← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄) တစ်ယောက်တည်း ဘယ်လိုလုပ် ကလေးမွေးနိုင်မှာလဲ

အခန်းတွင်းရှိ မီးရောင်များ အကုန်ငြိမ်းသွားသည်အထိ လီချန်ချဲ့ စောင့်နေပြီးမှ တံခါးကိုတွန်းဖွင့်ကာ အိပ်ဆောင်ထဲသို့ ဝင်လာခဲ့သည်။

အခန်းကန့်လန့်ကာကို ကျော်လွန်လာသည်နှင့် မှောင်မိုက်နေသော ကုတင်ပေါ်မှ ဖောင်းမို့မို့ အရာလေးတစ်ခုကို သူမြင်လိုက်ရ၏။

သူလျှောက်သွားကာ ကုတင်ဘေးတွင်ထိုင်လိုက်ပြီး စောင်ကို ညင်သာစွာ ဆွဲချလိုက်ရာ အိုက်လွန်း၍ နီရဲနေသော ရွှယ်နင်၏ မျက်နှာလေး ပေါ်လာသည်။

သူမက မျက်နှာလေး နီမြန်းစွာဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။ အအေးမိထားတာ အပြည့်အဝ မပျောက်သေးမှာကို စိုးရိမ်သဖြင့် သူက သူမရဲ့ နဖူးလေးကို လှမ်းစမ်းလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် စောင်ခြုံထား၍သာ ပူနေခြင်းဖြစ်ပြီး နဖူးတွင် အဖျားငွေ့ မရှိတော့ပေ။

လီချန်ချဲ့ သဘောကျစွာ ပြုံးလိုက်မိပြီး ကုတင်ဘေးတွင်ချထားသော သူမ၏ လက်နုနုလေးကို သူ့လက်ကြီးဖြင့် ဆုပ်ကိုင်လိုက်သည်။ ညဦးပိုင်းက သူတို့ဇနီးမောင်နှံနှစ်ယောက် ဇာတ်လမ်းဆင်ခဲ့ရတာကို ပြန်တွေးမိရင်း သူမလက်လေးကို အသာအယာ ပွတ်သပ်ပေးနေမိသည်။

ရေအေးဖြင့် ချိုးကာ ငြှိမ်းသတ်ခဲ့ရသော မီးတောက်က အခုတော့ ရုတ်တရက် အရှိန်အဟုန်ဖြင့် ပြန်လည်တောက်လောင်လာပြန်သည်။

သူ မျက်မှောင်ကြုတ်လိုက်ပြီး မိန်းကလေး၏ ဖြူဖွေးနီမြန်းနေသော ပါးပြင်လေးများကို လောဘတကြီး စိုက်ကြည့်နေသည်။

သူမ၏ နုဖတ်နေသော အသားအရေလေးမှာ ရေစက်များပင် ကျလာတော့မယောင် စိုပြည်နေ၏။

သူမကို တစ်ကိုက်လောက် ကိုက်လိုက်ချင်ပြီး သူ့ကိုယ်ထဲသို့ အတင်းအကျပ် ဆွဲသွင်းထားချင်စိတ်များ ပေါက်လာသည်။

ထိုရမ္မက်သွေးကြွဖွယ် အတွေးများက ပိုမိုအားကောင်းလာရာ သူ့ကို ထပ်မထိန်းချုပ်ချင်တော့အောင် ဖြစ်စေသည်။

စုအိမ်တော်ကို ပြန်ရောက်တာနှင့် ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို အကောင်အထည်ဖော်ရန် နည်းလမ်းရှာရမယ်လို့ သူတွေးလိုက်တယ်။

သူ့အဖေ ပြောခဲ့သလိုပဲ ချစ်ရတဲ့ မိန်းကလေးကို ဘေးနားခေါ်ထားပြီး လုံးဝ မထိတွေ့ဘဲနေရန်မှာ မဖြစ်နိုင်ပေ။

ဒါ့အပြင် သူမအပေါ်ထားရှိတဲ့ သူ့ခံစားချက်က ရိုးရိုးသာမန်မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ကပါ သူမကို အလွန်အမင်းမက်မောနေတယ်ဆိုတာ သူသဘောပေါက်လိုက်တယ်။

သူက မိန်းကလေး၏ လက်ကိုမကာ အနမ်းတစ်ပွင့် ခြွေလိုက်သည်။

"နင်နင်၊ မင်း စုကျန်းကို မကြိုက်တော့ဘူးဆိုရင်..."

