အခန်း ၄၉၈
Vol. 50 Ch. 498
အခန်း (၄၉၈) မိန့်ခွန်းပြောကြားခြင်း
လူတစ်စုသည် ပြင်းပြလှသော စိတ်လှုပ်ရှားမှု သမုဒ္ဒရာကြီးထဲတွင် လျှောက်လှမ်းလာကြပြီး စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသော မျက်နှာများကို ကြည့်ကာ ရင်ကွဲမတတ် အော်ဟစ်နေသံများကို နားထောင်နေကြသည်။
သူတို့သည် မုန်တိုင်းပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီး ခိုင်မာပြတ်သားစွာ ရပ်တည်နိုင်ခဲ့သော်ငြားလည်း ယခုအချိန်၌မူ သူတို့၏ နှလုံးသားများထဲတွင် ခံစားချက်ပေါင်းများစွာဖြင့် လှိုင်းထန်နေချေပြီ။
ကျန်းယဲ့သည် သူ၏ မျက်ဝန်းများထဲမှ နက်ရှိုင်းလှသော ခံစားချက်ကို လျင်မြန်စွာ သတိပြုမိလိုက်၏။ ထို့နောက် သူက အနားသို့ တိုးသွားကာ " *** ... အားလုံးက အရမ်းကို စိတ်လှုပ်ရှားနေကြတာမို့ သူတို့ကို စကားတစ်ခွန်းလောက်များ ပြောချင်သေးလား..." ဟု တိုးညှင်းစွာ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ သူက အရှေ့ဘက်သို့ ဖြည်းညှင်းစွာ ထပ်မံ အကဲခတ်ကြည့်လိုက်သည်။
လူငယ်များ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ရစ်သိုင်းနေပြီး လူလတ်ပိုင်းများမှာ သူတို့၏ လက်မောင်းများကို အစွမ်းကုန်ဝှေ့ယမ်းနေကြကာ သက်ကြီးရွယ်အိုများမှာမူ နှုတ်ခမ်းများ တုန်ယင်လျက် တိတ်ဆိတ်စွာ ငိုကြွေးနေကြသည်ကို မြင်တွေ့လိုက်ရ၏။
ထိုမျက်နှာများက အစွမ်းကုန် အော်ဟစ်နေမှုကြောင့် နီရဲနေကြသည်။
သို့သော်ငြားလည်း ထိုမျက်ဝန်းများက ကြယ်ရောင်များကဲ့သို့ တောက်ပကာ စိတ်အားထက်သန်နေပြီး အကန့်အသတ်မရှိသော ရိုသေလေးစားမှု၊ ချစ်ခင်မြတ်နိုးမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူ၏ မျက်နှာပေါ်တွင် နူးညံ့ကာ ကျေနပ်နေသည့် အပြုံးတစ်ခု ပေါ်လာပြီးနောက် ကျန်းယဲ့အား ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။
ကျန်းယဲ့က ချက်ချင်းပင် နားလည်သွား၏။ သူက စိတ်ထဲမှ အနည်းငယ် တွေးလိုက်သည်နှင့် ရိုးရှင်းသော်လည်း နည်းပညာမြင့်မားသော အိတ်ဆောင်အသံချဲ့စက်နှင့် မိုက်ကရိုဖုန်းတစ်ခုက သူ၏ လက်ထဲတွင် လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်လာခဲ့သည်။
ထို့နောက် သူက မိုက်ကရိုဖုန်းကို ကျွမ်းကျင်စွာ ချိန်ညှိလိုက်ပြီးနောက် ထိုလူကြီးမင်းအား လေးစားစွာဖြင့် ကမ်းပေးလိုက်လေသည်။
ဘတ်စ်ကား၏ အရှေ့တန်းအနီးရှိ ခရီးသည်များက ကျန်းယဲ့ မိုက်ကရိုဖုန်း ထုတ်ယူလိုက်သည်ကို မြင်တွေ့လိုက်ရပြီးနောက် *** က ထိုမိုက်ကရိုဖုန်းကို လှမ်းယူလိုက်သည်ကို မြင်လိုက်ရသောအခါ ဘာဖြစ်လာတော့မည်ဆိုသည်ကို ချက်ချင်း သဘောပေါက်သွားကြ၏။
စိတ်လှုပ်ရှားမှုကြောင့် ပြည့်လျှံသွားကာ သူတို့က နောက်ဘက်ရှိ တိုးဝှေ့နေသော လူအုပ်ကြီးထံသို့ ချက်ချင်းပင် အဆက်မပြတ် ဝှေ့ယမ်းပြလိုက်ကြပြီး ထိန်းချုပ်ထားရသည့် တိုးညှင်းသော အသံများဖြင့် အော်ဟစ်သတိပေးလိုက်ကြသည်။
"တိတ်ကြ... အားလုံး တိတ်တိတ်နေကြ..."
