← Chapters

အခန်း ၅၀၀

Vol. 50 Ch. 500

အခန်း ၅၀၀

Vol. 50 Ch. 500

အခန်း (၅၀၀) အကျယ်လောင်ဆုံးသော အဖြေစကား

​ကျန်းယဲ့သည် အခြေအနေကို သဘောပေါက်သွားပြီး ဘေးသို့ အနည်းငယ်ဖယ်ကာ ထိုလူကြီးမင်းနှင့် သမိုင်းဝင် ပုဂ္ဂိုလ်ကြီးများအား တိုးညှင်းသော အသံဖြင့် မိတ်ဆက်ပေးလိုက်သည်။ "လူကြီးမင်း... သူကတော့ အထူးရေးရာကိစ္စတွေကို တာဝန်ယူထားတဲ့ ညွှန်ကြားရေးမှူးချုပ်ကျန်း ဖြစ်ပါတယ်။ ပြီးတော့ သူက ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုးပါ။ ဒီဘက်ကတော့ ဟူမြို့တော်ရဲ့ အဆင့်အမြင့်ဆုံး အရာရှိကြီး ဖြစ်ပါတယ်..."

​သူက လက်ရှိ အဓိက တာဝန်ရှိသူများကို သမိုင်းဝင် ပုဂ္ဂိုလ်ကြီးများထံသို့ တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်၏။

​ထိုလူကြီးမင်း၏ မျက်နှာပေါ်တွင် နွေးထွေးသောအပြုံးတစ်ခု အထင်းသားရှိနေပြီး သူ၏ မျက်ဝန်းများက ပညာရှိဆန်ကာ အေးချမ်းလှသည်။ သူက ရှေ့သို့ တိုးလာကြသော အရာရှိကြီးများထံသို့ သူ၏ လက်ကို ကမ်းပေးကာ တစ်ယောက်ချင်းစီ လိုက်လံနှုတ်ဆက်လိုက်၏။ သူ၏ အသံက ကျယ်လောင်ကာ ခင်မင်ရင်းနှီးမှု အပြည့်ပါနေခဲ့သည်။ "ရဲဘော်တို့... မင်္ဂလာပါ။ အားလုံးပဲ ပင်ပန်းသွားကြပြီ...."

​"လုံးဝ မပင်ပန်းပါဘူးခင်ဗျာ။ လှိုက်လှဲစွာ ကြိုဆိုပါတယ်...."

​လူတိုင်းက လျင်မြန်စွာ တုန့်ပြန်လိုက်ကြပြီး သူတို့၏ အသံများမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေချေသည်။

​ခေတ္တမျှ တွေ့ဆုံနှုတ်ဆက်ပြီးနောက် ကျန်းယဲ့က ထိုပုဂ္ဂိုလ်ကြီးများအား အရှေ့မှ ဦးဆောင်ခေါ်သွားလိုက်သည်။ ညွှန်ကြားရေးမှူးချုပ်ကျန်းနှင့် ဟူမြို့တော်မှ အရာရှိကြီးများကမူ သူတို့၏ ဘေးနှင့် အနောက်ဘက်မှနေ၍ ရိုသေလေးစားစွာဖြင့် ခြံရံလိုက်ပါလာကြ၏။ ထို့နောက် သူတို့အဖွဲ့က ထွက်ပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားကြလေသည်။

​သူတို့၏ ပုံရိပ်များက တောက်ပစွာ လင်းထိန်နေသော ထွက်ပေါက်၌ နောက်ဆုံးတွင် ပေါ်လာသည့် အခိုက်အတန့်... အပြင်ဘက်ရှိ ထောင်သောင်းချီသော ပြည်သူများ၏ မြင်ကွင်းထဲသို့ ထင်ရှားစွာ ဝင်ရောက်သွားသည့် အခိုက်အတန့်၌...

​အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့ရသော ခံစားချက်များက မီးတောင်ပေါက်ကွဲသည့်အလား ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လေးလံနေသော တိတ်ဆိတ်မှုကို ချက်ချင်းပင် ရိုက်ချိုးပစ်လိုက်တော့သည်။

​"သူတို့ လာကြပြီဟေ့... "

​အောင်ပွဲခံ သြဘာပေးသံများ၊ အော်ဟစ်သံများနှင့် လက်ခုပ်သံများက အကြမ်းတမ်းဆုံး ဆူပွက်နေသော ဒီရေလှိုင်းကြီးများအလား ကောင်းကင်ယံသို့ လွှမ်းမိုးမတတ် အရှိန်အဟုန်ဖြင့် တက်လှမ်းသွားကြတော့သည်။

​ထိုလွှမ်းမိုးနိုင်လှသော အသံပမာဏကြီးက မြန်နှုန်းမြင့် ရထားဘူတာရုံ တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသည့်အလား....

