အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း (၂၁၁) - ရုတ်တရက် ရောဂါဖောက်လာခြင်း
"အရှင်မင်းသမီး... သူ(မ)ရဲ့မိဘနှစ်ပါးစလုံး ကွယ်လွန်သွားခဲ့ပြီမို့ အခုဆို သူ(မ)က မိဘမဲ့လေးပါ... စစ်သူကြီးရွှယ်သာ သူ့သမီးကို အရှင်မင်းသမီး သတ်ချင်နေတာကို သိရင်... တမလွန်မှာတောင် ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး..."
ချင်ဆုန့်ယင် ရပ်တန့်သွားသည်။ ရွှယ်စုန့်နျန် သူမကို ကြည့်သည့်အခါတိုင်း သူ့မျက်လုံးများထဲရှိ ရွံရှာစက်ဆုပ်မှုများကို ပြန်သတိရမိပြီး သူမ ရင်ထဲ နာကျင်လာသည်။
သူမ လက်ထဲရှိ ကြွေပုလင်းကို စိုက်ကြည့်နေရင်း မျက်လုံးများက တဖြည်းဖြည်း နီရဲလာ၏။
"သူ(မ) ကြီးပြင်းလာတာကို ငါ့မျက်စိရှေ့မှာတင် စောင့်ရှောက်ကြည့်ရှုပေးခဲ့ပြီးပြီပဲ! သူ ငါ့ဆီက ဘာတွေများ ထပ်လိုချင်နေသေးတာလဲ!"
မင်းသမီးကြီး၏ ရုတ်တရက် ဒေါသပေါက်ကွဲမှုကို ကြုံတွေ့ရသော်လည်း အစေခံအိုကြီးမှာ ယဉ်ပါးနေပုံရပြီး အလေးအနက် တောင်းပန်လိုက်သည်။
"ဒါပေမယ့် အရှင်မင်းသမီး... ကလေးက အပြစ်ကင်းပါတယ်... ရွှယ်နင်က အခု ရှီဇီလီရဲ့ ဇနီးဖြစ်နေပြီ။ အရှင်မင်းသမီးကသာ စိတ်လိုက်မာန်ပါနဲ့ သူ(မ)ကိုသတ်လိုက်ရင် လီမိသားစုနဲ့ ဆက်ဆံရေးက... ပျက်စီးသွားလိမ့်မယ်... ကျန်းကော်နယ်စားမင်းရဲ့ ဒေါသက ဘယ်လိုရှိလဲဆိုတာ ဒီအစေခံအိုကြီးထက် အရှင်မင်းသမီးက ပိုသိပါတယ်..."
ချင်ဆုန့်ယင် မျက်လုံးများကိုမှိတ်ကာ ပူလောင်သော မျက်ရည်များကို အတင်းအဓမ္မ ကျဆင်းစေလိုက်သည်။
အင်အားကြီးမားတဲ့ မင်းသမီးကြီး ဒီလိုမျိုး အားနည်းနေပုံကို အပြင်လူတွေ ဘယ်အချိန်က မြင်ဖူးခဲ့လဲ။
ဒါပေမဲ့ သူမ ဘယ်လောက်ပဲ အရည်အချင်းရှိပြီး သန်မာနေပါစေ နောက်ဆုံးတွင်တော့ သူမလည်း မိန်းမသားတစ်ယောက်သာဖြစ်ကြောင်း ထိုအစေခံအိုကြီးသာလျှင် သိပေသည်။
ချင်ဆုန့်ယင်က ကြွေပုလင်းကို သူမ၏အင်္ကျီလက်စွပ်ထဲ ထည့်ကာ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
အချိန်မီ မတားဆီးလိုက်နိုင်သော အစေခံအိုကြီးက တုန်ယင်စွာဖြင့် ခေါ်လိုက်၏။
"အရှင်မင်းသမီး—"
ချင်ဆုန့်ယင်၏ မျက်နှာက ရေခဲတမျှ အေးစက်နေပြီး ထိုစကားများကို လုံးဝလျစ်လျူရှုကာ မီးဖိုချောင်ဆီသို့ ခပ်သုတ်သုတ် လျှောက်သွားလေသည်။
..............................
