← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (၂၀၁) နာကြည်းချက်?

ရွှယ်နင်၏ မျက်ဝန်းများတွင် ရှုပ်ထွေးမှုတစ်ချို့ ဖြတ်ပြေးသွား၏။

"ဒါဆို... သူတို့ကို ခွင့်လွှတ်လိုက်ရမှာလား"

တကယ်တော့ ရှုံးနိမ့်သွားတဲ့ မင်းသမီးရှို့နင်းရဲ့ပုံစံကို သူမ ပိုပြီးတော့တောင် မြင်ချင်နေမိတယ်။

ဘာပဲဖြစ်ဖြစ် အတိတ်ဘဝတုန်းက ဒီမင်းသမီးက သူမကို အမြဲတမ်း အနိုင်ကျင့်ခဲ့တာကိုး။ ပွဲအခမ်းအနားတိုင်းမှာ သူမကို အထူးတလည် အရှက်ခွဲခဲ့သူပဲ။

အခု သူမ အရှက်ကွဲရမည့်အလှည့် ရောက်လာချိန်တွင်တော့ သူမကို ဒီလောက်လွယ်လွယ်နှင့် ခွင့်မလွှတ်စေချင်ပေ။

လီချန်ချဲ့က ရွှယ်နင်ကို လှည့်မကြည့်လာပေ။ လက်ထဲမှ စာအုပ်ကို လိပ်ကိုင်လိုက်ရင်း သူက ပြောလာသည်။

"အရင် ရေသွားချိုးလိုက်။ ဒီကိစ္စကို ဖြေရှင်းဖို့ ကိုယ့်မှာ နည်းလမ်းရှိတယ်"

ရွှယ်နင် အနည်းငယ် ကြောင်အမ်းသွားသည်။ သူမကြည့်နေသည့် ထောင့်မှနေ၍ သူ၏ အေးစက်စက်နှင့် ချောမောသော မျက်နှာထက်တွင် အရိပ်ကျနေသည့် ထူထဲသော မျက်တောင်ကော့ကော့များကိုသာ မြင်နေရသည်။ ဒီအမျိုးသားက အရမ်း ပြီးပြည့်စုံလွန်းတယ်...။ သူ့အသားအရေက မိန်းမများထက်ပင် ဖြူစင်ဝင်းမွတ်နေပြီး မျက်တောင်ကော့ကော့များနှင့် မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းများက မိန်းကလေးများထက်ပင် ပိုနူးညံ့လှပနေတယ်။ ဖြောင့်စင်းနေတဲ့ နှာတံကို ကြည့်ရင်း သူမ ခုန်တက်ပြီးတောင် တွယ်တက်ချင်စိတ် ပေါက်လာပြီ။

တစ်နေ့လုံး ဘာမှမလုပ်ဘဲ ဒီမျက်နှာလေးကို ငေးကြည့်နေရုံနဲ့တင် ဘယ်သူ့ကိုမဆို စိတ်ရွှင်လန်းစေနိုင်တယ်။

ရွှယ်နင် မျက်နှာလေး ရဲတက်သွားကာ ခေါင်းညိတ်လိုက်ပြီး ဆံထုံးမှ ဆံထိုးများကို ဖယ်ရှားကာ ညဝတ်အင်္ကျီကိုယူ၍ ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။

…

ညဉ့်ယံက မင်ရည်လို မည်းမှောင်နေပြီး နွေဦးမိုးဖွဲများ ကျဆင်းနေ၏။

ထီးတစ်ချောင်းအောက်တွင် ဒူးထောက်နေရသော ရှဲ့နင်းထန်မှာ ခြေထောက်များ ထုံကျင်လာသည့်တိုင်အောင် ရွှယ်နင်က ပေါ်မလာသေးပေ။

သူမ ဒေါသထွက်နေသော်လည်း ပေါက်ကွဲရန် နေရာမရှိဖြစ်နေသည်။

သူမဘေးမှာ ဒူးထောက်နေတဲ့ စုချင်းက တစ်ခါတစ်ရံ ကိုယ်ကိုလှုပ်ရှားကာ ညည်းညူနေတဲ့အတွက် လူတိုင်း၏ စိတ်ကို ပိုမိုရှုပ်ထွေးလာစေသည်။

ကျန်းကော်နယ်စားမင်းအိမ်တော်ကို နန်းတွင်းမှ အရေးပါသော အမတ်များ၏ အိမ်တော်များက ဝန်းရံထားပြီး၊ မျက်နှာချင်းဆိုင်တွင် တရားသူကြီးကျား ၏ စံအိမ်ရှိသည်။