​ရေတွက်မရနိုင်သော လက်မောင်းများက ဝှေ့ယမ်းနေကြပြီး ရေတွက်မရနိုင်သော မျက်နှာများမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေကြကာ ရေတွက်မရနိုင်သော အသံများက တူညီသော တေးသွားတစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့သည်။

"အိမ်ပြန်ရောက်လာတာကို ကြိုဆိုပါတယ်..."

​ထိုလောင်ကျွမ်းနေသော ပြင်းပြသည့် စိတ်ဆန္ဒများက ည၏ ချမ်းအေးမှုကိုပင် အရည်ပျော်ကျသွားစေလုမတတ် ရှိနေခဲ့၏။

​နောက်တစ်ကြိမ်တွင်လည်း သမိုင်းဝင် ဘိုးဘေးပုဂ္ဂိုလ်ကြီးများက သူတို့၏ မျိုးဆက်သစ်များထံမှ ချော်ရည်ပူများကဲ့သို့ ပြင်းပြပြီး သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြောလှသော စိတ်အားထက်သန်မှုများကို အမှန်တကယ်ပင် ခံစားလိုက်ကြရပြန်သည်။

​မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ အလိုအလျောက် ပေါက်ကွဲထွက်လာသည့် ဤချစ်ခင်မြတ်နိုးမှုကြီးမှာ သူတို့၏ မူလ မျှော်လင့်ထားမှုများထက် များစွာ ကျော်လွန်နေခဲ့ချေပြီ။

​မျက်ရည်များဖြင့် စိုရွှဲနေသည်ဖြစ်စေ၊ အော်ဟစ်လွန်း၍ နီမြန်းနေသည်ဖြစ်စေ သူတို့အား စိုက်ကြည့်နေသည့် မျက်နှာတိုင်းပ စစ်မှန်သော ရိုသေလေးစားမှု၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုတို့ဖြင့် ပြည့်နှက်နေကြသည်။

​လေထုထဲတွင် စိမ့်ဝင်နေသော မမြင်ရသော်လည်း ချိုးဖျက်၍မရနိုင်သည့် စည်းလုံးမှုစွမ်းအားကြီးကို သူတို့ ရှင်းလင်းစွာ ခံစားနေရ၏။ ထိုစွမ်းအားက သန်းပေါင်းများစွာသော နှလုံးသားများကို တင်းကျပ်စွာ ချိတ်ဆက်ပေးထားပြီး အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်သည့် ဤရိုသေလေးစားမှုကြီးကို ဖော်ပြနေလေသည်။

​ရေတွက်မရနိုင်သော အကြည့်များအောက်တွင် သူတို့က အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သည့် အထူးထုတ်လုပ်ထားသော ခရီးသွားဘတ်စ်ကားကြီးပေါ်သို့ တက်ရောက်သွားလိုက်ကြသည်။

​ကားတံခါးများ ပိတ်သွားပြီး ယာဉ်တန်းကြီးက ဖြည်းညှင်းစွာ စတင်ရွေ့လျားလာခဲ့၏။ အလွန်များပြားလှသော လုံခြုံရေးယာဉ်များ၏ ထူထပ်စွာ ခြံရံစောင့်ကြပ်မှုအောက်တွင် ရွေ့လျားနေသော နဂါးကြီးတစ်ကောင်အလား ခရီးဆက်နေလေသည်။

​ယာဉ်တန်းကြီးက သတ်မှတ်ထားသော ပင်မလမ်းမကြီးပေါ်သို့ ဝင်ရောက်သွားသောအခါ သူတို့၏ မျက်စိရှေ့ရှိ မြင်ကွင်းက ယာဉ်ပေါ်ရှိ လူတိုင်း၏ ရင်ကို ထိရှသွားစေခဲ့သည်။

​လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် လူများဖြင့် ပြည့်လျှံနေခဲ့ပြီ ဖြစ်သည်။

