အခန်း (၂၉၃၇-၂၉၃၈)
Vol. 294 Ch. 2937-2938
အခန်း (၂၉၃၇) - ရှင်းလင်းချက်တစ်ခု ပေးသင့်တယ်
အကြီးကဲငါးဦးမှာ ကြက်သေသေသွားကြသည်။ ဝမ်ချုံစန်းတို့အဖွဲ့မှာ စွမ်းအားများ ဆုံးရှုံးသွားပြီး သာမန်လူသားများ ဖြစ်နေကြပါလျက်နှင့် ဤမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားကြပေ။ ထွားကျိုင်းကြမ်းတမ်းသော ထိုလူမိုက်အုပ်စုထဲမှ မည်သူမဆို သူတို့အတွက် အနိုင်ယူရန် ခက်ခဲလှသည်၊ သို့သော် ဝမ်ချုံစန်းတို့ကမူ အတိုက်အခံ လက်နှစ်ချက်၊ သုံးချက်အတွင်းမှာပင် သူတို့၏ အသက်ကို နှုတ်ယူသွားနိုင်ခဲ့သည်။
"ကရုဏာတောင်က လူတွေက အသင့်ပြင်ပြီးမှ ရောက်လာတာပဲ၊ ငါတို့က ဒီနေရာကို အစကတည်းက အရမ်း အထင်သေးမိခဲ့တယ်..."
ယဲ့ထျန်းဂူ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ သူတော်စင်အများစုမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး အခြေအနေကို အပြည့်အဝ မပြင်ဆင်ဘဲ လာရောက်ခဲ့ခြင်းမှာ ကြီးမားသော အမှားတစ်ခု ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
ထိုအချိန်တွင် ထျန် ကျားသစ်၏ အော်ဟစ်သံမှာ ပိုမိုကျယ်လောင်လာသည်။ ခဏအကြာတွင် လူငယ်စုံတွဲတစ်တွဲမှာ လျှပ်တစ်ပြက်ပမာ လျင်မြန်စွာ ရောက်ရှိလာပြီး မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ မျက်နှာမှာ မှိုင်းညှိုးသွားသည်။
သူတို့မှာ ဆွေဝေ့ သိုင်းကျောင်းတော်၏ ဝတ်ရုံကို ဝတ်ဆင်ထားကြသည်။ ထိုနှစ်ဦး ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ အနီးနားရှိ လူအများမှာ ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကြပြီး မျက်လုံးများတွင် ကြောက်ရွံ့လေးစားမှုများ ပေါ်လာသည်။
ထျန် ကျားသစ်မှာ မျက်လုံးများ အရောင်လက်သွားပြီး အလျင်အမြန် လက်ယှက်ကာ -
"ဝေ့အစ်ကို၊ အစ်ကို ရောက်လာတာ တော်သေးတာပဲ။ အဲ့ဒီလူသုံးယောက်က အပြစ်မဲ့တဲ့သူတွေကို လိုသလို သတ်ဖြတ်နေကြတာ၊ ဝေ့အစ်ကိုပဲ တရားမျှတအောင် ဆုံးဖြတ်ပေးပါ "
ဟု တိုင်ကြားသည်။
ဝေ့အစ်ကိုက ထျန် ကျားသစ်ကို အရေးမစိုက်ဘဲ ဝမ်ချုံစန်းတို့ သုံးဦးကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။
"သိုင်းပညာကိုတောင် သေချာ မသင်ရသေးဘဲ လူတွေကို ဒီလောက်တောင် ရက်ရက်စက်စက် သတ်ရဲတယ်ပေါ့။ အကယ်၍သာ မင်းတို့ကို သိုင်းကျောင်းတော်ထဲ ခေါ်သွင်းလိုက်ရင် တကယ့် မဟာမိစ္ဆာကြီးတွေ ဖြစ်လာမှာ မဟုတ်ဘူးလား မင်းတို့သုံးယောက် ငါနဲ့အတူ သိုင်းကျောင်းတော်ကို လိုက်ခဲ့၊ အကြီးကဲတွေရှေ့မှာ အပြစ်ဝန်ခံကြ။"
ဝမ်ချုံစန်းက မျက်နှာတွင် အတင်းအဓမ္မ အပြုံးတစ်ခုကို ဖန်တီးကာ -
"ဒီအစ်ကို... သူတို့က အရင်စ..." ဟု ပြောလိုက်သည်။
ဝေ့အစ်ကိုက လက်ကို ဝှေ့ယမ်းကာ -
"ဘယ်သူက အရင်စသလဲဆိုတာ ငါ မသိဘူး။ သူတို့က မင်းတို့ရဲ့ အသက်ကို မယူခဲ့ဘူး၊ ဒါပေမဲ့ မင်းတို့က သူတို့ရဲ့ အသက်ကို ယူလိုက်ပြီ၊ ဒါကတော့ လက်ခံလို့ မရဘူး။ ငြင်းခုန်မနေနဲ့တော့၊ အကြီးကဲတွေဆီ သွားပြီး အပြစ်ပေးတာကို ခံယူလိုက်။"
ထျန် ကျားသစ်မှာ ချက်ချင်းပင် ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ငါတို့ ဆွေဝေ့ သိုင်းကျောင်းတော်ကို မဝင်တော့ပါဘူး။"
ဝမ်ချုံစန်း၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားသည်။
"ဒါလည်း မရဘူး။ မင်းတို့က ငါတို့ ဆွေဝေ့ သိုင်းကျောင်းတော်ရဲ့ နယ်မြေထဲမှာ လူသတ်မှု ကျူးလွန်ထားတာ၊ ဒီကိစ္စကို ဖြေရှင်းချက်တစ်ခုတော့ ပေးရမယ်။"