"ကိုယ့်ကို အစားထိုးပြီး သဘောကျကြည့်ပေးလို့ မရဘူးလား"

ကံမကောင်းစွာဖြင့် ရွှယ်နင်မှာ အိပ်မောကျလွန်းနေသဖြင့် ထိုစကားများကို မကြားလိုက်ပေ။

သူမက တစ်ဖက်သို့ လှည့်လိုက်ရာ ခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများ ပေါ်သွားပြီး သွယ်လျသော ခြေတံလေးတစ်ဖက်က လီချန်ချဲ့၏ ပေါင်ကို ကန်မိလျက်သား ဖြစ်သွားသည်။

သိပ်အားပါလှသည်တော့ မဟုတ်ပေ။ သူ့ကို မလှုပ်ရှားစေနိုင်မှန်း သိသည့်အတိုင်း သူမကတော့ ဆက်အိပ်နေလေသည်။

လီချန်ချဲ့က ချစ်မြတ်နိုးစွာ ပြုံးလိုက်၏။

ထားလိုက်ပါတော့။ သူမကို ဘေးနားမှာ ခေါ်ထားခွင့်ရတာကတင် သူ့အတွက် လုံလောက်နေပါပြီလေ။

...

နောက်တစ်နေ့မနက်တွင် ရွှယ်နင် နိုးလာပြီး ကုတင်ပေါ်တွင်ထိုင်ကာ သမ်းဝေနေသည်။

သူမ ကုတင်ခန်းဆီးကို ဆွဲဖယ်ကြည့်လိုက်တော့ အပြင်ဘက် သစ်ပင်ထိပ်ဖျားများထက်တွင် နေလုံးကြီး သာနေပြီ။

ကြည့်စရာပင်မလိုဘဲ အားချဲ့ ဟန်လင်ကျောင်းတော်သို့ ထွက်သွားလောက်ပြီဆိုတာ သူမ သိလိုက်သည်။

မနေ့ညက နောက်ကျမှ အိပ်မိတဲ့ သူမအမှားပဲ။ ဒီနေ့ မောင်းအချိန်မှာ သူမ လုံးဝ မထနိုင်ခဲ့ဘူး။

ပေါင်ချန်က လည်ကုပ်ကို ပွတ်ရင်း တံခါးကိုတွန်းဖွင့်ဝင်လာကာ ရေနွေးနှင့် သဘက်များကို စင်ပေါ်တင်လိုက်သည်။

"သခင်မလေး.. နောက်ဆုံးတော့ နိုးလာပြီပေါ့။ ဒီနေ့ အလုပ်များမယ့်နေ့ပဲ။ ခဏနေရင် သခင်မလေး ကျန်းမာရေးအတွက် သွေးခုန်နှုန်းစမ်းသပ်ပေးဖို့ နတ်သမားတော်လိုင်ကို ရှီဇီက ပင့်ထားတယ်"

ရွှယ်နင် ဇဝေဇဝါဖြစ်သွားသည်။

"နတ်သမားတော်လိုင်?"

"သူက သေသူကိုတောင် ရှင်အောင်ကုသပေးနိုင်တဲ့ ဆေးပညာစွမ်းရည်ရှိပြီး အရမ်းကို တော်တဲ့သူလို့ ပြောကြတယ်"

ပေါင်ချန်က ရှင်းပြသည်။

"သူက လူတွေကို သိပ်ကုပေးလေ့မရှိဘူး။ ရှီဇီက သူ့အဆက်အသွယ်တွေကိုသုံးပြီး ကိုယ်တိုင် သွားပင့်လို့သာ လာဖို့သဘောတူခဲ့တာလို့ ဖူရှန်းက ပြောတယ်"

ကျန်းမာရေးစမ်းသပ်ဖို့လေးအတွက် ဒီလောက်ကြီး ခမ်းနားတဲ့အစီအစဉ် လုပ်ဖို့လိုလို့လား။

စားပွဲမြင့်ပေါ်ရှိ ကြွေဇလုံထဲတွင် ပက်လက်လန်အိပ်နေသော အန်းအန်းလေးကို ရွှယ်နင် ကြည်လင်သော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ရင်း သူမမျက်ဝန်းထောင့်များတွင် အပြုံးရေးရေးလေး တစ်ခု မသိမသာ ပေါ်လာသည်။

အားချဲ့က သူမအတွက် အပင်ပန်းခံပြီး ပင့်ပေးထားမှတော့လည်း ပြသကြည့်လိုက်ဖို့ အပန်းမကြီးပါဘူးလေ။