​ပြည်သူလူထုကြီးက ဤနေရာတွင် အလိုအလျောက် လာရောက်စုရုံးနေကြခြင်းဖြစ်ပြီး စည်းကမ်းတကျ ရှိနေသော်ငြားလည်း သူတို့၏ စိတ်လှုပ်ရှားမှုများကိုမူ မဖုံးကွယ်နိုင်ကြချေ။

​သူတို့က အလံငယ်လေးများကို ဝှေ့ယမ်းနေကြသလို သူတို့၏ လက်မောင်းများကိုလည်း အစွမ်းကုန် ဝှေ့ယမ်းပြနေကြ၏။

​သမိုင်းဝင် ဘတ်စ်ကားကြီးက မြင်ကွင်းထဲသို့ ဝင်ရောက်လာသောအခါ လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီမှ မိုးကြိုးပစ်ချလိုက်သည့်အလား ဆက်တိုက်ဆိုသလို အောင်ပွဲခံ သြဘာပေးသံများ ပေါက်ကွဲထွက်ပေါ်လာကြသည်။

​ထိုအသံကြီးက ဧရာမရေလှိုင်းကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားကာ ကားပြတင်းပေါက်များ၏ အသံလုံမှန်များကိုပင် ထိုးဖောက်၍ ကားပေါ်ရှိ လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာပြီး သူတို့၏ နှလုံးသားများကို လှုပ်ခတ်သွားစေချေသည်။

​ယာဉ်တန်းကြီးက ပြည်သူများထံမှ ဤနက်ရှိုင်းလှသော ချစ်ခင်မြတ်နိုးမှုကို အပြည့်အဝ ခံစားမှတ်သားနိုင်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် အရှိန်လျှော့ကာ ဖြည်းညှင်းစွာ မောင်းနှင်နေခဲ့သည်။

​ထိုလူကြီးမင်းက ပြတင်းပေါက်ဘေးတွင် ထိုင်နေပြီး အပြင်ဘက်မှ မိုးခြိမ်းသံကဲ့သို့ ဆူညံနေသော အော်ဟစ်အားပေးသံများကို အာရုံစူးစိုက်စွာ နားထောင်နေရင်း သူ၏ အကြည့်များက လမ်းမကြီးပေါ်သို့ ဖြတ်သန်းသွားချေသည်။

​မိသားစုဝင်များ၏ တွဲကူမှုကို ခံထားရသည့် ဆံပင်ဖြူဖြူဖြင့် အဘိုးအိုတစ်ဦးက တုန်ရီနေသော လက်များကို မြှောက်ပြနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

​မိဘများက အမြင့်သို့ ပွေ့ချီထားသည့် ကလေးငယ်လေး တစ်ယောက်က သူ၏ နူးညံ့သော လက်မောင်းလေးများကို ဝှေ့ယမ်းပြနေပြီး ထိုကလေးငယ်၏ မျက်နှာလေးပေါ်တွင် အပြစ်ကင်းစင်ကာ ရိုးသားလှသော အပြုံးလေးတစ်ခု တောက်ပနေသည်ကိုလည်း သူ မြင်တွေ့လိုက်ရ၏။

​စစ်မှန်သော တောင့်တမှုများ၊ မဖုံးကွယ်နိုင်သော ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေကာ သူ့ထံသို့ စိုက်ကြည့်နေကြသော ရေတွက်မရနိုင်သည့် မျက်ဝန်းများကို သူ မြင်တွေ့လိုက်ရသည်။

​သူက ခေတ္တမျှ တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီးနောက် သူ၏ မျက်နှာပေါ်တွင် နက်ရှိုင်းကာ နူးညံ့သော အပြုံးတစ်ခု ပေါ်လာရသည်။

​ထို့နောက် သူက လက်ကို ဆန့်ထုတ်ကာ အချက်ပြလိုက်ပြီး သူ၏ ဘေးနားရှိ ကားပြတင်းပေါက်မှန်ကို အနည်းငယ်မျှ ဖြည်းညှင်းစွာ ချလိုက်၏။

​တစ်ချိန်က တစ်နိုင်ငံလုံးကို အမိန့်ပေးခဲ့ပြီး ကြီးမားလှသော ယုံကြည်မှုများဖြင့် ထိန်းချုပ်နိုင်ခဲ့သည့် ထိုလက်တစ်ဖက်က ကားပြတင်းပေါက်မှတစ်ဆင့် ထွက်ပေါ်လာကာ လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် တန်းစီနေကြသော ပြည်သူများကို ညင်သာစွာ ဝှေ့ယမ်းပြလိုက်သောအခါ....

