အခန်း ၂၂၁
Vol. 23 Ch. 221
အခန်း (၂၂၁) - တစ်ယောက်တည်း
ရှလန်သည် ခဏမျှ ဆွံ့အသွားပြီး ရွှယ်နင်အပေါ် အလိုလို သနားစိတ်များ တိုးပွားလာမိသည်။
နောက်ရက်များတွင် လီချန်ချဲ့သည် ကျိုယင်းဆောင်သို့ ပြန်၍နားခဲလှပြီး စာကြည့်ဆောင်၌သာ နေထိုင်ခြင်း သို့မဟုတ် အပြင်၌ လူမှုရေးကိစ္စများဖြင့်သာ အချိန်ကုန်လွန်နေခဲ့သည်။
သူ စိတ်ဆိုးနေဆဲဖြစ်ကြောင်း ရွှယ်နင် သိသဖြင့် ကိုယ်တိုင်ချက်ပြုတ်ထားသော အစားအစာများကို ယူဆောင်ကာ စာကြည့်ဆောင်သို့ ရက်အနည်းငယ် ဆက်တိုက် သွားရောက်ခဲ့သော်လည်း၊ အကြိမ်တိုင်းတွင် ဖူရှန်းကပဲ သူမကို ပြန်ရန် ဖျောင်းဖျခဲ့သည်။
"ရှီဇီက သခင်မလေးအနေနဲ့ ကိစ္စတွေကို သေသေချာချာ စဉ်းစားပြီးမှပဲ သူ့ကိုလာတွေ့ဖို့ ပြောလိုက်ပါတယ်။"
ရွှယ်နင် သေချာစဉ်းစားပြီးသားပါ။ မင်းသမီးကို တန်းတူဇနီးအဖြစ် လက်ခံနိုင်ပြီး သူမကို လုံးဝ မနစ်နာစေရဘူးလို့ ဆုံးဖြတ်ထားတယ်။
သို့သော် ဤစကားကို ကြားတဲ့အခါ ထိုအမျိုးသားက စာကြည့်ဆောင်တံခါးကိုပင် မဖွင့်ဘဲ ဖူရှန်းကို ရွှယ်နင်းအား ကျိုယင်းဆောင်သို့ ပြန်လွှတ်ရန် တိုက်ရိုက်ညွှန်ကြားခဲ့သည်။
သူမက တစ်ယောက်တည်းသွား၍ တစ်ယောက်တည်း ပြန်လာခဲ့ရပြီး ရင်ထဲတွင် ဝေခွဲမရမှုများနှင့် ဝမ်းနည်းမှုများ ပြည့်နှက်လျက် ဝင်းတံခါးအပြင်ဘက်တွင် ငေးမှိုင်စွာ ရပ်နေမိသည်။
သူမက ဇနီးကောင်းတစ်ယောက် ဘယ်လိုလုပ်ရမလဲဆိုတာကို တကယ်မသိပေမယ့် ဇနီးတစ်ယောက်ဖြစ်ရတာ ဒီလောက်ခက်ခဲလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။
နောက်ဆုံးတော့... သူ အနည်းငယ် ပျော်ရွှင်သွားအောင် သူမ ဘာလုပ်ပေးရမလဲ။
ထိုစဉ်က သခင်မဝမ်က သူ့ကို ဘယ်သူမှ လက်ထပ်မည်မဟုတ်ကြောင်း၊ သူက သူမကို သဘောကျပြီး အလိုရှိနေကြောင်း လှောင်ပြောင်ခဲ့ဖူးသည်။
ထိုစကားများကို ကြားရတဲ့အချိန်တုန်းက သူမ သူ့ကို သနားမိပြီး သူချစ်တဲ့သူနှင့်သာ အတူရှိစေချင်ခဲ့သည်။
သူမ ဘာတွေများ မှားယွင်းအောင် လုပ်မိလို့လဲ။
