အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း (၂၀၈) - အဲ့ဒီလို သဘောကျဝာာမျိုး မဟုတ်ဘူး
"လတ်တလော တုန်းကျင်းမြို့မှာ အရောင်းအဝယ် အရမ်းကောင်းပြီး နာမည်ကြီးလာတဲ့ ဆိုင်တချို့ရှိတယ်။ သခင်မလေးရွှယ် အဲဒီကနေ လေ့လာကြည့်သင့်ပါတယ်"
ဆိုင်ရှင်က သူမကို ကိုယ်တိုင် အကြံဉာဏ်ပေးလာလိမ့်မည်ဟု ရွှယ်နင် မမျှော်လင့်ထားခဲ့ပေ။ သူမက ကျေးဇူးတင်စွာဖြင့် ပြန်ဖြေလိုက်၏။
"ကျေးဇူးတင်ပါတယ် ဆိုင်ရှင်။ ရွှယ်နင် သေချာပေါက် အစွမ်းကုန် ကြိုးစားပါ့မယ်"
ဆိုင်ရှင်က ပြောလာပြီဖြစ်ရာ ထိုဆိုင်အချို့သို့ သွားရောက်လေ့လာရန် ရွှယ်နင် ဆုံးဖြတ်လိုက်သည်။
ထူးဆန်းဝာာတော့ အမှန်ပင်။ အလားတူ အလှကုန်ဆိုင်များကြားတွင် ရှန်းနိုင်ဂယ်ဆိုင်မှ ပါးနီနှင့် ပေါင်ဒါများက အခြားဆိုင်များထက် ဈေးပိုကြီးသော်လည်း သူတို့၏ အရောင်းအဝယ်မှာ ပို၍ပင် သွက်လက်နေသေးသည်။
သို့သော် သူတို့၏ ပါးနီနှင့် ပေါင်ဒါများမှာ ထူးဆန်းသော အမည်များဖြင့် အမျိုးအစား စုံလင်လှသည်။ လူများစွာက ဝယ်ယူချင်ကြသော်လည်း လူတိုင်း ဝယ်ခွင့်မရကြပေ။
ထို့အပြင် အချို့သော ပါးနီများအတွက် ပစ္စည်းမရခင် ကြိုတင်ငွေ အရင်ပေးသွင်းရသေး၏။
တစ်လလျှင် သုံးဘူးသာ ရောင်းချပြီး ထိုထက်ပို၍ မရောင်းချပေ။
"ဒီလို အရောင်းအဝယ် လုပ်တာကိုတောင် ဝယ်မယ့် လူမိုက်တွေ ရှိသေးတာလား"
ပေါင်ချန်မှာ မေးခွန်းများဖြင့် ပြည့်နှက်နေသည်။ သူမရော ရွှယ်နင်မှာပါ 'အသင်းဝင်ကတ်' ဆိုဝာာ မရှိသဖြင့် တန်းစီခွင့်ပင် မရခဲ့ပေ။ မကြာမီမှာပင် ရှန်းနိုင်ဂယ်ဆိုင်မှ အစေခံမလေးတစ်ယောက်က သူတို့ကို ယဉ်ကျေးစွာ အပြင်သို့ ခေါ်ထုတ်သွားပြီး ဆိုင်ရှိ 'အခြေခံအဆင့်' ပစ္စည်းအချို့ကို အရင်ဝယ်ယူရန် ကြင်နာစွာ အကြံပြုလာသည်။ ငွေတစ်ရာဖိုး ဖြည့်သွင်းပြီးမှသာ ရှန်းနိုင်ဂယ် အသင်းဝင်ဖြစ်ခွင့် ရမည်ဟု ဆိုသည်။
"ပေါင်ချန်၊ သွားပြီး နှစ်ဘူးသုံးဘူးလောက် ရွေးလိုက်"