ဝေ့အစ်ကိုက ခေါင်းကို အသာခါလိုက်ပြီး သွားရန် အချက်ပြလိုက်သည်။
"မင်းတို့ ကိုယ်တိုင် တောင်ပေါ်ကို လိုက်ခဲ့မလား... ဒါမှမဟုတ် ငါကိုယ်တိုင် ဖမ်းခေါ်သွားရမလားကိုယ်တိုင် ရွေးချယ်။"
ဝမ်ချုံစန်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
ထိုအချိန်တွင် လူတစ်စုမှာ ထိုနေရာသို့ ရောက်ရှိလာသည်။ ဝေ့အစ်ကိုမှာ ထမ်းစင်ကို ထမ်းလာသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။
"ဝမ်ချုံစန်း၊ ဒုက္ခရောက်နေတာလား။"
ဖန့်ချန်က ငှက်မွေးယပ်တောင်ကို ဝှေ့ယမ်းရင်း သဘောကျသလို ရယ်မောပြောဆိုသည်။
ဝမ်ချုံစန်းမှာ စိတ်အေးသွားသည်။
"အစ်ကို၊ အစ်ကို ရောက်လာပြီပဲ"
ဖန့်ကျစ်ရွှယ်မှာ ဝမ်းသာအားရဖြင့် အော်ပြောပြီး အလျင်အမြန် ပြေးသွားသည်။
"ရောက်တာ ကြာပြီ။ မင်းတို့ရဲ့ အစွမ်းတွေကတော့ မကျသွားသေးဘူးပဲ။"
ဖန့်ချန်က ရယ်မောသည်။ ထို့နောက် ရှဲ့အာမန်ကို ကြည့်ကာ ခေါင်းညိတ် အချက်ပြသည်။
ရှဲ့အာမန်မှာ ပြုံးလိုက်သည်။ သူမ သိထားသည့် ဖန့်ချန်၏ ပုံစံအရ ယခုအချိန်တွင် သူ ပေါ်လာခြင်းမှာ ထိုပြဿနာကို ဖြေရှင်းနိုင်မည်မှာ သေချာနေသည်။
"အသိဟောင်းတွေပဲကိုး၊ ဒါပေမဲ့ အသိဟောင်းဖြစ်နေရင်ရော ဘာတတ်နိုင်မှာလဲ။"
ထျန် ကျားသစ်၏ မျက်လုံးထဲတွင် အေးစက်စက် လှောင်ရယ်မှုများ ပေါ်လာသည်။
ဝေ့အစ်ကိုမှာ ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယဲ့ထျန်းဂူတို့အဖွဲ့ဆီ အကြည့်ရောက်သွားကာ ထမ်းစင်ပေါ်တွင် ထိုင်နေသည့် ဒွမ်ချင်းရှန်းထံ အကြည့်ရပ်သွားသည်။
သူ၏ အမူအရာ ပြောင်းလဲသွားပြီး လက်ယှက်ကာ -
"အဘိုးအိုက ဘယ်သူပါလိမ့်" ဟု မေးသည်။
"အော်၊ ငါက တပည့်ခံဖို့ လာတာပါ။"
ဒွမ်ချင်းရှန်းက ရိုးသားစွာ ပြောသည်။
"တပည့်ခံဖို့ လာတာနဲ့ ဒီလောက်တောင် အခမ်းအနားကြီးနဲ့လား "
"ဒါက ဘာဆန်းလို့လဲ၊ သူဌေးသားတချို့ဆိုရင် တပည့်ခံဖို့ လာတာ ဒီထက်တောင် အခမ်းအနားကြီးသေးတယ်။"
"ဒါပေမဲ့ ဒီအဘိုးကြီးက အသက်ကြီးနေပြီ မဟုတ်လား ဒီအရွယ်ကြီးနဲ့ ဘာတပည့်ခံဖို့ လာတာလဲ"
အနီးနားတွင် တိုးတိုးတိုးတိုး ပြောသံများ ထွက်ပေါ်လာသည်။
ဝေ့အစ်ကို၏ မျက်နှာမှာ တည်တင်းသွားပြီးနောက် ဟွန်းခနဲ အသံပြုကာ ဝမ်ချုံစန်းကို စောင်းကြည့်လိုက်သည်။
"မင်းတို့သုံးယောက် ဘာလို့ ဒီမှာ ကြောင်ကြည့်နေတာလဲ"
"တောင်းပန်ပါတယ်၊ ဒီလူသုံးယောက်ကိုတော့ ကျွန်တော် တာဝန်ယူပေးထားရမယ်။"
ဖန့်ချန်က ယပ်တောင်ကို ဝှေ့ယမ်းရင်း ဝေ့အစ်ကို၏ ရှေ့သို့ ရောက်လာသည်။
"မင်းက ငါတို့ ဆွေဝေ့ သိုင်းကျောင်းတော်ရဲ့ ကိစ္စကို ဝင်စွက်ဖက်မလို့လား "
ဝေ့အစ်ကို၏ မျက်လုံးများမှာ မှေးကျဉ်းသွားသည်။ အနီးနားတွင် ကြည့်ရှုသူများ ပိုမိုများပြားလာသည်ကို မြင်သောအခါ သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ဖန့်ချန်၏ ရှေ့သို့ ရောက်လာပြီး ဖန့်ချန်၏ လည်ပင်းကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူသည် ပြင်းထန်သော အလေးချိန်တစ်ခု ဖိချခံလိုက်ရသလို ခံစားလိုက်ရပြီး 'ဒုန်း' ခနဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
ထျန် ကျားသစ်နှင့် လူအများမှာ ကြက်သေသေသွားကြသည်။ ဖန့်ချန်မှာ တစ်ဖက်လက်ဖြင့် ဝေ့အစ်ကို၏ ဦးခေါင်းကို ဖိထားရင်း -
"ဝေ့အစ်ကို၊ ဒီလောက်တောင် ကြီးကျယ်တဲ့ ဂါရဝပြုစရာ မလိုပါဘူး။"
ဟု ရယ်မောပြောဆိုသည်။
"မင်း..."
