← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း (၂၂၀) - သူ၏အတိတ်

သူမက သူ့ကို ပစ္စည်းတစ်ခုလို သဘောမထားပေ။ အကျိုးအကြောင်းဆီလျော်စွာဖြင့် တည်တည်ငြိမ်ငြိမ် ဆွေးနွေးတိုင်ပင်ချင်ရုံပဲ။

သူမက သဝန်တိုတတ်ပြီး သဘောထားသေးသိမ်သည့် ဇနီးတစ်ယောက် မဖြစ်ချင်သလို၊ တစ်စုံတစ်ယောက်က သူမအပေါ် တစ်သက်လုံး သစ္စာရှိနေပေးရန်ကိုလည်း မမျှော်လင့်ထားပေ။ သူမက အပြစ်ပြောစရာမရှိအောင် သဘောထားကြီးပြီး အကျင့်စာရိတ္တကောင်းမွန်သူပဲ ဖြစ်ချင်တယ်။

မင်းသမီးက ထိုကိစ္စကို မပြောခဲ့လျှင်တောင် နောင်တစ်ချိန်မှာ သူ့အတွက် မောင်းမကိုယ်လုပ်တော်များကို သူမ စီစဉ်ပေးမည်သာ။

ပေါင်ချန်က အနားသို့ချဉ်းကပ်လာပြီး မေးလိုက်သည်။

"သခင်မလေး၊ ရေချိုးတော့မလား"

ရွှယ်နင်က စိတ်မပါတပါဖြင့် "အင်း" ဟု ပြန်ဖြေလိုက်၏။

ပေါင်ချန်က အသံကို နှိမ့်လိုက်ပြီး-

"ဒါဆို ရေနွေးသွားစပ်လိုက်ပါ့မယ်"

ရွှယ်နင်က ခေါင်းညိတ်ပြပြီး တောင်ဘက်ပြတင်းပေါက်အောက်ရှိ ခုံအနိမ့်လေးပေါ်တွင် မှီထိုင်လိုက်သည်။ သူမက တစ်နေ့က ဖတ်လက်စ သမိုင်းစာအုပ်ကို ထုတ်ကာ စာမျက်နှာအနည်းငယ်ကို ပေါ့ပေါ့ပါးပါး လှန်လှောကြည့်လိုက်သည်။ ယခင်မင်းဆက်မှ ထိုက်ဇူမင်းကြီး၏ ဇာတ်လမ်းက သူမအတွက် ရင်းနှီးပြီးသားဖြစ်သော်လည်း ယနေ့ညတွင်တော့ နံပါတ်ကိုးမိဖုရား၏ အတွေ့အကြုံများကို သေချာစွာ ပြန်ဖတ်နေမိသည်။ ဖတ်ပြီးချိန်တွင်တော့ သူမသည် အလွန်ပင်ပန်းနွမ်းနယ်နေပြီး အိပ်ပျော်သွားခဲ့လေသည်။

ပေါင်ချန်နှင့် ရှလန်တို့ ရေနွေးစပ်ပြီး ပြန်လာချိန်တွင်တော့ ရွှယ်နင်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီ ဖြစ်၏။

ရှလန်က ရွှယ်နင်ကို စောင်သေချာခြုံပေးပြီး မေးလိုက်သည်။

"အစ်မပေါင်ချန်၊ ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲ"

ပေါင်ချန်က ရှလန်၏လက်ကိုကိုင်ကာ တိုးတိုးလေး မေးသည်။

"ရှီဇီ တကယ်ပဲ ပြန်မလာသေးဘူးလား"

ရှလန်က ခေါင်းခါပြလိုက်သည်။

"တကယ် ပြန်မလာသေးတာပါ။ သခင်မလေးကို ကျွန်မတို့ လိမ်မပြောပါဘူး"

သူမရဲ့သခင်မလေးက သခင်လေးအပေါ် ပို၍ပို၍ စိုးရိမ်ပူပန်လာတာကို ပေါင်ချန် ခံစားမိသည်။

ဒါပေမဲ့လည်း သခင်လေးရဲ့ ရင်ထဲတွင် လရောင်ဖြူ(အချစ်ဦး)တစ်ယောက်ရှိနေတယ်ဆိုတဲ့ ကိစ္စက သခင်မလေးဆိုလျှင် ဆိုဖွယ်ရာမရှိ၊ အစေခံဖြစ်တဲ့ သူမပင် လက်မခံနိုင်သော ကိစ္စဖြစ်၏။

သူမက အိပ်ပျော်နေသော ရွှယ်နင်ကို တစ်ချက်ကြည့်လိုက်ပြီး ရှလန်ကို အခန်းပြင်သို့ တိတ်တဆိတ် ခေါ်ထုတ်သွားခဲ့သည်။

