← Chapters

အခန်း ၄၉၆

Vol. 50 Ch. 496

အခန်း ၄၉၆

Vol. 50 Ch. 496

အခန်း (၄၉၆) ဆူညံပွက်လောရိုက်သွားသည့် ကျည်ဆန်ရထားဘူတာရုံ

​ကျန်းယဲ့က သူတို့၏ စိုးရိမ်မှုများကို သတိထားမိသွားပြီး ချက်ချင်းပင် ရှင်းပြလိုက်သည်။ "မစိုးရိမ်ကြပါနဲ့... ခရီးစဉ်ကို လိုအပ်သလို အလွယ်တကူ ပြောင်းလဲစီစဉ်လို့ ရပါတယ်... အိမ်ပြန်ချင်တဲ့ သူတွေအတွက် သီးသန့်လူနဲ့ ကားတွေကို စီစဉ်ပေးဖို့ ကျွန်တော် ညှိနှိုင်းပေးပါ့မယ်... အားလုံးကို ကိုယ့်မွေးရပ်မြေအသီးသီးဆီ လုံခြုံစွာ လိုက်ပို့ပေးမှာပါ..."

​"အိမ်မှာ ကောင်းကောင်း လေ့လာကြည့်ရှုလို့ရသလို လမ်းလျှောက်ထွက်တာဖြစ်ဖြစ် အနာဂတ်မျိုးဆက်က ဆွေမျိုးသားချင်းတွေနဲ့ တွေ့ဆုံတာဖြစ်ဖြစ် လုပ်လို့ရပါတယ်..."

​"မွေးရပ်မြေကို ပြန်လည်ပတ်တဲ့ ခရီးစဉ်ပြီးသွားရင်တော့ စီစဉ်ထားတဲ့အတိုင်း သတ်မှတ်ထားတဲ့ နေရာမှာ ပင်မအဖွဲ့ကြီးနဲ့ ပြန်ဆုံကြတာပေါ့... အချိန်တွေက အများကြီး ရပါတယ်..."

​သူ၏ အကြည့်က ကားပေါ်ရှိ သာမန်စစ်သည်များကို ဝေ့ဝဲကြည့်လိုက်ရာ သူတို့၏ မျက်ဝန်းများတွင် တောင့်တမှုများ ပြည့်နှက်နေသော်ငြားလည်း မည်သူကမျှ ချက်ချင်း ထုတ်ဖော်မပြောကြသည်ကို သတိပြုမိလိုက်၏။ ထိုအစား သူတို့အားလုံးက ရှေ့တန်းတွင် ထိုင်နေကြသည့် တပ်မမှူးစွန်းနှင့် ရဲဘော် JY တို့ထံသို့သာ အကြည့်များ ပို့လွှတ်လိုက်ကြပြီး သူတို့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေလိုက်ကြသည်။

​J.Y နှင့် တပ်မမှူးစွန်းတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်၏ မျက်ဝန်းထဲရှိ နားလည်မှုနှင့် စိတ်လှုပ်ရှားမှုများကို အခြားတစ်ယောက်က မြင်တွေ့နေရသည်။

​နှစ်ပေါင်းများစွာ အိမ်နှင့်ဝေးကွာနေခဲ့ကြသည့် ဤစစ်သားများ၏ အနက်ရှိုင်းဆုံးနှင့် အခြေခံအကျဆုံး ဆန္ဒများကို ကိုယ်ချင်းစာနာပေးသည့် ရဲဘော်ကျန်းယဲ့၏ သေချာစဉ်းစားပေးမှုဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြ၏။

​JY က ခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်ပြီး မျှော်လင့်ချက်နှင့် ချုပ်တည်းမှုများ ပြည့်နှက်နေသည့် သူ့အနောက်ရှိ ငယ်ရွယ်သူများနှင့် မငယ်ရွယ်တော့သူများ၏ မျက်နှာများကို ကြင်နာသော အကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် လေယူလေသိမ်းဝဲသော်လည်း ဩဇာပါသည့် သူ၏အသံဖြင့် ပြောလိုက်၏။

​"ရဲဘော်တို့... အခု ငါတို့ ဒီကို ရောက်နေပြီပဲ... ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခုမို့ မင်းတို့ အသက်တွေနဲ့ ရင်းပြီး ကာကွယ်ခဲ့ရတဲ့မြေက အခု ဘယ်လိုပုံစံ ဖြစ်နေပြီလဲဆိုတာ ပြန်သွားကြည့်သင့်တယ်... သွားကြတာပေါ့..."