"စကားမပြောကြနဲ့တော့... နားထောင်... နားထောင်ကြ..."
"တိတ်တိတ်နေကြပါဟ..."
ဒုတိယထပ်ရှိ ခရီးသည်များကလည်း အောက်ဘက်မှ ရုတ်ရုတ်သဲသဲ ဖြစ်နေမှုကို သတိပြုမိသွားကြပြီး စိတ်လှုပ်ရှားမှုကြောင့် ဘာဖြစ်နေမှန်း မသိသေးသော အောက်ထပ်ရှိ လူအုပ်ကြီးအား သတိပေး အော်ဟစ်လိုက်ကြသည်။
"ရှူး... ဆူညံမနေကြနဲ့တော့..."
"တိတ်တိတ်နေကြ... စကားပြောတော့မယ်ဟေ့..."
ထိုသတိပေးသံများက ရေလှိုင်းများကဲ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။
နောက်ခဏ၌ ခေါင်မိုးပွင့်ထွက်မတတ် ဆူညံနေသော အော်ဟစ်သံများနှင့် လက်ခုပ်သံများမှာ ဆုတ်ခွာသွားသော ရေလှိုင်းများကဲ့သို့ အံ့ဩဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ အားပျော့သွားပြီး တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက သူတို့၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားလိုက်ကြပြီး အသက်ကိုပြင်းပြင်းကာ မိုက်ကရိုဖုန်းကို ကိုင်ထားသည့် *** ၏ ပုံရိပ်ထံသို့ မျှော်လင့်ချက်အပြည့်ပါသော အကြည့်များဖြင့် စူးစိုက်ကြည့်နေကြ၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် တစ်ချိန်က ဆူညံနေခဲ့သော ခရီးသည်နားနေဆောင်ကြီးမှာ အပ်ကျသံကိုပင် ကြားရလောက်အောင် လုံးဝ တိတ်ဆိတ်သွားခဲ့ချေပြီ။
လေထုထဲတွင် ပူပြင်းတောက်လောင်နေသော ရေတွက်မရနိုင်သည့် အကြည့်များသာ ရောယှက်နေပြီး တိတ်ဆိတ်သော ရေစီးကြောင်းကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။
ထိုကဲ့သို့ လုံးဝ တိတ်ဆိတ်နေမှုကြီးထဲတွင် သူက မိုက်ကရိုဖုန်းကို နှုတ်ခမ်းနားသို့ တေ့လိုက်သည်။ အထူးပြုလုပ်ထားသည့် အသံစနစ်မှတစ်ဆင့် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသော သူ၏ တည်ငြိမ်လှသည့် အသံက ခန်းမ၏ နေရာအနှံ့သို့ ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့၏။
" ***** "
( NT- မူရင်းမှာ အဲ့လိုပဲပါတယ်ဗျ )
ရင်းနှီးကျွမ်းဝင်ကာ နွေးထွေးလှသော ထိုနှုတ်ခွန်းဆက်စကားက အချိန်ကာလကို ဖြတ်သန်းလာသည့် စွမ်းအားများ ပါဝင်နေသကဲ့သို့ လူတိုင်း၏ နှလုံးသားကို နက်ရှိုင်းစွာ တုန်လှုပ်သွားစေသည်။
