အခန်း ၂၁၃
Vol. 22 Ch. 213
အခန်း (၂၁၃) - "ရှင့်မှာ ချစ်ရတဲ့သူ ရှိနေပြီပဲ"
လီချန်ချဲ့၏ ဝမ်းဗိုက်အောက်ပိုင်းမှ ပြင်းထန်သော မီးတောက်တစ်ခု လောင်ကျွမ်းလာသလို ခံစားလိုက်ရသော်လည်း၊ ရွှယ်နင်၏ ကိုယ်လုံးလေးက သူ့အပေါ် တင်းကျပ်စွာ မှီတွယ်ထားဆဲပင်။
သူမထံမှ သင်းပျံ့နေသော ယစ်မူးဖွယ် အရက်နံ့လေးက သူ့ကို ရီဝေဝေဖြစ်သွားစေသည်။
မတတ်သာသည့်အဆုံး သူက မိန်းကလေး၏ နူးညံ့သော ခါးသိမ်သိမ်လေးကို လက်ဖြင့်ဖက်ကာ အနည်းငယ် ဖယ်ခွာလိုက်သည်။ သို့သော် သူမက သူ့ပေါင်ပေါ်တွင် ထိုင်နေခြင်းဖြစ်ရာ အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် ထိုနေရာကို ထိမိနိုင်သည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီး၊ လည်စိလှုပ်ရှားသွားသည်အထိ တံတွေးကို ခပ်ပြင်းပြင်း မျိုချလိုက်သည်။ နောက်ဆုံးတွင်တော့ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး၊ သူမ၏ နူးညံ့သိမ်မွေ့သော လည်တိုင်ထက်သို့ သူ့နှုတ်ခမ်းပါးတို့ဖြင့် ဖိကပ်နမ်းရှိုက်လိုက်သည်။
ရွှယ်နင် အနည်းငယ် တုန်ယင်သွားပြီး မျက်တောင်ကော့ကော့လေးများ ပုတ်ခတ်ကာ မျက်လုံးပွင့်လာသည်။ လည်တိုင်မှတစ်ဆင့် ကျင်တက်သွားသော ခံစားချက်က ပျံ့နှံ့လာ၏။
လွန်ခဲ့တဲ့နှစ်များစွာက ယုံကျိုးမြို့ရှိ မီးပင်လယ်ထဲသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ သူမဆီမှ တိုးညှင်းသော ညည်းသံလေး ထွက်ပေါ်လာသည်။
သူမ ပတ်ဝန်းကျင်ရှိ အရာအားလုံးက ပူလောင်နေပြီး၊ မီးတောက်များ ဝါးမြိုခံရသကဲ့သို့ အရေပြားများလည်း အဖုအပိမ့်များ ထွက်လာသည်။ သူမ အလွန်အမင်း နာကျင်နေခဲ့ပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း မလွတ်မြောက်နိုင်ဘဲ မီးတောက်များကြား တဖြည်းဖြည်း လောင်ကျွမ်းသွားခဲ့ရသည်။
"အရမ်းနာတယ်... အရမ်းနာတယ်..."