သူမရဲ့ ဖခင်နှင့် လီချန်ချဲ့တို့က ဒီနေ့ လာရောက်တောင်းပန်ရန် အတင်းအကျပ် ခိုင်းစေခဲ့တာကြောင့် ပြဇာတ်တစ်ပုဒ်ကို အဆုံးထိ ကပြလိုက်မယ်။ အထက်တန်းလွှာအသိုင်းအဝိုင်းထဲ ရောက်သွားပြီးနောက် ရွှယ်နင်တစ်ယောက် ဘယ်လောက် အနိုင်ကျင့်တတ်ပြီး ယုတ်မာသွားလဲဆိုတာ တုန်းကျင်းမြို့မှာရှိတဲ့ အထက်တန်းလွှာမိသားစုတိုင်းကို မြင်စေရမယ်။

ဒါပေမဲ့ သူမ ပင်မတံခါးဝမှာ တစ်နေ့လုံး ဒူးထောက်နေခဲ့တာကို—အဲ့ဒီမိန်းမယုတ်က ဘာလို့ ပေါ်မလာသေးတာလဲ!

နွေဦးမိုးစက်များက ရှဲ့နင်းထန်၏ ဆံနွယ်မည်းမည်းများကို စိုစွတ်သွားစေသည်။

သူမ ဒူးထောက်နေရင်း ကိုယ်လုံးလေးက ယိမ်းယိုင်နေ၏။

"မင်းသမီး—"

သူမ ဆက်၍မတောင့်ခံနိုင်တော့ဘဲ စုချင်း၏ ထိန်းကိုင်ပေးမှုဖြင့် မနည်းရပ်တည်နေရသည်။

စုချင်းကိုယ်တိုင်လည်း အခြေအနေမကောင်းပေ။ မျက်နှာထက်တွင် မိုးရေလား၊ ချွေးလား ခွဲခြားမရနိုင်တော့ဘဲ ငိုကြွေးကာ-

"မင်းသမီး.. နည်းနည်းလောက် ထပ်တောင့်ခံထားပါဦး။ မဟုတ်ရင် ရှီဇီလီက ကျွန်မတို့နှစ်ယောက်လုံးရဲ့ ခြေထောက်တွေကို တကယ်ချိုးပစ်လိမ့်မယ်။ ကျွန်မအတွက်က ကိစ္စမရှိပေမယ့် မင်းသမီးက ရွှေလိုတန်ဖိုးကြီးတဲ့ ခန္ဓာကိုယ်လေ..."

ရွှယ်နင်ကို အတင်းအကျပ် တောင်းပန်ခိုင်းစဉ်က လီချန်ချဲ့ ပြောခဲ့သည့် စကားများကို သတိရလိုက်ချိန်တွင် ရှဲ့နင်းထန် အံကြိတ်ကာ သူမကိုယ်သူမ ပြန်မတ်မတ်ရပ်လိုက်သည်။

လီချန်ချဲ့ ပြောတာ မှန်တယ်။ သူမဖခင်မှာ သားသမီးများစွာရှိပြီး ကျန်းကော်နယ်စားမင်းနှင့် ဆက်ဆံရေးကောင်းမွန်စေရန်အတွက် သူမကို စတေးမလား မသေချာပေ။ သူမသာ အလျှော့မပေးရင် သေလမ်းပဲ ရှိနိုင်တယ်။

သူမ အတင်းပြုံးလိုက်သဖြင့် နှုတ်ခမ်းများက တင်းမာစွာ တွန့်ကွေးသွားသည်။

"ရှီဇီနဲ့ ခမည်းတော်တို့က ငါတို့ကို ကူညီမှာပါ။ စတုတ္ထညီမလေး... စိတ်မပူပါနဲ့"

စုချင်း၏ မျက်ဝန်းများတွင် မျှော်လင့်ချက်ရောင်ခြည်တစ်ခု တောက်ပလာသည်။

"မင်းသမီး... ဘာလို့ ရှီဇီအစ်ကိုကြီးက ရောက်မလာသေးတာလဲ"

သူတို့ ဒီမှာ ဒူးထောက်နေခဲ့တာ တစ်နေ့လုံးရှိနေပြီလေ... တုန်းကျင်းမြို့က ကြီးမားပြီး ကျန်းကော်နယ်စားမင်းအိမ်တော်က ရွှမ်းယီနယ်စားမင်းအိမ်တော်နဲ့ ဝေးကွာတယ်ဆိုပေမဲ့ ရှီဇီအစ်ကိုက အခုလောက်ဆို ရောက်လာသင့်နေပြီ။