​"ဝုန်းးး..."

​လူအုပ်ကြီးထံမှ သြဘာပေးသံများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

​နားကွဲမတတ် ဆူညံနေခဲ့သော အော်ဟစ်အားပေးသံကြီးက ဤအခိုက်အတန့်၌ အကန့်အသတ်မရှိသော စွမ်းအင်များ ပေါင်းစပ်သွားသည့်အလား ပိုမို၍ ခမ်းနားကြီးကျယ်ကာ ပြင်းပြလှသော အထွတ်အထိပ်တစ်ခုသို့ ရုတ်တရက် မြင့်တက်သွားခဲ့ချေပြီ။

​အသံကြီးက ပို၍ပို၍ ကျယ်လောင်လာကာ တစ်လွှာပြီးတစ်လွှာ တိုးဝင်လာသည့် ဆူနာမီလှိုင်းလုံးကြီးအလား ဆူပွက်နေခဲ့ပြီး ဤခံစားချက် ရေစီးကြောင်းကြီးထဲတွင် လမ်းမကြီးတစ်ခုလုံးနှင့် မြို့တော်ကြီးတစ်ခုလုံးကိုပါ နစ်မြုပ်သွားစေတော့မည့်အလားပင်။

​ဤအခိုက်အတန့်၌ ဆူညံသံများအားလုံးက တူညီသောအသံတစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသကဲ့သို့ပင်။ သန့်စင်ကာ အစွမ်းထက်လှသော ထိုအသံကြီးက ဟူမြို့တော်၏ ကောင်းကင်ယံအောက်တွင် ပဲ့တင်ထပ်နေခဲ့သည်။

​၎င်းက သူရဲကောင်းကြီး အိမ်အပြန်ကို ကြိုဆိုသည့် အော်ဟစ်သံပင်။

​၎င်းက သမိုင်းဝင် ဘိုးဘေးပုဂ္ဂိုလ်ကြီးများ ပြန်လည်ရောက်ရှိလာမှုကို ကြိုဆိုဂုဏ်ပြုခြင်းပင်။

​၎င်းက ရာစုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့သော သမိုင်းဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး နောက်ဆုံးတွင် မျက်နှာချင်းဆိုင်၍ ပြောပြခွင့် ရရှိသွားခဲ့ချေပြီ...

​"လှိုက်လှဲစွာ ကြိုဆိုပါတယ်..."

​ယာဉ်တန်းကြီးက ဤခရီးစဉ်၏ အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်သည့် ဘန်းရေစပ်လမ်းဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်သွားခဲ့သည်။

​ထို့နောက် သမိုင်းဝင် ပုဂ္ဂိုလ်ကြီးများက အရှေ့တိုင်းပုလဲရတနာမျှော်စင်၏ ထိပ်ပိုင်းရှိ ရှုခင်းကြည့် ကုန်းပတ်ပေါ်သို့ တက်ရောက်သွားလိုက်ကြသည်။

​မြို့တော်၏ အထက်တွင် ရပ်ကာ လက်ရန်းမှတစ်ဆင့် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ကြသောအခါ သူတို့၏ ခြေအောက်တွင် ခမ်းနားထည်ဝါလှသော မြင်ကွင်းကျယ်ကြီးတစ်ခု ဖြန့်ကျက်လာပြီး ထိုမြင်ကွင်းမှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်အောင်ပင်။

​ဟွမ်ဖူမြစ်ကမ်းဘေး တစ်လျှောက်တွင် မီးရောင်များက နဂါးငွေ့တန်း ဂလက်ဆီတစ်ခု စီးဆင်းနေသည့်အလား တောက်ပနေပြီး မိုးမျှော်တိုက်ကြီးများက ယှဉ်တွဲလျက် မတ်တတ်ရပ်နေကြ၏။ ဖန်သားပြင် နံရံများက နီယွန်မီးရောင်များနှင့် ရောယှက်နေကာ အတက်အကျရှိပြီး အနာဂတ်ဆန်လှသော မိုးကုတ်စက်ဝိုင်းကို ပုံဖော်ပေးနေချေသည်။