ပေါင်ချန်၏ မျက်လုံးများ အရောင်လက်သွားပြီး မျက်နှာပေါ်တွင် အပြုံးပွင့်လာသည်။
"သခင်မလေးက ဒီအစေခံကို ပေးမလို့လား"
ရွှယ်နင်က ပြုံးလိုက်သည်။
"မြန်မြန်သွား၊ နင် သဘောကျတာလေးတွေ သွားဝယ်ချေ"
ကောင်တာတွင် မိန်းမငယ်လေးများစွာ ပစ္စည်းရွေးနေကြ၏။ ပေါင်ချန်က စပါးကျီထဲသို့ ခုန်ဝင်သွားသော ကြောင်တစ်ကောင်လို ဆိုင်ထဲသို့ ကပျာကယာ တိုးဝင်သွားသည်။
အဝင်ဝတွင် ရပ်နေရင်း ဆိုင်ထဲသို့ တဖွဲဖွဲ ဝင်ရောက်လာသော မိန်းကလေးများကို ရွှယ်နင် စဉ်းစားခန်းဖွင့်ကာ ကြည့်နေမိစဉ် သူမ၏ ခေါင်းထဲတွင် အကြံအစည်တစ်ခု ရုတ်တရက် ပေါ်လာသည်။
"အစ်မရွှယ်နင်! ဒီမှာ ဘာလုပ်နေတာလဲ"
စဉ်းစားနေဆဲမှာပင် ရှင်းလင်းချိုသာသော အသံတစ်သံက ရွှယ်နင်ကို သတိပြန်ဝင်လာစေသည်။
သူမ လှည့်ကြည့်လိုက်ရာ ရှန်းနိုင်ဂယ်ဆိုင်ရှေ့တွင် ရပ်ထားသော မင်းသမီးကြီးစံအိမ်တော်၏ ရထားလုံးကို မြင်လိုက်ရသည်။ ရွှယ်ယန်ရန်က ရထားလုံးပေါ်မှ ဆင်းချိန်တွင် စကတ်ကိုမလျက် တောက်ပသော အပြုံးများဖြင့် ရွှယ်နင်ထံသို့ လျှောက်လာသည်။
"အစ်မ လမ်းထွက်လျှောက်ဖို့ ဘယ်လိုလုပ် အချိန်ရနေတာလဲ"
"မင်းသမီးကရော..."
ရွှယ်ယန်ရန်၏ ပင်ကိုယ်အသွင် တက်ကြွရွှင်လန်းမှုကို ရွှယ်နင် အတော်လေး သဘောကျသည်။
"ဘယ်လိုလုပ် အပြင်ထွက်လာတာလဲ"
ပြန်ပေးဆွဲခံရမလို ဖြစ်ခဲ့သည့် စံအိမ်တော်မှ အဖြစ်အပျက်ပြီးကတည်းက ရွှယ်ယန်ရန် အပြင်မထွက်ရသည်မှာ ကြာပြီဖြစ်သည်။
နောက်ဆုံးအကြိမ် ရွှယ်နင်က မင်းသမီးကြီးစံအိမ်တော်သို့ ဖိတ်စာပို့လိုက်သော်လည်း ပြန်အပို့ခံခဲ့ရသည်။
မင်းသမီးကြီးက သူမ၏ တစ်ဦးတည်းသောသမီးကို အနီးကပ် စောင့်ကြည့်နေပြီး အလွယ်တကူ အပြင်ထွက်ခွင့် မပြုခဲ့ပေ။
"အမေ့အတွက် ပါးနီ လာဝယ်တာ။ ဒီဆိုင်က ပစ္စည်းတွေ ကောင်းတယ်လို့ ကြားလို့ လူတွေကို အကြာကြီး တန်းစီခိုင်းထားရတယ်။ ဒီနေ့မှ ပစ္စည်းရတာမို့လို့ သီးသန့်လာခဲ့တာ"
ရွှယ်နင်၏ နှုတ်ခမ်းများ ကွေးတက်သွားသည်။
"ကျွန်မက ဒီတိုင်း လာကြည့်တာပါ။ မင်းသမီးလေးရော အခုတလော နေကောင်းရဲ့လား"
