← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း (၂၀၇) - လျစ်လျူရှုခံရတာထက် မုန်းတီးခံရတာက ပိုကောင်းတယ်

ရွှယ်နင်က လေးနက်စွာဖြင့်-

"ကျွန်မပြောတာက အဖေ့ကို ကိုယ်လုပ်တော်ယူစေချင်တာ။ နှစ်ယောက်ဆိုလည်း ကောင်းတာပဲ၊ သုံးယောက်ဆို ပိုတောင်ကောင်းသေးတယ်"

လီလင်းဖုန်း၏ ချောမောသော မျက်နှာမှာ မှောင်မိုက်သွားပြီး သူ၏ အုံ့မှိုင်းနေသော မျက်လုံးနက်ကြီးများက ရွှယ်နင်ကို အချိန်အတော်ကြာ စေ့စေ့ကြည့်နေခဲ့သည်။

"ဒီနှစ် ငါ အသက်ဘယ်လောက်ရှိပြီလဲဆိုတာ မင်း သိရဲ့လား"

ရွှယ်နင်က ပြန်ဖြေသည်။

"ဒါက အသက်ကြီးပေမယ့် စွမ်းဆောင်နိုင်ရည်ရှိသေးတဲ့ အရွယ်မဟုတ်ဘူးလား"

မြို့တော်ရှိ မှူးမတ်များနှင့် ထင်ရှားသော မိသားစုကြီးများ၏ အကြီးအကဲများထဲတွင် အဘိုးကြီးက အပျိုလေးကို ယူသည့်ကိစ္စက မဆန်းတော့ပေ။ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ်များပင် ငယ်ရွယ်တဲ့ မိန်းမပျိုလေးများကို ကိုယ်လုပ်တော်အဖြစ် ယူကြသေးတာမဟုတ်ဘူးလား။

သူမရဲ့ယောက္ခထီးက သူမ၏ ခင်ပွန်းကဲ့သို့ပင် ထူးကဲစွာ သစ္စာရှိသော အမျိုးသားများဖြစ်ကြပြီး အစမှအဆုံးတိုင်အောင် ဘေးနားတွင် မိန်းမတစ်ယောက်တည်းကိုသာ ထားရှိသူများဖြစ်၏။ ထိုသို့သော အမျိုးသားများက ကောင်းသော်လည်း တစ်ခါတစ်ရံတွင် အလွန်တွယ်ကပ်လွန်းတတ်သည်။

သခင်မဝမ်က သူ့ကို မကျေမနပ်ဖြစ်ကာ မုန်းတီးနေပြီဖြစ်သည်။ သူမအနေဖြင့် သူ့ကို နေ့တိုင်းမြင်နေရလျှင် အသက်ရှူကျပ်သလို ခံစားရမှာဖြစ်သည်။

လီလင်းဖုန်း၏ နှုတ်ခမ်းထောင့်များ ပြင်းထန်စွာ တွန့်ချိတ်သွားသည်။ ရွှယ်နင်က ဒီလောက် ရဲတင်းပြီး မစဉ်းမစား ပြောဆိုလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ပေ။

ဒါကြောင့်လည်း သူမက ဝမ်ရှန်းရှေ့မှာ ထိုသို့သော ပုန်ကန်ချင်စရာ စကားများကို ပြောရဲပြီး အားချဲ့ကို အဆိပ်ခတ်ကာ ဝမ်ရှန်းကို ကွာရှင်းရန် လှုံ့ဆော်ရဲခြင်း ဖြစ်မယ်။

"အဖေ စဉ်းစားကြည့်နိုင်ပါတယ်။ ဆုံးဖြတ်ပြီးရင် ကျွန်မကို အသိပေးပါ။"

ရွှယ်နင်က သပ်ရပ်ကျော့ရှင်းစွာ ဦးညွှတ်ပြီး အနည်းငယ် ပြုံးလိုက်သည်။

"ဒီနေ့ ဒုတိယအိမ်တော်ခွဲက သခင်မဝူနဲ့ မောင်နှမတွေ အိမ်တော်ကို ရောက်လာကြမှာမို့ ကျွန်မ အရင်သွားပြီး ပြင်ဆင်လိုက်ပါဦးမယ်"

"နေဦး—"

ရွှယ်နင် ခြေလှမ်းများ ရပ်တန့်သွားသည်။

"အဖေ?"