ဝေ့အစ်ကိုမှာ ဖြစ်ပျက်သွားသည်ကို အခုမှ သဘောပေါက်သွားပြီး မျက်လုံးများ နီရဲလာသည်။ လက်နှစ်ဖက်ကို အသုံးပြုကာ ဖန့်ချန်ကို ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း 'ခရစ်' ခနဲ အသံ နှစ်ချက် ထွက်ပေါ်လာသည်။
သူ၏ လက်နှစ်ဖက်မှာ သက်မဲ့သဖွယ် တွဲလောင်းကျသွားသည်။ ထိုအခါမှသာ ပြင်းထန်သော နာကျင်မှုများမှာ ဦးခေါင်းထဲသို့ ရိုက်ခတ်သွားပြီး သူသည် အော်ဟစ်လိုက်တော့သည်။
ဝမ်ချုံစန်းမှာ ထိုမြင်ကွင်းကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်သွားကာ ရှဲ့အာမန်ကို လှမ်းကြည့်သည်။ သူတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့အားသင့်နေကြသည်။ ဆွေဝေ့ သိုင်းကျောင်းတော်၏ တပည့်များမှာ သာမန်မဟုတ်ကြောင်း သူတို့ သိထားသော်လည်း ယခုကဲ့သို့ အလွယ်တကူ အနိုင်ယူခံလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အနီးနားရှိ တပည့်ခံရန် ရောက်လာကြသူများမှာ ထိုမြင်ကွင်းကို မြင်ပြီး အသက်ရှူမှားသွားကြကာ ဖန့်ချန်ကို ကြည့်သည့် အကြည့်များမှာ လုံးဝ ပြောင်းလဲသွားသည်။
"မင်း... မင်း ဘယ်လိုလုပ်ပြီး..."
ထျန် ကျားသစ်မှာ ကြောက်လန့်တကြားနှင့် စိတ်လှုပ်ရှားစွာ ပြောသည်။ သူ လိုချင်ခဲ့သော အမျိုးသမီး၏ အစ်ကိုမှာ ဤမျှတောင့်တင်းလိမ့်မည်ဟု သူ လုံးဝ မတွေးခဲ့မိပေ။
ထိုအခါမှသာ နောက်ထပ် တပည့်မလေးတစ်ဦးမှာ သတိဝင်လာပြီး တိုက်ခိုက်ရန် ကြိုးစားသည်။
"မင်းလည်း လာရင် လက်မောင်းကျိုး၊ ခြေထောက်ကျိုး ဖြစ်သွားလိမ့်မယ်၊ ဘာအဓိပ္ပာယ်မှ မရှိဘူး။ တောင်ပေါ်ကို သွားပြီး တာဝန်ရှိတဲ့သူကို ခေါ်ခိုင်းလိုက်၊ ငါတို့ ဒီကိစ္စကို ဖြေရှင်းကြမယ်။ ဆွေဝေ့ သိုင်းကျောင်းတော်က တကယ်ပဲ ဒီလောက်တောင် အကြောင်းမဲ့ နိုင်ထက်စီးနင်း လုပ်နေတာလား၊ ဒါမှမဟုတ် ဒီ 'ဝေ့' ဆိုတဲ့ကောင်က ဘာအကျိုးအမြတ်ရလို့ မျက်စိစုံမှိတ် ကာကွယ်ပေးနေတာလဲ ဆိုတာကို ငါ သိချင်လို့ပါ။"
ဖန့်ချန်က သူမကို ရယ်မော၍ ပြောလိုက်သည်။
"ရှင်... ဝေ့အစ်ကိုကို အရင်လွှတ်ပေး"
တပည့်မလေးမှာ ကြောက်ရွံ့စွာ ပြောသည်။
"မသွားဘူးဆိုရင် သူ့ဦးခေါင်းကို လိမ်ချိုးပြီး ညအိုးလုပ်ပစ်မယ်။" (သေးအိုး)
ဖန့်ချန်က ပြောသည်။
တပည့်မလေးမှာ ဘာမှ ထပ်မပြောတော့ဘဲ တောင်ပေါ်ဘက်သို့ အမြန် ပြေးသွားတော့သည်။
"မင်း... မင်း ဘယ်သူလဲ၊ ငါက ဆွေဝေ့ သိုင်းကျောင်းတော်ရဲ့ တပည့်၊ မင်း ဘယ်လိုလုပ်ပြီး..."