​တပ်မမှူးစွန်းက ရယ်မောလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ထောက်ခံလိုက်၏။ "JY ပြောတာ မှန်တယ်... အားလုံးပဲ အိမ်ပြန်ပြီး လည်ပတ်ကြ... ဒါက အမိန့်ပဲ... ငါတို့အတွက်ရော... လိုက်မလာနိုင်ခဲ့တဲ့ ရဲဘော်တွေအတွက်ပါ ငါတို့ရဲ့ မွေးရပ်မြေကို သေချာလေး ကြည့်ခဲ့ကြပါ..."

​ခေါင်းဆောင်နှစ်ဦး၏ ရှင်းလင်းသည့် စကားများနှင့် ထောက်ခံမှုကြောင့် ကားအတွင်း၌ ဖိနှိပ်ထားရသည့် စိတ်လှုပ်ရှားမှုများက ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ပြီး စစ်သည်များ၏ မျက်နှာတွင် တောက်ပသည့် အပြုံးများ ပေါ်လွင်လာကာ တစ်သံတည်း စိတ်လှုပ်ရှားစွာ တုံ့ပြန်လိုက်ကြသည်။

​"ဟုတ်ကဲ့ပါ..."

​"ကျေးဇူးတင်ပါတယ် တပ်မမှူး... ကျေးဇူးတင်ပါတယ် ရဲဘော်ကျန်းယဲ့..."

​ကျန်းယဲ့က ပြုံးလိုက်ပြီး တက်ဘလက်ကဲ့သို့သော ကိရိယာတစ်ခုကို ထုတ်ယူလိုက်သည်။ "ကောင်းပါပြီ... အခု အိမ်ပြန်ချင်တဲ့သူတွေ အလှည့်ကျ နာမည်နဲ့ မွေးရပ်မြေလိပ်စာ အတိအကျကို ပြောပြပေးပါ... ပိုအသေးစိတ်လေ ပိုကောင်းလေပါပဲ... ဒါမှ ကျွန်တော်တို့ တိကျတဲ့ စီစဉ်မှုတွေ လုပ်ပြီး ခင်ဗျားတို့ကို အမြန်ဆုံး လိုက်ပို့ပေးနိုင်မှာပါ..."

​ခဏအကြာတွင် ကားအတွင်း၌ မတူညီသည့် ဒေသသုံး လေယူလေသိမ်းများပါဝင်သော အသံများဖြင့် ပြည့်နှက်သွားရသည်။ ဖော်ပြလာသည့် နေရာအမည်တစ်ခုစီတိုင်းတွင် လေးနက်လှသည့် လွမ်းဆွတ်မှုများနှင့် မကြာမီပြည့်ဝတော့မည့် ကာလရှည်ကြာ မျှော်လင့်ခဲ့ရသော ဆန္ဒများ ပါဝင်နေချေသည်။

​တစ်ချိန်တည်းတွင် ဟန်ကျိုးကျည်ဆန်ရထားဘူတာရုံ၌...

​ခရီးသည်အများဆုံးအချိန်များတွင် ပုံမှန်အားဖြင့် လူများဖြင့် စည်ကားနေတတ်သည့် ဘူတာရုံရင်ပြင်နှင့် စောင့်ဆိုင်းခန်းမမှာ ယခုအခါ စနစ်တကျ ရှိနေခဲ့သည်။

​ရုတ်တရက် အဝေးမှနေ၍ နက်ရှိုင်းပြီး ကျယ်လောင်လှသည့် အင်ဂျင်သံကြီးများ ထွက်ပေါ်လာကာ ယခင်က ဆူညံသံများကို ဖြတ်တောက်သွား၏။

​နောကိခဏ၌ အစိမ်းရင့်ရောင် စစ်သုံးထရပ်ကားတန်းကြီးက အရှိန်တင်ကာ ဘူတာရုံ၏ သတ်မှတ်ထားသော နယ်မြေအတွင်းသို့ သပ်ရပ်စွာ ဝင်ရောက်ရပ်နားလိုက်ကြသည်။