လီလင်းဖုန်းက ပြောလိုက်သည်။

"လုပ်လို့ရတယ်"

အစပထမတွင် ရွှယ်နင် သေသေချာချာ မကြားလိုက်ပေ။ သူမ လှည့်ကြည့်လိုက်ပြီး ရှေးဟောင်းရေတွင်းတစ်တွင်းလို တည်ငြိမ်နေသော်လည်း နက်ရှိုင်းစွာ ဖိနှိပ်ထားသော အချစ်နှင့် အမုန်းတရားများကို သယ်ဆောင်ထားသည့် ထိုအမျိုးသား၏ နက်ရှိုင်းပြီး အေးစက်နေသော မျက်လုံးနက်ကြီးများကို တိတ်တဆိတ် စိုက်ကြည့်နေမိသည်။

"ငါ ပြောတာက ငါ ကိုယ်လုပ်တော်ယူလို့ရတယ်လို့"

ရွှယ်နင်၏ မျက်လုံးများက တောက်ပရှင်းလင်းသွားသည်။

သို့သော် လီလင်းဖုန်းက ချက်ချင်းပင် အသက်နှစ်ပေါင်းများစွာ ကြီးရင့်သွားသလို ထင်ရ၏။

"မင်း သွားလို့ရပြီ"

ရွှယ်နင် ထွက်သွားပြီးနောက် လီလင်းဖုန်းမှာ မလှုပ်မယှက် ဆက်ထိုင်နေခဲ့သည်။

သခင်မဝမ်၏ မျက်ရည်များနှင့် နီရဲနေသော မျက်လုံးများကို သတိရမိသောအခါ သူက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူ့နှာခေါင်းကို မညှစ်ဘဲ မနေနိုင်ခဲ့ပေ။

ဒီနှစ် သူ အသက်လေးဆယ်ကျော်ပြီ။ အရာရာကို နားလည်သဘောပေါက်သည့် အရွယ်သို့ ရောက်နေပြီဖြစ်သော်လည်း သူက သန်မာတောင့်တင်းနေဆဲပင်။

သူ သခင်မဝမ်ကို အတင်းအဓမ္မ လက်ထပ်ခဲ့သည့်နှစ်က သူမ အသက်က နှစ်ဆယ်ကျော်ရုံသာ ရှိသေးတယ်။

သူမက အနှီးထုပ်ထားသော ကလေးငယ်တစ်ယောက်နှင့်အတူ ကျန်းကော်နယ်စားမင်းအိမ်တော်သို့ ရောက်လာခဲ့သည် - ၎င်းမှာ သူက ကန့်ကွက်မှုအားလုံးကို ကျော်လွှားကာ ဖခင်ဖြစ်သူရှေ့တွင် ဆယ်ရက်တိုင်တိုင် ဒူးထောက်ခဲ့ရသည့် ရလဒ်ဖြစ်သည်။

သူမရဲ့ ခင်ပွန်းဟောင်း ခြေထောက်နှစ်ဖက် ကျိုးသွားချိန်က နာမည်ကြီး သမားတော်တစ်ဦးကို ငှားရမ်းကုသပေးရန် ငွေအမြောက်အမြား အကုန်အကျခံခဲ့သူမှာလည်း သူပင်ဖြစ်၏။

ထိုလူက အသက်တိုပြီး မင်္ဂလာဦးညမှာပဲ ရောဂါဖြင့် သေဆုံးသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

ထိုအချိန်မှစ၍ သခင်မဝမ်က သူမ၏ ခင်ပွန်းဟောင်းအတွက် အဖြူရောင် ဝမ်းနည်းပူဆွေးမှုဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ သူမက သူ့ကို မုန်းတီးကာ လူသတ်သမားဟု မကြာခဏ ငိုယိုကျိန်ဆဲပြီး သူမရဲ့ အခန်းထဲသို့ ဝင်ခွင့်မပြုခဲ့ပေ။ သူမရဲ့သား အနည်းငယ်ပိုငိုလျှင်ပင် ဒါက သူ့အပြစ်ဟု သူမက ဆိုလေ့ရှိသည်။