ရွှယ်နင် ကုတင်ပေါ်မှဆင်းလာပြီး ပေါင်ချန်ကို နောက်ပြောင်ချင်သော အပြုံးဖြင့် ကြည့်လိုက်သည်။

"မနေ့က မူးလဲတဲ့အထိ သောက်ခဲ့တာလား"

ပေါင်ချန်က နှုတ်ခမ်းစူကာ ရှက်ကိုးရှက်ကန်း ပြုံးပြသည်။

"ဖူရှန်းက အဲဒီလောက် အရက်သောက်နိုင်မယ်လို့ ကျွန်မ မထင်ထားဘူးလေ။ ကျွန်မ မူးသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါပေမဲ့ သတင်းတော်တော်များများတော့ စုံစမ်းလို့ရခဲ့တယ်။ သခင်မလေး နားထောင်ချင်လား"

လီချန်ချဲ့၏ အတိတ်အကြောင်းကို ရွှယ်နင် အမှန်ပင် စိတ်ဝင်စားနေသည်။ ဆံပင်ကို သေချာမပြင်ဆင်ချင်တော့သဖြင့် နက်မှောင်သော ဆံပင်ကို ခရမ်းရောင်ဖဲကြိုးလေးဖြင့်သာ စည်းနှောင်လိုက်ပြီး ပေါင်ချန်ကိုဆွဲကာ ပြတင်းပေါက်နားတွင် ထိုင်လိုက်၏။

သခင်နှင့် အစေခံ နှစ်ယောက်သား နာရီဝက်နီးပါးခန့် စကားပြောနေကြသည်။

"ဒါဆို အဲဒီတုန်းက နယ်စားမင်းက သခင်မဝမ်ကို သဘောကျပြီး အတင်းအကျပ် လက်ထပ်ချင်ခဲ့တာပေါ့။ ဒါပေမဲ့ သခင်မဝမ်က သူ(မ)ရဲ့ခင်ပွန်းဟောင်းနဲ့ ထွက်ပြေးဖို့ ကြိုးစားတော့ အဲဒီလူက အဖမ်းခံရပြီး ခြေထောက်နှစ်ဖက်လုံး ရိုက်ချိုးခံလိုက်ရတယ်ပေါ့"

ပေါင်ချန်က ပြန်ဖြေသည်။

"အိမ်တော်ဟောင်းက လူတွေဆီကနေ သိခဲ့ရတာလို့ ဖူရှန်းက ပြောတယ်။ သခင်မဝမ်ရဲ့ ခင်ပွန်းဟောင်း ခြေထောက်နှစ်ဖက်လုံး အချိုးခံရပြီးတော့ သူ(မ)ခင်ပွန်းနဲ့ အခု အကြီးဆုံးသခင်လေးဖြစ်နေတဲ့ မွေးခါစကလေးရဲ့ အသက်ကို ကယ်ဖို့အတွက် နယ်စားမင်းနဲ့ လက်ထပ်ဖို့ သဘောတူခဲ့တာတဲ့"

"ပြီးတော့ရော"

"နယ်စားမင်းနဲ့ မင်္ဂလာဦးညမှာပဲ သခင်မဝမ်ရဲ့ ခင်ပွန်းဟောင်းက ရုတ်တရက် သေသွားခဲ့တယ်"

"..."

"နယ်စားမင်းက ကတိဖျက်ပြီး သူ(မ)ခင်ပွန်းကို သတ်ဖို့ကြံစည်ခဲ့တာကို သခင်မဝမ် သိသွားတော့ မင်္ဂလာဦးညမှာပဲ နယ်စားမင်းနဲ့ အကြီးအကျယ် ရန်ဖြစ်ကြတော့တာပဲ"

ကံကြမ္မာက ထပ်တူကျနေသလို ခံစားလိုက်ရသဖြင့် ရွှယ်နင် ရင်ထဲ တင်းကျပ်သွားသည်။

"ဒါဆို သူတို့လည်း မင်္ဂလာဦးညမှာ အတူမနေခဲ့ကြဘူးပေါ့"

ပေါင်ချန်က ခေါင်းခါပြသည်။

"မနေခဲ့ဘူး။ အဲဒီနောက်မှာ သခင်မဝမ်က နယ်စားမင်းကို နာကြည်းသွားပြီး အိမ်တော်ကနေ ထွက်ပြေးဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားတော့တာပဲ။ ဒါပေမဲ့ နယ်စားမင်း ဒေါသထွက်သွားတဲ့အချိန်မှာ အတင်းအကျပ် ပထမဆုံးအကြိမ် အတူနေခဲ့ရတယ်။ အဲဒီကနေမှ သခင်မဝမ်ဆီမှာ ကျွန်မတို့ ရှီဇီကို ကိုယ်ဝန်ရသွားတာတဲ့"

