အခန်း ၄၉၉
Vol. 50 Ch. 499
အခန်း (၄၉၉) ဟူမြို့တော် ဆူပွက်သွားခြင်း
ကျန်းယဲ့နှင့် သူ၏အဖွဲ့က အထူးသီးသန့်ဂိတ်ပေါက်မှတစ်ဆင့် ဖြတ်သန်းသွားကြပြီး ခရီးသည်များ၏ ရိုသေလေးစားမှုနှင့် နှမြောတသဖြစ်နေမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ခြံရံလျက် ဟန်ကျိုး မြန်နှုန်းမြင့် ရထားဘူတာရုံ၏ နားနေဆောင်မှ ထွက်ခွာလာကာ အသင့်ပြင်ဆင်ထားသော ငွေရောင် မြန်နှုန်းမြင့်ရထားပေါ်သို့ တက်ရောက်သွားလိုက်ကြသည်။
ရထား၏ သတင်းအချက်အလက်ပြ မျက်နှာပြင်ပေါ်တွင် ခရီးဆုံးပန်းတိုင်အဖြစ် ဟူမြို့တော်ဟု ရှင်းလင်းစွာ ပေါ်လာသောအခါ ထိုအသေးစိတ်အချက်ကို သတိပြုမိသွားကြသော ခရီးသည်များစွာမှာ ချက်ချင်းပင် သဘောပေါက်သွားကြ၏။
ထိုသတင်းမှာ အင်တာနက်ပေါ်တွင် တောမီးလောင်သည့်အလား လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ချေပြီ။
ဟူမြို့တော် မြန်နှုန်းမြင့်ရထားဘူတာရုံ၊ ထွက်ပေါက်အထပ်။
နားကြပ်တပ်ထားသော လူငယ်တစ်ယောက်က ဗီဒီယိုတိုများကို ပျင်းရိပျင်းတွဲ ကြည့်ရှုနေစဉ် ပုံမှန်မဟုတ်ဘဲ မျက်စိဖမ်းစားနိုင်လှသော ခေါင်းစဉ်တစ်ခုဖြင့် သတိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
[တိုက်ရိုက်သတင်းပေးပို့ချက် - ကျန်းယဲ့သည် သမိုင်းဝင် လူပုဂ္ဂိုလ်ကြီးများနှင့်အတူ မြန်နှုန်းမြင့်ရထား GXX ဖြင့် ဟူမြို့တော်သို့ ခရီးဆက်နေပြီ ဖြစ်သည်။ ဘူတာရုံသို့ ရောက်ရှိမည့် ခန့်မှန်းအချိန်မှာ...]
ထိုလူငယ်သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ဗီဒီယိုကို ဖွင့်ကြည့်လိုက်ရာ ဟန်ကျိုးဘူတာရုံတွင် လူထောင်ပေါင်းများစွာ အော်ဟစ်အားပေးနေသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
သူက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ပြီး ဘာစကားမှမပြောဘဲ ကျောပိုးအိတ်ကို ကောက်လွယ်ကာ သူတက်ရတော့မည့် ရထားကိုပင် လျစ်လျူရှုလျက် ထွက်ပေါက်ဆီသို့ လှည့်ကာ ခပ်သုတ်သုတ် လျှောက်သွားလေတော့သည်။
သူ့ကဲ့သို့ပင် နောက်ဆုံးစက္ကန့်မှ အစီအစဉ်များကို ပြောင်းလဲလိုက်သည့် လူများမှာ ပို၍ပို၍ များပြားလာ၏။
သူတို့သည် မူလက ဟူမြို့တော်မှ ထွက်ခွာရန် ပြင်ဆင်နေကြသူများ သို့မဟုတ် ယခုမှ ရောက်ရှိလာကြသူများ ဖြစ်ကြသော်လည်း သူတို့၏ ဖုန်းပေါ်ရှိ သတိပေးချက်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် လူတိုင်းက တညီတညွတ်တည်း လှည့်ထွက်လာကြပြီး ထိန်းချုပ်ထားရသော စိတ်လှုပ်ရှားမှုများ အပြည့်ဖြင့် ထွက်ပေါက်ဆီသို့ စုရုံးရောက်ရှိလာကြသည်။
ဖုန်း မကြာခဏ မသုံးတတ်ဘဲ နားနေဆောင်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသော ခရီးသည်များမှာမူ အစပိုင်းတွင် ပြေးထွက်သွားကြသူ အနည်းငယ်ကို သတိမပြုမိခဲ့ကြချေ။
သို့သော် ထွက်ခွာသွားသည့် လူအရေအတွက် သိသိသာသာ များပြားလာပြီး အချို့မှာ ပြေးပင် ပြေးလွှားလာကြသောအခါ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူတို့ နောက်ဆုံးတွင် သတိထားမိသွားကြ၏။
"ဘာတွေဖြစ်နေတာလဲ... ဘာလို့ လူတိုင်း အပြင်ကို ပြေးထွက်နေကြတာလဲ..." လူလတ်ပိုင်း ခရီးသည်တစ်ဦးက ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
သူ့ဘေးရှိလူကလည်း ဇဝေဇဝါဖြစ်စွာဖြင့် "ငါလည်း မသိဘူးလေ။ အပြင်မှာ တစ်ခုခုများ ဖြစ်လို့လား..."