​မြစ်ပြင်ပေါ်တွင် လှေများ ပြည့်နှက်နေပြီး ရေပြင်ထက်တွင် တောက်ပနေသော သူတို့၏ အရိပ်များက ကမ်းခြေရှိ သက်ဝင်လှုပ်ရှားနေသော မီးရောင်များကို ပိုမို၍ ရောင်ပြန်ဟပ်နေစေသည်။

​ကန့်လန့်ဖြတ် ယှက်နွယ်နေသော မိုးပျံလမ်းများနှင့် မြစ်ကူးတံတားများပေါ်တွင် ယာဉ်ကြောစီးဆင်းမှုမှာ အရည်ပျော်နေသော ချော်ရည်များအလား အဆုံးအစမဲ့ စီးဆင်းနေပြီး တက်ကြွလှုပ်ရှားနေသော အလင်းကွန်ရက်တစ်ခုကို ဖန်တီးပေးနေ၏။

​ဤတိမ်တိုက်များပေါ်တွင် ရပ်နေရစဉ် ခြေဖဝါးအောက်၌ ရွှေရောင်များ စီးဆင်းနေပြီး မည်သည့်အခါမျှ မအိပ်စက်တတ်သော မြို့တော်၏ တောက်ပမှုများက အထင်းသားရှိနေ၏။ ထိုအချိန်၌ နားထဲတွင် မြို့တော်ကြီး၏ တည်ငြိမ်ကာ အစွမ်းထက်လှသော အသက်ရှူသံကို ကြားနေရလေသည်။

​ထိုအခိုက်အတန့်၌ မည်သည့် စကားလုံးဖြင့် ရှင်းပြနေစရာ မလိုဘဲ သူတို့၏ ဝိညာဉ်နက်ရှိုင်းရာထဲမှ အမှန်တကယ်ပင် နားလည်သဘောပေါက်သွားကြတော့သည်။

​တစ်ချိန်က သူတို့ သွေးစွန်းခံတိုက်ပွဲဝင်ခဲ့ရပြီး အလွန်အမင်း တောင့်တခဲ့ရသော ဤတရုတ်ပြည်မြေကြီးက အမှန်တကယ်ပင် ကမ္ဘာမြေကို တုန်လှုပ်သွားစေနိုင်သည့် ပြောင်းလဲမှုကြီးများကို ဖြတ်သန်းခဲ့ပြီး မကြုံစဖူးသော အသက်ဝင်မှုများ၊ ရင်သပ်ရှုမောဖွယ်ကောင်းလှသော ခေတ်မီ ရှုခင်းများကို ထုတ်လွှတ်နေခဲ့ချေပြီ။

​မစ္စတာစွန်းသည် လက်ရန်းကို မှီကာ ဟွမ်ဖူမြစ် အနောက်ဘက်ကမ်းရှိ ဘန်းရေစပ်လမ်းမှ နိုင်ငံတကာ ဗိသုကာလက်ရာများကို အာရုံစူးစိုက်စွာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် တစ်ဖက်ကမ်းတွင် မြင့်တက်လာသော လုကျားကျွေ့ဘဏ္ဍာရေးဗဟိုဌာနဆီသို့ သူ၏ အကြည့်များကို ဖြည်းညှင်းစွာ ရွှေ့လိုက်သောအခါ သူ၏ နှလုံးသားထဲတွင် ရေတွက်မရနိုင်သော ခံစားချက်ပေါင်းများစွာဖြင့် ပြည့်နှက်သွားရ၏။

​လွန်ခဲ့သော လအနည်းငယ်က သူဟာ ဤအနီးအနားရှိ လမ်းမများပေါ်တွင် ကျည်ဆန်မိုးများကြား၌ ဖြတ်သန်းသွားလာခဲ့ရပြီး ပျက်စီးယိုယွင်းမှုများနှင့် မီးခိုးငွေ့များ ပြည့်နှက်နေခဲ့သည့် မြင်ကွင်းများကို ပြန်လည်အမှတ်ရသွားမိသည်။

​ရှန်ဟိုင်းမြို့ဟောင်း၏ နီယွန်မီးရောင်များက ကြီးပွားတိုးတက်မှု၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်ဟု သူ တစ်ချိန်က ထင်မှတ်ခဲ့ဖူးလေသည်။

​သို့သော်ငြားလည်း မျက်စိရှေ့ရှိ ခမ်းနားထည်ဝါကာ ယုံကြည်မှုအပြည့်ရှိနေပြီး နည်းပညာအရ အဆင့်မြင့်မားကာ တီထွင်ဖန်တီးမှုများဖြင့် တက်ကြွနေသော မြင်ကွင်းကြီးနှင့် နှိုင်းယှဉ်လိုက်သောအခါ...