ရွှယ်နင် မယုံနိုင်စွာဖြင့် စုတ်သပ်လိုက်မိသည်။

"...သခင်မဝမ်ရဲ့ စိတ်က ဒီလောက်တောင် ခေါင်းမာလိမ့်မယ်လို့ ငါမထင်ထားဘူး"

သူမ အမုန်းဆုံးယောက်ျားဆီကနေ ရလာတဲ့ ကိုယ်ဝန်ဆိုတော့ ဒီကလေးကို သူမ ဘယ်လိုလုပ် ချစ်နိုင်မှာလဲ။

"ဒါပေမဲ့ နယ်စားမင်းက သခင်မဝမ်ရဲ့ ခင်ပွန်းဟောင်းကို တကယ် အဆိပ်ခတ်ခဲ့တာ မဟုတ်ဘူးလို့ ဖူရှန်းက ပြောတယ်"

"ဒါဆို... သူက ဘယ်လိုသေသွားတာလဲ"

"ဖူရှန်းလည်း မသိဘူးတဲ့။ ကောလာဟလတွေပဲ ရှိတာ... တချို့ကတော့ အဲဒီလူက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာလို့ ပြောကြပေမဲ့ လူအများစုကတော့ နယ်စားမင်းက သခင်မဝမ်ကို အတင်းလုယူဖို့အတွက် သူ့ကို သတ်လိုက်တာလို့ပဲ ယုံကြည်နေကြတာ"

"နယ်စားမင်းက ဘယ်လောက်ပဲ မိုက်မဲပါစေဦးတော့.. မင်္ဂလာဦးညမှာ ဇနီးရဲ့ ခင်ပွန်းဟောင်းကို သတ်လောက်တဲ့အထိတော့ အရူးမဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး နယ်စားမင်းက ဘာမှ မရှင်းပြခဲ့ဘူးလား"

"ဒါတော့ ကျွန်မလည်း မသိဘူး သခင်မလေး"

"..."

ရွှယ်နင် သက်ပြင်းမော ချလိုက်မိသည်။ တကယ့်ကို ရှုပ်ထွေးပွေလီတဲ့ မိသားစုပဲ။

သခင်မဝမ် ခံစားခဲ့ရသည့် ဒုက္ခများကို ကြားပြီးနောက် ပေါင်ချန်လည်း သူမအပေါ် အတော်လေး သနားသွားမိသည်။

"နယ်စားမင်းက စစ်သားတစ်ယောက်ဆိုတော့ နူးညံ့သိမ်မွေ့တဲ့ အမူအရာတွေကို မသိဘူး၊ ပြီးတော့ အာဏာရှင်ဆန်ပြီး အတင်းအကျပ်လည်း လုပ်တတ်တယ်။ နှစ်တွေတစ်လျှောက် သခင်မဝမ်အပေါ် ကောင်းတဲ့နေရာတွေမှာ ကောင်းခဲ့ပေမဲ့ လင်မယားအရေး ကိစ္စတွေမှာတော့ အတင်းအကျပ် လုပ်လေ့ရှိတာတဲ့။ နယ်စားမင်းအပေါ် နာကြည်းချက် ရှိနှင့်ပြီးသား သခင်မဝမ်က သူ့ကို ပိုပြီးမုန်းတီးလာခဲ့တာပေါ့။ ဒါပေမဲ့ အတွင်းဆောင်အပြင်မထွက်ရတဲ့ အားနွဲ့တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ နယ်စားမင်းကို တိုက်ရိုက် မဆန့်ကျင်နိုင်တော့... သူ(မ)ရဲ့ အမုန်းတရားတွေကို ရှီဇီအပေါ် ပုံချလိုက်တာ ဖြစ်မယ်"

ရွှယ်နင် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

"အားချဲ့ငယ်ငယ်တုန်းက သခင်မဝမ်က သူ့ကို သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်လို့ ပြောတယ်။ အဲဒါ တကယ်ပဲလား"

ပေါင်ချန် သက်ပြင်းချလိုက်သည်။

"တကယ်ပါ သခင်မလေး"

ရွှယ်နင် ရင်ထဲ ဗြောင်းဆန်သွားပြီး လီချန်ချဲ့အပေါ် သနားဂရုဏာသက်စိတ်များ လှိုင်းလုံးကြီးတစ်ခုလို တစ်ဟုန်ထိုး တက်လာခဲ့၏။

ဒါကြောင့်မို့လို့ သူက အမြဲတမ်း အေးစက်စက်နဲ့ ချဉ်းကပ်ရခက်နေတာကိုး... သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားနေခဲ့တာပဲ။

ရွှယ်နင် ခဏမျှ တိတ်ဆိတ်သွားပြီးမှ...

