← Chapters

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း (၂၁၄) - သန္ဓေတားပုတီးစေ့

ဒီနေ့ သူမ အရက်သောက်ပြီး ဒီလောက်အသည်းအသန် ငိုကြွေးနေတာက သူ့ဆီမှာ သဘောကျရသူ ရှိနေတယ်လို့ ထင်မှတ်နေတာကြောင့် ဖြစ်သည်။

လူတွေက မူးရင် အမှန်အတိုင်း ပြောတတ်ကြတယ်လို့ ပြောကြတယ်။ ဒါဆိုရင် သူမက... သူ့ကို သဘောကျနေလို့လား။

နင်နင်က... သဝန်တိုနေတာလား။ သူ့အတွက်ကြောင့်နှင့် သဝန်တိုနေတာလား။

လီချန်ချဲ့ ခဏလောက် မှင်သက်သွားပြီး သူ၏ ကြည်လင်သော မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။ သို့သော် မိန်းကလေး၏ နီရဲနေသော မျက်ဝန်းများကို ကြည့်ရင်း သူ့အတွေးမှာ မမှားနိုင်ကြောင်း ခံစားလိုက်ရသည်။

သူသဘောကျရတဲ့ မိန်းကလေးက သူ့အတွက်နှင့် သဝန်တိုပေးနေတာတဲ့လား။

သူ့ရင်ထဲတွင် လှိုင်းဂယက်တစ်ခု ထသွားပြီး မျက်မှောင်ကြုတ်ထားမှုများ ချက်ချင်း ပြေလျော့သွားသည်။ ရွှယ်နင်၏ ရှိုက်ငိုသံ ရပ်တန့်သွားမှသာ သူက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း သူမထံသို့ လက်လှမ်းလိုက်သည်။

"နင်နင်... ဒီနားလာခဲ့၊ ဒါက ဘာလဲဆိုတာ ကိုယ် ပြောပြမယ်။"

ယခုအချိန်တွင် ရွှယ်နင်က အမွေးပွထနေသော သားရဲကောင်ငယ်လေးသဖွယ် ဖြစ်နေသော်လည်း အမျိုးသား၏ ချော့မော့မှုကြောင့် အလိုက်သင့် တိုးကပ်သွားရှာသည်။

လီချန်ချဲ့ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူ၏ နှုတ်ခမ်းပါးတို့ကို သူမ၏ နားရွက်နားသို့ ကပ်လိုက်သည်။ သူ၏ ထွက်သက်က သစ်ခွပန်းကဲ့သို့ သင်းပျံ့နေသော်လည်း ပူလောင်၏။ သူ့လက်ကြီးက မိန်းကလေး၏ ခါးပေါ်တွင် တင်ထားပြီး အသံက တိုးရှအက်ကွဲနေသည်။

ရွှယ်နင် သူမရဲ့လည်တိုင်နားမှာ အနည်းငယ် ယားယံသလို ခံစားလိုက်ရသဖြင့် နောက်သို့ ဆုတ်လိုက်ပြီး မျက်ဝန်းများတွင် ဇဝေဇဝါ ဖြစ်နေမှုများ ပြည့်နှက်နေသည်။

ဒါပေမဲ့ အမျိုးသားက သူမကို လွှတ်မပေးဘဲ အသံခပ်ပြတ်ပြတ်ဖြင့် ပြောလိုက်သည်။

"ဒါက ကိုယ် ယန်ရန်ကို အကူအညီတောင်းပြီး အထူးရှာခိုင်းထားတဲ့ တင်းလင်ပုတီးစေ့လေ။"

ရွှယ်နင်၏ မျက်နှာလေး ရဲခနဲဖြစ်သွားပြီး နားမလည်နိုင်စွာ မေးလိုက်သည်။

"တင်းလင်ပုတီးစေ့က ဘာလဲ"

မိန်းကလေး၏ အာရုံက ချက်ချင်း ပြောင်းလဲသွားတာကို မြင်သောအခါ လီချန်ချဲ့က ချစ်စနိုးဖြင့် ပြုံးလိုက်ပြီး ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

"ကိုယ်ပေါ်မှာ ဆောင်ထားရင် ကိုယ်ဝန်မရအောင် တားပေးတဲ့ ပုတီးစေ့လေ။"

ရွှယ်နင် ကြောင်အမ်းသွားတယ်။ သူမ၏ မှုန်ဝါးနေသော စိတ်အာရုံက ပို၍ပင် ရှုပ်ထွေးသွားရ၏။

သူက ကိုယ်ဝန်မရစေရန် အထူးတလည် ပုတီးစေ့ ရှာခိုင်းထားတယ်ဆိုတဲ့ စကားကို ကြားလိုက်ရချိန်တွင် သူမ၏ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသလို ခံစားလိုက်ရသည်။

"ကိုယ်ဝန်တားတယ်ဆိုတာ ဘာလဲ... ရှင် ကလေးမလိုချင်ဘူးလား... ရှင်က..."