​ထိုအချိန်တိုလေးသာ မြင်တွေ့ခဲ့ရသည့် အတိတ်က ပုံရိပ်များမှာ ရုတ်တရက်ဆိုသလို အလွန်အမင်း မှေးမှိန်ကာ အားနည်းနေသကဲ့သို့ ထင်မှတ်ရလေသည်။

​ကျန်းဒဲဖူ၊ ကျန်းယိုဖူ နှင့် ဤမြေပေါ်တွင် တိုက်ပွဲဝင်ခဲ့ကြဖူးသော အခြားစစ်သည်များမှာလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြ၏။

​သူတို့က နက်နဲလှသော အမှန်တရားများစွာကို နှုတ်မှဖွင့်ဟ ပြောဆိုနိုင်စွမ်း မရှိကောင်း မရှိနိုင်သော်လည်း သူတို့၏ မျက်စိရှေ့မှောက်ရှိ စိတ်ကူးမယဉ်နိုင်လောက်အောင် ငြိမ်းချမ်းကာ ကြီးပွားတိုးတက်နေပြီး အစွမ်းထက်လှသော မြင်ကွင်းကြီးက အရာအားလုံးကို ဖော်ပြနေချေသည်။

​သူတို့၏ ကြမ်းတမ်းသော လက်များက အေးစက်နေသည့် လက်ရန်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူတို့၏ မျက်ဝန်းများထဲတွင် တုန်လှုပ်မှု၊ တွေဝေမှုတို့ ရောနှောနေသော ရှုပ်ထွေးသည့် အလင်းရောင်များ တောက်ပနေ၏။

သို့သော် အရာအားလုံးထက် ပိုမိုလွှမ်းမိုးနေသည်မှာ ဖုန်မှုန့်များ နောက်ဆုံးတွင် အနည်ထိုင်သွားသကဲ့သို့ နက်ရှိုင်းလှသော စိတ်သက်သာရာရမှုပင်။

​သူတို့ မြင်တွေ့ခဲ့ရပြီ။

​သူတို့၏ လူငယ်ဘဝ၊ စိတ်ဆန္ဒများနှင့် အသက်ကိုပင် စတေး၍ ကာကွယ်ရန် ကျိန်ဆိုခဲ့ကြသည့် ဤမြေကြီးက သူတို့၏ မျိုးဆက်သစ်များ၏ ဆက်တိုက် ကြိုးပမ်းအားထုတ်မှုများကြောင့် အရှေ့တိုင်းတွင် ခမ်းနားထည်ဝါကာ ဂုဏ်ယူဖွယ်ကောင်းသော ပန်းပွင့်ကြီးတစ်ပွင့်အဖြစ် မည်သို့ ပွင့်လန်းလာခဲ့သည်ကို နောက်ဆုံးတွင် သူတို့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီ ဖြစ်၏။

​ညလေပြေက တိုက်ခတ်လာပြီး သူတို့၏ အဝတ်အစားများနှင့် ဆံပင်များကို လွင့်မျောသွားစေသော်လည်း လူတိုင်း၏ နှလုံးသားထဲတွင် စွဲထင်နေသော ရေတွက်မရနိုင်သည့် ခံစားချက်များကိုမူ လွင့်ပါးသွားအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။

​တောက်ပစွာ လင်းထိန်နေသော ဤမြေကြီး၊ ကြီးပွားတိုးတက်ကာ ငြိမ်းချမ်းနေသော ဤခေတ်ကာလကြီးသည်... သူတို့၏ စွန့်လွှတ်အနစ်နာခံမှုများနှင့် ပေးဆပ်မှုအားလုံးအတွက် အမွန်မြတ်ဆုံးနှင့် အကျယ်လောင်ဆုံးသော အဖြေစကားပင် ဖြစ်တော့သတည်း....

အခန်း ၅၀၀ပြီး၏။

All Chapters