နောက်ပိုင်းတွင် သူမ၏ နေ့စဉ်ရက်ဆက် ငိုယိုနေမှုများကို သူ သည်းမခံနိုင်တော့ပေ။ လင်းယွဲ့ သေဆုံးပြီးနောက် ဒုတိယမြောက်လတွင် သူက သခင်မဝမ်၏ အဖြူရောင် ဝတ်စုံကို ဆွဲဆုတ်ပစ်ခဲ့သည်။

ကလေးရှေ့မှာပင်။

သူမကို အကြမ်းပတမ်း ရယူခဲ့တယ်။

သူတို့ သုံးရက်သုံးညတိုင်တိုင် အတူရှိနေခဲ့ကြတယ်။

ဗိုက်ဆာလျှင် အိပ်ရာပေါ်မှာပဲ စားကြပြီး ပင်ပန်းလျှင် အိပ်ရာပေါ်မှာပဲ နားကြတယ်။

အနက်ရှိုင်းဆုံး ရင်းနှီးမှုမျိုးဖြင့်...

သူတို့က ရှင်းလင်းစွာပင် လိုက်ဖက်ညီခဲ့ကြတယ်။

စိတ်ဆန္ဒတွေ အထွတ်အထိပ်ရောက်ချိန်တွင် သူမက သူ့ကို မှိုင်းရီနေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ သူ့မျက်နှာကို နူးညံ့စွာ ကိုင်တွယ်ပြီး ချစ်မြတ်နိုးမှုအပြည့်နှင့် "ယောကျ်ား" ဟုလည်း ခေါ်ခဲ့ဖူးသည်။

သို့သော် ထိုအချိန်မှစ၍ သခင်မဝမ်၏ သူ့အပေါ်ထားရှိသော အကြည့်တို့က နာကြည်းမှုမှသည် ပြင်းထန်သော မုန်းတီးမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူမက သူ့ကို သတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည် - အစားအစာထဲတွင် အဆိပ်ခတ်ခြင်း၊ ခေါင်းအုံးအောက်တွင် ဓားမြှောင်ဝှက်ထားခြင်း၊ သူ၏စာကြည့်ဆောင်မှ အရေးကြီးသော လျှို့ဝှက်သတင်းများကို ပြိုင်ဘက်များထံ ပေးပို့ခြင်း စသဖြင့်။ သူတို့ရဲ့ တစ်ဦးတည်းသောသားကိုပင် အန္တရာယ်ပြုရန် ကြံစည်ခဲ့ဖူးသေး၏။

သူက သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး လောကရှိ အကောင်းဆုံး အရာမှန်သမျှကို ပုံအပ်ပေးခဲ့သည်။

သူမအတွက် မြင့်မြတ်တဲ့ ဘွဲ့ထူးဂုဏ်ထူးများကို လျှောက်ထားပေးခဲ့တယ်၊ အိမ်တော်များ ဆောက်လုပ်ပေးခဲ့တယ်၊ အဖိုးတန် ပိုးထည်ကတ္တီပါများကို လက်ဆောင်ပေးခဲ့တယ်၊ သူမရဲ့ ခင်ပွန်းဟောင်းအတွက် ကြီးကျယ်ခမ်းနားသော ဂူဗိမာန်ကို ဆောက်လုပ်ပေးခဲ့သည့်အပြင် ထိုသူ၏ မိသားစုတစ်ခုလုံးကိုလည်း ထောက်ပံ့ပေးခဲ့ပြီး လောကရှိ ရတနာအားလုံးကို သူမရှေ့မှောက် ယူဆောင်ပေးခဲ့တယ်။

ဒါပေမဲ့လည်း သူမက ထိုအရာအားလုံးကို အမြဲတမ်း မထောက်မညှာ နှာခေါင်းရှုံ့ပစ်ခဲ့ပြီး သူမ၏ မျက်ဝန်းထဲတွင် ပျော်ရွှင်ရိပ် အနည်းငယ်တောင် မရှိခဲ့ပေ။

လင်းမိသားစုနှင့် လီချန်လင်တို့၏ ကိစ္စရပ်များနှင့် ပတ်သက်လာမှသာ သူမက သူ့ကို စကားအနည်းငယ် ပြောဆိုရန် စိတ်ရှည်တတ်လေသည်။