ဖန့်လို စားသောက်ဆိုင်တွင် စုကျန်း သူမဘက်မှ ဘယ်လိုကာကွယ်ပေးခဲ့လဲဆိုတာကို သတိရလိုက်ရင်း ရှဲ့နင်းထန် သူမ၏ ဖြူဖျော့နေသော နှုတ်ခမ်းများကို တင်းတင်းကိုက်ထားလိုက်တော့သည်။

စုကျန်း သူမကို လျစ်လျူရှုထားမယ်လို့ သူမ လုံးဝမယုံကြည်ဘူး။

မိုးထဲလေထဲ ကပျာကယာ ပြေးလာသော ရှောင်လင်တန့်ကို မြင်တော့ သူမက အေးစက်စွာဖြင့် မေးလိုက်သည်။

"ရှီဇီရော?"

ရှောင်လင်တန့်က မျက်ရည်လည်ရွှဲဖြင့် ပြန်ဖြေသည်။

"မင်းသမီး... ရှီဇီက ဒီနေ့ အိမ်တော်ကို ပြန်မလာသေးဘူး။ သခင်ယန်ရဲ့ ရောဂါအခြေအနေ ရုတ်တရက် ဆိုးရွားလာလို့ သူ ယန်အိမ်တော်မှာပဲ ရှိနေတုန်းပဲတဲ့"

ရှဲ့နင်းထန်၏ မျက်နှာ ဖြူဖျော့သွားသည်။

"ဘာပြောတယ်"

ကိုယ့်ဇနီးသည်က အပြင်မှာ အရှက်ခွဲခံနေရတာတောင် သူက ယန်အိမ်တော်မှာ ရှိနေတုန်းပဲလား။

ရှောင်လင်တန့်မှာ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေပြီး အသံများပင် တိမ်ဝင်နေသည်။

"သခင်မကြီးရှဲ့ ဆီကိုလည်း သွားမေးခဲ့ပါသေးတယ်။ သခင်မကြီးက မင်းသမီးက ကိုယ့်ပြဿနာကိုယ်ရှာတာမို့ ကိုယ့်ဘာသာပဲ ဖြေရှင်းပါစေတဲ့"

ရှဲ့နင်းထန်၏ ခန္ဓာကိုယ်ထဲ စိမ့်တက်သွားသော အအေးဒဏ်ကြောင့် သူမ တစ်နေရာတည်းတွင် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ တွေဝေငေးမောနေစဉ် ကျန်းကော်နယ်စားမင်းအိမ်တော်၏ ဘေးတံခါး ရုတ်တရက် ပွင့်လာပြီး အထဲမှ လူတစ်စု ထွက်လာကြသည်။

စုချင်းက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။

"မင်းသမီး... ရွှယ်နင် ရောက်လာပြီ"

ရှဲ့နင်းထန်၏ အမြင်အာရုံများ ဝေဝါးသွားသည်။ သူမ၏ နာကြည်းနေတဲ့ အကြည့်များက လေပြင်းနှင့် မိုးစက်များကို ဖောက်ထွင်းလျက် ချဉ်းကပ်လာသော လူရိပ်များကို အေးစက်စွာ စိုက်ကြည့်နေမိသည်။

သို့သော် ရွှယ်နင်၏ မျက်နှာကို မမြင်ရဘဲ ဇိမ်ကျကျ နေထိုင်လာရတာ သိသာထင်ရှားသော ဝတ်စားဆင်ယင်မှုကောင်းမွန်သည့် အသက်အရွယ်ရ အထိန်းတော်ကြီးတစ်ဦး ဖြစ်နေသည်။

သူမ၏ မျက်ဝန်းများ နားမလည်နိုင်စွာ ကျယ်လာပြီး-

"ရွှယ်နင် ဘယ်မှာလဲ"

အထိန်းတော်ကြီးကျန်း၏ မျက်နှာက တည်တင်းလျက်ပင်။

"ကျွန်မတို့ သခင်မလေးက မြင့်မြတ်တဲ့ အဆင့်အတန်းရှိတာ။ ရှင်တို့ကို ကိုယ်တိုင်ကိုယ်ကျ လာတွေ့စရာ အကြောင်းရှိလို့လား"

ရှဲ့နင်းထန် ခေါင်းရှုပ်သွားသည်။

"ဒါဆို—"

အထိန်းတော်ကြီးကျန်း၏ နှုတ်ခမ်းထက်တွင် အပြုံးယောင်ယောင် သန်းသွားသော်လည်း မျက်ဝန်းများထဲတွင် အနွေးဓာတ် ကင်းမဲ့နေသည်။