ရွှယ်ယန်ရန်က ချိုသာစွာ ပြုံးလိုက်၏။
"အရမ်းကောင်းပါတယ်။ ဪ... အစ်ကိုအားချဲ့ရော ဘာလို့ မပါလာတာလဲ"
ရွှယ်နင်က ပြုံးလိုက်သည်။
"သူ ဟန်လင်ကျောင်းတော်မှာ အလုပ်များနေတယ်"
"အာ... ညီမ မေ့သွားတယ်။ အစ်ကိုအားချဲ့က အခု အမတ်ဖြစ်နေပြီပဲ"
ရွှယ်ယန်ရန်က သူမခေါင်းကိုသူမ ပုတ်လိုက်သည်။
"အစ်မ၊ ညီမကို ခဏစောင့်နော်။ ပစ္စည်းသွားယူလိုက်ဦးမယ်၊ ပြီးမှ ကျွန်မတို့ စကားပြောကြတာပေါ့"
ရွှယ်နင်က ညင်သာစွာ ပြုံးလိုက်သည်။
"ကောင်းပါပြီ"
ရွှယ်ယန်ရန်က ရှန်းနိုင်ဂယ်ဆိုင်ထဲသို့ အမြန်ဝင်သွားပြီး မကြာမီမှာပင် လက်ရာမြောက်သော သေတ္တာလေးကို ကိုင်ကာ ပျော်ရွှင်စွာ ပြန်ထွက်လာသည်။
တက်ကြွသော စရိုက်ရှိသူဖြစ်သည့်အတိုင်း သူမက ရွှယ်နင်ကို ဆွဲခေါ်ကာ မင်းသမီးစံအိမ်တော်၏ ရထားလုံးပေါ်သို့ တင်လိုက်သည်။
"မင်းသမီးလေး၊ ကျွန်မတို့ ဘယ်ကိုသွားကြမှာလဲ"
"အစ်မ၊ မင်းသမီးစံအိမ်တော်မှာ ညီမနဲ့အတူ လာဆော့ပါလား၊ နော်?"
ရွှယ်နင်က ဒီနေ့ သူမ အချိန်မရနိုင်လောက်ဟု အစက ထင်ထားသော်လည်း ရွှယ်ယန်ရန်က ရထားပေါ်ကနေ ဆင်းခွင့်ပင် မပေးချေ။
ရွှယ်ယန်ရန်မှာ ကျန်းမာရေး ချို့တဲ့သူဖြစ်ပြီး အလိုလိုက် အကြင်နာပေးကာ အဖိုးတန်စွာဖြင့် ကြီးပြင်းလာသူဖြစ်သည်။
ရွှယ်နင်က မင်းသမီးလေး၏ ဆန္ဒကို ဆန့်ကျင်ရန် မဆိုထားနှင့်၊ လက်ရှိဧကရာဇ်ကိုယ်တိုင်ပင်လျှင် ဤမင်းသမီးလေး၏ အနိုင်ကျင့်မှုကိုသာ ခံရသူဖြစ်သ
ည်။
ရွှယ်နင်မှာ အခြားရွေးချယ်စရာမရှိတော့ဘဲ ပေါင်ချန်ကို ဟန်လင်ကျောင်းတော်သို့ လျှို့ဝှက်လွှတ်လိုက်ရသည်။ အားချဲ့ အလုပ်တာဝန်ပြီးချိန်တွင် မင်းသမီးစံအိမ်တော်သို့ လာရောက်ခေါ်ဆောင်ရန် မှာကြားလိုက်၏။
မင်းသမီးစံအိမ်တော်သို့ ရောက်သောအခါ ရွှယ်ယန်ရန်က ရွှယ်နင်ကို သူမ၏ အဆောင်သို့ တိုက်ရိုက် ခေါ်သွားသည်။
အဆောင်မှာ ထူးခြားဆန်းပြားသော ပန်းများနှင့် ရှားပါးဆေးဖက်ဝင် အပင်များစွာ စိုက်ပျိုးထားသည်။ တတိယလ၏ နောက်ဆုံးရက်ဖြစ်ရာ ဥယျာဉ်မှာ အကိုင်းအခက်များ စိမ်းလန်းနေပြီး ပန်းများစွာ ဖူးပွင့်ကာ ရနံ့တို့မှာ လေထဲတွင် သင်းပျံ့နေသည်။