ရွှယ်နင် နှုတ်ခမ်းကိုကိုက်ကာ ရှိုက်ငိုလိုက်ရင်း နာကျင်မှုမျက်ရည်များ ဝဲတက်လာ၏။
လီချန်ချဲ့ တစ်ကိုယ်လုံးတောင့်တင်းသွားပြီး သူမ၏ နှုတ်ခမ်းထောင့်ကို နမ်းရန် ပြင်နေသော သူ့နှုတ်ခမ်းများလည်း ရပ်တန့်သွားသည်။ သူ မရပ်တန့်ဘဲ မနေနိုင်တော့ပေ။ ချွေးစေးများပြန်နေသော သူမနဖူးပေါ်မှ ဆံပင်များကို လက်ဖြင့် သပ်တင်ပေးလိုက်ရင်း မေးလိုက်သည်။
"နင်နင်... ဘာဖြစ်လို့လဲ"
သူ ဘာမှမလုပ်ရသေးပေမယ့် ရင်ခွင်ထဲရှိ မိန်းကလေးက အလွန်အမင်း နာကျင်နေပုံရတယ်။ သူမရဲ့ ကိုယ်လုံးလေးက လေးကိုင်းသဖွယ် ကွေးကောက်နေပြီး သူ့ပခုံးကိုမှီကာ အသက်ရှူကျပ်နေသလို အပြင်းအထန် အသက်ရှူနေသည်။ သူမ၏ နှုတ်ခမ်းနီနီလေးများကလည်း မောဟိုက်နေ၏။
လီချန်ချဲ့ မျက်လုံးများ မှောင်မိုက်သွားသည်။ သူမကို ပွေ့ချီကာ ကျောကိုပုတ်ပေးပြီး ရင်ဘတ်ကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။
ရွှယ်နင် ကိုယ်ကိုကိုင်းကာ အန်ချင်သလို ဖြစ်သွားသော်လည်း ဘာမှ ထွက်မလာပေ။ သို့တိုင်အောင် အသက်ရှူကျပ်သည့် ခံစားချက်မှာ အနည်းငယ် သက်သာသွား၏။ သူမ မူးဝေနေတဲ့ ခေါင်းကိုခါယမ်းလိုက်ပြီး ဝေခွဲမရဖြစ်နေတဲ့ အကြည့်များက ရှေ့ရှိ အမျိုးသား၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။
သူမ၏ မှုန်ဝါးဝါးအသိထဲတွင် လွန်ခဲ့သောနှစ်များစွာက နေဝင်ဆည်းဆာအလင်းရောင်များ လွှမ်းခြုံနေသည့် ထိုညနေခင်းဆီသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
စွေ့ယဲ့မြစ်ထဲ ကျသွားပြီးကတည်းက သူမ၏ ကျန်းမာရေးမှာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာခဲ့သည်။ နှစ်ရက်တိုင်တိုင် ခံစားရပြီးနောက် အဖျားကြီးလာသော်လည်း အိမ်တော်ဟောင်းရှိ မည်သူကမျှ သူမအတွက် သမားတော် မခေါ်ပေးကြပေ။
ပေါင်ချန်က ဆွေမျိုးစုခေါင်းဆောင်ကြီးထံ သွားရောက်တောင်းပန်ရန် ကိုယ်တိုင် တာဝန်ယူခဲ့၏။
လုပ်စရာမရှိဘဲ တစ်ယောက်တည်း ကျန်ခဲ့သော ရွှယ်နင်သည် ဝတ်ရုံထူထူကို ခြုံကာ ဒူးခေါင်းကိုပိုက်လျက် ကျောက်တုံးလှေကားထစ်ပေါ်တွင် ထိုင်နေရင်း၊ တံခါးအပြင်ဘက်မှ အမျိုးသမီးများ၏ အတင်းအဖျင်းပြောသံများကို နားထောင်နေခဲ့သည်။
မကြာသေးမီက ယုံကျိုးသို့ လာရောက်စစ်ဆေးခဲ့သော စစ်ဆေးရေးမှူး လီ အကြောင်း၊ သူ၏ နိုင်ငံရေးအောင်မြင်မှုများနှင့် ယနေ့တိုင် အိမ်ထောင်မရှိသေးသည့် အကြောင်းများကို သူတို့ ပြောဆိုနေကြသည်။