ရွှယ်နင် ဘယ်လောက်ပဲ တွေးတောပါစေ နားမလည်နိုင် ဖြစ်နေရသည်။ ၎င်းက သူမ၏ လည်ချောင်းထဲတွင် တစ်ခုခုတစ်ဆို့နေသကဲ့သို့ ချဉ်ခြင်း၊ နာကျင်ခြင်း ဝေဒနာတို့ဖြင့် အသက်ရှူကျပ်စေသည်။
သူမက သူမကိုယ်သူမ အခန်းထဲ၌သာ ပိတ်လှောင်ထားပြီး တစ်ရက်နှင့် တစ်ညလုံး အပြင်မထွက်ခဲ့ချေ။
နောက်ရက်တွင်မူ ဖူးယောင်နေသော မျက်ဝန်းများနှင့်အတူ အိမ်တွင်းရေးကိစ္စများကို ဆက်လက်စီမံခန့်ခွဲလေသည်။
သူမက စာရင်းဇယားများ စစ်ဆေးခြင်းကို ကြိုးစားသင်ယူပြီး၊ လီအန်းအန်းကို ပြုစုစောင့်ရှောက်ခြင်း၊ အိမ်တော်တွင်းရှိ အမျိုးမျိုးသော ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့ကာ လကုန်ခါနီးတွင် ဌာနအားလုံးသို့ လစဉ်စရိတ်များနှင့် ဆုလာဘ်များကို ခွဲဝေပေးခဲ့သည်။
သူမပိုင်ဆိုင်တဲ့ ဆိုင်အနည်းငယ်ဟာလည်း တစ်ဆိုင်ပြီးတစ်ဆိုင် ပြန်လည်လည်ပတ်လာခဲ့သည်။
သခင်မဝမ်ထံ သွားရောက်ဂါရဝပြုခြင်းအပြင် လီလင်းဖုန်းကိုလည်း ရင်ဆိုင်ရသေး၏။
ထို့အပြင် ဒုတိယအိမ်တော်ခွဲမှ သခင်မဝူသည်လည်း သူမအပေါ် မရေရာသော သဘောထားများဖြင့် ဆက်ဆံလာသည်။
တစ်ချိန်က အေးဆေးလွတ်လပ်ခဲ့တဲ့ သူမ၏ နေ့ရက်များက ထင်မှတ်မထားဘဲ အလုပ်ရှုပ်စရာများ ဖြစ်လာခဲ့၏။
တဖြည်းဖြည်းနှင့် သူမက ထိုနေ့က လီချန်ချဲ့နှင့် ဖြစ်ပွားခဲ့သော မနှစ်မြို့ဖွယ်ရာများကို မေ့ပျောက်သွားပြီး၊ သီလရှိပြီး အမြော်အမြင်ရှိသော ဝတ္တရားကျေပွန်သည့် ဇနီးကောင်းတစ်ဦးဖြစ်ရန် သင်ယူလာခဲ့သည်။
သူမသည် မင်းသမီး ယန်ရန်ထံသို့ မကြာခဏ သွားရောက်လည်ပတ်ကာ လီချန်လဲ့နှင့် မိတ်ဖွဲ့ခြင်း၊ လီချန်ဟိန်အတွက် စာပေသင်ကြားရေးကို စီစဉ်ပေးခြင်း၊ သခင်မဝမ်ကို စိတ်ကျေနပ်အောင် လုပ်ပေးခြင်း စသဖြင့်—သူမလုပ်သမျှ အားလုံးက လူတိုင်း၏ ချီးကျူးမှုကို ရရှိခဲ့သည်။
သို့သော် ညတိုင်းတွင်မူ ထိုကျယ်ဝန်းသော ကုတင်ကြီးပေါ်၌ တစ်ယောက်တည်း လှဲလျောင်းနေရစဉ် သူမ၏ စိတ်အခြေအနေမှာ အမြဲတမ်း မှေးမှိန်ကျဆင်းသွားတတ်၏။