ထို့ကြောင့် သူက သူမအပေါ် အတင်းအကျပ် ပြုမူရန်သာ တတ်နိုင်ခဲ့တော့၏။ သူမ၏ ပင်ကိုယ်စရိုက်မှာ ခေါင်းမာလွန်းပြီး မနာခံတတ်သည့်အပြင် ဘယ်တုန်းကမှ အလျော့မပေးခဲ့ပေ။ သူ အတင်းအကျပ် ဖိအားပေးသည့် အချိန်များတွင်မှသာ သူမရဲ့ကမ္ဘာထဲသို့ သူ အပြည့်အဝ ဝင်ရောက်နိုင်ခဲ့ပြီး ထိုအခိုက်အတန့်များတွင်သာ သူမက သူ့အပိုင် ဖြစ်သည်ဟု သူ အစစ်အမှန် ခံစားနိုင်ခဲ့ရသည်။

သူမက ခင်ပွန်းဟောင်းအကြောင်း အမြဲတစေ တသသ ပြောဆိုနေဝာာကို သူ မနှစ်သက်သဖြင့် လင်းယွဲ့ ဘာအကြောင်းကြောင့် သေဆုံးခဲ့ရလဲဆိုတာကို သူ တစ်ကြိမ်တစ်ခါမျှ မရှင်းပြခဲ့ပေ။

သူမ သူ့ကို မုန်းလိုက မုန်းပါစေ - အချစ်မရှိဘဲ လျစ်လျူရှုခံရခြင်းထက်စာလျှင် မုန်းတီးနေတာကပင် ပိုကောင်းသေးတယ် မဟုတ်ဘူးလား။

အဆုံး၌ သူတို့က လင်မယားအဖြစ်နှင့် နှစ်ပေါင်း ၂၀ ကျော်တိုင်တိုင် လောကဓံလှိုင်းတံပိုးများကို အတူတကွ ရင်ဆိုင်ဖြတ်သန်းခဲ့ကြပြီးပြီ။

လောကမှာ ဘယ်လိုအမျိုးသားမျှ သူမအပေါ် သူ့လောက် ကောင်းမွန်အောင် ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ဟု သူ ယုံကြည်ထားခဲ့သည်။

သို့သော် ယခုမူ ပြတင်းပေါက်မှတစ်ဆင့် သူ ကြားလိုက်ရတာက သူ့အပေါ် အချစ်မရှိကြောင်းနှင့် ကွာရှင်းပြတ်စဲစာကိုသာ အလိုရှိကြောင်း သူမ၏ အတိအလင်း ပြောကြားချက် ဖြစ်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် သူ့နှလုံးသားမှာ ဓားဖြင့် အထိုးခံရသကဲ့သို့ နာကျင်သွား၏။ ဒေါသတို့ တောက်လောင်လာကာ အခန်းထဲသို့ ချက်ချင်းပြေးဝင်၍ သူမကို အိပ်ရာပေါ်သို့ ဖိနှိပ်ပြီး ကွာရှင်းရန်ဟူသော အတွေးမျိုး နောက်နောင် မတွေးရဲတော့အောင် သေသေချာချာ အရှက်ခွဲပစ်ချင်စိတ်များ ပေါက်ဖွားလာခဲ့သည်။

ဒါပေမဲ့ ဒီနေ့ ရွှယ်နင်ကို သူမ ပြောကြားခဲ့တဲ့ စကားလုံးများကတော့ အဆိပ်လူးထားသော ဓားမြှောင်များကဲ့သို့ပင် သူ့နှလုံးသားကို အေးစက်တိကျစွာ ထိုးစိုက်သွားခဲ့ပြီ။

အသက် လေးဆယ်ကျော်အရွယ်သို့ ရောက်ရှိနေပြီဖြစ်လို့ အချစ်အကြောင်း ပြောဆိုနေခြင်းက ရယ်စရာ ကောင်းတယ်။

သို့သော်လည်း လွန်ခဲ့သည့် နှစ်များစွာတစ်လျှောက်လုံး သူက သခင်မဝမ်၏ ရှေ့မှာ အမှန်တကယ်ပင် အောက်ကျို့နှိမ့်ချခဲ့ရဝာာ မဟုတ်လား။

သူ့အောက်မှာ ရောက်ရှိနေသည့် အချိန်မျိုး၌ပင် သူမက လင်းယွဲ့၏ နာမည်ကို တမင်တကာ အော်ဟစ်ခေါ်ဆိုပေမယ့် သူက ကူကယ်ရာမဲ့စွာ ဒေါသပုန်ထရုံမှတစ်ပါး ဘာမျှမတတ်နိုင်ခဲ့ပေ။