ဝေ့အစ်ကိုမှာ နာကျင်မှုကို အံကြိတ်ခံရင်း ဖန့်ချန်၏ မျက်နှာကို ကြည့်ရန် ကြိုးစားသော်လည်း ဖိထားသည့် လက်ကြောင့် မည်သို့မျှ မော့မကြည့်နိုင်ပေ။
"ငါက ဆွေဝေ့ သိုင်းကျောင်းတော်ဟာ တရားမျှတတယ်လို့ ယုံကြည်တယ်။"
ဖန့်ချန်က အေးဆေးပင် ပြောလိုက်သည်
"ဒီလောက်ကြီးမားတဲ့ သိုင်းကျောင်းတော်မှာ မင်းလိုမျိုး... အင်အားအဆင့် အကောင်သေးသေးလေးကပဲ အဆုံးအဖြတ် ပေးနေတာလား"
"ဖန့် သူတော်စင်ဘိုးဘေးက ဟင်းလင်းပြင် အဆင့် ကျွမ်းကျင်သူပါ "
စီကုကျိက ရုတ်တရက် လှောင်ရယ်လိုက်သည်။
သူတို့မှာ ဤနေရာတွင် ရှိနေစဉ် ဟင်းလင်းပြင် အဆင့်ဆိုသည့် စကားလုံးမှာ ဤလောကတွင် မည်မျှလောက် ထူးခြားသည့် သြဇာအာဏာ ရှိသည်ကို သိရှိထားကြသည်။ ထိုစကားလုံးကို ကြားလိုက်ရသည့်အခါ ဝေ့အစ်ကိုမှာ စိတ်အာရုံများ လှုပ်ရှားသွားပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။ ထျန် ကျားသစ်မှာလည်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာမှာ ဖြူဖျော့သွားသည်။
"ညီမလေး၊ ဒီကောင်က မင်းကို သူနဲ့ လက်ထပ်ဖို့ ပြောခဲ့တာလား "
ဖန့်ချန်က ထျန် ကျားသစ်ကို တစ်ချက်ကြည့်လိုက်သည်။
"အစ်ကို၊ ဒီအကြောင်းကို ထပ်မပြောပါနဲ့တော့၊ ရွံစရာကောင်းတယ်"
ဖန့်ကျစ်ရွှယ်က သက်ပြင်းချကာ ခေါင်းခါသည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါက ရွံစရာကောင်းပါတယ်၊ ဖန့်ကောင်မလေးနဲ့ မထိုက်တန်ပါဘူး။"
ထျန် ကျားသစ်မှာ အလျင်အမြန် ခေါင်းညိတ်သည်။
"မင်း ရွံစရာကောင်း၊ မကောင်း ဆိုတာကတော့ ခဏနေမှ ပြောကြတာပေါ့။"
ဖန့်ချန်က အရေးမစိုက်သလို ပြောလိုက်သည်။ ထျန် ကျားသစ်မှာ ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်သည်။
"ခင်ဗျား... ဒီကိစ္စက... အမှားအယွင်းတစ်ခုပါ၊ တောင်ပေါ်က အကြီးကဲတွေကို လာစရာ မလိုပါဘူး၊ ငါတို့ ကိုယ်တိုင် ဖြေရှင်းလို့ ရပါတယ်။"
ဝေ့အစ်ကိုက အတင်းအဓမ္မ အပြုံးတစ်ခုဖြင့် ပြောသည်။
"နောက်ကျသွားပြီ။"
ဖန့်ချန်၏ အမူအရာမှာ အေးစက်နေသည်။
ခန့်မှန်းခြေ နှစ်ခွက်စာ အချိန်လောက် ကြာပြီးနောက် လူတစ်စုမှာ တောင်ပေါ်မှ အရှိန်အဟုန်ဖြင့် ရောက်ရှိလာကြသည်။ ခုနက တပည့်မလေးမှာလည်း သူတို့ကြားတွင် ပါဝင်ပြီး မျက်နှာတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေသေးသည်။
ဦးဆောင်သူမှာ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက် ၄၀ ကျော်ခန့် ရှိကာ ခန္ဓာကိုယ်မှာ ကြံ့ခိုင်သည်။ သူသည် မြေပြင်ပေါ်ရှိ ကျားသစ်ဂိုဏ်း၏ အလောင်းများကို ကြည့်လိုက်၊ ဖန့်ချန်၏ ရှေ့တွင် ဒူးထောက်နေသည့် ဝေ့အစ်ကိုကို ကြည့်လိုက်ပြီးနောက် ဖန့်ချန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ငါ ကြားသိပြီးပြီ၊ ကျားသစ်ဂိုဏ်းသားတွေက သေသင့်တယ်။ ဝေ့ဖုန်းကလည်း မမျှမတ လုပ်ဆောင်ခဲ့လို့ သိုင်းကျောင်းတော်က အပြစ်ပေးလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားက ဆွေဝေ့ သိုင်းကျောင်းတော်ရဲ့ နယ်မြေထဲမှာ ငါတို့ တပည့်ကို ထိခိုက်အောင် လုပ်တဲ့အတွက် ရှင်းလင်းချက်တစ်ခုတော့ ပေးသင့်တယ်မဟုတ်လား။"
အခန်း (၂၉၃၈) - ကျွန်တော့်ကို အယောက်တစ်ရာစာ ခွဲတမ်းပေးပါ
ဝေ့ဖုန်းက အသိစိတ်မလည်ဘဲ -
"လီအကြီးကဲ၊ ဒီကိစ္စက..." ဟု ပြောလိုက်သည်။
လီဝင်ချင်းက သူ့ကို အေးစက်စက် အကြည့်တစ်ချက် ပစ်လိုက်ပြီး -
"ပါးစပ်ပိတ်ထား၊ ကျိုးနင်ယန့်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အကုန်အမှန်အတိုင်း ပြောပြပြီးပြီ။" ဟု ဆိုသည်။