"ရှလန်၊ နင် ကျန်းကော်နယ်စားမင်းအိမ်တော်မှာ အစေခံလာတာ ဘယ်နှနှစ်ရှိပြီလဲ"

"ကျွန်မက မွေးရာပါ အစေခံပါ။ မွေးကတည်းက ကျန်းကော်နယ်စားမင်းအိမ်တော်မှာ အစေခံဖြစ်လာခဲ့တာ။ ကျွန်မအမေက နယ်စားမင်းရဲ့အဆောင်မှာ အလုပ်လုပ်ခဲ့ဖူးတယ်လေ"

ဤအချက်ကပင် သူမကို ကျိုယင်းဆောင်တွင် အလုပ်လုပ်ခွင့်ရစေခဲ့ခြင်းဖြစ်သည်။ သူမက လီမိသားစုထံ တစ်သက်တာစာချုပ်ဖြင့် ချည်နှောင်ခံထားရပြီး နယ်စားမင်းအိမ်တော်၏ ယုံကြည်ရသော လူယုံတစ်ဦး ဖြစ်နေတာကြောင့်ပင်။

ပေါင်ချန်က မနေနိုင်ဘဲ မေးလိုက်သည်။

"ဒါဆို ရှီဇီက ဘယ်သူ့ကိုသဘောကျနေတာလဲဆိုတာ နင်သိလား"

ရှလန်က တစ်ခုခုကို ထိန်ချန်ထားချင်ပုံရကာ တုံ့ဆိုင်းသွားသည်။

ပေါင်ချန်က သူမ၏ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ဒီကိစ္စက မိုး၊ မြေ၊ နင်နဲ့ငါပဲ သိမှာပါ။ တခြားဘယ်သူ့ကိုမှ ငါမပြောပါဘူး။ ငါက စပ်စုချင်ရုံလေးပါ။ ငါတို့ရှီဇီက အသက်နှစ်ဆယ်ကျော်နေပြီကို အခုထိ အိမ်ထောင်မပြုသေးဘူး။ ပြီးတော့ သူ့ရင်ထဲမှာ သဘောကျနေတဲ့ မိန်းကလေးတစ်ယောက်ရှိနေလို့ တခြားမိန်းမတွေနဲ့ ခပ်ကင်းကင်းနေတာလို့လည်း ပြောကြတယ်။ ဒီကောလာဟလက အမှန်ပဲလား"

"ရှီဇီက သာမန်ဆို ကျွန်မတို့ကို အနီးကပ်အလုပ်အကျွေးပြုခွင့် မပေးတတ်ဘူး။ ဒါကြောင့် ကျွန်မတို့လည်း တချို့တဝက်ပဲ သိရတာပါ။ ဒါပေမဲ့..."

ရှလန်က စကားရပ်လိုက်ပြီး တီးတိုးပြောလိုက်သည်။

"ရှီဇီမှာ သဘောကျနေတဲ့ မိန်းကလေးတစ်ယောက် တကယ်ရှိပါတယ်"

ပေါင်ချန် အံ့အားသင့်သွားပြီးသည်။

"ဘယ်လို"

ရှလန်က စကားပြောရင်း ပို၍စိတ်အားထက်သန်လာကာ-

"တကယ်ပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သခင်မဝမ်က ရှီဇီအတွက် အိမ်ထောင်ဘက် စီစဉ်ပေးခဲ့တုန်းက စဖြစ်ခဲ့တာ"

တစ်ဝက်တစ်ပျက် အိပ်မောကျနေသော ရွှယ်နင်သည် ပြတင်းပေါက်အောက်မှ စကားသံများကို သဲ့သဲ့လေးကြားလိုက်ရပြီး အစပိုင်းတွင် သူမ အိပ်မက်မက်နေသည်ဟု ထင်ခဲ့သည်။

နောက်ပိုင်းတွင် သူမ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်တဲ့အခါ ရှလန်နှင့် ပေါင်ချန်တို့၏ စကားပြောသံများက ပြတင်းပေါက်လိုက်ကာမှတစ်ဆင့် ရှင်းလင်းစွာ ဝင်ရောက်လာခဲ့၏။

မှိန်ပျပျအလင်းရောင်အောက်တွင် သူမက ခုံအနိမ့်လေးပေါ်၌ ဘေးတစောင်းလှဲလျောင်းနေကာ မလှမ်းမကမ်းရှိ နံ့သာပေါင်းဖိုကို စိုက်ကြည့်ရင်း နားစွင့်နေခဲ့သည်။