သူတို့ကြားရှိ နားလည်မှုလွဲမှားခြင်းများက ပို၍ နက်ရှိုင်းလာခဲ့ပြီး အဆုံးသတ်တွင် သခင်မဝမ်၏ မုန်းတီးမှုကိုသာ ပို၍ တိုးပွားစေခဲ့သည်။

အရင်ကတော့ သခင်မဝမ်သာ သူ့ဘေးနား ရှိနေပေးလျှင် သူက မမြင်ချင်ယောင်ဆောင်ကာ မကြားချင်ယောင် ဆောင်ထားနိုင်ခဲ့တယ်။ သူမရဲ့ နှလုံးသားထဲတွင် ဘယ်သူ ကိန်းအောင်းနေသည်ဖြစ်စေ သူ ဂရုမစိုက်ခဲ့ဘူး။

သူမရဲ့သားဖြစ်သူကို ပြုစုပျိုးထောင်ရန် သူ့ရဲ့ဓနအင်အားနှင့် အရှိန်အဝါမှန်သမျှကိုပင် အသုံးချခဲ့ပြီး 'လီ' ဟူသော မိသားစုမျိုးရိုးအမည်ကို ပေးအပ်ကာ လီမိသားစု၏ အကြီးဆုံးသားအရာ၌ပင် မြှောက်စားထားခဲ့တာ မဟုတ်ဘူးလား။

သူမ သူ့ကို ချစ်မချစ် သူ ဘယ်တုန်းကမှ မမေးခဲ့သလို၊ လင်းယွဲ့ကိုဖြစ်စေ တခြားတစ်ယောက်ကိုဖြစ်စေ သူမ တစ်ခါမှ ချစ်ခဲ့ဖူးသလားဆိုတာကိုလည်း သူ ဘယ်တုန်းကမှ စူးစမ်းရှာဖွေခြင်း မပြုခဲ့ပေ။

သို့သော် ဒီနေ့ သခင်မဝမ်နှင့် သူ၏ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ကြည့်မိတဲ့အခါ၊ သူမ သူ့ကို တကယ်ပဲ ဘယ်တော့မှ... ဘယ်တော့မှ မချစ်ခဲ့ဘူးဆိုတာကို သူ နားလည်သွားခဲ့တယ်။

လီလင်းဖုန်းက သူ့ကိုယ်သူ လှောင်ပြောင်သလို ပြုံးလိုက်ပြီး တစ်ချိန်က မတ်မတ်ရပ်တည်နေခဲ့သော သူ၏ ကျောပြင်မှာ ယခုအခါ အနည်းငယ် ကိုင်းညွတ်သွားလေပြီ။

တံတောင်ဆစ်များကို ဒူးပေါ်ထောက်ကာ သူ၏ နှာခေါင်းကို ဆွဲညှစ်လိုက်သည်။

ရင်ထဲတွင် ခါးသီးမှုလှိုင်းလုံးကြီးတစ်ခု ဆောင့်တက်လာသော်လည်း သူက အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။

အဲ့လိုဆိုပေမယ့်လည်း သခင်မဝမ်ကို ဒီလောက် လွယ်လွယ်ကူကူ ထွက်သွားခွင့်ပြုဖို့ဆိုတာက လုံးဝ မဖြစ်နိုင်ပေ။

......................

မွန်းလွဲပိုင်းတွင် ဒုတိယအိမ်တော်ခွဲ၏ ရထားလုံးများ မြို့ထဲသို့ ဝင်မလာသေးပေ။

ရွှယ်နင်က လူလွှတ်၍ စုံစမ်းခိုင်းရာ သတင်းပို့သူ ပြန်ရောက်လာသည်။

"လမ်းမှာ မြေပြိုတာနဲ့ ကြုံလိုက်ရလို့ အိမ်တော်ကို နည်းနည်းနောက်ကျမှ ရောက်လာကြလိမ့်မယ်"