အဝေးမှ တိုးတိုးတိတ်တိတ် စကားပြောသံများပင် လုံးဝ ပျောက်ကွယ်သွားပြီး ထိုနေရာတစ်ခုလုံးတွင် ပဲ့တင်သံများသာ ကျန်ရစ်နေခဲ့ချေသည်။
သူက အနည်းငယ် ရပ်တန့်လိုက်ပြီး သူ၏ အကြည့်များက အခန်းတွင်းသို့ ထပ်မံ ရောက်ရှိသွားကာ တက်ကြွလှုပ်ရှားနေသော လူငယ်များ၏ မျက်နှာများကို ကြည့်လျက် ဆက်ပြောလိုက်သည်။
" ***** "
ထိုနှုတ်ခွန်းဆက်စကားအဆုံးတွင် တစ်ခန်းမလုံးရှိ လူများက မည်သည့် ညွှန်ကြားမှု နှင့် အမိန့်ပေးမှုမှ မပါဘဲ သွေးကြောများထဲတွင် နက်ရှိုင်းစွာ ကိန်းအောင်းနေသော ဗီဇတစ်ခုကို နှိုးဆွလိုက်သကဲ့သို့ နိုးကြားလာကြတော့သည်။
ပထမထပ် သို့မဟုတ် ဒုတိယထပ်တွင်ရှိသော အသက်အရွယ်၊ ကျားမ မရွေး ခရီးသည်အားလုံးက သူတို့၏ ခွန်အားအားလုံးကို တစ်ပြိုင်နက်တည်း ထုတ်သုံးလိုက်ကြပြီး ရင်ကော့ကာ တောင်တန်းကြီးတစ်ခု ဟိန်းဟောက်လိုက်သကဲ့သို့ တညီတညွတ်တည်း တုန့်ပြန်လိုက်ကြ၏။
" ******* "
ထိုတုန့်ပြန်သံက ခေါင်မိုးကိုပင် ပွင့်ထွက်သွားစေလောက်အောင် အစွမ်းထက်ကာ ဟိန်းဟောက်နေခဲ့သည်။ ရာစုနှစ်တစ်ခုနီးပါး ကိန်းအောင်းနေခဲ့သော အသံကြီးက ယခုအချိန်၌ ရုတ်တရက် ပေါက်ကွဲထွက်လာသကဲ့သို့ အကန့်အသတ်မရှိသော ရိုသေလေးစားမှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေချေသည်။
ထိုအသံကြီးက မြန်နှုန်းမြင့် ရထားဘူတာရုံ၏ ခေတ်မီအမိုးခုံးကြီးကို ထိုးဖောက်ကာ ကောင်းကင်ယံသို့ တက်လှမ်းသွားပြီး အဝေးသို့ လွင့်မျောသွားကာ အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်သည့် ဤသမိုင်းဝင် တွေ့ဆုံမှုကြီးထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားခဲ့လေသည်။
စိတ်လှုပ်ရှားကာ စိတ်အားထက်သန်နေသော လူအုပ်ကြီးကြားတွင် လူငယ်များစွာက သူတို့၏ ဖုန်းများကို မြှောက်ကာ တိုက်ရိုက်ထုတ်လွှင့်မှုများ စတင်လိုက်ကြသည်။
အစပိုင်းတွင် သူတို့က ဤရှားပါးလှသော မြင်ကွင်းကို မှတ်တမ်းတင်ကာ ဆွေမျိုးမိတ်ဆွေများအား ဝေမျှချင်ရုံသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် သူ၏ ရောက်ရှိလာမှုကို တရုတ်လူမျိုးများ ပိုမိုမြင်တွေ့စေချင်၍လည်း ဖြစ်နိုင်ပေသည်။