ဝေ့ဖုန်းလည်း ခေါင်းကို ချက်ချင်း ငိုက်စိုက်ကျသွားပြီး ဘာမှ ထပ်မပြောရဲတော့ပေ။
လီဝင်ချင်းက ဖန့်ချန်ဘက်သို့ လှည့်ကြည့်ကာ အေးဆေးစွာပင် -
"ခင်ဗျား ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ ရည်ရွယ်ထားသလဲ။" ဟု မေးသည်။
"ကျွန်တော် ဆွေဝေ့ သိုင်းကျောင်းတော်ကို ဝင်ပြီး လေ့ကျင့်ချင်တယ်။"
ဖန့်ချန်က ပြုံး၍ -
"ကျွန်တော့်ကို အယောက်တစ်ရာစာ ခွဲတမ်းပေးပါ။ ကျွန်တော် အပါအဝင် အဲ့ဒီလူတစ်ရာဟာ ဘာစာမေးပွဲမှ ဖြေစရာမလိုဘဲ ကျွန်တော်နဲ့အတူ ဆွေဝေ့ သိုင်းကျောင်းတော်မှာ သိုင်းပညာ လေ့ကျင့်ခွင့် ရရမယ်။"
ဟု ပြောသည်။
လီဝင်ချင်းမှာ ကြက်သေသေသွားသည်။
သူ ခေါ်လာသည့် တပည့်များမှာလည်း ထိုနေရာတွင်ပင် တောင့်ခဲသွားကြပြီး ဖန့်ချန်ကို ကြည့်သည့် အကြည့်များမှာ အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။
တောင်ခြေတွင် ကျောက်တုံးများ အမြဲသယ်နေရသူများမှာလည်း မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဒီလူ ဘာတွေ လျှောက်ပြောနေတာလဲ
အယောက်တစ်ရာစာ ခွဲတမ်း ဟုတ်လား
နှစ်စဉ်နှစ်တိုင်း ဆွေဝေ့ သိုင်းကျောင်းတော်ကို အောင်မြင်စွာ ဝင်ရောက်နိုင်သူမှာ အလွန်နည်းပါးပြီး ဆယ်ယောက်တောင် မပြည့်တတ်ပေ။
ဒီလူကတော့ ပါးစပ်ဖွင့်လိုက်တာနဲ့ လူတစ်ရာစာ ခွဲတမ်း တောင်းနေတယ်။
ဘယ်ကနေ ဒီလောက်တောင် ရှက်ရမ်းရမ်းနိုင်တာလဲ။
ချင်ဝူဆန့် နှင့် လွမ်းရွှမ်ချီတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့ထားလိုက်ကြသည်။
လီဝင်ချင်း၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ငါတို့ အခု ပြောနေတာက မင်း ဆွေဝေ့ သိုင်းကျောင်းတော်ရဲ့ တပည့်ကို ထိခိုက်အောင် လုပ်ခဲ့တဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာလေ "
"ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ။"
"လီဝင်ချင်း"
"လီအစ်ကို၊ နားနားကို နည်းနည်း တိုးပေးပါ။"
ဖန့်ချန်က လက်ယပ်လိုက်သည်။
လီဝင်ချင်းမှာ မယုံသင်္ကာ ဖြစ်နေသော်လည်း ခဏမျှ စဉ်းစားပြီးနောက် ခြေလှမ်းအနည်းငယ် တိုးလာသည်။
လူအများမှာ သူတို့နှစ်ယောက် တီးတိုး စကားပြောနေသည်ကိုသာ မြင်လိုက်ရသည်။
လီဝင်ချင်း၏ မျက်နှာပေါ်တွင် ပထမဆုံး အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာပြီးနောက် မယုံသင်္ကာ ဖြစ်သွားကာ မကြာခင်မှာပင် ပြုံးရွှင်သည့် မျက်နှာအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။
"လူကြီးမင်းတို့ ကျွန်တော်နဲ့အတူ ကြွခဲ့ကြပါဦး။"
"လီအစ်ကိုကလည်း၊ အားနာစရာပါပဲ။"
ဖန့်ချန်က ပြုံး၍ ပြောလိုက်ပြီးနောက် လက်ကို အသာ ဝှေ့ယမ်းကာ လူအားလုံးကို လိုက်လာရန် အချက်ပြလိုက်သည်။
ဝမ်ချုံစန်းမှာ မယုံသင်္ကာ ဖြစ်နေသည်။
ရှဲ့အာမန်လည်း ဘာကြောင့်လဲဆိုတာကို နားမလည်သော်လည်း အများကြီး မမေးမြန်းတော့ဘဲ အမြန်ပင် လိုက်ပါလာသည်။ လီဝင်ချင်း ခေါ်လာသည့် တပည့်များမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ သူတို့မှာ ဘာမှ မမေးရဲကြဘဲ သံသယအပြည့်ဖြင့် လူစုနောက်သို့ လိုက်ပါလာကြသည်။
ကျိုးနင်ယန့်မှာမှ အသိစိတ်လည်စပြုနေသည့် ဝေ့ဖုန်းကို တွဲကူလိုက်သည်။
ထျန် ကျားသစ်မှာမူ ထိုနေရာတွင်ပင် ငေးငိုင်စွာ ရပ်ကျန်ခဲ့ပြီး တောင်ပေါ်သို့ တက်သွားကြသည့် လူအုပ်ကို ကြည့်ကာ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။
"အစ်ကိုကြီး၊ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ခုနက လူကြီးကို ပြစ်မှားမိထားတော့ ကျွန်တော်တို့ကတော့..."