"သူက ဘယ်လိုလုပ် အိမ်ထောင်မရှိရမှာလဲ။ စစ်ဆေးရေးမှူး လီမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဆုံးပါးသွားတဲ့ ဇနီးတစ်ယောက်ရှိခဲ့တယ်လေ။ ဒါပေမဲ့ သူက ဒီနေ့အထိ တစ်ယောက်တည်း နေနေတုန်းပဲ။"
"သူ့အတွက် ဒုတိယဇနီးယူဖို့ ဘယ်သူမှ စီစဉ်မပေးကြဘူးလား။ လီမိသားစုက ဒီဒေသမှာ ဩဇာကြီးတဲ့ ဆွေမျိုးစုလေ၊ သူကလည်း အကြီးဆုံးအိမ်တော်ရဲ့ တရားဝင်သားပဲ။ မိသားစုစီးပွားရေးကို ဆက်ခံဖို့ အမွေခံမရှိဘဲ ဘယ်လိုလုပ်ဖြစ်မှာလဲ။"
"ဘယ်သူသိမှာလဲ။ ဒီလောက် ပြည့်စုံတဲ့လူအတွက်တော့ နှမြောစရာပဲ။"
ရွှယ်နင် သူမကိုယ်သူမ ဘာဖြစ်နေမှန်း မသိသော်လည်း ရင်ထဲတွင် အလွန်နာကျင်နေသည်။
ဒီလိုမျိုး ပြည့်စုံကောင်းမွန်တဲ့ သူတစ်ယောက်အကြောင်း ကြားရုံဖြင့် သူမမျက်နှာပေါ် မျက်ရည်များ စီးကျလာခဲ့၏။
သူမကို ကယ်တင်ခဲ့သည့် အမည်မသိကျေးဇူးရှင်ကို တွေးမိပြီး သူမ၏ လက်ရှိအခြေအနေအရ ထိုသူ၏ နာမည်ကို ဘယ်တော့မှ သိခွင့်ရတော့မည်မဟုတ်ဟု တွေးကာ ဝမ်းနည်းနေမိသည်။
ထိုအချိန်က သူမ အလွန်ပင်ပန်းနွမ်းနယ်နေပြီး တံခါးဘောင်နှင့် ကျောက်တုံးလှေကားထစ်များကို ခေါင်းမှီထားခဲ့သည်။
အပြင်ဘက်မှ အမျိုးသမီးများ ပြောဆိုနေသည့်သူသည် သူမ၏ ကျေးဇူးရှင်ဖြစ်နေမယ်ဆိုတာကို သူမ လုံးဝ မသိခဲ့ပေ။
"နင်နင်..."
လီချန်ချဲ့ မျက်မှောင်ကြုတ်သွားပြီး သူ့လက်ကြီးများက သူမ၏ သွယ်လျသော လက်မောင်းလေးကို ဆုပ်ကိုင်လိုက်သည်။
ရွှယ်နင်၏ မျက်ဝန်းများက ဝေခွဲမရဖြစ်နေပြီး သူမ တစ်ကိုယ်လုံး အေးစက်လာသည်။ သူမ ငိုတာကို ရပ်လိုက်ပြီး သူ့အပေါ်မှ ဆင်းရန် ရုန်းကန်လိုက်ကာ ထောင့်တစ်နေရာတွင် တစ်ယောက်တည်း မှီထိုင်နေလိုက်၏။
လီချန်ချဲ့ မျက်မှောင်ကို အပြင်းအထန် ကုတ်လိုက်ပြီး အနည်းငယ် တိုးကပ်သွားသည်။
သို့သော် ရွှယ်နင်က မျက်နှာလွှဲလိုက်ပြီး ကိုယ်ကို ဘေးသို့ ရွှေ့လိုက်သည်။
သူမ၏ ငြင်းဆန်မှုကို ခံစားမိတာကြောင့် လီချန်ချဲ့ လက်ကို အနည်းငယ် ကွေးလိုက်ပြီး ဆက်မကပ်တော့ပေ။ မနီးမဝေး အကွာအဝေးမှနေ၍ သူက ညင်သာစွာ မေးလိုက်၏။
"ချမ်းနေလို့လား"
"ဟင့်အင်း... နာတယ်..."
"ဘာလို့ နာတာလဲ၊ ကိုယ် မင်းကို နာအောင်လုပ်မိလို့လား"
ရထားလုံးလေးက ကျောက်ပြားခင်းလမ်းပေါ်တွင် တဂျုံးဂျုံး မြည်ကာ ပြေးလွှားနေသည်။
ရွှယ်နင် သူမကိုယ်သူမ လက်လေးနှစ်ဖက်ဖြင့် ဖက်ထားလိုက်သည်။ ထိုနေရာတွင် မီးတောက်များ လုံးဝမရှိသော်လည်း ပူလောင်ပြင်းပြကာ သည်းမခံနိုင်သော ခံစားချက်ကို ရနေဆဲပင်။
"မဟုတ်ပါဘူး"
သူမက အက်ကွဲနေသော အသံလေးဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"ရှင် မဟုတ်ပါဘူး"