ဖြစ်စဉ်က အတော်လေး ရုတ်တရက် ဆန်လွန်းသည်။
ရွှယ်ယန်ရန်သည် အစက ကောင်းမွန်နေသော်လည်း ရုတ်တရက် အမြင်အာရုံများ မှောင်မိုက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
တစ်ခဏချင်းမှာပင် မင်းသမီးကြီးစံအိမ်တွင် ခစားနေကြသော အစေခံများအားလုံး ထိတ်လန့်ပြာယာခတ်သွားကြသည်။
"ကျွင်းကျူး!"
"ကျွင်းကျူး ရောဂါပြန်ဖောက်လာပြန်ပြီ!"
"မြန်မြန်၊ မင်းသမီးကြီးကို သွားရှာကြ!"
"နန်းတွင်းသမားတော် သွားခေါ်ကြ!"
အချို့က မင်းသမီးကြီးကို သွားရှာကြပြီး အချို့က နန်းတွင်းသမားတော်ကို အလျင်စလို သွားခေါ်ကြသည်။
ရွှယ်ယန်ရန်အား အမြဲပြုစုစောင့်ရှောက်ပေးသော အစေခံမလေးအချို့က သူမကို အလျင်စလို ပွေ့ချီကာ အခန်းတွင်းရှိ ကုတင်နိမ့်လေးပေါ်သို့ တင်ပေးလိုက်ကြသည်။
အစေခံတစ်ယောက်က မီးသွေးမီးဖိုကို ကပျာကယာ မီးမွှေးပြီး နောက်တစ်ယောက်က အနွေးထည်စောင်ထူထူများ ယူဆောင်လာသည်။
ရွှယ်နင်က သူတို့နောက်မှ ကပ်လျှောက်လာရင်း ရွှယ်ယန်ရန်၏ ခန္ဓာကိုယ် ကြောက်ရွံ့တုန်ယင်နေကာ နှုတ်ခမ်းများ ရုတ်တရက် သွေးဆုတ်ဖြူရော်သွားတာကို ကြည့်နေမိသည်။ သတိလစ်နေသော်လည်း နာကျင်မှုကြောင့် ကွေးကောက်နေပြီး၊ အအေးဒဏ်ကြောင့် အဆိပ်သင့်သကဲ့သို့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါနေကာ မျက်နှာတစ်ခုလုံး ပြာနှမ်းလာပြီး အသက်ရှူရ ခက်ခဲနေပုံရသည်။
အတွေ့အကြုံရှိသော အစေခံအိုကြီးများက ကုတင်ပေါ်တွင် အလျင်အမြန် ထိုင်ကာ ရွှယ်ယန်ရန်ကို ရင်ခွင်ထဲပွေ့ထားရင်း တောင့်တင်းနေသော ခြေလက်များကို နှိပ်နယ်ပေးကြ၏။
"မော့မော့၊ ကျွင်းကျူး ဘာဖြစ်တာလဲ—"
မင်းသမီးက ရွှယ်နင်ကို ဘယ်လောက်ခင်တွယ်ကြောင်း အစေခံအကြီးအကဲဖြစ်သူက သိထားသဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
"သခင်မလေးရွှယ်၊ မကြောက်ပါနဲ့။ ကျွင်းကျူးက မွေးရာပါ ခန္ဓာကိုယ်အားနည်းတဲ့ရောဂါကို ခံစားနေရတာပါ။ သူ(မ) ငယ်ငယ်ကတည်းက ဒီလိုပဲ၊ ရက်အနည်းငယ်ကြာတိုင်း မကြာခဏ သတိလစ်တတ်တယ်။ အခု အရွယ်ရောက်လာပြီး ကျန်းမာရေးနည်းနည်းကောင်းလာတော့ ဆယ်ရက် ဒါမှမဟုတ် လဝက်လောက်မှ တစ်ခါ ရောဂါဖောက်တတ်တော့တယ်။ ဒီနေ့က တိုက်ဆိုင်သွားတာ ဖြစ်ပါလိမ့်မယ်။ နန်းတွင်းသမားတော်ရောက်လာပြီး ဆေးလုံးလေးတွေ တိုက်လိုက်ရင် သက်သာသွားပါလိမ့်မယ်။"
ရွှယ်နင်သည် ကုတင်ဘေးတွင် စိုးရိမ်တကြီး ရပ်နေပြီး ချွေးများရွှဲနစ်ကာ မျက်နှာတစ်ခုလုံး ပြာနှမ်းနေသော ရွှယ်ယန်ရန်အား ကြည့်ရင်း ရင်ထဲတွင် ဖော်ပြ၍မရနိုင်အောင် နာကျင်နေမိသည်။
"မဟုတ်သေးဘူး... အခြေအနေမကောင်းဘူး။"
ရွှယ်နင်၏ ရင်ထဲ တင်းကြပ်သွားသည်။
"မော့မော့၊ ဘာဖြစ်လို့လဲဟင်"
အစေခံအိုကြီး၏ လက်ချောင်းများ ရုတ်တရက် ရပ်တန့်သွားသည်။ ရွှယ်ယန်ရန်၏ ရေခဲကဲ့သို့ အေးစက်နေသော လက်ဖဝါးကို စမ်းမိလိုက်သောအခါ သူမ၏ပါးပြင်များ ပြင်းထန်စွာ တုန်လှုပ်သွားသည်။
"ကျွင်းကျူးရဲ့ အသက်ရှူသံတွေ အားနည်းလာပြီ!"
