← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅) ကွာရှင်းစာလား

ပေါင်ချန်က စိတ်ပျက်လက်ပျက်ဖြင့် မျက်လွှာချလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။ ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူမခေါင်းကို သူမ ပုတ်လိုက်သည်။

"အို... ဒုတိယအိမ်တော်ခွဲက လူတချို့ ဒီနေ့ အိမ်တော်ကို ရောက်လာလိမ့်မယ်၊ သခင်မလေးကို ကိုယ်စား ဧည့်ခံပေးဖို့ ရှီဇီက မှာသွားတယ်။ သခင်မလေး.. မြန်မြန် မျက်နှာသစ်လိုက်ပါဦး။ ကျွန်မ အဝတ်အစား မြန်မြန်လဲပေးမယ်"

ရွှယ်နင် မျက်ခုံးပင့်လိုက်သည်။

"ဒုတိယအိမ်တော်ခွဲဆိုတာ.. အစ်ကိုကြီး အရင်ကပြောဖူးတဲ့ ချန်ဟိန်နဲ့ ချန်လဲ့လား"

ပေါင်ချန်က ချက်ချင်းဆိုသလို လှုပ်ရှားလိုက်သည်။

"ဖြစ်နိုင်တယ်။ ဒုတိယအိမ်တော်ခွဲက သခင်မဝူလည်း လာမယ်လို့ ကြားတယ်။ သူ(မ)ရဲ့ သားနဲ့သမီးကို တုန်းကျင်းကိုခေါ်လာပြီး အခွင့်အလမ်းရှာမလို့တဲ့"

စကားပြောရင်း သူမလက်များက လျင်မြန်စွာ လှုပ်ရှားနေသည်။ အချိန်တိုအတွင်းမှာပင် သခင်မလေး၏ ဆံပင်ကို လှပသော ဆံထုံးမြင့်မြင့်လေးတစ်ခုအဖြစ် ပြင်ဆင်ပေးလိုက်၏။

ရွှယ်နင်က ရွှေရောင် တိမ်တိုက်ပန်းကနုတ်များ ထိုးထားသော ခရမ်းမှိုင်းရောင် ပိုးဖဲဝတ်ရုံကို လဲဝတ်လိုက်ပြီး ကျောက်ပြာရောင် သလဲသီးပုံစံ စကတ်ကို တွဲဖက်ဝတ်ဆင်လိုက်သည်။

သူမ၏ ဆံထုံးပေါ်တွင် ကတ္တီပါပန်းပွင့် အနည်းငယ်နှင့် တိမ်တိုက်ပုံစံ ကျောက်စိမ်းဆံထိုးတစ်ခုကို ရိုးရှင်းစွာ ထိုးစိုက်ထားရာ သူမ၏အလှကို ပို၍ တောက်ပကာ ပြိုင်ဘက်ကင်းစေသည်။

နံနက်စာစားပြီးသည်အထိ ဒုတိယအိမ်တော်ခွဲ၏ မြင်းလှည်းက တုန်းကျင်းမြို့ထဲသို့ မဝင်လာသေးပေ။

ရွှယ်နင်က မလောပါချေ။ နတ်သမားတော်လိုင်ကို အရင်သွားပြပြီးမှ မင်ဟွားဆောင်ရှိ သခင်မဝမ်ထံ ခဏသွားတွေ့ရန် စီစဉ်ထား၏။

သခင်မဝမ်က လီမိသားစုထဲမှာ အကျယ်ချုပ်ကျနေတာ ကြာပြီဖြစ်ပြီး လီလင်းဖုန်း၏ လူများကသာ ဝန်းရံထားသည်။

သူတို့က သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံကြသော်လည်း သူတို့၏ စောင့်ရှောက်မှုတွင် စစ်မှန်သော မေတ္တာတရားတော့ မပါဝင်ပေ။

သို့သော် ရွှယ်နင်ပေးသော ဟင်းရည်ပူပူတစ်ခွက်က သူမကို မျက်ရည်ကျလုမတတ် ဖြစ်စေခဲ့၏။

မျက်ရည်ဝဲနေစဉ်မှာပင် သူမက မသင့်တော်ဟု ခံစားလိုက်ရကာ ရွှယ်နင်ကို အနေခက်စွာဖြင့် စိုက်ကြည့်လိုက်သည်။

