည့်ရင်း သူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ဤလှပလွန်းလှသည့် အိမ်မက်ကမ္ဘာလေး ပျက်စီးသွားမည်ကို စိုးရွံ့နေသည့်အလား သူ့အသံက အလွန်တရာ နူးညံ့နေ၏။
"ဒါ... ဒါက နှစ်ပေါင်း ရှစ်ဆယ့်ရှစ်နှစ်ကြာပြီးနောက်က ငါတို့ရဲ့ တရုတ်ပြည်ကြီးပေါ့..."
ကားရှေ့ဆုံးတွင် မတ်တပ်ရပ်နေသည့် ကျန်းယဲ့က ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းကြောင့် အံ့ဩလွန်း၍ စကားပင်မဆိုနိုင်ဖြစ်နေကြသည့် မျက်နှာများကို ကြည့်ကာ ပြုံးလိုက်ပြီး လေးစားမှုအပြည့်ပါဝင်သည့် ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"၂၀၂၅ ခုနှစ်ရဲ့ တရုတ်နိုင်ငံကနေ လေးစားရပါသော ရှေ့ဆောင်လမ်းပြ ကာကွယ်ရေးသူရဲကောင်းများကို ကြိုဆိုပါတယ်ခင်ဗျာ..."
သူ့၏အသံကြောင့် လူတိုင်းက အလွန်အမင်း အံ့ဩမှင်တက်နေမှုမှ သတိပြန်ဝင်လာကြသည်။
ခရီးသွားဘတ်စ်ကားကြီးက စဉ်ဆက်မပြတ် သွားလာနေသော ကားလမ်းကြောင်းထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားလေသည်။
ကားပေါ်ရှိ စစ်သည်များ၊ ဝါရင့်စစ်သူကြီးများမှစ၍ လူငယ်စစ်သားလေးများအထိ အားလုံးဟာ မြို့ထဲသို့ ပထမဆုံးအကြိမ် ရောက်ဖူးသည့် ကလေးငယ်များကဲ့သို့ ဖြစ်နေကြ၏။ သူတို့က မျက်လုံးများကို ပြူးကျယ်ထားပြီး ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေကြကာ မျက်မှောက်တွင် မြင်တွေ့နေရသည့် မျက်စိကျိန်းမတတ် တောက်ပနေပြီး ငြိမ်းချမ်းကာ စည်ကားသိုက်မြိုက်နေသော မြင်ကွင်းကြီးကို အသေးစိတ်လေးတစ်ခုမှ လွတ်မသွားစေရန် သူတို့၏ မှတ်ဉာဏ်ထဲ၌ ထွင်းထုမှတ်သားထားဖို့ ကြိုးစားနေခဲ့ကြသည်။
ကျန်းယဲ့က အရှေ့ဘက်ရှိ မိုးပျံရထားလမ်းပေါ်မှ ရွေ့လျားမှုတစ်ခုကို သတိထားမိလိုက်ပြီး ထိုဘက်သို့ ချက်ချင်းလက်ညှိုးထိုးပြကာ "အားလုံးပဲ... ဟိုးဘက်ကို ကြည့်လိုက်ကြပါဦး..." ဟု သတိပေးပြောဆိုလိုက်သည်။
လူတိုင်းက သူညွှန်ပြရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
အဝေးရှိ မြင့်မားသော ရထားလမ်းတံတားပေါ်တွင် အဖြူရောင်ရထားရှည်ကြီးတစ်ခုက ငွေရောင်လျှပ်စီးတန်းတစ်ခု သို့မဟုတ် မြေပြင်နှင့် ကပ်၍ ပျံသန်းနေသော နဂါးကြီးတစ်ကောင်ကဲ့သို့ အသံတိတ်နေသော်လည်း ထက်မြက်သည့် အရှိန်အဝါများဖြင့် သူတို့ဆီသို့ အဝေးမှနေ၍ အရှိန်ပြင်းစွာ ပြေးလွှားလာနေသည်။
မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ၎င်းက လျှပ်စီးလက်သကဲ့သို့ သူတို့၏ မြင်ကွင်းကို ဖြတ်သန်းသွားခဲ့ပြီး ခဏတာမျှသာ မြင်လိုက်ရသည့် အဖြူရောင်အရိပ်တစ်ခုနှင့် တံတား၏ အနည်းငယ် တုန်ခါမှုသာ ကျန်ရစ်ခဲ့တော့သည်။
"ဟာ..."