ကျားသစ်ဂိုဏ်းမှ အသက်ရှင်ကျန်ရစ်သူများမှာ တစ်ယောက်ပြီးတစ်ယောက် တိုးကပ်လာကာ စိတ်ဓာတ်ကျသည့် အမူအရာဖြင့် မေးလိုက်ကြသည်။
"မပူပါနဲ့၊ အနည်းဆုံးတော့ ငါတို့ အသက်ရှင်နေသေးတယ်မဟုတ်လား "
ထျန် ကျားသစ်မှာ သက်ပြင်းကြီး ချလိုက်ပြီး ကြောက်လန့်မှုများ ကျန်ရှိနေသေးကာ -
"သွားကြ၊ ငါတို့ အမြန်ဆုံး ဒီကနေ ထွက်သွားမှ၊ ဟိုလူ စိတ်ပြောင်းသွားမှာ စိုးရတယ်။"
ဟု ဆိုသည်။
ထိုစကား ပြောပြီးခါစမှာပင် ဆွေဝေ့ သိုင်းကျောင်းတော်မှ တပည့်အချို့ လျင်မြန်စွာ ပြန်လှည့်လာပြီး ထျန် ကျားသစ်၏ လက်နှင့် ခြေထောက် လေးဖက်စလုံးကို ချက်ချင်းပင် ချိုးဖျက်ပစ်လိုက်သည်။
ထို့နောက် ဘာမှ မပြောဘဲ တောင်ပေါ်သို့ ဆက်တက်သွားကြသည်။
ကျားသစ်ဂိုဏ်းသားများမှာ ထိုမြင်ကွင်းကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်သွားသည်။
"မင်းတို့ ဘာတွေ ငေးကြည့်နေတာလဲ၊ ငါ့ကို မြန်မြန် တွဲပြီး ခေါ်သွားစမ်း"
ထျန် ကျားသစ်မှာ နဖူးမှ ချွေးစက်များ ကျဆင်းလာကာ သွားများကို တင်းတင်းစေ့ပြီး ညည်းညူအော်ဟစ်လိုက်သည်။
ကျားသစ်ဂိုဏ်းသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ အချို့မှာ တွဲကူရန် ပြင်သော်လည်း အချို့က လက်ကာ၍ တားလိုက်သည်။
"ထျန် ကျားသစ်က လူကြီးတစ်ယောက်ကို ပြစ်မှားမိထားတာ၊ ငါတို့သူနဲ့ ဆက်ပတ်သက်လို့ မဖြစ်ဘူး၊ မဟုတ်ရင် သေချာပေါက် အေးအေးဆေးဆေး နေရမှာ မဟုတ်တော့ဘူး ငါတို့ သွားကြစို့ "
ထိုစကားကြောင့် အခြားသူများလည်း စဉ်းစားကြည့်ပြီး သဘာဝကျသည်ဟု ယူဆကာ ထျန် ကျားသစ်မှာလည်း အသုံးမဝင်တော့သည့်အတွက် သူ့ကို ဆက်လိုက်ရန် အကြောင်းမရှိတော့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျားသစ်ဂိုဏ်းသားများမှာ တစ်ယောက်မှ မကျန်တော့ဘဲ ထွက်သွားကြသည်။
ထျန် ကျားသစ်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးများ ပြူးကျယ်လာကာ ကျိန်ဆဲလိုက်သည်။ သို့သော် သူ ကျိန်ဆဲရင်းနှင့်ပင် အနီးနားတွင် လူအများတိုးကပ်လာသည်ကို တွေ့လိုက်ရသည်။ သူတို့၏ မျက်နှာကို ကြည့်လိုက်သောအခါ အားလုံးမှာ သူ အရင်က ဖိနှိပ်ခဲ့ဖူးသူများ ဖြစ်နေသဖြင့် ထျန် ကျားသစ်မှာ တံတွေးကို အသာမြိုချကာ -
"မင်းတို့... မင်းတို့ ဘာလုပ်မလို့လဲ..." ဟု မေးသည်။
... ...
... ...