"ငါပေးလိုက်တဲ့ ဆေးကို သူ့ကို တိုက်လိုက်ပြီလား"

"စိတ်မပူပါနဲ့ အမေ။ မနေ့က သူ့ကို တိုက်လိုက်ပါပြီ။ အားချဲ့ ဆေးရည်ကုန်အောင်သောက်တာကို နင်နင်ကိုယ်တိုင် ကြည့်နေခဲ့တာပါ။ ဒါပေမဲ့ သောက်ပြီးသွားတော့လည်း ဘာထူးခြားတဲ့ တုံ့ပြန်မှုမှ မပြဘူး။ အမေ.. ကျွန်မကို ပေးလိုက်တာက တကယ်ပဲ အဆိပ် ဟုတ်ရဲ့လား"

သခင်မဝမ်က လှောင်ပြုံးပြုံးလိုက်သော်လည်း သူမရင်ထဲတွင် အပြစ်ရှိစိတ်က ဖြတ်ပြေးသွားသည်။

"လီချန်ချဲ့က နင့်ကြောင့် တကယ်သေသွားမှာကို နင် စိတ်မပူဘူးလား"

ရွှယ်နင် ပြုံးလိုက်သည်။

"အမေက အားချဲ့ရဲ့ မိခင်အရင်းဖြစ်နေရက်နဲ့တောင် ဂရုမစိုက်တာ၊ ကျွန်မလို အချစ်မခံရတဲ့ ဇနီးတစ်ယောက်က ဘာလို့ စိတ်ပူနေရမှာလဲ"

ရွှယ်နင်၏ သဘောထားကို သခင်မဝမ် သဘောကျသွားသည်။

"ကောင်းပြီလေ။ မှတ်ထား၊ အခုကစပြီး နင်က ငါ့လူပဲ။ ကိစ္စတိုင်းမှာ ငါ့အမိန့်ကို နာခံရမယ်"

"အမေက အားချဲ့ကို အဆိပ်ခတ်ဖို့ ရည်ရွယ်ထားတုန်းပဲလား"

သခင်မဝမ်က ဂရုမစိုက်ဟန်ဖြင့် လက်ခါပြလိုက်၏။

"ဒီအဆိပ်က အားပျော့လွန်းလို့ ဘာမှမဖြစ်စေနိုင်ဘူး။ အခွင့်အရေးရရင် အပြင်ကနေ စိန်ဖြူမှုန့် တစ်ထုပ်လောက် ဝယ်ပေးဖို့ ငါလိုချင်တယ်"

ရွှယ်နင်က မျက်တောင်ပင် မခတ်ပေ။

"နားလည်ပါပြီ"

သခင်မဝမ်က ဆက်ပြော၏။

"နင် တကယ် မကြောက်ဘူးလား"

"ကြောက်တာပေါ့"

ရွှယ်နင်က သင့်လျော်သော အချိန်တွင် ခိုကိုးရာမဲ့သည့် အပြုံးမျိုး ပြုံးပြလိုက်သည်။

"ဒါပေမဲ့ အမေက ကျွန်မကို သေစေချင်နေရင် ကျွန်မက ဘယ်လိုလုပ် ငြင်းဆန်ရဲမှာလဲ"

သခင်မဝမ် အံ့အားသင့်သွားပြီး သူမရင်ထဲ ဆူးနှင့်အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။

သူမ ဟင်းရည်ပန်းကန်ကို ချလိုက်စဉ် သူမ၏ မျက်ဝန်းများက လှုပ်ခတ်သွားသည်။

"နင့်ရဲ့ ဟင်းချက်လက်ရာက တော်တော်ကောင်းတာပဲ။ ဒီဟင်းရည်က နယ်စားမင်းအိမ်တော်က ဟွိုင်ယန်စားဖိုမှူးတွေ ချက်တာထက်တောင် ပိုကောင်းနေသေးတယ်"

"အမေ သဘောကျတယ်ဆိုရင် နောက်ဆို နေ့တိုင်း နင်နင် ချက်ပေးမယ်လေ။ နင်နင်က မုန့်အချိုပွဲတွေလည်း အများကြီး လုပ်တတ်သေးတယ်။ အရင်က ဘယ်သူမှ တန်ဖိုးမထားခဲ့ကြပေမဲ့ အမေ သဘောကျတယ်ဆိုရင်တော့ နင်နင် အရမ်း ဝမ်းသာမိမှာ"