ကားအတွင်း၌ အံ့သြတကြီး ရေရွတ်သံများ ထွက်ပေါ်လာလေသည်။ ဤအမြန်နှုန်းက ရထားဆိုသည့် သူတို့၏ နားလည်ထားမှုအားလုံးထက် အဆပေါင်းများစွာ ကျော်လွန်နေချေသည်။
အမြဲတည်ငြိမ်နေတတ်သည့် ညွှန်ကြားရေးမှူးပင်လျှင် ရှေ့သို့ အနည်းငယ်ကိုင်းညွတ်သွားမိပြီး သူ၏ မျက်ဝန်းများတွင် အံ့ဩမှုနှင့် စူးစမ်းလိုစိတ်များ တောက်ပနေကာ "ရဲဘော်ကျန်းယဲ့... အဲ့ဒါက ဘယ်လိုကားမျိုးလဲ... ဘာလို့ အဲ့ဒီလောက်တောင် မြန်နေရတာလဲ..." ဟု မေးလိုက်သည်။
ကျန်းယဲ့က လူအုပ်ကြီးဘက်သို့ လှည့်ကာ အသေးစိတ် ရှင်းပြလိုက်၏။ "အဲ့ဒါကို မြန်နှုန်းမြင့် ရထားလို့ ခေါ်ပါတယ်.. အတိုကောက်အနေနဲ့ ကျည်ဆန်ရထားလို့လည်း ခေါ်ကြပါတယ်..."
"အဲ့ဒါက ခင်ဗျားတို့ မှတ်မိနေတဲ့ မီးခိုးမည်းကြီးတွေ အူထွက်နေတဲ့ ရေနွေးငွေ့သုံးရထားတွေထက် အများကြီး ပိုမြန်သလို နောက်ပိုင်းမှာ ပေါ်လာမယ့် အစိမ်းရောင်ရထားတွေထက်တောင် အများကြီး ပိုမြန်ပါတယ်... သူ့ရဲ့ ပုံမှန်ပြေးဆွဲတဲ့ အမြန်နှုန်းက တစ်နာရီကို ကီလိုမီတာ ၃၀၀ကျော်အထိ ရောက်နိုင်ပြီး တချို့လမ်းကြောင်းတွေဆိုရင် တစ်နာရီကို ကီလိုမီတာ ၃၅၀ အထိတောင် ရောက်နိုင်ပါတယ်..."
လူတိုင်းကို ပိုမို ရှင်းလင်းစွာ နားလည်သဘောပေါက်စေရန် သူက ဥပမာတစ်ခု ပေးလိုက်သည်။ "ဆိုလိုတာက ကျွန်တော်တို့ အခုရောက်နေတဲ့ မြို့ကနေ မြို့တော် ပေကျင်းအထိ ကီလိုမီတာတစ်ထောင်ကျော် ကွာဝေးတဲ့ ခရီးကို ဒီကျည်ဆန်ရထားနဲ့ သွားမယ်ဆိုရင် လေးနာရီ ဒါမှမဟုတ် ငါးနာရီလောက်ပဲ ကြာပါလိမ့်မယ်..."
"တစ်နာရီကို ကီလိုမီတာ ၃၀၀ ကျော်တယ်.."
"တောင်ဘက်ကနေ မြောက်ဘက်ကို တစ်ရက်တည်းနဲ့ အသွားအပြန် လုပ်လို့ရတယ်ပေါ့..."
"ဘုရားရေ..."