​ကားတံခါးများ ပွင့်သွားသည်နှင့် မျက်နှာထား တည်ကြည်ပြီး လျင်မြန်ဖြတ်လတ်စွာ လှုပ်ရှားနေသည့် လူစုများက ကားပေါ်မှ အမြန်ဆင်းလာကြပြီး စစ်ဗျူဟာပုံစံဖြင့် နေရာယူလိုက်ကြသည်။ ထို့နောက် ဘူတာရုံအဝင်ပေါက်နှင့် သတ်မှတ်ထားသည့် စောင့်ဆိုင်းခန်းမကြားတွင် ရှင်းလင်းပြီး တင်းကြပ်သည့် ကာကွယ်ရေးစည်းတစ်ခုကို အလျင်အမြန် ချထားလိုက်ကြလေသည်။

​ဤမထင်မှတ်ထားသည့် မြင်ကွင်းက ခရီးသွားအားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွား၏။

​"ဝါး... ဘာတွေဖြစ်နေတာလဲ..."

​"ဘာဖြစ်တာလဲဟ... ဘာတွေများ လွဲချော်နေလို့လဲ..."

​"စစ်သားတွေ အများကြီးပဲ... ပြီးတော့ သူတို့က သေနတ်တွေပါ ကိုင်ထားတာ... ဘူတာရုံမှာ တစ်ခုခုများ ဖြစ်နေလို့လား..."

​"အရေးပေါ် တာဝန်တစ်ခုခုများ ရှိလို့လား... ဒါမှမဟုတ် အန္တရာယ်ရှိတဲ့သူတွေများ ရှိနေလို့လား..."

​"ဘုရားရေ... ကျည်ဆန်ရထားဘူတာရုံမှာ ဒါမျိုးမြင်ဖူးတာ ဒါပထမဆုံးပဲ..."

​အံ့သြရေရွတ်သံများ၊ ထင်ကြေးပေးသံများက ဆက်တိုက်ထွက်ပေါ်လာပြီး လူအုပ်ကြီးက စတင်လှုပ်ရှားလာကြသည်။ လူအများအပြားက အလိုအလျောက် ရပ်တန့်သွားကြပြီး စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ကြရာ လေထုထဲတွင် မတည်ငြိမ်မှုများ ပြန့်နှံ့သွားချေသည်။

​သို့သော် ထိုမတည်ငြိမ်မှုက အခြားသော စိတ်ခံစားချက်တစ်ခုဖြင့် အလျင်အမြန် အစားထိုးခံလိုက်ရ၏။

​လူအုပ်ထဲမှ မျက်မှန်တပ်ထားသည့် လူငယ်တစ်ယောက်က ရုတ်တရက် သူ၏ပေါင်ကို ရိုက်ချလိုက်ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် ခုန်ပေါက်လုမတတ် ဖြစ်သွားကာ အားရဝမ်းသာဖြင့် အသံကိုမြှင့်၍ အော်ပြောလိုက်၏။

​"သောက်ကျိုးနည်း... ဖြစ်နိုင်တာက... ဒါရိုက်တာကျန်း လာနေတာလား... အဲ့ဒီ... အဲ့ဒီ ဝါရင့်ရှေ့ဆောင်ကြီးတွေ အားလုံးနဲ့အတူ လာနေတာများလားဟ..."

​ထိုစကားက ဆူပွက်နေသည့် ဆီအိုးထဲသို့ ရေတစ်ပေါက် ကျသွားသကဲ့သို့ ခန်းမတစ်ခုလုံးကို ချက်ချင်းပင် ပွက်လောရိုက်သွားစေခဲ့သည်။

​"ဒါရိုက်တာကျန်းတဲ့လား... ဟုတ်တယ်လေ... ဒါရိုက်တာကျန်းကလွဲပြီး ဘယ်သူက ဒီလောက်ကြီးကျယ်တဲ့ အစောင့်အရှောက်တွေနဲ့ လာမှာလဲ..."

​"ဟုတ်တယ်... ဟုတ်တယ်... ဒါရိုက်တာကျန်းက JY နဲ့ တခြားသူတွေကို ခေါ်လာတာ သေချာတယ်..."

​"ဘုရားရေ... တကယ်ကြီးလား... ငါတို့က JY ကို ကိုယ်တိုင်ကိုယ်ကျ မြင်ရတော့မှာလား..."

​"ဦးလေးကျိုးရော ဘယ်မှာလဲ... သမ္မတဖန်ရော ဘယ်မှာလဲ... သူတို့ရော အတူတူ လိုက်လာမှာလား..."