ရွှင်ရွှင်လန်းလန်း ပြောပြီးနောက် ရွှယ်နင် ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ပေါ်သည်။

"... အို.. အမေ။ ဒီမနက်စောစောက အိမ်တော်ကို လိုင်လို့မျိုးရိုးအမည်ရှိတဲ့ နတ်သမားတော်တစ်ယောက် ရောက်လာပြီး နင်နင်ရဲ့ ကျန်းမာရေးအတွက် သွေးခုန်နှုန်းစမ်းပေးတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က သွေးခုန်နှုန်းစမ်းတတ်တဲ့ အစေခံမတစ်ယောက်ကြောင့် နင်နင် ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့သေးတယ်။ အမေ ဒီနတ်သမားတော်ကို သိလားဟင်"

သခင်မဝမ် ထိတ်လန့်သွားသည်။

"လိုင် လို့ မျိုးရိုးအမည်ရှိတာလား"

ရွှယ်နင်က ဘာမှမသိသလို ဟန်ဆောင်ကာ အပြစ်ကင်းစင်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်ပါတယ်၊ အတိအကျပါပဲ"

သခင်မဝမ်၏ နှုတ်ခမ်းများ တုန်ရီသွားသည်။

"အဲဒီလူက ဆေးပညာမှာ အရမ်းထူးချွန်ပေမဲ့ လူတွေကို ကုသပေးခဲတယ်။ သူက နင့်ရဲ့ကျန်းမာရေး သွေးခုန်နှုန်းကို စမ်းသပ်ပေးဖို့ တကယ်ပဲ ကိုယ်တိုင်လာခဲ့တာလား"

"ဒါဆို သူက တကယ်ပဲ နတ်သမားတော်ပေါ့။ ကျွန်မက လူလိမ်တစ်ယောက်ပဲ ထင်နေတာ"

ရွှယ်နင်က ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာမျိုး လုပ်ပြလိုက်သည်။

သခင်မဝမ်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပေ။

"သေချာတာပေါ့။ သူက အားလင်ရဲ့ အသက်ကိုတောင် ကယ်နိုင်တဲ့သူပဲ"

ထိုစကားကို ကြားလိုက်ရသဖြင့် ရွှယ်နင် ကိစ္စ၏ အဓိကအချက်ကို သဘောပေါက်သွားပြီး သူမ၏ ကြည်လင်သော မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားသည်။

"အားချဲ့က နတ်သမားတော်လိုင်အပေါ် သြဇာသက်ရောက်မှု ရှိပုံရတယ်"

ရွှယ်နင်က သူမ၏ ဖြူစင်အပြစ်ကင်းသော မျက်နှာလေးကို မော့ကာ စဉ်းစားတွေးတောဟန်ဖြင့်...

"အမေ... ကျွန်မတို့ သူ့ကို အစ်ကိုကြီးကို ကြည့်ပေးဖို့ တောင်းဆိုကြည့်ရမလား"

သခင်မဝမ် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

"အဲဒါ တကယ် ဖြစ်နိုင်ပါ့မလား"

နှစ်တွေတစ်လျှောက် နတ်သမားတော်လိုင်က သူမ၏ အားလင်ကို ပျောက်ကင်းအောင် ကုသပေးနိုင်မှန်း သူမ သိခဲ့တယ်။ ဒါပေမဲ့ လီလင်းဖုန်းဖြစ်စေ၊ သူ့သားဖြစ်စေ နတ်သမားတော်လိုင်ကို အားလင်၏ သွေးခုန်နှုန်း စမ်းသပ်ခွင့်ပေးရန် သူမရဲ့ ဆန္ဒကို တစ်ခါမျှ မဖြည့်ဆည်းပေးခဲ့ကြဘူး။

သူတို့ရဲ့ အာဏာနှင့် သြဇာအရှိန်အဝါဖြင့် သွေးခုန်နှုန်းစမ်းဖို့ လူတစ်ယောက်ခေါ်လာပေးရန် မတတ်နိုင်စရာ အကြောင်းမရှိပေ။

သူတို့က တမင်သက်သက် သူမနှင့် အားလင်ကို နှိပ်စက်ညှဉ်းပန်းနေကြတာပဲ!

