← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း (၂၀၆) - ကိုယ်လုပ်ဝောာ်ယူခြင်း

သခင်မဝမ်မှာ မယုံနိုင်လွန်း၍ ရယ်ပင်ရယ်ချင်သွား၏။

နယ်စားမင်းအိမ်တော်မှာ ဒီလောက်နှစ်ပေါင်းများစွာ နေလာခဲ့ရာ ဒီလိုမျိုး ယုတ္တိမရှိတဲ့စကားကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

လီလင်းဖုန်းကို သူမအား မထိဖို့ တောင်းဆိုရမှာလား။

လီလင်းဖုန်းကို ကွာရှင်းစာပေးဖို့ တောင်းဆိုရမှာလား။

ဟက်... ဒီမိန်းကလေး ရူးသွားပြီလား။

လီလင်းဖုန်းက သူမရဲ့ အသားကိုစား၊ သွေးကိုသောက်ချင်နေပြီး နေ့ရောညပါ အိပ်ရာပေါ်မှာ သူမနှင့် လုံးထွေးပြီး လူမကျ သရဲမကျ ဖြစ်သည်အထိ ညှဉ်းပန်းချင်တဲ့နေသူ။ သူမကို မထိဘဲနေဖို့ ဒါမှမဟုတ် ကွာရှင်းစာပေးဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူမ ရူးသွားတာမဟုတ်ဘူး။ ဒီမိန်းကလေး အရင်ရူးသွားတာ သေချာတယ်။

သခင်မဝမ်၏ အကြည့်တို့က တဖြည်းဖြည်း ပို၍ အေးစက်လာသည်။

ထိုအခါမှ နယ်စားမင်းအိမ်တော်ရှိ သခင်မဝမ်၏ ပြီးခဲ့သောနှစ်များစွာက ဘဝသည် မလွယ်ကူခဲ့ကြောင်း ရွှယ်နင် နားလည်သွားသည်။

သူမ၏ ယောက္ခထီး နယ်စားမင်းကြီးက တန်ခိုးအာဏာကြီးမားပြီး စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့သူဖြစ်၏။ သူက မိန်းမတစ်ယောက်အပေါ် ဘယ်လိုလုပ် ယုယကြင်နာမှုတွေ ပြတတ်မှာလဲ။

သခင်မဝမ်အပေါ်ထားရှိတဲ့ သူ့ရဲ့အချစ်အများစုကို အိပ်ရာပေါ်မှာပဲ ပုံချခဲ့တယ်။ မိန်းမတစ်ယောက်အတွက် အိမ်ထောင်သည်ဘဝ ရင်းနှီးမှုဆိုတာ အပေါ်ယံမျှသာဖြစ်ကြောင်း သူ မသိခဲ့ပေ။ အချစ်စစ်ဆိုတာ အကျဉ်းသားတစ်ယောက်လို ချုပ်ချယ်ထားခြင်းမဟုတ်ဘဲ နေ့စဉ် ဂရုစိုက်ကြင်နာမှု အသေးအဖွဲလေးတွေထဲမှာ ရှိနေတယ်ဆိုတာကိုပင်။

အစကတည်းက သူတို့ရဲ့ဆက်ဆံရေးမှာ လမ်းလွဲနေခဲ့သည်။ ခင်ပွန်းဟောင်း သေဆုံးမှုက သခင်မဝမ်၏ နှလုံးသားထဲတွင် ကုစား၍မရ၊ နုတ်ယူ၍မရသော ဆူးတစ်ချောင်းလို စိုက်ဝင်နေခဲ့၏။

ထို့အပြင် နယ်စားမင်းကလည်း ထိုကိစ္စ၏ ရှုပ်ထွေးမှုများကို ရှင်းပြလိုခြင်း မရှိခဲ့ပေ။ သူတို့ကြားရှိ နားလည်မှုလွဲမှားခြင်းများက ပို၍နက်ရှိုင်းလာပြီး ဆယ်စုနှစ်များစွာ မီးနှင့်ရေကဲ့သို့ သဟဇာတမဖြစ်သော ဆက်ဆံရေးသို့ ဦးတည်သွားစေခဲ့သည်။

သို့တိုင်အောင် နယ်စားမင်းက သခင်မဝမ်ကို အလွတ်မပေးခဲ့ပေ။

သူ ပိုပြီး နစ်မွန်းလေလေ၊ သူ့အပေါ် သူမ၏ ရွံရှာမုန်းတီးမှုက ပို၍ ကြီးမားလာလေလေပင်။

ဒုတိယဘဝကို ဖြတ်သန်းနေရသူဖြစ်၍ ရွှယ်နင်က ယောက်ျားနှင့် မိန်းမကြားရှိ အချစ်၏ ရှုပ်ထွေးနက်နဲမှုများကို ယခင်ကထက် ပို၍ ရှင်းလင်းစွာ မြင်နိုင်နေသည်။