ရွှယ်ယန်ရန်က လူတစ်ယောက်ကို ခိုင်းစေပြီး စင်္ကြံလမ်းအောက်တွင် ပါရှန်းသိုးမွေးကော်ဇော ခင်းခိုင်းလိုက်သည်။ နှင်းဆီသစ်သား စားပွဲရှည်ကို ပြင်ဆင်ပြီး မုန့်ပဲသရေစာများနှင့် လုံကျင်း နွေဦးလက်ဖက်ရည်တို့ကို စီစဉ်လိုက်သည်။ ထိုအခါမှသာ ရွှယ်နင်ကို ပန်းခင်းရှေ့တွင် အတူထိုင်ကာ မြှားပစ်ကစားရန် ဆွဲခေါ်လိုက်သည်။
"မနေ့က ဖြစ်ခဲ့တဲ့ကိစ္စကို ကြားမိတယ်"
ရွှယ်ယန်ရန်က သူမ၏ အမှောင်ဘက်တွင် တောက်ပနေသော မျက်လုံးလေးများကို မှိတ်ချလိုက်သည်။ လက်ဖဝါးအရွယ်အစားမျှသာရှိသော သူမ၏ ပါးလျသည့် မျက်နှာမှာ အရောင်အသွေးကင်းမဲ့နေသော်လည်း တောက်ပသော အပြုံးများဖြင့် ပြည့်နှက်နေသည်။
"မင်းသမီးရှို့နင်းက အစ်ကိုအားချဲ့ရဲ့ တံခါးဝမှာ တစ်နေ့လုံး တကယ်ပဲ ဒူးထောက်ခဲ့တာလား။ အားချဲ့ရဲ့ အားပေးမှုကြောင့် အစ်မရွှယ်နင်ရဲ့ အဆင့်အတန်းက အရင်ကနဲ့မတူတော့ဘူးလို့ လူတွေ ပြောနေကြတာ ကြားမိတယ်။ ဒါပေမဲ့ အစ်မက အဲလိုလူမျိုးမှ မဟုတ်တာ"
မနေ့ညက ဖြစ်ရပ်ကို ပြန်တွေးမိရာ ရွှယ်နင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။
သူမ၏ အပြစ်ရှိသည့် အမူအရာကို ဖုံးကွယ်ရန် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်၏။
"အင်း"
"အစ်မကို အနိုင်ကျင့်တဲ့သူဆိုတော့ ဒူးထောက်ရတာ ထိုက်တန်ပါတယ်။ သုံးရက်လောက် ဒူးထောက်ခိုင်းရင်တောင် များတယ်လို့ မဆိုနိုင်ဘူး"
ရွှယ်ယန်ရန်မှာ ရွှယ်နင်နှင့် တွေ့ပြီးနောက်ပိုင်း အတော်လေး ပို၍ တက်ကြွလာသည်။
"ပြီးတော့ မန်မန်ဆီကလည်း ကြားတယ်၊ မနေ့က ပြန်သွားပြီးတဲ့နောက် မင်းသမီးရှို့နင်းက သတိလစ်သွားပြီး အခုထိ မနိုးသေးဘူးတဲ့"
"မန်မန်က မင်းသမီးနဲ့ ရင်းနှီးလို့လား"