​"မြန်မြန်... အွန်လိုင်းပေါ်မှာ သတင်းတစ်ခုခုများ ရှိနေမလားဆိုတာ ဝင်ကြည့်ကြစမ်း..."

​ဆူညံနေသည့် အော်ဟစ်သံများက ဘူတာရုံ၏ ခေါင်မိုးကိုပင် ပင့်မြှောက်လုနီးပါး ဖြစ်သွားစေသည်။ ယခင်က တင်းမာမှုနှင့် သံသယများ ပျောက်ကွယ်သွားပြီး အတိုင်းမသိ စိတ်လှုပ်ရှားမှု၊ ဝမ်းသာအားရမှုတို့ဖြင့် အစားထိုး ဝင်ရောက်လာချေသည်။

​လူများက သူတို့၏ ဖုန်းများကို ထုတ်ယူကာ လူမှုကွန်ရက်စာမျက်နှာများကို အငမ်းမရ ဝင်ကြည့်နေကြသလို ဝင်ပေါက်ဘက်သို့လည်း လည်တဆန့်ဆန့်ဖြင့် ကြည့်နေကြ၏။

​စောင့်ဆိုင်းခန်းမထဲရှိ ခရီးသည်များကလည်း အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ ဘာတွေဖြစ်နေသလဲဟု သူတို့ တွေးနေကြစဉ်မှာပင် မျက်နှာထားတည်ကြည်နေသည့် လုံခြုံရေးအဖွဲ့တစ်ဖွဲ့က စည်းချက်ညီညီ ခြေလှမ်းများဖြင့် ခန်းမထဲသို့ ဝင်ရောက်လာပြီး ခန်းမအလယ်တွင် ကျယ်ဝန်းသည့် လမ်းကြောင်းတစ်ခုကို လျင်မြန်ထိရောက်စွာ ရှင်းလင်းပေးနေသည်ကို မြင်လိုက်ကြရသည်။

​"ဘာတွေဖြစ်နေတာလဲ..."

​"ဘယ်သူ့ကို ကြိုဆိုနေကြတာလဲ..."

​"ဘုရားရေ... ဒါရိုက်တာကျန်းနဲ့ တခြားသူတွေက တကယ်ကြီး ဒီမှာ ကျည်ဆန်ရထား လာစီးကြမှာများလား..."

​ထင်ကြေးပေးမှုများက အလျင်အမြန်ပင် သေချာမှုအဖြစ်သို့ ပြောင်းလဲသွားပြီး စောင့်ဆိုင်းခန်းမတစ်ခုလုံး စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။

​ထိုင်ခုံများတွင် ထိုင်နေကြသည့် ခရီးသည်များအားလုံး မတ်တပ်ထရပ်လိုက်ကြပြီး လက်မှတ်စစ်ရန် တန်းစီနေသည့် လူတန်းကြီးမှာလည်း ချက်ချင်း ပြိုကွဲသွား၏။

​လူတိုင်းက သီးသန့်ခွဲထုတ်ထားသည့် လမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ဒီရေအလား တိုးဝှေ့သွားကြပြီး လည်ပင်းများကို ဆန့်ကာ ဖုန်းများကို မြှောက်ထားကြရင်း သူတို့၏မျက်နှာများက စိတ်လှုပ်ရှားမှုများကြောင့် တောက်ပနေကြသည်။

​လူငယ်စုံတွဲတစ်တွဲက မကြာမီ ထွက်ခွာတော့မည့် သူတို့၏ ကျည်ဆန်ရထားအတွက် တန်းစီနေကြခြင်းဖြစ်သည်။

​ကောင်မလေးက သူမချစ်သူ၏ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ မျက်ဝန်းများက လမ်းကြောင်းအဝင်ပေါက်ကိုသာ စိုက်ကြည့်ရင်း ပြတ်သားစွာ ပြောလိုက်၏။ "ငါ မသွားတော့ဘူး... ငါ လက်မှတ်ပြောင်းမယ်... ပြောင်းကို ပြောင်းရမယ်..."

​သူမ၏ ချစ်သူကလည်း စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းနေပြီး ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ "ပြောင်းမယ်... ပြောင်းကို ပြောင်းရမယ်... ရထားတွေက နေ့တိုင်းရှိတယ်... ငါတို့ရဲ့ ဘိုးဘေးတွေကို မြင်ရဖို့ဆိုတာ ဒါက တစ်ခါတည်းသော အခွင့်အရေး ဖြစ်နိုင်တယ်..."