အားချဲ့အပေါ်ထားရှိသော သခင်မဝမ်၏ မုန်းတီးမှုသည် အမှန်တကယ်တော့ နယ်စားမင်းအပေါ်ထားရှိသော နာကြည်းမှုမှ မြစ်ဖျားခံလာခြင်းဖြစ်ကြောင်း သူမ ယခု နားလည်သွားပြီ။

ဒီလင်မယားကြားရှိ ပြဿနာများကို ဖြေရှင်းနိုင်သရွေ့ အားချဲ့နှင့် သခင်မဝမ်ကြားရှိ ပြဿနာများမှာလည်း အလိုလို ပြေလည်သွားမည်။

ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ရွှယ်နင်က မျက်လုံးလေးများ မှေးကျဉ်းသွားသည်အထိ ညင်သာစွာ ပြုံးလိုက်ပြီး သခင်မဝမ်အား ပြောလိုက်သည်။

"ဒီကိစ္စကို နင်နင်ကပဲ ကြားဝင်ဆောင်ရွက်ပေးမှာဆိုတော့ အမေ ပြောပါ။ ကွာရှင်းစာကို လိုချင်သလား၊ မလိုချင်ဘူးလား"

သခင်မဝမ်က သွားကို တင်းတင်းကြိတ်လိုက်သည်။

လီလင်းဖုန်းနှင့် သူ့သားကို ထားရစ်ခဲ့ဖို့ သူမ အမြဲတမ်း အိပ်မက်မက်ခဲ့တာလေ။

သူမ၏ မျက်ထောင့်များမှာ အနည်းငယ် နီရဲလာသည်။ လူလတ်ပိုင်းအရွယ် ရောက်နေပြီဖြစ်သော်လည်း သူမ၏ မျက်နှာလေးမှာ ပန်းတစ်ပွင့်လို လှပနေဆဲပင်။

မျက်ရည်များကို တိတ်တဆိတ် ထိန်းချုပ်ထားကာ ခေါင်းမာပြီး သနားစရာကောင်းနေသည့် သူမ၏ပုံစံကို ကြည့်ကာ သနားမိသည်အထိ ရင်နင့်သွားစေသည်။

သူမရဲ့ ယောက္ခထီး နယ်စားမင်းကြီးက ဘာကြောင့် ဒီနှစ်တွေတစ်လျှောက်လုံး သခင်မဝမ်ကို လွှတ်မပေးခဲ့တာလဲဆိုဝာာကို ရွှယ်နင် ရုတ်တရက် နားလည်သွား၏။

သူမလို အလှလေးတစ်ယောက် အကာအကွယ်မပါဘဲ အပြင်မှာ လေလွင့်နေခဲ့လျှင် ဘယ်လို ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရမယ်ဆိုတာကို ဘယ်သူ သိနိုင်မှာလဲ။

"အမေက မလိုချင်ဘူးဆိုရင်..."

"လိုချင်တယ်! ငါ အဲဒါကို အမြဲတမ်း အိပ်မက်မက်နေခဲ့တာ"

သခင်မဝမ်က အံကြိတ်ကာ အလျင်စလို ဖြတ်ပြောလိုက်သည်။

ရွှယ်နင်က မော့ကြည့်လိုက်ရင်း နှလုံးသားများ နူးညံ့သွားသည်။

"ကောင်းပါပြီ"

သခင်မဝမ်၏ လည်ချောင်းများ ဆို့နင့်လာပြီး မျက်ရည်တစ်ပေါက် ကျဆင်းလာသည်။

"ဘယ်တော့လဲ"

ရွှယ်နင်က ပြန်ဖြေလိုက်၏။

"အချိန်တော့ နည်းနည်းယူရလိမ့်မယ်။ အမေ စိတ်ရှည်ရှည်ထားပေးပါ"

သခင်မဝမ်က လက်ချောင်းလေးများကို ကွေးထားလိုက်ပြီး သူမ၏ မျက်နှာအမူအရာက သတိထားနေဟန်ရှိသော်လည်း ထူးဆန်းစွာပင် နာခံမှုရှိနေသည်။

"ကောင်းပြီလေ..."

......................