ကားအတွင်း၌ အံ့ဩမှင်တက်သံများ ချက်ချင်း ပြည့်နှက်သွားပြီး လူတိုင်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေကြသည်။ သူတို့၏ ခြေထောက်နှစ်ချောင်း၊ လား၊ မြင်းများနှင့် နှေးကွေးလှသည့် ရထားများကိုသာ အားထားနေရသည့် သူတို့ခေတ်တွင် ဤအမြန်နှုန်းဆိုသည်မှာ ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်။
ထိုအချိန်တွင် နုနယ်သည့် မျက်နှာထားနှင့် တောက်ပသည့် မျက်ဝန်းများရှိသော လူငယ်စစ်သားလေးတစ်ယောက်က ရှက်ရွံ့စွာဖြင့် လက်ကို မြှောက်လိုက်၏။ ကျန်းယဲ့ထံမှ ခေါင်းညိတ်ခွင့်ပြုချက် ရပြီးနောက် သူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် "ရဲဘော်ကျန်းယဲ့... နိုင်ငံခြားမှာရော... ဒါမျိုး ရှိလားဟင်..." ဟု မေးလိုက်သည်။
ကျန်းယဲ့က သူ့အား အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်ကာ သေချာပေါက် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်... ကမ္ဘာပေါ်က နိုင်ငံအနည်းငယ်ကလည်း မြန်နှုန်းမြင့် ရထားနည်းပညာကို ပိုင်ဆိုင်ထားကြပါတယ်..."
သို့သော် ထို့နောက် သူက စကားအရာပြောင်းလိုက်ပြီး ဖုံးကွယ်မထားနိုင်သည့် ဂုဏ်ယူမှုများဖြင့် အသံက ပြည့်နှက်သွားကာ "ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားကွန်ရက်က ပြေးဆွဲနိုင်တဲ့ ခရီးအကွာအဝေး အရှည်ဆုံး၊ အဖွံ့ဖြိုးဆုံးကွန်ရက်နဲ့ အဆင့်အမြင့်ဆုံး နည်းပညာတွေထဲက တစ်ခုကို ပိုင်ဆိုင်ထားပါတယ်... မြန်နှုန်းမြင့် ရထားတည်ဆောက်မှုနဲ့ လည်ပတ်မှုတွေမှာ ကျွန်တော်တို့က ကမ္ဘာ့ရှေ့တန်း အကျဆုံးနေရာမှာ ရှိနေတယ်လို့ ပြောလို့ရပါတယ်..."
ဤထင်ရှားလှသည့် ခြားနားချက်ကြောင့် ကားအတွင်းရှိ လူတိုင်းမှာ အလိုလိုခါးမတ်သွားကြပြီး သူတို့၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သည့် မျိုးချစ်စိတ်နှင့် နိုင်ငံအတွက် ဂုဏ်ယူမှုတို့က တိတ်ဆိတ်စွာ ရှင်သန်ကြီးထွားလာကြသည်။
အခြား လူငယ်စစ်သားတစ်ယောက်က သတိထားမှု၊ မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေကာ သတ္တိမွေး၍ "ရဲဘော်ကျန်း... ကျွန်တော်တို့ရော ဒီမြန်နှုန်းမြင့် ရထားကို စီးခွင့်ရနိုင်မလားခင်ဗျာ..." ဟု မေးလိုက်ပြန်သည်။
ထိုမေးခွန်းကို မေးလိုက်သည်နှင့် ကားပေါ်ရှိ လူတိုင်း၏ အကြည့်များက ကျန်းယဲ့ထံသို့ ချက်ချင်း စုပြုံကျရောက်သွား၏။ ကစားစရာအသစ်များကို စမ်းကစားချင်နေသည့် ကလေးငယ်တစ်စုကဲ့သို့ ထိုမျက်ဝန်းများက တောင့်တမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြလေသည်။
ကျန်းယဲ့ ဖော်ပြခဲ့သည့် လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်း၊ မှန်ပြင်ကဲ့သို့ ချောမွေ့မှုနှင့် နာရီတစ်လုံးကဲ့သို့ တိကျမှန်ကန်မှုတို့ကို သူတို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားကြည့်ချင်နေကြသည်။
ထိုမျှော်လင့်နေကြသည့် မျက်နှာများကို ကြည့်ကာ ကျန်းယဲ့၏ အပြုံးက ပိုမို နူးညံ့ပြီး ယုံကြည်မှုရှိလာကာ အသံကျယ်ကျယ်ဖြင့် ဖြေကြားလိုက်သည်။
"ဒါပေါ့... ကျွန်တော်တို့ နောက်ထပ်သွားမယ့် ဟူမြို့ ကို ဒီကျည်ဆန်ရထားစီးပြီး သွားကြမှာပါ..." ကျန်းယဲ့၏ အသံက ကားအတွင်း၌ ပဲ့တင်ထပ်သွား၏။ "အခု ကျွန်တော်တို့ရောက်နေတဲ့ ဟန်ကျိုးမြို့ကနေ ဟူမြို့ကို မြန်နှုန်းမြင့် ရထားနဲ့သွားရင် အချိန်ဘယ်လောက်ပဲ ကြာမလဲဆိုတော့..."