ပေါင်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"သခင်မဝမ်က ရှီဇီရဲ့ အိမ်ထောင်ရေးကို ဂရုမစိုက်ဘူးလို့ ပြောကြတယ် မဟုတ်ဘူးလား"

ရှလန်က ပြန်ဖြေသည်။

"သခင်မဝမ်က ရှီဇီအတွက် အိမ်ထောင်ဘက် စီစဉ်ပေးဖို့ တကယ် ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ သူ(မ)က အကြီးဆုံးသခင်လေးအတွက် ဇနီးရွေးချယ်ဖို့ ဒီအခွင့်အရေးကို အသုံးချချင်ခဲ့တာ၊ပြီးတော့ ရှီဇီကို တမင်သက်သက် ရန်စချင်ရုံပဲ။ ရှီဇီ အတွက် သူ(မ)ရွေးချယ်ပေးခဲ့တဲ့ သူတွေက မလိုလားအပ်တဲ့ မိသားစုတွေ ဒါမှမဟုတ် နောက်ခံမကောင်းတဲ့သူတွေချည်းပဲ၊ ကောင်းတဲ့သူတွေကိုတော့ အကြီးဆုံးသခင်လေးအတွက် ချန်ထားခဲ့တာ။ ဒါပေမဲ့ အကြီးဆုံးသခင်လေးကလည်း သူတို့ထဲက ဘယ်သူ့ကိုမှ သဘောမကျခဲ့လို့ ဒီနေ့အထိ အိမ်ထောင်မပြုရသေးတာပေါ့။ ဒါပေမဲ့ အဲဒီနှစ်က နယ်စားမင်းလည်း ဆက်ကြည့်မနေနိုင်တော့လို့ ရှီဇီရဲ့ အိမ်ထောင်ရေးကိစ္စမှာ ဝင်ပါခဲ့တယ်။ သူက ရှီဇီ နဲ့ တွေ့ဆုံဖို့ ဟယ်ကျန့်က အထက်တန်းလွှာ မိန်းကလေးတော်တော်များများကို ရွေးချယ်ပေးခဲ့တယ်။ အဲဒါကို သခင်မဝမ် သိသွားတဲ့အချိန် ပွဲတော်မှာ ပြဿနာအကြီးအကျယ်ရှာခဲ့ပြီး ဧည့်သည်တွေအများကြီးရှေ့မှာပဲ ဒီတစ်သက် ဘယ်သူကမှ သူ့ကို သဘောကျမှာမဟုတ်သလို လက်ထပ်မှာလည်း မဟုတ်ဘူးလို့ ရှီဇီကို အေးစက်စက် လှောင်ပြောင်ခဲ့တယ်"

ရွှယ်နင်၏ ရင်ထဲတွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူမက အသက်ရှူသံကို နှိမ့်လိုက်ပြီး ပို၍အာရုံစိုက် နားထောင်နေခဲ့သည်။

ပေါင်ချန်က သက်ပြင်းချလိုက်၏။

"ရှီဇီအတွက် တကယ် သနားစရာကောင်းတာပဲ"

ရှလန်က ကူကယ်ရာမဲ့စွာ ပြောသည်။

"ဟုတ်တယ်၊ ဘယ်သူကရော မသနားဘဲ နေမလဲ။ ဒါပေမဲ့ အဲဒီနေ့က ရှီဇီက ခဏလောက်ပဲ တိတ်ဆိတ်သွားခဲ့တယ်။ သူက ဝမ်းနည်းမနေခဲ့ပါဘူး။ အဲဒီအစား သူက သူ့ရင်ထဲမှာ လူတစ်ယောက်ရှိနေပြီဖြစ်လို့ နောက်နောင် သူ့အိမ်ထောင်ရေးမှာ ဘယ်သူမှ ဝင်မစွက်ဖက်ဖို့ သခင်ဝမ်ကို တဲ့တိုးပဲ ပြောချလိုက်တာ။ သူ့အိမ်ထောင်ရေးကို နောင်မှာ သူကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်တဲ့"

"သူကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်?"