"သခင်မရှဲ့... ကျွန်မတို့ ရှီဇီက ရှင်တို့ကို ခေါ်ခိုင်းလိုက်ပါတယ်"

ရှဲ့နင်းထန် အံ့အားသင့်သွားသော်လည်း နောက်ဆုံးတွင် အတင်း ရပ်လိုက်နိုင်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ထုံကျင်တောင့်တင်းနေပြီး ရှောင်လင်တန့်၏ ထိန်းကိုင်ပေးမှုဖြင့်သာ ယိုင်တိုင်တိုင် ရပ်နိုင်တော့သည်။

စုချင်းမှာလည်း အခြေအနေ ပိုမကောင်းလှပေ။ သူမတို့နှစ်ဦး အထိန်းတော်ကြီးကျန်း နောက်မှလိုက်ကာ ကျန်းကော်နယ်စားမင်းအိမ်တော်၏ ဘေးတံခါးမှတစ်ဆင့် ဖြည်းဖြည်းချင်း ဝင်ရောက်သွားကြသည်။

လျှောက်ရသောလမ်းက ရှည်လျားလှသည်ဟု ထင်ရသော်လည်း နောက်ဆုံးတွင်တော့ ကျိုယင်းဆောင် သို့ ရောက်ရှိသွားကြသည်။

ရှဲ့နင်းထန်၏ မျက်တောင်များမှာ နွေဦးမိုးရေများကြောင့် စိုစွတ်နေပြီဖြစ်၏။ သူမနှင့် စုချင်းတို့ကို ခြံဝင်းထဲတွင် ရပ်နေရန် ညွှန်ကြားခံရသည်။

သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ရွှယ်နင်၏ လက်ရှိ နေထိုင်ရာအဆောင်ကို အကဲခတ်လိုက်သည်။

လီအိမ်တော်သို့ လက်ထပ်ဝင်ရောက်ပြီးနောက် ရွှယ်နင် ဆင်းရဲနွမ်းပါးစွာ နေထိုင်ရမယ်လို့ သူမ ယူဆခဲ့တယ်။ ဒါပေမဲ့ သူမ မထင်မှတ်ထားတာက ဒီနေရာမှာ အလွန်အမင်း ခမ်းနားထည်ဝါလွန်းနေတယ်။

မင်းသားရီအိမ်တော်ရှိ သူမရဲ့ ကိုယ်ပိုင်အဆောင်တောင် ဒီလောက် မကျယ်ဝန်းဘူး။

ဥယျာဉ်ထဲတွင် စိမ်းလန်းစိုပြည်သော အပင်များဖြင့် အသက်ဝင်လျက်ရှိသည်။ အမိုးအစွန်းများအောက်တွင် နန်းတော်သုံး မီးပုံးများ လွှဲယမ်းနေကာ တောက်ပသောအလင်းရောင်များ ဖြာကျနေသည်။

တစ်ရက်လုံး ကုန်လွန်သွားခဲ့ပြီဖြစ်သော်လည်း ကျန်းကော်နယ်စားမင်းနှင့် ဇနီးဖြစ်သူတို့က ရွှယ်နင်ကို အပြစ်ပေးတယ်ဆိုသည့် သတင်းအစအနပင် မကြားရပေ။

ရွှယ်နင်နှင့် ရှီဇီလီ တို့ လင်မယားအရာ မြောက်၊ မမြောက်ကို သူတို့ လုံးဝ ဂရုမစိုက်ကြတာလား။ ဒီလိုမျိုး အရှက်မဲ့ပြီး အသုံးမကျတဲ့ ချွေးမတစ်ယောက်ကို သူတို့ ဘယ်လိုလုပ် လက်ခံနိုင်ကြတာလဲ။

သူမ နှုတ်ခမ်းကို စေ့လိုက်ရာ မိုးရေ၏ အရသာကို ခံစားလိုက်ရပြီး မျက်ဝန်းထဲတွင် နာကြည်းမှုနှင့် မနာလိုမှုတို့ ဖြတ်ပြေးသွားသည်။

ထိုစဉ် ရုတ်တရက် အဆောင်၏ ပင်မတံခါးကြီး ပွင့်ဟသွားသည်။

ရှင်းလင်းပြတ်သားသော အသံတစ်သံနှင့်အတူ အရပ်ရှည်ရှည်၊ ခန့်ညားထည်ဝါသော ကိုယ်ဟန်တစ်ခု ထွက်ပေါ်လာသည်။