"ကောင်းပြီ၊ ငါနားလည်ပြီ။ ဒီအကြောင်းတွေကို အားချဲ့ကို လုံးဝ မသိစေနဲ့"

နောင်ကစပြီး သူမကပါ သူ့ကို ကာကွယ်ပေးမယ်လို့ စိတ်ထဲကနေ တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်တယ်။

အနည်းဆုံးတော့ သူမ မထွက်သွားခင်အထိ သူ့အပေါ် ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမယ်။

"အား... သခင်မဝမ်ကလည်း သနားစရာကောင်းလိုက်တာ၊ ကျွန်မတို့ရှီဇီကလည်း သနားဖို့ကောင်းလိုက်တာ"

ပေါင်ချန်က သူမ၏ သခင်မလေးဘက်သို့ လှည့်ကာ မျက်လုံးများ တောက်ပလျက် ပြောလိုက်သည်။

"သခင်မလေး..ရှီဇီ့အတွက် ကလေးတစ်ယောက်လောက် မမွေးပေးနိုင်ဘူးလား။ သူ့ကိုလည်း မိသားစုရဲ့ နွေးထွေးမှုကို ခံစားရစေချင်လို့ပါ"

ရွှယ်နင်မှာ ရယ်လည်းရယ်ချင် စိတ်လည်းမရှည်ဖြစ်ကာ ရယ်မောလိုက်မိသည်။

"ငါက ကလေးယူချင်တယ်ဆိုရင်တောင် ကူညီပေးမယ့်သူ လိုဦးမှာပေါ့။ ငါတစ်ယောက်တည်း ဘယ်လိုလုပ် မွေးနိုင်မှာလဲ"

သူမက အမှန်တကယ်တော့ ကလေးများကို အလွန်ချစ်တတ်သူဖြစ်သည်။ အရင်ဘဝတုန်းက သူမ၏ အကြီးမားဆုံး နောင်တမှာ အဖော်ပြုပေးမယ့် ကလေးတစ်ယောက် မရှိခဲ့ခြင်းပင်။

ဒါပေမဲ့လည်း သူမ ကျေးဇူးတင်မိတယ်—ကံကောင်းလို့ ကလေးမရှိခဲ့တာ။ မဟုတ်လျှင် ယုံကျိုးမြို့မှာ အသုံးမကျတဲ့ မိခင်ဖြစ်သူနှင့်အတူ ဆင်းရဲဒုက္ခခံနေရမယ့် ကလေးငယ်ကို ကြည့်ရင်း သူမ ပိုပြီးတော့ နာကျင်ဝမ်းနည်းရလိမ့်မယ်။

အရင်ဘဝက နောင်တများကိုတော့ လွင့်မျောပျောက်ကွယ်သွားပါစေတော့။

ဒီဘဝမှာတော့ သူမ ကိုယ့်အတွက်ကိုယ် ကောင်းမွန်စွာ ရှင်သန်နေထိုင်သွားမယ်။

ပေါင်ချန်က နှုတ်ခမ်းလေးစူကာ မေးလိုက်သည်။

"ရှီဇီက သခင်မလေးယန်ရန်ကို တကယ်ပဲ သဘောကျနေတာလား။ သခင်မလေးက ကျွန်မကို စိတ်သက်သာရာရအောင် လိမ်ပြောနေတာတော့ မဟုတ်ပါဘူးနော်"

ရွှယ်နင်က ပြောလိုက်သည်။

"သူ့ပါးစပ်ကနေ ကိုယ်တိုင်ပြောခဲ့တာပဲဟာ... ဘာသံသယဖြစ်စရာ လိုသေးလို့လဲ"

ပေါင်ချန် အံ့သြသွားရ၏။

"ရှီဇီက ဘယ်တုန်းက ပြောလိုက်တာလဲ"

"မနေ့ညကလေ..."

ရွှယ်နင်၏ မျက်နှာလေး နီမြန်းသွားသည်။

"နင်မှ အဲဒီနားမှာ မရှိတာ”

All Chapters