တစ်စုံတစ်ယောက်က အပြင်သို့ ကမန်းကတန်း ပြေးထွက်သွားသည့် လူငယ်တစ်ဦးအား တားဆီးရန် ကြိုးစားလိုက်သည်။ "လူလေး... အပြင်မှာ ဘာတွေဖြစ်နေတာလဲ"
ထိုလူငယ်၏ မျက်ဝန်းများက တောက်ပသွားပြီး လက်ကို ကမန်းကတန်း ဝှေ့ယမ်းကာ "ဘာ... ဘာမှမဖြစ်ပါဘူး။ ကျွန်တော်က... လေကောင်းလေသန့်လေး ထွက်ရှူမလို့ပါ" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် တားဆီးထားမှုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်ကာ ခြေတစ်လှမ်း နောက်ကျသွားမည်ကို စိုးရိမ်သည့်အလား လူအုပ်ကြီးထဲသို့ ရောနှောဝင်ရောက်သွားတော့သည်။
ယခုအချိန်၌ သတင်းကို ကြိုတင်သိရှိထားပြီး ထွက်ပေါက်ဆီသို့ ပြေးသွားကြသူများက တိတ်ဆိတ်သော နားလည်မှုတစ်ခုကို ရရှိထားပုံပေါ်လေသည်။
သူတို့က အကောင်းဆုံး ကြည့်ရှုနိုင်မည့် နေရာကို ရရှိစေရန် ဤလျှို့ဝှက်ချက်ကို သိရှိသူ တတ်နိုင်သမျှ နည်းပါးစေရန် မျှော်လင့်လျက် နှုတ်ဆိတ်နေခဲ့ကြသည်။
သို့ရာတွင် လျှို့ဝှက်ချက်ဟူသည် ထာဝရ ဖုံးကွယ်ထား၍ မရနိုင်ချေ။
ရုတ်တရက်ဆိုသလို နားနေဆောင်၏ ထောင့်တစ်နေရာမှ အလွန်အမင်း စိတ်လှုပ်ရှားနေမှုကြောင့် အသံကိုပင် မထိန်းချုပ်နိုင်တော့သည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကျစ်... သတင်းတွေ သွားကြည့်ကြစမ်း... ကျန်းယဲ့နဲ့ လူကြီးမင်းတို့က ဟူမြို့တော်ကို လာနေကြပြီဟေ့။ ငါတို့ ဘူတာရုံကို ရောက်လာတော့မှာ..."