"အင်း"

အဲဒီနေ့က ခမ်းနားကြီးကျယ်မှုအကြောင်း ပြောရရင် ရှလန်က အခုထိ စိတ်လှုပ်ရှားနေတုန်းပင်။

ဘာပဲဖြစ်ဖြစ် ရှီဇီ ငယ်ငယ်ကတည်းက သခင်မဝမ်ရဲ့ လျစ်လျူရှုတာကို ခံခဲ့ရပြီး သူ့အနားမှာ အလုပ်အကျွေးပြုနေတဲ့ သူတို့လို အစေခံတွေတောင် သခင်မဝမ်ဆီက ကြင်နာတဲ့အကြည့်ကို တစ်ခါမှ မရခဲ့ဖူးပေ။ ဒါပေမဲ့ အဲဒီနေ့က အသက်ဆယ့်ခြောက်နှစ်အရွယ် ရှီဇီက သခင်မဝမ်ကို ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ခဲ့တာ ဖြစ်သည်။ တည်ငြိမ်အေးဆေးတဲ့ စကားအနည်းငယ်နဲ့တင် သခင်မဝမ်ကို ဒေါသထွက်ပြီး မျက်နှာပျက်သွားစေခဲ့သည်။ အဲဒီခံစားချက်က အရမ်းကို စိတ်လှုပ်ရှားကြည်နူးစရာကောင်း၏။ အဲဒီအချိန်တုန်းကဆို သူမက ရှီဇီရဲ့နောက်ကနေ ခေါင်းမော့ ရင်ကော့ပြီး လိုက်ပါသွားခဲ့သည်။

"အဲဒီအချိန်ကစပြီး အိမ်တော်ဟောင်းမှာရှိတဲ့ ကျွန်မတို့အားလုံး ရှီဇီရဲ့ ရင်ထဲမှာ လူတစ်ယောက်ရှိနေတယ်ဆိုတာ သိသွားကြပေမဲ့ အဲဒါ ဘယ်သူလဲဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ကြဘူး"

"ဟယ်ကျန့်က အထက်တန်းလွှာ မိန်းကလေးတစ်ယောက်ယောက်များ ဖြစ်နေမလား"

"မဖြစ်နိုင်ဘူး"

ရှလန်က ခေါင်းခါလိုက်သည်။

"အစ်မပေါင်ချန်၊ ရှီဇီ ခါးမှာဆွဲထားတဲ့ ရွှေကျောက်စိမ်းသက်ရှည်သော့ခလောက်ကို မြင်ဖူးလား"

ရွှယ်နင်က ထို သက်ရှည်သော့ခလောက်ကို ပြန်သတိရသွားသည်။ ၎င်းက သေသပ်လှပပြီး နူးညံ့သိမ်မွေ့ကာ မိန်းကလေးတစ်ယောက်၏ ပစ္စည်းဖြစ်ကြောင်း သိသာထင်ရှားနေစ။ သို့သော်လည်း သူက ထိုအရာတွင် ကျော့ရှင်းလှပသော ပန်းဖွားလေးတစ်ခုတပ်ကာ သူ့ခါးတွင် အမြဲတမ်း ဆွဲထားတတ်သည်။ ကျန်းကော်ဘုရား‌ကျောင်းမှာကတည်းက သူမ အဲဒါကို သတိထားမိခဲ့ပြီး၊ ထိုနောက်ပိုင်း သူ့ကိုမြင်ရတဲ့အချိန်တိုင်း သူ ထိုအရာကို ဘယ်တော့မှ ဖြုတ်မထားခဲ့တာကို တွေ့ရသည်။

ပြတင်းပေါက်နားမှ စကားပြောသံများက ဆက်လက်ထွက်ပေါ်လာသည်။

သူမက သက်ပြင်းသဲ့သဲ့လေးချကာ မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်အတွင်းဘက်တွင် တိတ်ဆိတ်စွာ နေရာယူလိုက်သည်။

"ငါ မြင်ဖူးတယ်။ သခင်လေးက အဲဒါကို နေ့တိုင်း ဆွဲထားတာပဲ"

"အဲဒီ သက်ရှည်သော့ခလောက်ဆွဲသီးက ရှီဇီရဲ့ ချစ်သူပိုင်တာလေ။ ကျွန်မ မှတ်မိသလောက်ဆိုရင် ရှီဇီ အသက်ဆယ်နှစ်အရွယ် တုန်းကျင်းကနေ ဟယ်ကျန့်ကို ပြန်လာကတည်းက အဲဒါကို စပြီး ဆွဲထားခဲ့တာ။ တစ်ခါတုန်းက သခင်မဝမ်က အဲဒီသက်ရှည်သော့ခလောက်ဆွဲသီးကို လူလွှတ်ပြီး ယူခိုင်းလိုက်တော့ ရှီဇီက ရူးမတတ်ဖြစ်သွားပြီး သခင်မဝမ်ကိုတောင် ရိုက်မိခါနီး ဖြစ်ခဲ့သေးတယ်"