သို့သော် ကင်မရာများက ရိုးရှင်းစွာ ဝတ်ဆင်ထားသော အဖွဲ့အား ဖမ်းယူမိလိုက်ချိန်၌ အထူးသဖြင့် ထိုပုံရိပ်ပေါ်လာသည့်အခါ တစ်ချိန်က သာမန်တိုက်ရိုက်ထုတ်လွှင့်သူများသာ ဖြစ်ခဲ့သည့် သူတို့၏ ကြည့်ရှုသူအရေအတွက်မှာ ဒုံးပျံတစ်စင်းလို ထိုးတက်သွားကြသည်။
ထောင်ဂဏန်း၊ သောင်းဂဏန်း၊ သိန်းဂဏန်း... အွန်လိုင်းမှ ကြည့်ရှုသူအရေအတွက်မှာ ရူးသွပ်ဖွယ်ရာ ခုန်တက်သွားပြီး ပလက်ဖောင်း၏ ဆာဗာများကိုပင် ဖိအားပေးလာခဲ့သည်။
လူကိုယ်တိုင် မလာရောက်နိုင်ခဲ့သည့် ရေတွက်မရနိုင်သော အင်တာနက်အသုံးပြုသူများမှာ ဤသမိုင်းဝင် အခိုက်အတန့်ကို သူတို့၏ မျက်နှာပြင်ငယ်လေးများမှတစ်ဆင့် စူးစိုက်ကြည့်ရှုနေကြပြီး သူတို့၏ ခံစားချက်များကလည်း ပွဲ၏ လေထုနှင့်အတူ တက်လိုက်ကျလိုက် ဖြစ်နေကြသည်။
နားနေဆောင်အတွင်း၌မူ ထောင်ပေါင်းများစွာသော ခရီးသည်များက အဆုံးအစမဲ့ ရိုသေလေးစားမှုများဖြင့် သူ့အား တညီတညွတ်တည်း အော်ဟစ်ကာ တုန့်ပြန်နေကြ၏။
မြန်နှုန်းမြင့် ရထားဘူတာရုံ၏ ရုပ်ဝတ္ထုနယ်မြေထဲတွင်သာ မဟုတ်ချေ။
လင်းလက်နေသော မိုဘိုင်းဖုန်း မျက်နှာပြင်များ၊ တက်ဘလက်မျက်နှာပြင်များနှင့် ကွန်ပျူတာမျက်နှာပြင်တိုင်း၏ အရှေ့တွင် ဤမြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ကြည့်ရှုနေကြသော သောင်းနှင့်ချီသည့် အင်တာနက်အသုံးပြုသူများမှာလည်း လုံးဝ မီးတောက်လောင်သွားသကဲ့သို့ ခံစားချက်များ အထွတ်အထိပ်သို့ ရောက်ရှိသွားကြရသည်။
မမြင်ရသော စွမ်းအားတစ်ခုက အင်တာနက်မှတစ်ဆင့် လူတိုင်း၏ နှလုံးသားများကို အတူတကွ ချိတ်ဆက်ပေးလိုက်သကဲ့သို့ပင်။
မှတ်ချက်ပေးသည့် နေရာမှာလည်း ထိုအခိုက်အတန့်၌ မှတ်သားလောက်ဖွယ်ရာ တပြေးညီ ဖြစ်နေခဲ့သည်။
ရှုပ်ထွေးနေသော အာမေဍိတ်သံများနှင့် မျက်ရည်ကျရပါတယ်ဆိုသည့် စာသားများ မရှိတော့သလို ရူးသွပ်ဖွယ် လက်ဆောင်ပေးသည့် အထူးပြုလုပ်ချက်များလည်း မရှိတော့ချေ။
မျက်နှာပြင်တစ်ခုလုံးအား ဖုံးလွှမ်းလုနီးပါး ထူထပ်စွာဖြင့် ညီညာစွာအပေါ်သို့ တက်သွားသည့် လေးနက်ကာ လောင်ကျွမ်းနေသော စာလုံး သုံးလုံးမှလွဲ၍ မျက်နှာပြင်တစ်ခုလုံးတွင် တစ်ပြေးညီ၊ လွှမ်းမိုးနိုင်သော စာလုံးတန်းကြီးများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
【**********】
【**********】
【**********】
【**********】
...