"ဖန့်ညီအစ်ကို၊ ကျွန်တော်တို့ ဆွေဝေ့ သိုင်းကျောင်းတော်က လောကမှာရှိတဲ့ သိုင်းကျောင်းတော် လေးခုထဲက တစ်ခုပဲ၊ အလွန် နက်နဲတဲ့ သိုင်းပညာ အမွေအနှစ်တွေ ရှိတယ်။ သိုင်းကျောင်းတော်မှာဆိုရင်လည်း ထိပ်သီးတောင် (၃၆) ခု ရှိပြီး တစ်ခုစီတိုင်းမှာ ကျွမ်းကျင်သူတွေ အများကြီးပဲ။ အင်အား အဆင့်၊ ဟင်းလင်းပြင် အဆင့်၊ ဘုရင် အဆင့်တွေ အစုံပဲ။"
လီဝင်ချင်းမှာ တောင်ပေါ်သို့ တက်သွားစဉ် ဖန့်ချန်ကို အလွန် ရင်းနှီးစွာဖြင့် မိတ်ဆက်ပေးနေသည်။
ဒွမ်ချင်းရှန်းနှင့် အဖွဲ့မှာမူ ထိုစကားများကို ကြားရသည်နှင့် နားထောင်ရန် အာရုံစိုက်လိုက်ကြသည်။ သူတို့မှာ နောင်တွင် အမှားမှန်ထွင်းဖောက် မျက်လုံး ကို နားလည်သဘောပေါက်နိုင်ရန်အတွက် ဤလောက၏ သိုင်းပညာ အသိပညာများကို စုပ်ယူထားရန် လိုအပ်နေသည်။
"ဒီ ဘုရင် အဆင့် ကျွမ်းကျင်သူဆိုရင် ကျွန်တော်တို့ ကျောင်းတော်မှာ (၃၆) ဦး ရှိတယ်၊ တစ်ဦးစီက တောင်တစ်ခုစီရဲ့ အရှင်သခင်တွေပဲ။ ကျွန်တော့် ဆရာကလည်း အဲ့ဒီထဲက တစ်ယောက်၊ ဟောက်ယမ်တောင်ရဲ့ အရှင်သခင်၊ လောကမှာတော့ ဟောက်ယမ်ဘုရင်လို့ ခေါ်ကြတယ် "
ဒွမ်ချင်းရှန်းသည် ထိုစကားကို ပြောပြီးနောက် ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ပြုံး၍ -
"ကျွန်တော့် ဆရာက တရားမျှတသူ၊ အပေါ်ကလူကို လှည့်စားတာ၊ အောက်ကလူကို အနိုင်ကျင့်တာ၊ လိမ်ညာပြောဆိုတာတွေကို အမုန်းဆုံးပဲ။ ဝေ့ဖုန်းလို လူမျိုးဆိုရင်တော့ သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပဲ။"
ဟု ဆိုသည်။
ကျိုးနင်ယန့်၏ တွဲကူမှုကို ခံနေရသည့် ဝေ့ဖုန်းမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ ဖန့်ချန်ကမူ လီဝင်ချင်း၏ စကားမှာ တစ်စုံတစ်ရာကို ရည်ညွှန်းနေမှန်း သိရှိသဖြင့် တိုးတိုးလေး ရယ်မော၍ -
"လီအစ်ကို၊ ကျွန်တော် ခုနက ပြောလိုက်တဲ့စကားတွေက အကုန်အမှန်တွေပါ။ စွမ်းအင်အားဖြည့် ဆေးလုံံံး သာ မရှိရင် ကျွန်တော် ဘယ်လိုလုပ်ပြီး အယောက်တစ်ရာစာ ခွဲတမ်း တောင်းရဲပါ့မလား ကျွန်တော် ဒီကို လာတာကလည်း ခင်ဗျားတို့ ဆွေဝေ့ သိုင်းကျောင်းတော်ကို အားကိုးချင်လို့ပါ၊ သေချာပေါက် ရိုးသားတဲ့ စိတ်စေတနာနဲ့ လာတာပါ။"
ဟု ပြောသည်။
လီဝင်ချင်း ထိုစကားကို ကြားလိုက်သောအခါ မျက်နှာပေါ်မှ အပြုံးမှာ ပိုမို တောက်ပလာသည်။ ကျန်လူများမှာမူ ကြက်သေသေသွားကြသည်။
"နှစ် ၆၀ သက်တမ်း အားဖြည့် ဆေးလုံး ဟုတ်လား"
ဝေ့ဖုန်းမှာ အသက်ရှူမှားသွားပြီး လီဝင်ချင်းက ဘာကြောင့် သူ့ကို အပြစ်မပေးတော့သည်ကို အခုမှ နားလည်သွားသည်။ အခု အခြေအနေကို ကြည့်ရလျှင် ဖန့်ချန်မှာ ဆွေဝေ့ သိုင်းကျောင်းတော်ကို တိုက်ရိုက် ဝင်ရောက်သွားပြီး အမြင့်ဆုံး နေရာတစ်ခုကို ရသွားတော့မည့်ပုံပင်...