ရွှယ်နင် ဧည့်ခန်းမဆောင်ထဲမှ ထွက်လာချိန်တွင် ပြတင်းပေါက်နားမှ ဖြတ်သွားသော အရိပ်တစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရသည်။

သူ အပြင်ဘက်ကနေ ဘယ်လောက်ကြာကြာ နားထောင်နေခဲ့လဲ သူမ မသိသော်လည်း အတွင်းခန်းထဲသို့တော့ အတင်းအကျပ် ဝင်မလာခဲ့ပေ။

မင်ဟွားဆောင်၏ လုံခြုံရေးမှာ တင်းကျပ်သည့်အတွက် ခြံဝင်းအတွင်း လွတ်လပ်စွာ သွားလာနိုင်သူ အနည်းငယ်သာ ရှိသည်။

လီချန်လင်မှလွဲ၍ နောက်တစ်ယောက်သာ ရှိတော့၏။

ရွှယ်နင်က တံခါးခုံတွင် ခေတ္တရပ်လိုက်ပြီး အနည်းငယ် စိုးရိမ်ထိတ်လန့်နေမိသည်။

သို့သော် ကျောက်စိမ်းသရဖူဖြင့် ဆံပင်ကို စည်းနှောင်ထားပြီး ဝတ်ရုံမည်းကို ဝတ်ဆင်ထားသော ထိုအမျိုးသားက လက်နောက်ပစ်လျက် သူမထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူက ပိတ်ထားသော အခန်းတံခါးကို ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် တစ်ချက်ကြည့်ပြီးနောက် ပြောလာခဲ့၏။

"စာကြည့်ဆောင်ကို လိုက်ခဲ့"

ရွှယ်နင်က အတင်းပြုံးလိုက်သည်။

"ဟုတ်ကဲ့ပါ အဖေ"

နူးညံ့ပြီး လိမ္မာရေးခြားရှိလှသော ထို "အဖေ" ဟူသည့် အခေါ်အဝေါ်ကြောင့် လီလင်းဖုန်း၏ မျက်နှာအမူအရာမှာ တစ်မျိုးတစ်ဖုံ ဖြစ်သွားသည်။

စာကြည့်ဆောင်သို့ ရောက်သောအခါ သူက ခံ့ညားထည်ဝါစွာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ရွှယ်နင်ကိုမူ ထိုင်ခိုင်းခြင်း မရှိပေ။

နှစ်ပေါင်းများစွာ စစ်ပွဲများကြောင့် ကြမ်းတမ်းနေသော ထိုအမျိုးသားမှာ ရုပ်ရည်ချောမောသော်လည်း အေးစက်သော သတ်ဖြတ်ချင်သည့် အငွေ့အသက်များကို သယ်ဆောင်ထား၏။

သူက စကားမပြောဘဲ မျက်ခွံကို ပင့်ကြည့်လိုက်ချိန်တွင် လွှမ်းမိုးနိုင်သော ဖိအားတစ်ခု ထွက်ပေါ်လာသည်။

ရွှယ်နင်က သူမကိုယ်သူမ မတ်မတ်ရပ်နေစေရန် အတင်းထိန်းထားပြီး မျက်နှာပေါ်တွင် လိမ္မာသော အပြုံးတစ်ခုကို ဆက်လက်ထိန်းသိမ်းထားသည်။

သခင်မဝမ်နှင့် သူမ ပြောခဲ့တဲ့ စကားများကို လီလင်းဖုန်း ဘယ်လောက်အထိ ကြားသွားသလဲဆိုတာ သူမ သေချာမသိဘူး။

ဒီယောက္ခထီးအပေါ် သူမရဲ့ နားလည်မှုက သူမ၏ဖခင် တစ်ခါက ပြောပြခဲ့ဖူးတဲ့ "သတ်ဖြတ်ခြင်းနတ်ဘုရားကို လွယ်လွယ်နဲ့ မချဉ်းကပ်သင့်ဘူး" ဆိုသည့် သတိပေးချက်များလောက်သာ ရှိသည်။

"မင်း......ကောင်မလေး၊ အားချဲ့နဲ့ ဘာလို့ အခုထိ အတူမနေရသေးတာလဲ"

သို့သော် လီလင်းဖုန်း၏ အဖွင့်စကားကြောင့် ရွှယ်နင် လုံးဝ အံ့အားသင့်သွားရသည်။

"ရှင်?"