"နောက်ဆုံးအကြိမ် နယ်စားမင်းအိမ်တော်မှာ မန်မန်နဲ့ တွေ့တုန်းက သူ(မ)ကို အတော်လေး စိတ်ဝင်စားဖို့ကောင်းတာ တွေ့ရတယ်။ အဲဒါနဲ့ အရမ်းပျင်းလာရင် တစ်ခါတလေ ဖိတ်ခေါ်တတ်တယ်။ ဒီမနက်လည်း သူ(မ) ရောက်လာသေးတယ်၊ ဒါပေမဲ့ စောစောပြန်သွားတယ်။ မဟုတ်ရင် အစ်မ သူ(မ)နဲ့ တွေ့ရမှာ"
လက်ထပ်ပြီးကတည်းက ရွှယ်နင် စုမိသားစုထံသို့ အိမ်ပြန်လည်ပတ်ခြင်း မပြုခဲ့ပေ။
တုန်းကျင်းမြို့ရှိ လူတိုင်းက သူမနှင့် စုမိသားစုကြားရှိ ဆက်ဆံရေးမှာ အဆင်မပြေမှန်း သိကြ၏။
သို့သော် ရွှယ်နင်က စုမိသားစုကို ရည်ရွယ်ချက်ရှိရှိ ရှောင်နေခြင်းမဟုတ်ကြောင်း ရွှယ်ယန်ရန် သိသည်။
သူမက လူတွေ ပြောနေကြသလိုမျိုး ကျေးဇူးကန်းသူ မဟုတ်ပေ။
"မန်မန်က အစ်မကို အရမ်းလွမ်းနေတာ။ အစ်မ အချိန်ရရင် သူ(မ)နဲ့ တွေ့ဖို့ စိတ်ကူးရှိလား"
ရွှယ်နင်က နူးညံ့စွာ ပြုံးလိုက်သည်။ သူမလည်း မန်မန်ကို လွမ်းသလို၊ သခင်မကျန်းကိုလည်း လွမ်းမိတယ်။
လီမိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာခဲ့သည်မှာ လဝက်ကျော်ပြီဖြစ်သော်လည်း သူမက အိမ်တော်သို့ ပြန်၍ သွားရောက်လည်ပတ်ခြင်း မရှိသေးပေ။ သခင်မကျန်းတစ်ယောက် သူမကို စိတ်ထဲမှ အပြစ်တင်နေမလား သို့မဟုတ် မုန်းတီးနေမလားဟု တွေးမိသည်။
အိမ်တော်ရှိ သွေးစုပ်ကောင်များက သူမကို အမြဲတစေ နှိပ်စက်နေခဲ့သူများဖြစ်သည်။ သခင်မနျဲ့နှင့် သူမ၏ ဆက်ဆံရေးက အခု ဘယ်လိုရှိနေမလဲဆိုတာကို မသိရပေ။
ရွှမ်းယီနယ်စားမင်းက အိမ်တွင်းရေး စီမံခန့်ခွဲပိုင်ခွင့်ကို သခင်မကျန်းထံ ပြန်ပေးလိုက်ပြီလား။
သို့မဟုတ် နယ်စားမင်းကြီးနှင့် လင်မယားချင်းကြားရှိ ပဋိပက္ခများမှာ ဘယ်လောက်အထိ ပိုမိုကြီးထွားလာပြီလဲ။
ဘာပဲဖြစ်ဖြစ်၊ ကွာရှင်းပြတ်စဲမည့်ကိစ္စကိုတော့ လုပ်ငန်းစဉ်တစ်ခုအနေဖြင့် တင်ထားဖို့ လိုအပ်နေပြီ။
မဟုတ်လျှင် သခင်မကျန်းတစ်ယောက်တည်းကို ရွှမ်းယီနယ်စားမင်းအိမ်တော်ကဲ့သို့သော လူစားသည့်နေရာတွင် ထားခဲ့ရတာကို သူမ ဘယ်တော့မှ စိတ်အေးနိုင်မည်မဟုတ်ပေ။
"မကြာခင်ပါပဲ။ အားချဲ့နဲ့ ကျွန်မ စုမိသားစုကို နောက်ရက်အနည်းငယ်အတွင်း သွားလည်ဖို့ စီစဉ်နေပါတယ်"