လီဝင်ချင်း ခေါ်လာသည့် တပည့်များမှာမူ အင်အား အဆင့် သိုင်းသမားများ ဖြစ်ကြသော်လည်း စွမ်းအင်အားဖြည့်ဆေးလုံး၏ နာမည်ကို ကြားဖူးကြပြီး မယုံသင်္ကာနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ဒွမ်ချင်းရှန်းတို့မှာမူ အခုမှပင် အားလုံးကို နားလည်သွားသည်။ ထို သိုင်းလောကတွင် စွမ်းအင် အားဖြည့် ဆေးလုံးမှာ အလွန်တန်ဖိုးရှိသည့် ပစ္စည်း ဖြစ်နေသည်။
"ဒါက စင်ကြယ်သော ဗောဓိသီး နဲ့ အရသာချင်း ဆင်တူတာပဲ။"
ယဲ့ထျန်းဂူက စိတ်ထဲတွင် တိုးတိုးလေး တွေးလိုက်သည်။
အကယ်၍သာ ကောင်းကင်ငါးပါး နှစ်ဖက်စလုံးကြားတွင် ကြီးမားသော ရန်ငြိုးတစ်ခု ဖြစ်ခဲ့လျှင်ပင် စင်ကြယ်သော ဗောဓိသီး တစ်လုံးဖြင့် အလွယ်တကူ ဖြေရှင်းနိုင်မည်ဖြစ်သည်။
လမ်းတစ်လျှောက်တွင် မည်သူမျှ စကားမပြောကြပေ။ ဖန့်ချန်မှာမူ လီဝင်ချင်း ပြောသွားသည့် ဘုရင်အဆင့် ကျွမ်းကျင်သူများအကြောင်းကို စဉ်းစားနေသည်။ သူ၏ လက်ရှိ စွမ်းအားမှာ ဟင်းလင်းပြင်အဆင့်လား၊ ဒါမှမဟုတ် ဘုရင်အဆင့်လား ဆိုသည်ကို သူ မသိရှိပေ။ သူ သိသည်မှာ ထိုကာလအတွင်း နေ့တိုင်း ဟင်းလင်းပြင် စွမ်းအားများကို စုပ်ယူနေခဲ့ပြီး သူ၏ လက်ရှိစွမ်းအားမှာ စရောက်စအချိန်ကထက် များစွာ သာလွန်နေပြီ ဖြစ်သည်။
"လီအစ်ကို၊ တစ်ခုလောက် မေးပါရစေ၊ ခင်ဗျားတို့ ဆွေဝေ့ သိုင်းကျောင်းတော်မှာ အရည်အချင်း အရှိဆုံး တပည့်တစ်ယောက်ဟာ တပည့်ခံပြီးချိန်ကနေ ဟင်းလင်းပြင်အဆင့်ကို တက်လှမ်းတဲ့အထိ ဘယ်နှစ်နှစ်လောက် ကြာတတ်သလဲ။"
ဖန့်ချန်က မေးလိုက်သည်။
ဒွမ်ချင်းရှန်းတို့မှာ ထပ်မံပြီး နားစွင့်နေကြသည်။
"ဟင်းလင်းပြင်အဆင့် ဟုတ်လား"
လီဝင်ချင်း၏ မျက်လုံးထဲတွင် အနည်းငယ် ဂုဏ်ယူသည့် အရိပ်အယောင် ပေါ်လာသည်။
"ဒီလောကမှာရှိတဲ့ ဟင်းလင်းပြင်အဆင့် သိုင်းသမား (၇၀) ရာခိုင်နှုန်းက သိုင်းကျောင်းတော် လေးခုကနေ ထွက်လာတာ၊ ဒါကို ကျွန်တော် အလကား ပြောနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ ဆွေဝေ့ သိုင်းကျောင်းတော်မှာ အရည်အချင်း အရှိဆုံး တပည့်တွေဆိုရင်တော့ ၁၀ နှစ်လောက် လေ့ကျင့်ပြီးတာနဲ့ ဟင်းလင်းပြင်အဆင့်ကို ရောက်ကြတယ်။ အမြန်ဆုံး ဟင်းလင်းပြင်အဆင့် ကျွမ်းကျင်သူဆိုရင်တော့ ကျွန်တော့် ဟောက်ယမ်တောင်မှာပဲ ရှိတယ်၊ ခဏနေရင် တွေ့ရပါလိမ့်မယ်။ သူက ၁၆ နှစ်မှာ စာမေးပွဲ သုံးခုလုံး အောင်ပြီး ဟောက်ယမ်တောင်ကို ဝင်လာတာ၊ လေ့ကျင့်လာတာ အခုဆိုရင် ၄ နှစ်ပဲ ရှိသေးတယ်၊ ဟင်းလင်းပြင်အဆင့်ကို ရောက်နေပြီ။"
ထိုစကားများကြောင့် ဒွမ်ချင်းရှန်းတို့မှာ အတွေးလွန်သွားကြသည်။ ဖန့်ချန်မှာ ထိုနေရာကို ရောက်လာတာ လပေါင်းအနည်းငယ်ပဲ ရှိသေးတယ်၊ ဘယ်လိုလုပ်ပြီး ဟင်းလင်းပြင်အဆင့် ကျွမ်းကျင်သူ ဖြစ်သွားတာလဲ။
"ဒါမှမဟုတ် သူ့ရဲ့ အရည်အချင်းက သူတော်စင် လမ်းကြောင်းတင် မဟုတ်ဘဲ သာမန် သိုင်းသမား လမ်းကြောင်းမှာပါ ငါတို့ထက် အများကြီး သာလွန်နေတာလား "
ချင်ဝူဆန့်မှာ ထိုအချက်ကို စဉ်းစားမိပြီး စိတ်လေးသွားသည်။ သိုင်းပညာ မြင့်မားခြင်းမှာ အမှားမှန် ထွင်းဖောက် မျက်လုံးကို နားလည်သဘောပေါက်ရန် အခွင့်အရေး ပိုများကြောင်း ဆိုလိုသည်။
ခဏအကြာတွင် လူအုပ်စုမှာ လီဝင်ချင်း၏ ခေါ်ဆောင်မှုဖြင့် ဟောက်ယမ်တောင်ရှိ ဧည့်ခန်းမဆောင် တစ်ခုသို့ ရောက်ရှိသွားသည်။ ခဏမျှ စောင့်ဆိုင်းပြီးနောက် အဘိုးအိုတစ်ဦးမှာ ခန်းမဆောင်ထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာပြီး သူ၏ ဘေးတွင် အလွန် ငယ်ရွယ်သည့် သိုင်းသမားတစ်ဦး ပါဝင်လာသည်။