ထိုအော်ဟစ်သံသည် တိတ်ဆိတ်ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ပင်။
စကားပြောနေကြဆဲ၊ အနားယူနေကြဆဲ သို့မဟုတ် အစာစားနေကြဆဲ ဖြစ်သော ပတ်ဝန်းကျင်ရှိ ခရီးသည်အားလုံးက သူတို့၏ လှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး သူတို့၏ အကြည့်များက စကားပြောခဲ့သူထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြ၏။
လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားကြောင်း မြင်လိုက်ရသောအခါ ထိုလူက အခြား မည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ သူ၏ ဖုန်းကို လက်ညှိုးထိုးကာ "သတင်းကို ကိုယ့်ဘာသာကိုယ် ဝင်ကြည့်ကြ.. ရေပန်းအစားဆုံး သတင်းတွေထဲမှာ နံပါတ်တစ် ဖြစ်နေပြီဟေ့..." ဟု အော်ဟစ်လိုက်လေသည်။
ထိုသို့ပြောပြီးနောက် သူဟာ ခရီးဆောင်အိတ်ကို ဆွဲကာ ထွက်ပေါက်ဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။
ဤသည်က တိုက်ပွဲဝင် ခရာသံ မှုတ်လိုက်သကဲ့သို့ပင် ဖြစ်သွားချေပြီ။
အစပိုင်းတွင် ခပ်သုတ်သုတ်သာ လျှောက်နေကြသူများက ချက်ချင်းပင် ပြေးလွှားလာကြပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားချင်သည့် သူတို့၏ ယခင်ရည်ရွယ်ချက်များ လုံးဝ ပျောက်ကွယ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် မမြန်လျှင် မတ်တတ်ရပ်ရန် နေရာလေးပင် ကျန်တော့မည် မဟုတ်ကြောင်း လူတိုင်း သိနေကြသောကြောင့်ပင်။
ရုတ်တရက် ဟူမြို့တော် မြန်နှုန်းမြင့်ရထားဘူတာရုံအတွင်းတွင် ထူးဆန်းသော ပြောင်းပြန်စီးဆင်းမှု ဖြစ်စဉ်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။
လက်မှတ်စစ်ဂိတ်များ သို့မဟုတ် နားနေဆောင်များဆီသို့ သွားမည့်အစား ခရီးသည်အများအပြားက ထွက်ပေါက်ဆီသို့ ရေလှိုင်းကြီးများအလား တိုးဝှေ့သွားကြပြီး ပုံမှန်ခရီးသည် စီးဆင်းမှုနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသော လူရေစီးကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုသို့ တိုးဝှေ့မှုမှာ မြန်နှုန်းမြင့် ဘူတာရုံအတွင်း၌သာ ကန့်သတ်ထားခြင်း မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် ဟူမြို့တော်တစ်ဝှမ်းရှိ ရေတွက်မရနိုင်သော လူများစွာက ဤပေါက်ကွဲလုမတတ် သတင်းကြီးကို သူတို့၏ မိုဘိုင်းဖုန်းများတွင် လက်ခံရရှိခဲ့ကြသည်။
ရုံးအဆောက်အအုံအတွင်းတွင် တစ်စုံတစ်ယောက်သည် သူ၏ ကုတ်အင်္ကျီကို ဆွဲယူကာ ဓာတ်လှေကားဆီသို့ ပြေးသွားခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များ၏ မေးမြန်းမှုကို "ခွင့်ယူလိုက်ပြီ... နတ်ဘုရားတွေကို သွားကြည့်မလို့ဟေ့" ဟူသော စကားတစ်ခွန်းသာ ချန်ထားရစ်ခဲ့သည်။
ကျောင်းတွင်မူ ဆရာတစ်ယောက်က စင်အောက်မှ ဂနာမငြိမ်ဖြစ်နေသော ကျောင်းသားများကို ကြည့်ကာ သက်ပြင်းချလိုက်ပြီးနောက် ကျောင်းသုံးစာအုပ်ကို ပိတ်လိုက်သည်။ "သွားကြစို့... ဒီသင်ခန်းစာက သမိုင်း လက်တွေ့သင်ခန်းစာ ဖြစ်သွားပြီ...."
လူနေအဆောက်အအုံအတွင်းရှိ အဘွားအိုတစ်ဦးကလည်း သူမ၏ လက်ဖက်ရည်ပန်းကန်ကို ချထားလိုက်ပြီး သူမ၏ သားသမီးများကို တိုက်တွန်းလိုက်ပြန်၏။ "မြန်မြန်... ငါ့ကို ဘူတာရုံကို လိုက်ပို့ကြစမ်း... သူတို့ကို သွားတွေ့ရမယ်"
...