ရှဲ့နင်းထန်၏ အကြည့်များ ရပ်တန့်သွား၏။

အမျိုးသား၏ ချောမောပြီး ထူးခြားသော မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် သူမ၏ နှလုံးသားပင် ရပ်တန့်မတတ် ဖြစ်သွားသည်။

သူက ချောမောခန့်ညားကာ အရပ်မြင့်ပြီး သစ်ခွပန်း သို့မဟုတ် ကျောက်စိမ်းသစ်ပင်ကဲ့သို့ ကျက်သရေရှိလှသည်။

ပိုးသားအဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားရာ မနက်ခင်းကလောက် အေးစက်တည်တင်းမနေတော့ဘဲ နူးညံ့သိမ်မွေ့သော အငွေ့အသက်များကို ထုတ်လွှင့်နေသည်။

ဒီလောက်ချောမောပြီး ဩဇာအာဏာနဲ့ အဆင့်အတန်းရှိတဲ့ ယောက်ျားတစ်ယောက်က ရွှယ်နင်အတွက်တော့ အရမ်းကို ကောင်းလွန်းနေတယ်။

ဘာလို့ ရွှယ်နင်က သူ့ကို ပိုင်ဆိုင်နိုင်ပြီး သူမက မပိုင်ဆိုင်နိုင်ရတာလဲ။

ထိုအချိန်က သူမ ဘာဖြစ်သွားမှန်း မသိတော့ပေ။ လီချန်ချဲ့၏ အေးစက်စက် မျက်နှာကို စိုက်ကြည့်ရင်း နားလည်ရခက်တဲ့ မနာလိုမှုနှင့် နာကြည်းမှု လှိုင်းတံပိုးများ ရုတ်တရက် ရိုက်ခတ်လာသည်။ သူမ၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး သနားစရာကောင်းသော မျက်နှာပေးဖြင့် ပြောလိုက်သည်။

"ရှီဇီလီ... ကျွန်မ တောင်းပန်ပြီးပြီလေ။ ကျွန်မဆီက ဘာတွေများ လိုချင်နေသေးတာလဲ"

လီချန်ချဲ့က သူမ၏ ရည်ရွယ်ချက်များကို မသိဟန်ဆောင်ကာ သူမထံသို့ လျှောက်လာသည်။

သူနှင့် မျက်နှာချင်းဆိုင်လိုက်ရချိန်တွင် ရှဲ့နင်းထန် အသက်ရှူမှားသွား၏။ သူမ၏ မျက်ဝန်းများတွင် ဆွဲဆောင်မှုရှိပြီး ညှို့ငင်နိုင်သော အရိပ်အယောင်များ တောက်ပလာသည်။

"ရှီဇီက ကျွန်မကို ရွှယ်နင်ဆီ တောင်းပန်စေချင်ရင် ဘာလို့ သူ(မ)နဲ့ ပေးမတွေ့တာလဲ"

စကားပြောရင်း သူမကိုယ်လေးက ယိမ်းယိုင်သွားကာ ရှေ့သို့ ခလုတ်တိုက် လဲကျသွားသည်။

ထိုအမျိုးသားက သူမကို ဖမ်းထိန်းပေးမည်ဟု မျှော်လင့်ထားခဲ့သော်လည်း သူက မျက်နှာသေဖြင့် သူမ၏ အထိအတွေ့ကို ရှောင်ဖယ်သွားခဲ့၏။

ရှဲ့နင်းထန် မြေပြင်ပေါ်သို့ အရှက်ရဖွယ် လဲကျသွားသည်။ သူမ မျက်ဝန်းများ နီရဲလာပြီး မိန်းမသားတစ်ယောက်၏ ခေါင်းမာမှုကို ဟန်ဆောင်ပြသလိုက်သည်။

"ရှီဇီ... ကျွန်မကိုယ်ကျွန်မ ဒီလောက်အထိ နှိမ့်ချပြီးသွားပြီ။ ကျွန်မကို ဘယ်လောက်ကြာကြာ အရှက်ခွဲနေဦးမှာလဲ"

လီချန်ချဲ့က ထိုမိန်းမ၏ အချိုးမပြေသော ဟန်ဆောင်မှုကို ထွင်းဖောက်မြင်နေသည်။

သူ အနည်းငယ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အေးစက်သော မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ သူမ၏ သနားစရာကောင်းတဲ့ အမူအရာကို အကဲခတ်လိုက်သည်။

"နှိမ့်ချတယ်? မင်းပုံစံက တော်တော်လေး စိတ်လှုပ်ရှားနေသလိုပဲ”

All Chapters