နေထိုင်ရန် အဆောင်များကို ပြင်ဆင်ပြီးသွားပြီဖြစ်၏

ဝူရှီနှင့် သခင်မဝမ်တို့မှာ ဆက်ဆံရေးကောင်းမွန်ပြီး သခင်မဝမ်နှင့် စကားပြောနိုင်သည့် ရှားရှားပါးပါး လူတစ်ယောက်ဖြစ်ကြောင်း ကြားသိရသဖြင့် ဝူရှီ၏ အဆောင်ကို သခင်မဝမ်၏ မင်ဟွားဆောင်အနီးတွင် သီးသန့်စီစဉ်ပေးထားခဲ့သည်။

လီချန်ဟိန်နှင့် လီချန်လဲ့တို့၏ အဆောင်များကိုမူ မိခင်နှင့် သားသမီးများ အချင်းချင်း အလွယ်တကူ သွားလာနိုင်စေရန် ဝူရှီအဆောင်၏ တစ်ဖက်တစ်ချက်စီတွင် ထားရှိပေးထားသည်။

လောလောဆယ် အရေးကြီးကိစ္စ မရှိသဖြင့် ရွှယ်နင်က ပေါင်ချန်ကိုခေါ်ကာ နောက်ထပ် ဆိုင်ခန်းအချို့ကို သွားရောက်ကြည့်ရှုရန် အိမ်တော်မှ ထွက်လာခဲ့သည်။

သူမ၏ အရင်ဘဝက ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ နှစ်ပေါင်းများစွာ ချုပ်နှောင်ခံခဲ့ရသော်လည်း အခြားအိမ်တော်များတွင် ပွဲလမ်းသဘင်များရှိလျှင် တစ်ခါတစ်ရံ အပြင်ထွက်ခွင့် ရခဲ့သေးသည်။ ထိုအခါမျိုးတွင် မြို့တော်ရှိ နောက်ဆုံးပေါ် ရေပန်းစားမှုများအကြောင်း မူးမတ်ကတော်များ ပြောဆိုဆွေးနွေးကြတာကို နားထောင်ရင်း မည်သည့်ဆိုင်များက အရောင်းအဝယ်ကောင်း၍ မည်သည့်နေရာများက အချက်အချာကျကြောင်းကို သူမ သိခဲ့ရသည်။

ထို့ကြောင့် ယခု အပြင်ထွက်လာချိန်တွင် သူမ မျက်စိကျထားခဲ့တာ ကြာပြီဖြစ်သော နေရာများဆီသို့ တိုက်ရိုက် ဦးတည်သွား၏။

အလှကုန်ဆိုင်များ၊ စာအုပ်ဆိုင်များနှင့် အဝတ်အထည်ဆိုင်များက သူမ လုပ်ကိုင်ချင်သော စီးပွားရေးလုပ်ငန်းများပင်။

စီးပွားရေးလုပ်ငန်းတစ်ခုမှာ အောင်မြင်မှုဆိုတာ နေ့ချင်းညချင်း ရနိုင်မှာ မဟုတ်ဘဲ သူမတွင်လည်း အထူးတလည် ပါရမီပါလာခြင်း မရှိပေ။ သူမအနေဖြင့် တစ်ဆင့်ချင်းစီသာ သွားနိုင်မည်။

သို့သော် အရင်က သူမ သဘောကျခဲ့တဲ့ ဆိုင်ခန်းနှစ်ခန်းမှာ မူလတုန်းက ဈေးအလွန်ကြီးပြီး သူမ ဈေးဆစ်၍ ရနိုင်မည်မဟုတ်ဟု စိုးရိမ်ခဲ့ရသည်။ မမျှော်လင့်ဘဲ အခုတစ်ခေါက် ဈေးနှုန်းသွားရောက်ဆွေးနွေးရာ ဆိုင်ရှင်က ရုတ်တရက် သဘောထားပြောင်းလဲသွားပြီး သူမကို အလွန်ရိုသေလေးစားစွာ ဆက်ဆံခဲ့သည်။ သူမကို ဆိုင်ခန်းအား ဈေးပေါပေါဖြင့် ရောင်းချပေးရုံသာမက ဆိုင်ကြီးကြပ်‌ရေးမှူးအသစ်တစ်ယောက်နှင့်ပါ မိတ်ဆက်ပေးခဲ့သေးသည်။

ချက်ချင်းပင် ရွှယ်နင်က ဆိုင်ရှင်နှင့် စာချုပ်ချုပ်ဆိုကာ ဆိုင်ခန်းကို ဝယ်ယူလိုက်သည်။

All Chapters