သူမ ထိုသို့ပြောလိုက်သည်နှင့် အခန်းတွင်းရှိ လူအားလုံး၏မျက်နှာများ ထိတ်လန့်ကာ ဖြူဖျော့သွားကြ၏။
အစေခံအကြီးအကဲက ရွှယ်ယန်ရန်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ပြာပြာသလဲဖြင့် ကုတင်ပေါ်မှ ပြုတ်ကျမတတ် ဆင်းလိုက်သည်။
"ငါ... ငါကိုယ်တိုင် မင်းသမီးကြီးကို သွားရှာလိုက်မယ်!"
တစ်ခဏမျှ အားလုံး ကြက်သေသေသွားကြသည်။
မေ့မြောနေတဲ့ မွန်မြတ်လှသည့် ကျွင်းကျူးကို ဘယ်လိုလုပ်ရမလဲဆိုတာကို ဘယ်သူမှ မသိကြပေ။
နန်းတွင်းသမားတော်ကလည်း မရောက်သေးသလို၊ မင်းသမီးကြီးကလည်း လာနေဆဲပင်။
အခန်းကြီးတစ်ခုလုံးတွင် လူများပြည့်နှက်နေပြီး အားလုံးသည် ရွှယ်ယန်ရန်အား အမြဲတမ်း သီးသန့်ခစားရသူများဖြစ်သော်လည်း ဤကဲ့သို့သောအခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ကြပေ။
မင်းသမီးလေး၏ ကျန်းမာရေးကို အသိဆုံးဖြစ်သည့် အထိန်းတော်ယန်ပင် ပြေးသွားတာကို ကြည့်လျှင် မင်းသမီးလေးက ဤတစ်ကြိမ်တွင် အမှန်တကယ် အန္တရာယ်ရှိနေပြီဖြစ်ကြောင်း ထင်ရှားသည်။
ရွှယ်ယန်ရန်သည် ကုတင်ပေါ်တွင် တဆတ်ဆတ်တုန်ခါနေဆဲဖြစ်ပြီး သူမ၏ခြေလက်များမှာ ဖြူရော်နေကာ မျက်လုံးများလန်နေသည်။ သူမက သေးငယ်သော ပါးစပ်လေးဟလျက် အလွန်ခက်ခဲစွာဖြင့် တိမ်တိမ်လေးသာ အသက်ရှူနိုင်တော့၏။
အရင်ဘဝတုန်းက ယုံကျိုးရှိ အိမ်ဟောင်းမှာ ထိုသို့သော အလောင်းမျိုးကို ရွှယ်နင် မြင်ဖူးခဲ့တယ်။
လက်ဖက်ရည်တစ်ခွက်စာ အချိန်အတွင်းမှာပင် သူမ အသက်ရှူကျပ်ကာ သေဆုံးသွားလိမ့်မယ်။
မင်းသမီးကြီးက သူမကို ဒီလောက် အနီးကပ် စောင့်ကြည့်နေတာ အံ့သြစရာမဟုတ်ပေ။ မင်းသမီးလေးယန်ရန်၏ ရောဂါက အမှန်တကယ်ကို အသက်အန္တရာယ် ရှိတယ်။
ရွှယ်နင်သည် သူမ၏နှုတ်ခမ်းကို တင်းတင်းကိုက်ကာ လျှောက်သွားပြီး မေ့မြောနေသော ရွှယ်ယန်ရန်ကို ရင်ခွင်ထဲသို့ ညင်သာစွာ ပွေ့ချီလိုက်သည်။
အစေခံတစ်ယောက်က စိုးရိမ်တကြီး အော်လိုက်၏။
"သခင်မလေးရွှယ်၊ မင်းသမီးလေးကို ရမ်းသမ်းပြီး မရွှေ့ပါနဲ့၊ မဟုတ်ရင် သူ(မ) ပိုမြန်မြန် သေသွားလိမ့်မယ်!"