အခုချိန်ထိ ထိုအကြောင်းပြောလျှင် ရှလန်က ကြောက်ရွံ့နေဆဲပင်။

"ဒါက ရှီဇီရဲ့ အဲဒီလို ကြောက်စရာကောင်းတဲ့ မျက်နှာထားကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ သူက ရက်စက်တဲ့ ဝံပုလွေပေါက်စလေးလိုပဲ သခင်မဝမ်ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့တာ။ နယ်စားမင်းသာ အချိန်မီ ပြန်မလာခဲ့ဘူးဆိုရင် ရှီဇီနဲ့ သခင်မဝမ်တို့ရဲ့ ပြဿနာက ဘယ်လောက်အထိ ကြီးကျယ်သွားမလဲ ဘယ်သူသိနိုင်မလဲ"

ပေါင်ချန်က သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်ကာ ဘာလို့ ဖူရှန်းက ဒီအကြောင်းကို မပြောပြခဲ့ရတာလဲဟု နောင်တတရားဖြင့် တွေးနေမိသည်။ ယောက်ျားတွေက တကယ်ကို အတင်းအဖျင်းပြောလေ့မရှိကြဘူးပဲ။

"သခင်လေးက အဲဒီ သက်ရှည်သော့ခလောက် ပိုင်ရှင်ကို တကယ်ချစ်မှာပဲနော်"

"သေချာတာပေါ့"

ရှလန်က သက်ပြင်းချလိုက်သည်။

"ရှီဇီက အဲဒီ သက်ရှည်သော့ခလောက် ပိုင်ရှင်ကို လက်ထပ်မယ်လို့ ကျွန်မတို့အားလုံး ထင်ခဲ့ကြတာ။ ဆယ်နှစ်နီးပါးကြာတဲ့အထိ ရှီဇီရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘူးဆိုတာ ဘယ်သူက ထင်ထားမှာလဲ။ ဒီနှစ်ရောက်မှပဲ ရှီဇီက တုန်းကျင်းမှာ လက်ထပ်ချင်တယ်ဆိုပြီး နယ်စားမင်းဆီ စာရေးပို့ခဲ့တာလေ။ အစ်မပေါင်ချန်၊ ကျွန်မတို့ရဲ့ သခင်မလေးကများ အဲဒီသက်ရှည်သော့ခလောက် ပိုင်ရှင် ဖြစ်နေမလား"

ပေါင်ချန်က အလျင်အမြန် လက်ခါပြလိုက်ပြီး အခန်းဘက်ကို လှည့်ကြည့်ကာ တိုးတိုးလေး ပြောသည်။

"မဟုတ်ဘူးဟ"

ရှလန်က အံ့အားသင့်စွာဖြင့် "အာ" ဟု ရေရွတ်လိုက်ပြီး ခဏတာမျှ စကားဆွံ့အသွားခဲ့သည်။

ရွှယ်နင်က ဆက်ပြီး နားမထောင်နိုင်တော့ဘဲ ဘေးတွင်ချထားသော သူမ၏ လက်သေးသေးလေးများမှာ အနည်းငယ် ကွေးညွတ်သွားခဲ့၏။

သူမ၏ မျက်လုံးများက စပ်ဖျဉ်းဖျဉ်းနှင့် ဖောင်းအစ်နေသလို ခံစားရပြီး နေရထိုင်ရခက်ကာ ရင်ထဲတွင်လည်း ဖော်ပြ၍မရနိုင်သော မသက်မသာခံစားမှုနှင့်အတူ နာကျင်နေသည်။

သူမက ခြေဖျားထောက်ကာ တိတ်တဆိတ် လှည့်ထွက်လာပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။

ရေချိုး အဝတ်အစားလဲပြီးနောက် သူမက ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ လှဲနေလိုက်သည်။

အခန်းထဲမှ ခြေသံများကို ကြားလိုက်ရချိန်တွင် ပေါင်ချန် လန့်သွားပြီး ငြိမ်ကျသွားခဲ့သည်။

ရှလန်ကလည်း သူမ၏ ပါးစပ်ကို အလျင်အမြန်အုပ်လိုက်ပြီး စိုးရိမ်တကြီးဖြင့် အတွင်းဘက်သို့ လှမ်းကြည့်လိုက်၏။

"သခင်မလေးများ ကျွန်မတို့စကားတွေကို ကြားသွားပြီလား"

ပေါင်ချန်က သက်ပြင်းချလိုက်ပြီး စိုးရိမ်စိတ်ဖြင့် ရင်လေးသွားခဲ့သည်။

"ကြားသွားရင်လည်း ကိစ္စမရှိပါဘူး။ သခင်လေးမှာ လရောင်ဖြူ ရှိတယ်ဆိုတာ သခင်မလေးက စိတ်ထဲမှာ သိပြီးသားပါ”

All Chapters