စကားပြောပြီးနောက် လီလင်းဖုန်းပင်လျှင် အနေရခက်သွားသည်။

ရှေးခေတ်ကတည်းက ယောက္ခထီးဖြစ်သူက သားနှင့် ချွေးမ၏ ပုဂ္ဂိုလ်ရေးရာ ကိစ္စများတွင် ဝင်စွက်ဖက်သည်ဟူ၍ မကြားဖူးခဲ့ပေ။

သို့သော် လီမိသားစုက ကွာခြားသည်။ မိခင်ဖြစ်သူ သခင်မဝမ်က လီချန်ချဲ့၏ ကိစ္စများတွင် ဘယ်သောအခါမှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

ထို့မပြင် ပင်မအိမ်တော်၏ သွေးသားမျိုးဆက်မှာ အလွန်နည်းပါး၏။ လီချန်လင်က သူ့ရဲ့ တရားဝင် သွေးသားမျိုးဆက်မဟုတ်ဘဲ နှစ်ပေါင်းများစွာ ဖျားနာနေသည့် အသုံးမကျသော ဝန်ထုပ်ဝန်ပိုးတစ်ခုပင်။

တရားဝင်သားဖြစ်သူ လီချန်ချဲ့မှာ သူ့အချစ်တော်ဖြစ်သော်လည်း လုံးဝ အရည်အချင်းမရှိပေ။ ဒီနှစ်တွေတစ်လျှောက်လုံး ဘယ်မိန်းမကိုမှ သဘောမကျခဲ့ဘဲ သူ့အဖေကို မြေးစောစောချီရဖို့ဆိုတာ ဝေလာဝေးပင်။ တုန်းကျင်းသို့ ရောက်ပြီးမှသာ လူ့လောက၏ ဆန္ဒများကို စတင်ခံစားလာရပြီး မိန်းကလေးတစ်ယောက်ကို သဘောကျမိကြောင်းနှင့် သူမကို လက်ထပ်ဖို့ မိသားစုစည်းစိမ်ကို အကုန်ခံရန် ဆန္ဒရှိကြောင်း ပြောလာခဲ့၏။

အိမ်ထဲသို့ အရောက်ခေါ်လာနိုင်ပြီးနောက်တွင်လည်း ကြည့်ရုံသာကြည့်ပြီး မထိတွေ့ခဲ့ပေ။

ဒါက ဘယ်လို ယုတ္တိမျိုးလဲ။

လီလင်းဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

သူက အမြဲတမ်း အာဏာပြတတ်ပြီး တင်းကျပ်သော စစ်တပ်အတွင်းရှိ လက်အောက်ငယ်သားများကို ကိုင်တွယ်ရာတွင် မည်သည့် လှည့်ကွက်မှမပါဘဲ ပြတ်သားကြမ်းတမ်းသူဖြစ်သည်။

"ငါ့ရှေ့မှာ လာဟန်မဆောင်နဲ့။ မင်းကို ငါပြောမယ်၊ ဒီကျန်းကော်နယ်စားမင်းအိမ်တော်မှာ မင်းက အပျိုစင်မိန်းမကောင်းလေးလို ဟန်ဆောင်ပိုင်ခွင့် မရှိဘူး။ ငါ မင်းကို လဝက်အချိန်ပေးမယ်။ အားချဲ့နဲ့ လင်မယားအရာမမြှောက်သေးဘူးဆိုရင်တော့ မင်းပစ္စည်းတွေသိမ်းပြီး ထွက်သွားတော့။ မဟုတ်ရင် မင်းမိဘတွေကို ငါ အလွတ်ပေးမှာ မဟုတ်ဘူး"

"ဒါပေမဲ့ ကျွန်မရဲ့ မိဘတွေက..."

ရွှယ်နင်က ခေါင်းစောင်းကာ

"ဆုံးပါးသွားတာ ကြာပြီလေ"

လီလင်းဖုန်း၏ နှုတ်ခမ်းများ တွန့်သွားပြီး ရွှယ်စုန့်နျန် လင်မယား သူရဲကောင်းပီသစွာ သေဆုံးခဲ့တာကို သတိရသွားသည်။ ထို့နောက် ရွှယ်နင်၏ နှာခေါင်းကို လက်ညှိုးထိုးကာ-

"ဒါဆိုရင် မင်းရဲ့အစ်ကို၊ မင်းဦးလေး၊ အဒေါ်၊ မွေးစားအမေ ဒါမှမဟုတ် အနည်းဆုံး မင်းနောက်က ဒီအစေခံမလေးပေါ့။ မင်း သဘောတူလာအောင် သူတို့ကို သတ်ဖို့ ငါ့ကို အတင်းအကျပ် မလုပ်နဲ့"