ဒီပုတီးစေ့က သူမအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သူမ ချက်ချင်း သဘောပေါက်သွားတယ်။

သူက သူမရဲ့ အူကြောင်ကြောင် အတွေးများကို ရိပ်မိနေခဲ့ခြင်း ဖြစ်လိမ့်မယ်။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ကုတင်တစ်ခုတည်းမှာ အတူတူ အိပ်စက်ရတဲ့အတွက် တစ်နေ့နေ့မှာ အကြောင်းဖန်ပြီး လင်မယားအရာ မြောက်ခဲ့ပါက ကိုယ်ဝန်မရစေရန်အတွက် သူက ဒီပုတီးစေ့ကို အထူးတလည် ရှာဖွေခိုင်းထားတာပဲ။

ဒီပုတီးစေ့က... သူမအတွက်တဲ့လား... သူက သူမကို မထိချင်ရုံတင်မကဘဲ သူ့ကလေးကိုပါ သူမဆီကနေ မရချင်ဘူးပေါ့။

ရွှယ်နင် ရုတ်တရက် ခေါင်းမော့လိုက်ပြီး နီရဲနေသော မျက်လုံးများကို ပုတ်ခတ်လိုက်သည်။ သူမ၏ နှာခေါင်းထဲတွင် ပိတ်ဆို့လာပြီး ရင်ထဲတွင် အပူလှိုင်းတစ်ခု တက်လာ၏။ သူမ အစွမ်းကုန် အောင့်အည်းထားသော်လည်း နွေးထွေးသော မျက်ရည်များက မျက်ဝန်းမှတစ်ဆင့် စီးကျလာဆဲပင်။

သူမ သိနေခဲ့တယ်။ သူမက ဘယ်သူမှ သဘောမကျတဲ့ အသုံးမကျတဲ့လူတစ်ယောက် ဖြစ်နေမှန်း... စုကျန်းကလည်း သူမရဲ့ ကလေးကို မလိုချင်ခဲ့သလို၊ လီချန်ချဲ့ကလည်း မလိုချင်ဘူး။

သူမ ဒီဘဝမှာ ကိုယ်ပိုင်ကလေး ဘယ်တော့မှ ရတော့မည် မဟုတ်ချေ။

"ကောင်းပါပြီ။"

ရွှယ်နင် ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်ပြီး လက်ဖဝါးလေးဖြင့် အညိုရောင်ပုတီးစေ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ပုံသဏ္ဌာန်ပင် မပေါ်သေးဘဲ သွေးကွက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည့် ကလေးငယ်ကို ပြန်တွေးမိကာ သူမ၏ ရင်ထဲတွင် စူးစူးရှရှ နာကျင်သွားရသည်။

"အဲဒါ... ကောင်းပါတယ်။"

မိန်းကလေး ငိုကြွေးနေပုံမှာ သနားစရာကောင်းလှပြီး ကြီးမားသော မျက်ရည်စက်များ တပေါက်ပေါက် ကျဆင်းနေသည်မှာ လူတစ်ယောက်၏ နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းနေသကဲ့သို့ပင်။

လီချန်ချဲ့သည် တစ်ယောက်ယောက်က ဒီလိုမျိုး အသည်းအသန် ငိုတာကို တစ်ခါမျှ မမြင်ဖူးသဖြင့် ချက်ချင်းပင် တည်ငြိမ်မှု ပျက်ပြားသွားသည်။

"နင်နင်... ကိုယ့်ကို ပြောပါဦး၊ ဘာက ကောင်းတာလဲ"