ရွှယ်နင်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်၏။

"ဒါပေမဲ့ အဲဒီလိုလုပ်ရင် အားချဲ့က ချက်ချင်း သေလို့မရတော့ဘူးပေါ့"

လီချန်လင်၏ ကျန်းမာရေးသာ ပြန်ကောင်းလာမည်ဆိုလျှင် သခင်မဝမ် ဘာမဆို လုပ်ရန် အသင့်ရှိနေသည်။ လီချန်ချဲ့ကို ခဏလောက် ပိုအသက်ရှင်ခွင့်ပေးရုံမျှကိုတော့ ပြောနေစရာပင် မလိုတော့ပေ။

သူမ၏ မျက်ဝန်းများ ချက်ချင်း နီမြန်းလာပြီး သနားစရာကောင်းလောက်အောင် အားနည်းနေပုံပေါ်သည်။

"နင်နင်.... အမေ့ကို ကူညီပေးနိုင်မလား"

"နင်နင်က အမေ့အမိန့်ကို သေချာပေါက် နာခံမှာပေါ့"

ရွှယ်နင်က နူးညံ့သိမ်မွေ့စွာ ပြုံးလျက် ပြန်ဖြေသည်။

"ဒါဆို စိန်ဖြူမှုန့်ဝယ်မယ့် ကိစ္စကို ခဏဘေးဖယ်ထားလိုက်ရအောင်။ နတ်သမားတော်လိုင်ကို အစ်ကိုကြီးကို ကြည့်ပေးဖို့ အားချဲ့ကို ကျွန်မ ဖျောင်းဖျပြီးမှ သူ့ကို အဆိပ်ခတ်လည်း မနောက်ကျပါဘူး"

သခင်မဝမ်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာပြီး ဘာပြောရမှန်းမသိဘဲ ငေးငိုင်သွားသည်။ သူမ ရွှယ်နင်ကို စိုက်ကြည့်နေမိ၏။

နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ဆန္ဒက မကြာခင် ပြည့်ဝတော့မည် ဖြစ်သဖြင့် မယုံနိုင်စရာပင် ကောင်းနေသည်။

ထိုအတောအတွင်းမှာပင် သခင်မဝမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ညိုမည်းစွဲနေသော ဒဏ်ရာများကို ရွှယ်နင် သတိပြုမိသွားသည်။

ယောက္ခထီးဖြစ်သူ နယ်စားမင်းက လက်ရှိမှာ မင်ဟွားဆောင်၌ ရှိနေသဖြင့် ထိုဒဏ်ရာများက သူ့လက်ချက် ဖြစ်နိုင်ခြေများသည်။

ပေါင်ချန် ပြောခဲ့တာများကို ပြန်တွေးမိရင်း ရွှယ်နင် သခင်မဝမ်၏ ဆင်းရဲဒုက္ခများအတွက် အမှန်တကယ်ပင် ရင်ထဲ နာကျင်မိသွားသည်။

"အမေ... အမေ့ရဲ့ ဒဏ်ရာတွေကို တစ်ယောက်ယောက်ကို ပြပြီး ဆေးထည့်ခိုင်းရမလား"

လီလင်းဖုန်း၏ နှစ်ပေါင်းများစွာ နှိပ်စက်မှုကြောင့် သခင်မဝမ်၏ နှလုံးသားမှာ ကြာမြင့်စွာကတည်းက ညှိုးနွမ်းခြောက်သွေ့နေခဲ့ပြီ။ သူမက ဂရုမစိုက်ဟန်ဖြင့် အေးစက်စွာ ပြန်ဖြေလိုက်သည်။

"ရက်ပိုင်းလောက်နေရင် အလိုလို ပျောက်သွားမှာပဲ။ စိတ်ပူမနေနဲ့"

သို့သော် ရွှယ်နင်၏ မျက်ဝန်းများမှာမူ ဒေါသကြောင့် နီမြန်းလာသည်။

"ဒါ... အဖေ လုပ်တာလား"

သခင်မဝမ်သည် ရွှယ်နင်က သူမအတွက်နှင့် မျက်ရည်ကျလိမ့်မည်ဟု မထင်ထားသဖြင့် တစ်ဖန် အံ့အားသင့်သွားရပြန်သည်။