သူက စပ်စုချင်နေသည့် ထိုမျက်ဝန်းများကို ကြည့်ကာ ဂဏန်းတစ်ခုကို ပြောလိုက်၏။ "မိနစ် ငါးဆယ်ပါပဲ..."
"မိနစ် ငါးဆယ်.."
"အရမ်းမြန်တာပဲ..."
"ငါတို့ အပြင်းအထန် ချီတက်ရတာထက် အများကြီး ပိုမြန်နေတာပဲ..."
ကားအတွင်း၌ အံ့ဩမှင်တက်သံများ ထွက်ပေါ်လာခဲ့ပြီး လူတိုင်းက ထိုအချိန်ကာလကြောင့် ဆွံ့အသွားကြရသည်။ သူတို့၏ အတွေးထဲတွင် အရေးကြီးသည့် မြို့ကြီးနှစ်မြို့ကို ဖြတ်သန်းရန် ရထားဖြင့်ပင် နေ့တစ်ဝက် သို့မဟုတ် ထို့ထက်ပို၍ အချိန်ယူရမည်ဖြစ်ရာ မိနစ်ငါးဆယ်ဆိုသည်မှာ လုံးဝ စိတ်ကူးမယဉ်နိုင်သည့် အမြန်နှုန်းပင်။
ဘတ်စ်ကားက မြန်နှုန်းမြင့် ရထားဘူတာရုံဆီသို့ ဦးတည်နေသည့် မိုးပျံလမ်းမပေါ်တွင် ချောမွေ့စွာ ပြေးလွှားနေပြီး ပြတင်းပေါက်အပြင်ဘက်ရှိ မြို့ပြ၏ ညရှုခင်းက စီးဆင်းနေသည့် ပန်းချီကားတစ်ချပ်နှင့် တူနေခဲ့သည်။
ဆင်းရဲနွမ်းပါးသည့် နောက်ခံများမှ လာကြပြီး သူတို့နိုင်ငံ၏ ရှင်သန်ရပ်တည်ရေးအတွက် အိမ်ကို စွန့်ခွာလာခဲ့ကြရသည့် ဤစစ်သားများကို ကြည့်ရင်း ကျန်းယဲ့၏ ရင်ထဲတွင် လှိုင်းထန်သွားသကဲ့သို့ ခံစားလိုက်ရကာ တိုးညှင်းစွာဖြင့် မေးခွန်းတစ်ခု မေးလိုက်၏။
"စီနီယာတို့၊ ရဲဘော်တို့... ဒီအခွင့်အရေးကို ယူပြီး... ခင်ဗျားတို့ရဲ့ မွေးရပ်မြေတွေကို ပြန်လည်ပတ်ကြည့်ချင်ကြလား..."
ထိုစကားကို ကြားသည်နှင့် ယခင်က ဆူညံနေခဲ့သည့် ကားလေးက ခေတ္တမျှ တိတ်ဆိတ်သွားရသည်။
အိမ်ပြန်မယ်...