သူမကို နာကျင်စေခဲ့သူမှာ သူမ၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ဂရုမစိုက်ဘဲ အမှောင်မိုက်ဆုံးအချိန်တွင် ပြင်းထန်သော မီးတောက်ကို လက်ဆောင်ပေးခဲ့သူသာ။
ရွှယ်နင်ထံသို့ ဝမ်းနည်းမှုလှိုင်းလုံးကြီး ရိုက်ခတ်လာပြီး မျက်ရည်များ တဖြည်းဖြည်း ဝဲတက်လာသည်။
သူမ၏ စကားများက ရိုးရှင်းသော်လည်း ဖိနှိပ်ထားသော နာကျင်မှုများ ပြည့်နှက်နေ၏။။
လီချန်ချဲ့၏ ချောမောသော မျက်နှာက မှောင်မိုက်သွားသည်။
"ကိုယ် ကြည့်ပါရစေ"
ရွှယ်နင် ခေါင်းခါလိုက်ပြီး မျက်ရည်များပြည့်နေသော မျက်ဝန်းများကို မော့ကြည့်လိုက်သည်။
ရုတ်တရက် လက်တွေ့ဘဝဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
သူမဆီမှ အရက်နံ့များ ထွက်နေပြီး စိတ်အာရုံများ မှုန်ဝါးနေသော်လည်း မင်းသမီး ယန်ရန် ပြောခဲ့သည့် စကားများကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။
မင်းသမီးက အားချဲ့ရဲ့ ကိုယ်လုပ်တော် ဖြစ်ချင်နေတယ်။ မင်းသမီးတစ်ပါးက ဘယ်လိုလုပ် ကိုယ်လုပ်တော် ဖြစ်နိုင်မှာလဲ။
မင်းသမီးကြီးက မင်းသမီးတစ်ပါးရဲ့ အဆင့်အတန်းအရ တရားဝင်ဇနီးကြီးပဲ ဖြစ်နိုင်တယ်လို့ ပြောခဲ့တယ်။
သူမ နီရဲနေသော မျက်နှာလေးကို မော့လိုက်ရာ မျက်ဝန်းများထဲတွင် သနားစရာကောင်းသော စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
"အားချဲ့.. ကျွန်မ ဘာလုပ်ရမလဲ ပြောပါဦး"
လီချန်ချဲ့ မျက်မှောင်ကျုတ်လိုက်ပြီး သူမအတွက် ရင်ထဲတွင် နာကျင်သွားသည်။
"မင်း ဘာအခက်အခဲပဲဖြစ်နေဖြစ်နေ၊ ကိုယ့်ကို ပြောပြလို့ရပါတယ်"
"ဟင့်အင်း... ကျွန်မ အခက်အခဲ မရှိပါဘူး"
ရွှယ်နင် ဘယ်လိုရှင်းပြရမှန်း မသိတော့ပေ။
မည်မျှပင် ကြီးမားသော အခက်အခဲဖြစ်ပါစေ ယခု သူမခံစားနေရသော စိတ်ရှုပ်ထွေးမှုနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
သူမ လီချန်ချဲ့ကို ချစ်ပြီး သူ့ကို အခြားသူတစ်ယောက်ဆီ မပေးလိုက်ချင်ဘူး။ ဒါပေမဲ့ သူမက သူ့နှင့် မင်းသမီးယန်ရန်ကြားမှာ ဝင်ရှုပ်ရလောက်အောင် ဘယ်လိုလုပ် အောက်တန်းကျနိုင်မှာလဲ။
သူက တစ်သက်လုံး မင်းသမီးယန်ရန်အပေါ် သစ္စာရှိခဲ့တယ်။ သူမက တကယ်ကို မုန်းစရာကောင်းတာပဲ။ အရှက်မရှိဘဲ သူ့ကို ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ။
သူမ ခေါင်းငုံ့လိုက်ရာ မျက်ရည်များ တစ်ပေါက်ပြီးတစ်ပေါက် ကျဆင်းလာသည်။
"ဘာမှမဖြစ်ပါဘူး... ကျွန်မ... ကျွန်မ ရှင်နဲ့ ကွာရှင်းချင်တယ်"
"မရဘူး"