"နင်က ဘာလို့ ငိုနေတာလဲ"

"အမေ့အတွက် စိတ်မကောင်းလို့ပါ။ နယ်စားမင်းအိမ်တော်ရဲ့ သခင်မကြီး ဖြစ်နေရက်နဲ့ နေ့တိုင်း ဒီလို ဆင်းရဲဒုက္ခခံနေရတယ်လေ"

ရွှယ်နင်က ရှိုက်ကြီးတငင်ဖြင့် သခင်မဝမ်ဘေးတွင် ဝင်ထိုင်ကာ သူမ၏ လက်မောင်းကို လက်လေးဖြင့် ဖက်တွယ်ထားရင်း သနားစရာကောင်းအောင် လုပ်ပြနေသည်။

"အမေက အဖေ့ရဲ့ ဒီလိုအပြုအမူတွေကို မုန်းတာလားဟင်"

သခင်မဝမ်၏ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး မသိစိတ်အရ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။

သူတို့ပြောသမျှ စကားများကို ချောင်းနားထောင်နေမှာကို စိုးရိမ်သဖြင့် မင်ဟွားဆောင်တစ်ခုလုံးမှာ လီလင်းဖုန်း၏ သူလျှိုများ ပြည့်နှက်နေတာကို သူမ သိတယ်။

ဆန်းတော့ဆန်းတယ်။ အရင်ကဆိုရင် သူမက ဘာကိုမှမကြောက်ဘဲ လီလင်းဖုန်းက သူမကို သတ်ပစ်လျှင်ပင် ဂရုစိုက်မည့်သူ မဟုတ်ချေ။

သို့သော် ယနေ့တွင်မူ သူမ ရင်ထဲ၌ စိုးရိမ်စိတ်အနည်းငယ် ဖြစ်ပေါ်လာမိသည်။ စိတ်ရူးပေါက်နေတဲ့ ထိုလီလင်းဖုန်းသာ ရွှယ်နင်၏ ပုန်ကန်လိုသော စကားများကို ကြားသွားပါက ဒီမိန်းကလေး အသက်ရှည်တော့မည်မဟုတ်ကြောင်း သူမ တွေးမိ၍ဖြစ်သည်။

ကျန်းကော်နယ်စားမင်းအိမ်တော်၏ နောက်ဖေးဆောင်တွင် သူမနှင့် စကားစမြည်ပြောနိုင်မည့်သူကို တွေ့ရခဲလှသဖြင့် ရွှယ်နင်ကို အသေမခံချင်သေးဘဲ ခဏလောက် နှမြောမိသွားသည်။

သူမက သတိပေးသည့်အနေဖြင့် မျက်ခုံးပင့်ကာ ပြောလိုက်၏။

"ကလေး.. လျှောက်မပြောနဲ့"

သခင်မဝမ်၏ ပျာပျာသလဲ ဖြစ်သွားသော အမူအရာကို မြင်လိုက်ရသဖြင့် ရွှယ်နင်က နီမြန်းနေသော မျက်ဝန်းများကို မော့ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"အမေသာ အဖေ့ကို တကယ်မုန်းတယ်ဆိုရင် နင်နင်မှာ ကူညီပေးနိုင်မယ့် နည်းလမ်းရှိနိုင်ပါတယ်"

သခင်မဝမ် နောက်တစ်ကြိမ် ဆွံ့အသွားရပြန်သည်။

"ဘာလဲ"

ရွှယ်နင်က သခင်မဝမ်၏ နူးညံ့သောလက်ကို ဆုပ်ကိုင်လိုက်၏။

"အမေက အဖေ့ကို ချစ်လို့လား"

သခင်မဝမ် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါပြသည်။

"မချစ်ဘူး"

ရွှယ်နင်က ပြုံးလိုက်သည်။

"ဒါဆိုရင် အမေက အဖေ့ကို ရွံရှာမုန်းတီးနေမှတော့ အဖေက အမေ့ကို နောက်ဘယ်တော့မှ မထိရဲတော့အောင် လုပ်လိုက်တာက ပိုမကောင်းဘူးလား။ ပြီးတော့ အမေသာ ကွာရှင်းစာချုပ်ပါ ရနိုင်မယ်ဆိုရင် ပိုတောင် မကောင်းဘူးလားဟင်"

All Chapters