သတင်းကို မြင်လိုက်ရသည်နှင့် လူတိုင်းက မည်သည့်အရာကို လုပ်နေသည်ဖြစ်စေ ဟူမြို့တော် မြန်နှုန်းမြင့်ရထားဘူတာရုံဆီသို့ ချက်ချင်း ထွက်ခွာသွားကြတော့သည်။
အချို့က အနီးဆုံး မြေအောက်ရထားဘူတာရုံသို့ ပြေးသွားကြပြီး အချို့က သူတို့၏ ကားများကို စက်နှိုးလိုက်ကြကာ အနီးနားရှိ နေထိုင်သူများမှာ မျှဝေအသုံးပြုသည့် စက်ဘီးများကိုပင် လုယက်စီးနင်းသွားကြလေသည်။
သယ်ယူပို့ဆောင်ရေး ယာဉ်အားလုံးက တူညီသော ခရီးဆုံးပန်းတိုင်ဆီသို့သာ ဦးတည်နေကြ၏။
အလိုအလျောက် ဖြစ်ပေါ်လာသော ဧရာမ အလုအယက်သွားလာမှုကြီးက ဤခေတ်မီ မြို့တော်ကြီး၏ သွေးကြောများတစ်လျှောက် လျင်မြန်စွာ စီးဆင်းသွားလေသည်။
ယခုအချိန်၌ ဟူမြို့တော် မြန်နှုန်းမြင့်ရထားဘူတာရုံ၏ ထွက်ပေါက်အသီးသီးမှ အပြင်ဘက်အခြေအနေမှာ လုံးဝကို ထူးခြားနေခဲ့ပြီ ဖြစ်၏။
လုံခြုံရေးယာဉ်အများအပြား တိတ်ဆိတ်စွာ ရပ်နားထားပြီး ဝတ်စုံပြည့် သို့မဟုတ် အရပ်ဝတ်ဝတ်ဆင်ထားသော လုံခြုံရေးဝန်ထမ်း အများအပြားမှာ တည်ကြည်လေးနက်စွာ ရပ်နေကြကာ လုံခြုံရေးထိန်းချုပ်မှုကို တိတ်ဆိတ်စွာ ချမှတ်ထားကြ၏။ အဓိက ဧရိယာတွင် တင်းကျပ်သော ယာဉ်ကြောထိန်းချုပ်မှုနှင့် လူအုပ်စီမံခန့်ခွဲမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့ မြန်နှုန်းမြင့်ရထားဘူတာရုံသို့ မရောက်ရှိလာမီကပင် ဟူမြို့တော် မြန်နှုန်းမြင့်ရထားဘူတာရုံ အပြင်ဘက်ရှိ ရင်ပြင်နှင့် ပတ်ဝန်းကျင် လမ်းမများပေါ်တွင် လူများဖြင့် ပြည့်လျှံနေပြီး အဆုံးစွန်ထိတိုင် မြင်တွေ့နေရသည်။
လေထုထဲတွင် ပူပြင်းတောက်လောင်နေသော မျှော်လင့်ချက်များ ပြည့်နှက်နေပြီး လူတိုင်းက အတိတ်မှ ရောက်ရှိလာမည့် ရထားတစ်စင်းနှင့် စစ်ပွဲမီးတောက်များထဲမှ ထွက်ပေါ်လာခဲ့သော သူရဲကောင်းများအတွက် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြ၏။
ပလက်ဖောင်းပေါ်တွင် အီလက်ထရောနစ် မျက်နှာပြင်များက ရောက်ရှိလာတော့မည့် ရထားအချိန်ဇယားများကို ရှင်းလင်းစွာ ပြသထားသည်။
GXXX ရထား၊ ဟန်ကျိုးအရှေ့ဘက် → ဟူမြို့တော်" ဟူသော စာကြောင်း၏ နောက်တွင် (အထူးရထား)ဟူသော ကွင်းခတ်စာသားလေးတစ်ခု တိတ်ဆိတ်စွာ ထပ်မံပေါ်လာသောအခါ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ခရီးသည်အားလုံး၏ နောက်ဆုံး သံသယများပင် လုံးဝ ပျောက်ကွယ်သွားပြီး ပိုမို၍ ပြင်းထန်လှသော စိတ်လှုပ်ရှားမှုများဖြင့် အစားထိုးဝင်ရောက်လာကြသည်။
"တကယ်ပဲ... တကယ် လာနေပြီဟေ့.."
အထူးရထား ပလက်ဖောင်းပေါ်သို့ ချောမွေ့စွာ ဆိုက်ရောက်လာပြီဖြစ်ကြောင်း ကြေညာချက်ကို ရှင်းလင်းစွာ ကြားလိုက်ရသောအခါ.....