"ဒါဆို အကောင်းဆုံးပဲ"
ရွှယ်ယန်ရန်က ပျော်ရွှင်စွာ ပြောသည်။
"ဒါနဲ့ အစ်မ၊ စုယင်ကို သိလား"
"သိတာပေါ့။ ကျွန်မတို့က စုမိသားစုရဲ့ ညီအစ်မတွေပဲ၊ အတူတူ ကြီးပြင်းလာခဲ့တာလေ"
"စုယင်နဲ့ လော်မိသားစုရဲ့ လက်ထပ်ပွဲက အတည်ဖြစ်သွားပြီ။ မကြာခင်မှာပဲ စုယင် အိမ်ထောင်ကျတော့မယ်။ အစ်မ စုမိသားစုကို ပြန်သွားတဲ့အခါ အစ်မတော် မနှစ်သက်တဲ့လူကို မြင်ရတော့မှာ မဟုတ်တော့ဘူး"
ရွှယ်နင် အံ့ဩသွားပြီး မျက်ခုံးပင့်လိုက်သည်။
"အရင်က အတည်မဖြစ်သေးဘူးလို့ ပြောနေကြတာ မဟုတ်ဘူးလား"
ရွှယ်ယန်ရန်က လက်ကိုမြှောက်ကာ မြှားကို ပန်းအိုးထဲသို့ ပစ်ထည့်လိုက်သော်လည်း မဝင်ပေ။ မိန်းကလေးငယ်က နှုတ်ခမ်းကို စုလိုက်ပြီး ပါးလျသော မျက်ခုံးတန်းများကို တွန့်ချိုးလိုက်ကာ နောက်ထပ်မြှားတစ်ချောင်းကို သာမန်အတိုင်း ကောက်ယူလိုက်၏။
"မန်မန်ပြောတာကတော့ စုမိသားစုရဲ့ ဒုတိယသားလေးက လော်မိသားစုအိမ်ကိုသွားပြီး သခင်မကြီးလော်နဲ့ ဆွေးနွေးခဲ့တာတဲ့။ သူပြန်လာတော့ လက်ထပ်ဖို့ အတည်ဖြစ်သွားပြီလို့ ပြောတယ်။ ဒုတိယသား ဘာနည်းလမ်းသုံးလိုက်လဲတော့ ကျွန်မလည်း မသိဘူး"
ရွှယ်နင်က လက်ဖက်ရည်နွေးကို စိတ်မဝင်စားဟန်ဖြင့် တစ်ငုံသောက်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"ဒါလည်း ကောင်းတာပေါ့"
မြှားများစွာမှာ အပြင်ဘက်သို့သာ ကျသွားပြီး တစ်ချောင်းမျှ ပန်းအိုးထဲ မဝင်ပေ။
ရွှယ်ယန်ရန်က သူမ၏ ဝတ်ရုံကို စုကိုင်လိုက်ပြီး ပန်းအိုးနားသို့ ဒေါသတကြီး လျှောက်သွားကာ မြှားအားလုံးကို ပန်းအိုးထဲသို့ လက်ဖြင့် ထည့်လိုက်မှသာ အနည်းငယ် စိတ်အေးသွားတော့၏။
"စုယင်က အစ်မကို အနိုင်ကျင့်တယ်၊ ချစ်သူကို လုယူသွားတာကို အခုထိ ဘာမှမဖြစ်သလို ပြောနေနိုင်တာလား"
ရွှယ်နင်က ရိုးသားစွာပင် ပြောလိုက်သည်။
"ကျွန်မရဲ့ လော်ဝမ်ကျွင်းအပေါ် ထားရှိတဲ့ ခံစားချက်က အဲ့ဒီလိုမျိုး အချစ်မျိုး မဟုတ်ဘူးလေ။ ဒါကြောင့် သူ ဘယ်သူနဲ့ လက်ထပ်လက်ထပ် ကျွန်မ မဟုတ်သရွေ့ ဘာမှမဖြစ်ပါဘူး"