​သူတို့သာမကဘဲ သူတို့၏ အရှေ့၊ အနောက်၊ ဘေးဘက်ရှိ လူများနှင့် ဘူတာရုံထဲသို့ ယခုမှ ဝင်လာသည့် ခရီးသည်များပင်လျှင် ဘာဖြစ်နေသည်ကို နားလည်သွားပြီးနောက် သူတို့၏ မူလအစီအစဉ်များကို စွန့်လွှတ်ကာ တန်းစီနေခြင်းမှ ထွက်လာပြီး စောင့်ကြည့်နေသည့် လူအုပ်ကြီးထဲသို့ ဝင်ရောက်ပူးပေါင်းလိုက်ကြ၏။

​ဤအခိုက်အတန့်တွင် ရထားမီရန်၊ ခရီးစဉ်၊ အချိန်... အရာအားလုံးက အရေးမကြီးတော့ချေ။

​ထိုမျှ ခမ်းနားကြီးကျယ်လှသည့် သမိုင်းကြောင်းနှင့် အလွန်နီးကပ်စွာ ရှိနေခွင့်ရရန်နှင့် စာအုပ်များ၊ ရုပ်ရှင်များထဲတွင်သာ မော့ကြည့်ခဲ့ရဖူးသည့် ထိုဘိုးဘေးများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရရန်ဆိုသည်မှာ ဘဝတွင် တစ်ကြိမ်တစ်ခါသာ ရနိုင်မည့် အခွင့်အရေးပင်။

​"ကျေးဇူးပြုပြီး မတိုးကြပါနဲ့... စည်းကမ်းတကျ နေပေးကြပါ..."

​"နောက်ဆုတ်ပေးပါ... အားလုံးပဲ နောက်နည်းနည်း ဆုတ်ပေးကြပါ... သတိပေးစည်းကို မကျော်ကြပါနဲ့..."

​"ချစ်ခင်ရပါသော ခရီးသည်များခင်ဗျာ... ကျွန်တော်တို့ရဲ့ အလုပ်ကို ပူးပေါင်းပါဝင်ပေးကြပါ... ပြီးတော့ စနစ်တကျ ကြိုဆိုပေးကြပါ... ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ လှောင်ပြောင်တာမျိုး မခံရအောင် အနာဂတ်မျိုးဆက်တွေရဲ့ အကောင်းဆုံးသော စိတ်ဓာတ်ကို ပြသလိုက်ကြရအောင်ပါ..."

​"ယဉ်ကျေးပျူငှာတဲ့ သူတွေဖြစ်အောင် နေကြပါ... တန်းစီကြပါ... သတိထားကြပါဗျ..."

​ဘူတာရုံ ဝန်ထမ်းများနှင့် အင်အားဖြည့်လုံခြုံရေး ဝန်ထမ်းများက အသံချဲ့စက်များကို အသုံးပြုကာ စည်းကမ်းထိန်းသိမ်းရန် အာခေါင်ကွဲမတတ် အော်ဟစ်နေကြရပြီး သူတို့၏ ကော်လာများမှာလည်း ချွေးများဖြင့် ရွှဲနှစ်နေချေသည်။

​သို့သော်ငြားလည်း ဒီရေအလား တိုးဝှေ့နေသည့် လူအုပ်ကြီးနှင့် အတိုင်းမသိပြင်းထန်လှသည့် စိတ်အားထက်သန်မှုတို့က လုံခြုံရေးစည်းကိုပင် ထိုးဖောက်လုနီးပါး ဖြစ်နေခဲ့သည်။

​ဟန်ကျိုးကျည်ဆန်ရထား ဘူတာရုံတစ်ခုလုံးက ဤသမိုင်းဝင် တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်လာသည့် အရင်က တစ်ခါမှ မရှိခဲ့ဖူးသော ဆူညံပွက်လောရိုက်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေချေသည်။

​လူတိုင်း၏ အကြည့်များက ရှင်းလင်းထားသည့် လမ်းကြောင်းဆီသို့သာ စူးစိုက်နေကြပြီး သူတို့၏ ရင်ထဲတွင် နှလုံးခုန်သံများ မြန်ဆန်နေကာ ဤစိတ်လှုပ်ရှားဖွယ် အခိုက်အတန့်ကို အငမ်းမရ စောင့်မျှော်နေကြတော့သည်။

အခန်း ၄၉၆ပြီး၏။

All Chapters