ဤစကားလုံး နှစ်လုံးက သူတို့အတွက် အလွန်တရာ လေးလံပြီး အလှမ်းဝေးလွန်းလှသည်။
စစ်မီးလျှံများနှင့် မြေပြင်၏ ပျက်စီးယိုယွင်းမှုများကြားတွင် မိမိတို့၏ မွေးရပ်မြေများ ယခင်အတိုင်း ရှိ၊ မရှိ သို့မဟုတ် ချစ်ရသူများ ဘယ်ဆီဘယ်ဝယ်သို့ ရောက်သွားကြသည်ကို သူတို့ မသိနိုင်ကြချေ။ ချက်ချင်းပင် လူတိုင်း၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးလှသည့် ခံစားချက်များက ရောယှက်ကာ ထွက်ပေါ်လာကြသည်။
အသက် လေးဆယ်ခန့်ရှိပြီး မျက်နှာတွင် အမာရွတ်များရှိသည့် စစ်သားအိုကြီးတစ်ယောက်က တံတွေးမြိုချလိုက်ပြီး မယုံကြည်နိုင်မှု၊ မျှော်လင့်ချက်များ ရောယှက်နေသည့် အကြည့်များဖြင့် ကျန်းယဲ့ကို ကြည့်ကာ "ရဲဘော်ကျန်းယဲ့... တကယ်ပဲ... တကယ်ပဲ ပြန်လို့ရမှာလား..." ဟု မေးလိုက်သည်။
"ဒါပေါ့..." ကျန်းယဲ့က စိတ်ရင်းအမှန်ပါသည့် လေသံဖြင့် တည်ကြည်စွာ ခေါင်းညိတ်ပြလိုက်၏။
သို့သော်ငြားလည်း အစပိုင်း စိတ်လှုပ်ရှားမှုများအပြီးတွင် အသိတရားများ ပြန်လည်ဝင်ရောက်လာခဲ့သည်။
လူငယ်စစ်သားတစ်ယောက်က သူ၏ဘေးရှိ ရဲဘော်ကို ကြည့်လိုက်ပြီးနောက် ရှေ့တန်းတွင် ထိုင်နေသည့် ကျန်းယဲ့နှင့် တပ်မမှူးစွန်းတို့ကို ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် တွေဝေမှုနှင့် စိုးရိမ်မှုများ ပေါ်လွင်နေချေသည်။ သူက တိုးညှင်းစွာ ရေရွတ်လိုက်၏။ "ရဲဘော်ကျန်းယဲ့... ဒါက အရမ်း ဒုက္ခများပြီး မူလခရီးစဉ်ကို အနှောင့်အယှက် ဖြစ်မသွားဘူးလား..."
နှစ်ပေါင်း ၈၈နှစ်အကြာက အနာဂတ်ကမ္ဘာသို့ လာရောက်ခွင့်ရကာ ဤအရာများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခွင့်ရခြင်းကပင် သူတို့အတွက် ကြီးမားလှသည့် ကံကောင်းမှုနှင့် ကောင်းချီးတစ်ခု ဖြစ်နေပြီဖြစ်သည်။ သူတို့၏ ခေါင်းဆောင်များက ကြီးလေးသည့် တာဝန်များကို ထမ်းဆောင်နေရပြီး သူတို့၏ အချိန်က တန်ဖိုးရှိလှကြောင်းကို သူတို့ ကောင်းကောင်း သိထားကြသည်။
ထို့ကြောင့် သူတို့၏ ကိုယ်ရေးကိုယ်တာ အိမ်လွမ်းစိတ်ကြောင့် ခရီးစဉ်တစ်ခုလုံး နှောင့်နှေးသွားပြီး ပိုအရေးကြီးသည့် ကိစ္စရပ်များကို ထိခိုက်သွားမည်ကို သူတို့ လုံးဝ အဖြစ်မခံလိုကြချေ။ သူတို့၏ မွေးရပ်မြေကို နက်နက်ရှိုင်းရှိုင်း လွမ်းဆွတ်နေကြသော်လည်း ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် အများပြည်သူ တာဝန်ကို အနှောင့်အယှက် အဖြစ်ခံမည် မဟုတ်ချေ။
အခန်း ၄၉၅ပြီး၏။