ရွှယ်နင်က ခါးသီးစွာ ပြုံးလိုက်ပြီးနောက် ထပ်မံ၍ ငိုကြွေးပြန်သည်။

"ဒီပုတီးစေ့က ကောင်းပေမယ့် ကျွန်မ မလိုချင်ဘူး။ ဒါပေမဲ့ မင်းသမီးယန်ရန်ရဲ့ ကျန်းမာရေးက အရမ်းအားနည်းတယ်။ အားချဲ့... သူ(မ)ကိုလည်း မပေးလိုက်ပါနဲ့၊ သူ(မ) သေသွားလိမ့်မယ်။ သူ(မ)သာသေသွားရင် ရှင် မုဆိုးဖိုဖြစ်ကျန်ခဲ့လိမ့်မယ်... ရှင် မင်းသမီးနဲ့ တစ်သက်လုံး အတူရှိနေဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီတစ်ကြိမ်တော့ ကျေးဇူးပြုပြီး မုဆိုးဖို မဖြစ်ပါစေနဲ့။ ရှင်တို့နှစ်ယောက် အတူတူ ကလေးတွေ အများကြီးယူနိုင်ရင် အကောင်းဆုံးပဲ... ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး... ရှင့်ရုပ်ထွက်နဲ့ဆိုရင် ကလေးတွေက သေချာပေါက် အရမ်းလှနေမှာ။"

စကားပြောရင်း သူမ၏ လက်လေးဖြင့် အားကုန်ဆွဲဖြုတ်ကာ ပုတီးစေ့ကို ရထားလုံးအပြင်ဘက်သို့ "ဒေါက်" ခနဲ မြည်အောင် ပစ်ပေါက်လိုက်သည်။

ဖူရှန်းက ချက်ချင်းပင် မြင်းဇက်ကြိုးကိုဆွဲ၍ ရထားလုံးကို ရပ်လိုက်ပြီး အထဲသို့ လှမ်းမေးလိုက်၏။

"ရှီဇီ၊ ဘာဖြစ်လို့လဲ။ ဘာလို့ သခင်မလေးက မရပ်မနား ငိုနေတာလဲ။"

လီချန်ချဲ့ ခေတ္တမျှ တိတ်ဆိတ်သွားသည်။

"မင်းနဲ့မဆိုင်ဘူး။ ပစ္စည်းကို ပြန်ကောက်ခဲ့။"

ဖူရှန်းက "အို" ဟုဆိုကာ ရထားလုံးပေါ်မှ ခုန်ဆင်းသွားသည်။ ပြတင်းပေါက်မှတစ်ဆင့် တင်းလင်ပုတီးစေ့ကို သူ့သခင်ထံသို့ ကမ်းပေးလိုက်သည်။

၎င်းကို မြင်တဲ့အခါ ရွှယ်နင်က ပုတီးစေ့ကို အပြင်ဘက်သို့ ထပ်မံ၍ အလောတကြီး ပစ်ပေါက်လိုက်ပြန်သည်။

လီချန်ချဲ့ - "..."

သူမ ဒီလောက် ကယောင်ကတမ်းတွေ ပြောနေမှာကိုရော၊ သူ အခက်အခဲများစွာဖြင့် ရယူထားခဲ့ရတဲ့ သန္ဓေတားပုတီးစေ့ကိုပါ လွှင့်ပစ်မယ်ဆိုတာကို သူ မျှော်လင့်မထားခဲ့ဘူး။

"ဘာလို့ လွှင့်ပစ်ရတာလဲ။"

"ဒါကြီးက ပျက်နေလို့လေ။"

"ဒါက မင်းအတွက် ပြင်ဆင်ထားတာလေ။ ဘယ်လိုလုပ် ပျက်နေမှာလဲ။"

"ကလေးမရနိုင်တော့ဘူးဆိုတော့ ဒါကြီးက ပျက်နေတာပေါ့။"

အခုအချိန်မှာ အရက်မူးသမားလေးကို သေသေချာချာ အကျိုးအကြောင်းရှင်းပြ၍ မရနိုင်ကြောင်း လီချန်ချဲ့ သိလိုက်သည်။

သူမ၏ နီရဲနေသော မျက်ဝန်းများနှင့် သနားစရာကောင်းသော မျက်နှာလေးကို ကြည့်ရင်း သူမက သူ့အတွက် သဝန်တိုပေးနေတာကို သိလိုက်ရသဖြင့် သူ အလွန်အမင်း ကျေနပ်ပီတိဖြစ်သွားရသည်။

သူမက သန္ဓေတားပုတီးစေ့ကို လက်မခံဘဲ ငြင်းဆန်နေတာက သူ့အတွက် ကလေးမွေးပေးချင်နေတာလို့ တွေးမိတဲ့အခါ သူ့ရင်ထဲတွင် ဝမ်းသာကြည်နူးမှုများ ပိုမိုကြီးထွားလာ၏။

သူက ဖူရှန်းကို ပုတီးစေ့အား သူမ မျက်စိရှေ့မှ ခဏဖယ်ထားရန် ညွှန်ကြားလိုက်ပြီးနောက် သူမကို ရင်ခွင်ထဲသို့ ထွေးပွေ့ကာ ညင်သာစွာ ပြောလိုက်သည်။