ယခုအချိန်၌ သမိုင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နေရသည့် ဟန်ကျိုးမြန်နှုန်းမြင့် ရထားဘူတာရုံမှ လူများဖြစ်စေ၊ နိုင်ငံတစ်ဝှမ်းနှင့် ကမ္ဘာအနှံ့တွင် ပြန့်ကျဲနေပြီး မျက်နှာပြင်မှတစ်ဆင့် ကြည့်ရှုနေကြသည့် သန်းပေါင်းများစွာသော တရုတ်လူမျိုးများဖြစ်စေ၊ သူတို့အားလုံး၏ နှလုံးသားများက ဤအခိုက်အတန့်၌ပင် ရှိနေခဲ့ကြသည်။
ရုပ်ဝတ္ထုနယ်မြေထဲတွင် ဖြစ်စေ၊ အင်တာနက်၏ ပုံရိပ်ယောင်ကမ္ဘာထဲတွင် ဖြစ်စေ။
တူညီသော သွေးဆက်နွယ်မှု စီးဆင်းနေပြီး တူညီသော မှတ်ဉာဏ်များကို သယ်ဆောင်ထားကာ တူညီသော လေးစားမှုကို ရင်ဘတ်ထဲတွင် ထည့်ထားကြသည့် ဝိညာဉ်အားလုံးက နေရာဒေသ အတားအဆီးများကို ကျော်လွန်လျက် တူညီသော နှုတ်ခွန်းဆက်စကားနှင့် ခံစားချက်များကို အလိုအလျောက် တညီတညွတ်တည်း ထုတ်ဖော်ပြသလိုက်ကြသည်။
မျက်နှာပြင်ပေါ်နှင့် မျက်နှာပြင်အပြင်ဘက်....အွန်လိုင်းနှင့် အော့ဖ်လိုင်း.... နှလုံးသား၏ နက်ရှိုင်းသော နေရာမှ မြစ်ဖျားခံလာသည့် မကြုံစဖူးသော စည်းလုံးညီညွတ်မှုကြီးတစ်ခုကို ဤအခိုက်အတန့်၌ ရရှိသွားခဲ့ပြီ ဖြစ်သည်။
ဤသည်က ***** ထံသို့ နှုတ်ခွန်းဆက်ခြင်းသာမက ခေတ်ကာလတစ်ခုကို ဂုဏ်ပြုခြင်းလည်း ဖြစ်ပေသည်။
၎င်းက စိတ်ဝိညာဉ်တစ်ခု၏ အမွေအနှစ်ဖြစ်သည်။
၎င်းသည် တရုတ်လူမျိုးအားလုံးက အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်၍ ဤအခိုက်အတန့်တွင် ပြီးမြောက်ခဲ့သော စုပေါင်းတုန့်ပြန်မှုနှင့် သမိုင်းဝင် ဆွေးနွေးမှုကြီးပင်။
ဤတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပေါ်လာသည့် စည်းလုံးညီညွတ်မှုက ကမ္ဘာတစ်ဝှမ်းရှိ လေ့လာစောင့်ကြည့်သူများကိုပါ အထင်ကြီးသွားစေခဲ့သည်။
တရုတ်လူမျိုးများ၏ နှလုံးသားထဲတွင် **** ၏ အစားထိုးမရနိုင်သော နေရာကို သူတို့ မြင်တွေ့ခဲ့ရပြီး ဤလူမျိုး၏ သွေးဆက်နွယ်မှုအတွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသော စည်းလုံးညီညွတ်မှုကိုလည်း မြင်တွေ့ခဲ့ကြရသည်။ မည်သည့်အမိန့်ပေးမှုမှ မပါဘဲ ချက်ချင်း ပေါင်းစပ်သွားသည့် မယိမ်းယိုင်ကာ ဖျက်ဆီး၍မရနိုင်သော စည်းလုံးမှုပင်။
ဤတိတ်ဆိတ်နေသော မြင်ကွင်းက မည်သည့် ကြေညာချက်ထက်မဆို ပိုမိုအစွမ်းထက်သော အချက်ပြမှုတစ်ခုကို ပေးပို့နေလေသည်။
ဤစွမ်းအားက တိတ်ဆိတ်နေသော်ငြားလည်း နားကွဲမတတ် ဆူညံနေချေသည်။
(NT- ***** ဒါတွေက မူရင်းဆရာက ဆင်ဆာမလွတ်တာတွေဖြစ်နေလို့ အဲ့လိုပဲရေးထားတာပါ )
အခန်း ၄၉၈ပြီး၏။