လီချန်ချဲ့က တုံ့ဆိုင်းမှုမရှိဘဲ ငြင်းဆန်လိုက်ရာ သူ၏ ချောမောသော မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။သူက ရွှယ်နင်၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
"မူးနေတုန်း အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောနဲ့"
ရွှယ်နင် နာကျင်စွာဖြင့် မျက်နှာရှုံ့မဲ့သွားပြီး မျက်မှောင်ကြုတ်ကာ မှောင်မိုက်လှိုင်းထန်နေသော သူ၏ မက်မွန်ပွင့်ပုံစံ မျက်ဝန်းများကို ဆုံကြည့်လိုက်သည်။
"ဒါပေမဲ့ ရှင့်မှာ ချစ်ရတဲ့သူ ရှိနေပြီလေ။ ကျွန်မက ရှင့်ရဲ့ တရားဝင်ဇနီးနေရာကို ဆက်ပြီး ယူမထားနိုင်တော့ဘူး။"
လီချန်ချဲ့ အံ့အားသင့်သွားတယ်။
"ဘာကို ချစ်ရတဲ့သူလဲ၊ မင်း ဘာကိုဆိုလိုတာလဲ"
ရွှယ်နင်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်၏။
"ရှင် မင်းသမီးယန်ရန်ကို ချစ်တယ်ဆိုတာ ကျွန်မ သိပါတယ်။ သူ(မ)အတွက်နဲ့ ရှင်က တစ်သက်လုံး မုဆိုးဖိုဘဝနဲ့ နေနိုင်တယ်မလား"
မိန်းကလေး၏ စကားကြောင့် လီချန်ချဲ့ ရယ်ချင်သလိုတောင် ဖြစ်သွားသည်။
"နင်နင်၊ မင်း ဘာတွေ လျှောက်ပြောနေတာလဲ"
ဘာမုဆိုးဖိုလဲ။ ဘာ မင်းသမီးယန်ရန်လဲ။ ဒါက ဘာအဓိပ္ပာယ်မရှိတဲ့ စကားတွေလဲ။
သူ့ရင်ထဲမှာ သူမ တစ်ယောက်တည်းပဲ ရှိတာလေ။
ဒီနှစ်တွေတစ်လျှောက်လုံး၊ သူမသာ စုကျန်းအပေါ် စွဲလမ်းမနေခဲ့ဘူးဆိုရင်၊ သူက သူမကို စောစောစီးစီးကတည်းက သူ့အပိုင် သိမ်းပိုက်ခဲ့ပြီးပြီ။
သခင်မဝမ်နှင့် သူ့ဖခင်ကြားက တစ်သက်တာ ရှုပ်ထွေးမှုများကြောင့် သူ အလျင်စလို မလုပ်ရဲခဲ့ဘူး။ သူမကို အတင်းအကျပ်လုပ်ရင် သူမက သူ့ကို တစ်သက်လုံး မုန်းသွားမှာကို ကြောက်တဲ့အတွက် အခုချိန်ထိ သူ သည်းခံနေခဲ့တာ။
ဒါပေမဲ့ မင်းသမီးယန်ရန်အတွက် မုဆိုးဖိုလုပ်မယ်ဆိုပြီး မူးရူးပြီးပြောနေတဲ့ စကားက ဘာကိုဆိုလိုတာလဲ။
ရွှယ်နင်က နားမလည်နိုင်စွာဖြင့် မော့ကြည့်လာပြီး သူမအသံတွင် နာကြည်းဝမ်းနည်းမှုများ ပြည့်နှက်နေသည်။
"မင်းသမီးယန်ရန်ပေးထားတဲ့ အချစ်သင်္ကေတကို ရှင် အမြဲတမ်း ခါးမှာ ချိတ်ဆွဲထားတာလေ။ ကျွန်မ အစောကြီးကတည်းက မြင်ပြီးပါပြီ။"
"မင်း ဆိုလိုတာ ဒါလား"
လီချန်ချဲ့ အညိုရောင်ပုတီးစေ့ကို သူ့လက်ဖဝါးပေါ် ထုတ်ပြလိုက်သည်။
ရွှယ်နင် မျက်လုံးပြူးကာ ကြည့်လိုက်ပြီး သူမ ရင်ကွဲမတတ် ခံစားလိုက်ရ၏။
"ဒါကိုလည်း သူ(မ)ကပဲ ပေးတာလား"
"ဒါကိုလည်း... ဟုတ်လား"
ကြည့်ရတာ ဒီအရာကို ပြောတာမဟုတ်ဘဲ သူ ခါးမှာ အမြဲဆွဲထားလေ့ရှိတဲ့ သက်ရှည်ဆွဲသီး သော့ခလောက်လေးကို ပြောတာဖြစ်ရမယ်။
လီချန်ချဲ့ ခဏလောက် တိတ်ဆိတ်သွားပြီး အမူးလွန်နေသော ရွှယ်နင်ကို စူးစိုက်ကြည့်လိုက်သည်။