'သေ' ဆိုသော စကားလုံးကြောင့် အားလုံး၏မျက်နှာများ သွေးဆုတ်သွားကြသည်။
ရွှယ်နင်၏ မျက်နှာအမူအရာကလည်း ဂနာမငြိမ်ဖြစ်နေပြီး သူမ၏ နဖူးပေါ်တွင် ချွေးစေးများ လျင်မြန်စွာ ပေါ်လာသော်လည်း ဒီလိုမျိုးအထိ တစ်ခါမျှ မတည်ငြိမ်ခဲ့ဖူးပေ။
"အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောနဲ့။ ကျွင်းကျူး ဘာမှမဖြစ်စေရဘူး။"
သူမက ရွှယ်ယန်ရန်၏ ခြေလက်များကို လျင်မြန်စွာ ဆန့်တန်းပေးလိုက်ပြီး ဖြူရော်နေသော လက်ဖဝါးများကို ပြင်းပြင်းထန်ထန် နှိပ်နယ်ပေးကာ နှာခေါင်းအောက်ရှိ အကြောကို ဖိပေးလိုက်သည်။ အနီးနားတွင် ကြက်သေသေရပ်နေသော အစေခံများကို သူမက ပြောလိုက်သည်။
"ဘာရပ်လုပ်နေကြတာလဲ။ ကျွင်းကျူးရဲ့ လက်ဖဝါး ခြေဖဝါးတွေ နွေးလာအောင် မြန်မြန် ပွတ်ပေးကြလေ! ပြီးတော့ မီးသွေးမီးဖိုကို ကုတင်နား ပိုတိုးပေးပါ။ ဒီလောက်ဝေးတာ ဘယ်လိုလုပ် နွေးမှာလဲ။"
အစေခံများမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြရာမှ ယခုလို ဦးဆောင်ညွှန်ကြားမည့်သူ ပေါ်လာသောအခါ သူမ၏ညွှန်ကြားချက်များကို တုံ့ဆိုင်းမနေဘဲ လိုက်နာကြတော့၏။
အားလုံးက စနစ်တကျ အလုပ်များသွားကြပြီး ရွှယ်နင်က အစေခံတစ်ယောက် ကမ်းပေးသော ရေနွေးဝတ်ဖြင့် ရွှယ်ယန်ရန်၏ ကျောကို သုတ်ပေးလိုက်သည်။
ရွှယ်ယန်ရန်၏ မျက်နှာပေါ်သို့ ပန်းသွေးရောင်လေး အနည်းငယ် ပြန်လည်သန်းလာမှသာ ရွှယ်နင် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်နိုင်တော့သည်။
ရွှယ်ယန်ရန်၏ အသက်ရှူသံမှာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့ပြီ။
သတိမရသေးသော်လည်း သူမ၏ အသက်ရှူနှုန်းက တဖြည်းဖြည်း မှန်ကန်လာသည်။
ရွှယ်နင်က နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ခဏလောက် စဉ်းစားကာ ဒီနေ့နံနက်က နတ်သမားတော်လိုင် ပေးခဲ့သည့် "အားဆေးဆေးလုံး" ကို ရွှယ်ယန်ရန်အား တိုက်ကျွေးရန် ဆုံးဖြတ်လိုက်သည်။
ချင်ဆုန့်ယင် ပျာပျာသလဲ ရောက်လာချိန်တွင် ရွှယ်ယန်ရန်သည် ရွှယ်နင်၏ရင်ခွင်ထဲ၌ လဲလျောင်းနေပြီး ရွှယ်နင်က ရွှယ်ယန်ရန်၏ပါးစပ်ထဲသို့ အမည်းရောင်ဆေးလုံးတစ်လုံး ခွံ့ပေးနေတာကို ကွက်တိမြင်လိုက်ရသည်။
သူမက ဒေါသတကြီးဖြင့် ရွှယ်နင်ကို တွန်းဖယ်ကာ ကြိမ်းမောင်းလိုက်သည်။
"နင် သူ(မ)ကို ဘာကျွေးလိုက်တာလဲ။ ယန်ရန်၊ မြန်မြန်ထွေးထုတ်လိုက်!"