"နောင်တစ်ချိန် ကိုယ်တို့ လင်မယားအရာမြောက်ခဲ့ရင် မင်း သန္ဓေတားဆေး သောက်စရာမလိုတော့ဘူး။ ဒါလေးရှိရင် မင်းရဲ့ ကျန်းမာရေးအတွက် ပိုကောင်းတယ်။ မင်းရဲ့ ခန္ဓာကိုယ်က ဒီလောက်အစောကြီး ကလေးယူဖို့ အရမ်းအားနည်းလွန်းနေသေးတယ်။ မင်းက ကလေးလိုချင်တယ်ဆိုရင်တောင် မင်း အသက်နည်းနည်းပိုကြီးလာတဲ့အထိ နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ပါ၊ ကိုယ် မင်းအနားမှာ အမြဲရှိနေပေးပါ့မယ်။ မင်းလိုချင်သလောက် အများကြီး ယူလို့ရတယ်၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းရဲ့ကျန်းမာရေး သေချာမှဖြစ်မယ်။ နားလည်လား။"

ရွှယ်နင်၏ မျက်ဝန်းနက်ကြီးများတွင် မျက်ရည်များ ရစ်သိုင်းနေဆဲဖြစ်ပြီး ဇဝေဇဝါဖြစ်နေပုံရသည်။

သူမ၏ ပုံစံလေးက ချက်ချင်းပင် သိမ်းပိုက်ပစ်ချင်စရာကောင်းလောက်အောင် အလွန်ဆွဲဆောင်မှုရှိလွန်းသည်။

လီချန်ချဲ့ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်သူ ထိန်းချုပ်ကာ သူမကို ရင်ခွင်ထဲသို့ ပြန်လည်ဆွဲသွင်းလိုက်သည်။

"ရွှေသော့ခလောက်လေးအကြောင်းကိုတော့ မင်း တကယ်ပဲ လုံးဝမေ့သွားပြီလား"

ရထားလုံးက ပြန်လည်ရွေ့လျားသွားသည်။ ရွှယ်နင်၏ ခေါင်းများ ထိုးကိုက်နေပြီး ရွှေသော့၊ ငွေသော့ခလောက်လေးများနှင့် ပတ်သက်၍ ဘာကိုမှ ပြန်လည်မမှတ်မိနိုင်တော့ပေ။

သူမ သိတာက အားချဲ့နှင့် မင်းသမီးယန်ရန်တို့ ကလေးရမယ့်ကိစ္စကို တားဆီးနေတဲ့ အဟန့်အတားကို နောက်ဆုံးတော့ သူမ ဖယ်ရှားလိုက်နိုင်ပြီဖြစ်၍ တိတ်တဆိတ် အောင်ပွဲခံနေခြင်းသာ။

"အားချဲ့... အဲ့ဒီပုတီးစေ့ကို ပြန်မကောက်ရဘူးနော်၊ မဟုတ်ရင် ရှင် တကယ် မုဆိုးဖိုကြီး ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ကလေးလည်း ရမှာမဟုတ်ဘူး။"

လီချန်ချဲ့ မတတ်သာစွာ သက်ပြင်းချလိုက်သည်။

"နင်နင်၊ မင်း ဘာတွေ လျှောက်ပြောနေတာလဲကွာ"

သူမကို သူ သေချာပေါက် ကာကွယ်ပေးမှာပဲ — သူက ဘယ်လိုလုပ် မုဆိုးဖိုဖြစ်နိုင်မှာလဲ။

ကောင်းကင်ဘုံက သူမကို ခေါ်ဆောင်သွားရင်တောင်မှ သူက သူမနောက်ကို လိုက်သွားမှာပဲဖြစ်ပြီး၊ ဒီလောကကြီးထဲမှာ တစ်ယောက်တည်း ကျန်ရစ်နေခဲ့မှာ မဟုတ်ဘူး။

ရွှယ်နင် သူမ၏ တောက်ပသော မျက်ဝန်းနက်ကြီးများကို လျှို့ဝှက်ဆန်းကြယ်စွာ ပုတ်ခတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ရှင် ကျွန်မစကားကို နားထောင်ရမယ်။ ကျွန်မက ပြန်လည်မွေးဖွားလာတဲ့ နတ်သမီးတစ်ပါးပဲ၊ ရှင့်ရဲ့ အရင်ဘဝက ဇာတ်သိမ်းကို ကျွန်မ သိတယ်။"

လီချန်ချဲ့ - "..."