ဤစကားကို ကြားသောအခါ ပေါင်ချန်မှာ ဒူးထောက်လျက်သား ပြုတ်ကျသွားသည်။

"နယ်စားမင်း၊ ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ဒီအစေခံက နေ့ရောညပါ သခင်လေးနဲ့ သခင်မလေးတို့ကို အတူနေပြီး လင်မယားအရာမြှောက်စေချင်နေတာပါ။ ဒါပေမဲ့ ဒီအစေခံက အဆင့်အတန်းနိမ့်ကျလွန်းတော့ သခင်လေးနဲ့ သခင်မလေးတို့ရဲ့ အိပ်ခန်းကိစ္စတွေကို ဘယ်လိုလုပ် ဝင်စွက်ဖက်ရဲမှာလဲ။ ဒီအစေခံမှာ အပြစ်မရှိပါဘူး။ နယ်စားမင်းက အပြစ်ကင်းတဲ့သူကို မသတ်သင့်ပါဘူး"

သို့သော် ရွှယ်နင်က အကြောက်တရားမရှိသည့်အပြင် တခစ်ခစ်ပင် ရယ်မောလိုက်သေးသည်။

လီလင်းဖုန်း၏ မျက်နှာအမူအရာမှာ မည်းမှောင်ကာ ကြောက်မက်ဖွယ်ကောင်း၏။ သာမန်လူတစ်ယောက်သာဆိုလျှင် သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်ကြောင့် ကြောက်လန့်တကြား သေဆုံးသွားနိုင်သည်။

သို့သော် သူမ၏ ယောက္ခထီး နယ်စားမင်းသည် အပြင်ပန်းတွင်သာ ကြမ်းတမ်းပြီး အတွင်းစိတ်ထား နူးညံ့သူဖြစ်ကြောင်း ရွှယ်နင် ခံစားမိသည်။

အမှန်တော့ အဲ့လိုလူများကို ကိုင်တွယ်ရတာ အလွယ်ကူဆုံးပင်။

"အဖေက ကျွန်မကို အားချဲ့နဲ့ အတူနေစေချင်တယ်ဆိုရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"

လီလင်းဖုန်းက မျက်ခုံးပင့်လိုက်ကာ အရှိန်အဝါဖြင့်-

"မင်းက ငါနဲ့ စည်းကမ်းချက်တွေ လာညှိရဲတယ်ပေါ့"

ရွှယ်နင်က အပြစ်ကင်းစင်စွာဖြင့် ပြန်ဖြေသည်။

"ညှိလို့ မရဘူးလား။ မရဘူးဆိုရင်လည်း ကျွန်မ ပြန်ပြီး ပစ္စည်းတွေသိမ်း၊ အားချဲ့နဲ့ ကွာရှင်းလိုက်ပါ့မယ်"

လီလင်းဖုန်းက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အေးစက်ကြမ်းတမ်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

"နေဦး၊ ပြန်လာခဲ့"

ရွှယ်နင်က လှည့်လာပြီး တောက်ပစွာ ပြုံးလိုက်၏။

"အဖေ ပြန်စဉ်းစားလိုက်ပြီလား"

ပြုံးနေသော မျက်နှာကို ရိုက်လေ့မရှိဟု ဆိုကြသည်။

လီလင်းဖုန်းက ရွှယ်နင်ကဲ့သို့ ချိုသာနူးညံ့စွာ စကားပြောတတ်သော မိန်းကလေးတစ်ယောက်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိတော့ပေ။

"ကောင်းပြီ၊ မင်း ငါ့ကို မြေးယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ပေးနိုင်သရွေ့ ရွှေဘယ်လောက်လိုချင်လဲ တောင်းလို့ရတယ်"

ရွှယ်နင်က ခေါင်းယမ်းလိုက်သည်။

"ကျွန်မ ရွှေ မလိုချင်ဘူး"

လီလင်းဖုန်းက စိတ်မရှည်စွာဖြင့်-

"ဒါဆို မင်း ဘာလိုချင်တာလဲ"

ရွှယ်နင်က လေးနက်စွာဖြင့် ပြောလိုက်၏။

"အဖေ ကိုယ်လုပ်တော်ယူတာကို လိုချင်တယ်"

"ဘာ"

ဒီချွေးမ အမှန်တကယ် ရူးသွားပြီဟု လီလင်းဖုန်း တွေးလိုက်ပြီး သူ့မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားသည်။

"မင်း ဘာပြောနေလဲဆိုတာ မင်းသိရဲ့လား”

All Chapters