ကြောင်အမ်းသွားသော ရွှယ်နင်က သူမကိုယ်သူမ အနိုင်နိုင် ပြန်ထိန်းလိုက်ရ၏။
"အရှင်မင်းသမီး မစိုးရိမ်ပါနဲ့။ ဒါက နတ်သမားတော်လိုင် ပေးထားတဲ့ အသက်ကယ်မှော်ဆေးပါ။ လူက အသက်မထွက်သေးသရွေ့ ဒီဆေးတစ်လုံးက အသက်ပြန်သွင်းပေးနိုင်တယ်လို့ သူပြောဖူးပါတယ်။ မင်းသမီးလေးယန်ရန်က သတိလစ်ရုံပဲမို့လို့ ဒီဆေးက သူ(မ)အတွက် အများကြီး အထောက်အကူပြုလိမ့်မယ်လို့ ကျွန်မ ထင်လို့ပါ"
ချင်ဆုန့်ယင် ထိတ်လန့်သွားတယ်။
"နတ်သမားတော်လိုင်လား"
ရွှယ်နင်က ပြန်ဖြေသည်။
"ဟုတ်ပါတယ်"
နတ်သမားတော်လိုင်ကဲ့သို့ ထူးခြားဆန်းကြယ်တဲ့ပုဂ္ဂိုလ်က ရွှယ်နင်ကို ဘာကြောင့် ဤမျှ အဖိုးတန်သောဆေးမျိုး ပေးခဲ့ရတာလဲဆိုတာကို တွေးတောနေရန် ချင်ဆုန့်ယင်တွင် အချိန်မရှိပေ။
သူမက စိုးရိမ်တကြီးဖြင့် သမီးဖြစ်သူ၏ အေးစက်နေသော ပါးပြင်ကို ပုတ်ပေးလိုက်ပြီး သမီးဖြစ်သူ တဖြည်းဖြည်း နိုးလာတာကို မြင်မှသာ မျက်လုံးများ နီရဲလျက် သက်ပြင်းချနိုင်တော့သည်။
သမီးဖြစ်သူ ရုတ်တရက် လဲကျသွားတာကို တွေးမိကာ ချင်ဆုန့်ယင် မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်သူရှိလဲ၊ နန်းတွင်းသမားတော်ကို မြန်မြန်ခေါ်ခဲ့စမ်း!"
နန်းတွင်းသမားတော်က ဆေးသေတ္တာကိုဆွဲကာ မကြာမီ ရောက်ရှိလာ၏။ ရွှယ်ယန်ရန်၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် သူက ပြာပြာသလဲ ပြောလိုက်သည်။
"အရှင်မင်းသမီး မစိုးရိမ်ပါနဲ့။ မင်းသမီးလေးရဲ့ သွေးခုန်နှုန်းက အခု တည်ငြိမ်သွားပါပြီ၊ အန္တရာယ်ကနေ ကျော်လွန်သွားပါပြီ"
ချင်ဆုန့်ယင်၏ ရင်ခွင်ထဲတွင် မှီနွဲ့နေရင်း ရွှယ်ယန်ရန်က ဖြူဖျော့ဖျော့နှင့် အားနည်းစွာ ပြုံးပြလိုက်သည်။
"သမီး ဘာမှမဖြစ်ပါဘူးလို့ ပြောသားပဲ။ မစိုးရိမ်ပါနဲ့တော့၊ ပြီးတော့ အစ်မရွှယ်နင်ကိုလည်း အပြစ်မတင်ပါနဲ့နော်။ သူ(မ)က စေတနာနဲ့ လုပ်ပေးတာပါ၊ သမီးကို ဒုက္ခပေးဖို့ မဟုတ်ပါဘူး။ သူ(မ)သာ မရှိရင် သမီး သေသွားလောက်ပြီ"
"ဟုတ်ပါတယ်... အရှင်မင်းသမီး၊ သခင်မလေးရွှယ်သာ ခုနက ကျွင်းကျူးရဲ့ လက်ဖဝါးကို အချိန်မီ နှိပ်မပေးခဲ့ရင်... ကျွန်မတို့ စိုးရိမ်ရပါတယ်..."
တစ်စုံတစ်ယောက်က ရွှယ်နင်ဘက်မှ ကူညီပြောပေးလိုက်သည်။