အနည်းငယ် လှုပ်လှုပ်ရွရွဖြစ်ကာ တိုးတိုးတိတ်တိတ် စကားပြောသံများဖြင့် ပြည့်နှက်နေခဲ့သော ထွက်ပေါက်ရင်ပြင်ကြီးက မမြင်ရသော လက်တစ်ဖက်က ရုတ်တရက် နှုတ်ဆိတ်သွားစေလိုက်သည့်အလား။
ဆူညံသံများအားလုံး ရုတ်တရက် ရပ်တန့်သွားပြီး ခက်ခဲစွာ ထိန်းချုပ်ထားရသော စိတ်လှုပ်ရှားမှုများ၊ အသက်ရှုရပ်မတတ် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသော ထောင်သောင်းချီသည့် မျက်ဝန်းများသည် ခေတ်ကာလတစ်ခု၏ ပဲ့တင်သံကို ကြိုဆိုနေသည့်အလား နက်ရှိုင်းသော ထွက်ပေါက်လမ်းကြောင်းဆီသို့ တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ပလက်ဖောင်းအထပ်၌ ကျန်းယဲ့က သမိုင်းဝင် ပုဂ္ဂိုလ်ကြီးများကို ဦးဆောင်ကာ ရထားတွဲများထဲမှ ထွက်ခွာလာခဲ့သည်။
လူတိုင်း၏ မျက်နှာပေါ်တွင် မြန်နှုန်းမြင့်ရထားကို စီးနင်းခဲ့ရသည့် အသစ်အဆန်းဖြစ်မှုနှင့် ကျေနပ်အားရမှုတို့ အထင်းသားရှိနေဆဲဖြစ်ပြီး သူတို့၏ မျက်ဝန်းများတွင် ဤအံ့မခန်း နည်းပညာအပေါ် အထင်ကြီးလေးစားမှုများ၊ အနာဂတ်အတွက် အဆုံးအစမဲ့ တောင့်တမှုများဖြင့် တောက်ပနေကြ၏။
ပလက်ဖောင်းပေါ်တွင် အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ်ကျန်း နှင့် ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုးတို့နှင့်အတူ ဟူမြို့တော်၏အဓိက အဆင့်မြင့်အရာရှိကြီးများအားလုံးက အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ကြသည်။
သမိုင်းစာအုပ်များနှင့် ပုံရိပ်များထဲတွင်သာ လေးစားအားကျခဲ့ရသော ထိုပုဂ္ဂိုလ်ကြီးများ သူတို့၏ မျက်စိရှေ့မှောက်တွင် လူကိုယ်တိုင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ အတွေ့အကြုံရင့်ကျက်သော ဤအဆင့်မြင့်အရာရှိကြီးများပင် သူတို့၏ နှလုံးသားထဲမှ ဆူပွက်လာသော ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ သူတို့၏ မျက်နှာများပေါ်တွင် ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုနှင့် အံ့သြရိုသေမှုတို့ ပေါ်လွင်နေခဲ့ချေပြီ။
သူတို့ မြင်တွေ့နေရသည်မှာ သမိုင်းကြောင်း ရေးသားခြင်းသက်သက် မဟုတ်ဘဲ စိတ်ဝိညာဉ်၏ ပြယုတ်တစ်ခုဖြစ်ကာ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ယခုတိုင် တောက်ပနေဆဲဖြစ်သော ယုံကြည်မှုစွမ်းအားတစ်ခုပင်။
အရာရှိကြီးများက ရှေ့သို့ လျင်မြန်စွာ လှမ်းလာခဲ့ကြသော်လည်း မည်သို့ စတင်စကားပြောရမည်ကို မသေချာဖြစ်နေကြပြီး မည်သည့်စကားလုံးကမဆို ရိုသေမှု ကင်းမဲ့သွားမည်ကို စိုးရိမ်နေကြ၏။ ထို့ကြောင့် သူတို့က ကျန်းယဲ့ထံသို့ စုံစမ်းလိုသည့် အကြည့်များ၊ စိတ်လှုပ်ရှားနေသည့် အကြည့်များဖြင့်သာ လှမ်းကြည့်နိုင်ကြတော့သည်။
အခန်း ၄၉၉ပြီး၏။