ရထားလုံးအပြင်ဘက်တွင် ထိုင်နေသော ဖူရှန်းက တခစ်ခစ်ရယ်လိုက်သည်။

"ရှီဇီ၊ သခင်မလေးကို ဆက်မမေးပါနဲ့တော့။ သူ(မ) မူးပြီး ကယောင်ကတမ်းတွေ လျှောက်ပြောနေတာကို မမြင်ဘူးလား။ ကျွန်တော့်အထင်တော့ မနက်ဖြန် သူ(မ)အမူးပြေတဲ့အထိ စောင့်တာ ပိုကောင်းမယ်။"

လီချန်ချဲ့က ရွှယ်နင်၏ နီရဲနေသော မျက်နှာလေးကို စဉ်းစားနေတဲ့ အကြည့်ဖြင့် ကြည့်လိုက်ပြီး၊ သူမ၏ နူးညံ့သော ပါးပြင်လေးကို သူ့လက်ကြီးဖြင့် ဖွဖွလေး ဆွဲညှစ်လိုက်သည်။

"ကောင်းပြီလေ၊ မင်းစကားကို ကိုယ် နားထောင်ပါ့မယ်။"

ယခုအချိန်တွင် ပင်ပန်းသွားပြီဖြစ်၍လားမသိ၊ ရွှယ်နင်က ထိုစကားကို ကြားပြီးနောက် စိတ်အေးသွားပုံရကာ၊ သူ့ရင်ဘတ်ပေါ်သို့ အိပ်ချင်မူးတူးဖြင့် မှီချလိုက်သည်။

ရထားလုံးက ကျန်းကော်နယ်စားမင်းအိမ်တော်သို့ မကြာမီ ဆိုက်ရောက်လာသည်။ လီချန်ချဲ့ သူမကို ရထားလုံးပေါ်မှ ပွေ့ချီဆင်းလိုက်ချိန်တွင်၊ အိမ်တော်ဝင်ပေါက်၌ ရပ်တန့်နေသော ရထားလုံးများနှင့် မြင်းတပ်ဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ရသည်။

လီချန်ချဲ့ ခြေလှမ်းတန့်သွားပြီး လှည့်ကြည့်လိုက်ရာ၊ ရထားလုံးတစ်စီးပေါ်ရှိ လီမိသားစု၏ အမှတ်တံဆိပ်ကို မြင်လိုက်ရသဖြင့် မျက်မှောင် အနည်းငယ် ကြုတ်သွား၏။

"ဝါး!"

တစ်စုံတစ်ယောက်က ရထားလုံးပြတင်းပေါက် လိုက်ကာကို စိတ်လှုပ်ရှားစွာ မတင်လိုက်ပြီး ခုန်ဆင်းလာသည်။

"ယောင်းမ! ဒါ ကျွန်မရဲ့ ယောင်းမလား"

မီးတောက်မီးလျှံကဲ့သို့ နီရဲသော သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးက လီချန်ချဲ့အနားသို့ လေပွေတစ်ခုလို ပြေးလာခဲ့သည်။

သူမ၏ တောက်ပပြီး သွက်လက်သော မျက်ဝန်းများက သူ့ရင်ခွင်ထဲသို့ စူးစိုက်ကြည့်နေသည်။

"ကျွန်မကို ပြပါဦး အစ်ကိုကြီး၊ ကြည့်ပါရစေ။"

လီချန်ချဲ့က စိတ်မရှည်စွာဖြင့် ရွှယ်နင်ကို သူ့ရင်ခွင်ထဲမှာ ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်သော်လည်း၊ သူမ၏ ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာတစ်ဝက်က ပေါ်လွင်နေဆဲပင်။

"ယောင်းမသစ်လေးက သိပ်လှတာပဲ! အိမ်ကိုပို့တဲ့ စာတွေထဲမှာ ဘာလို့ ထည့်မရေးခဲ့တာလဲ။ အစောကြီးကတည်းကသာ ပြောပြခဲ့ရင် ကျွန်မ စောစောလာခဲ့မှာပေါ့။"

ရွှယ်နင်၏ မျက်နှာဘေးတိုက်မြင်ကွင်းလေးကို တစ်ချက်လေး မြင်လိုက်ရုံဖြင့်၊ သူမရဲ့ယောင်းမ အံ့မခန်းလှပမှန်း၊ အတိအကျပင် သူမ အလွန်သဘောကျနှစ်သက်သည့် အလှမျိုးဖြစ်မှန်း မိန်းကလေးက ချက်ချင်း သိလိုက်သည်။

"ဘာလို့ ယောင်းမက စကားမပြောတာလဲ။ သတိမေ့နေတာလား။ ကိုယ်ဝန်ရှိနေလို့လား။”

All Chapters