တောက်ပသော အနီရောင် စောင်ကြီးကို စိုက်ကြည့်ရင်း သူမ မျက်လွှာချလိုက်ပြီး ပေါင်ချန်နှင့် ရှလန်တို့ကို ခေါ်လိုက်သည်။
"လဲလိုက်တော့။"
ပေါင်ချန်နှင့် ရှလန်တို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး မင်္ဂလာအထိမ်းအမှတ် စောင်ကို ခရမ်းနုရောင် စောင်တစ်စုံဖြင့် နာခံစွာ လဲလှယ်ပေးလိုက်ကြသည်။
ရွှယ်နင်က ဘာမှထပ်မပြောတော့ဘဲ ဤရက်ပိုင်းအတွင်း ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့တော့သည်။
တစ်ခါတစ်ရံတွင် သူမက သူတို့နှင့်အတူ နောက်ပြောင်ရယ်မောနိုင်သေးသော်လည်း ထိုအပြုံးများနောက်ကွယ်တွင်မူ အဆုံးမရှိသော အထီးကျန်ရိပ်များ ဖုံးလွှမ်းနေခဲ့သည်။
ပေါင်ချန်မှာ ဆက်၍မအောင့်အီးနိုင်တော့ပေ။
"သခင်မလေး... ရှီဇီ အခုဘယ်မှာလဲဆိုတာ ဒီအစေခံ သွားပြီး ဖူရှန်းကို မေးပေးရမလားဟင်။"
ရွှယ်နင်က ခေါင်းခါပြုံးပြလိုက်သည်။
"ငါ့အတွက် ရေနွေးပဲ သွားပြင်ပေးပါတော့။ ခဏနေရင် ရေချိုးပြီး အိပ်တော့မယ်။ ဒီရက်ပိုင်း နေ့တိုင်း ဆိုင်တွေကို လျှောက်သွားနေရတာနဲ့ တော်တော်လေး ပင်ပန်းနေပြီ။"
"သခင်မလေး..."
"ငါက အမြဲတမ်း တစ်ယောက်တည်း နေသားကျလာခဲ့တာပဲ။ အခုလည်း တစ်ယောက်တည်း ပြန်ဖြစ်သွားရုံပါပဲ။"
ရွှယ်နင်က ပေါင်ချန် စိတ်သက်သာရာရစေရန် ပြုံးပြလိုက်၏။
"နင့်ရဲ့သခင်မလေးက ဝမ်းလည်းမနည်းဘူး၊ စိတ်လည်းမပျက်ပါဘူး။ နင်မေ့သွားပြီလား... အားချဲ့နဲ့ငါက အစကတည်းက မောင်နှမတွေလိုပဲလေ။"
ပေါင်ချန်၏ ရင်ထဲတွင် အလွန်အမင်း နာကျင်ခံစားရသည်။
"ဒါပေမယ့်..."
"ဒါပေမယ့်တွေ ဘာတွေ မရှိဘူး။"
ရွှယ်နင်က ညင်သာစွာ ပြုံးလိုက်ပြီး သူမ၏အသံမှာ တိုးညင်းလှသည်။
"ငါ အခုလိုဘဝမျိုးကို တကယ်သဘောကျတယ်။ တစ်ယောက်တည်းလည်း အဆင်ပြေပြေ နေနိုင်ပါတယ်။ ငါ့ခင်ပွန်းက ငါ့ကို ဂရုမစိုက်ပေမယ့် အစေခံတွေရှေ့မှာ အိမ်တော်သခင်မတစ်ယောက်အနေနဲ့ ခေါင်းမော့နေနိုင်အောင် လုံလောက်တဲ့ ရိုသေလေးစားမှုကို ပေးထားတာပဲ။ အားကိုးစရာ ရွှေတွေငွေတွေလည်း အများကြီး ရှိတယ်။ ယောက္ခမတွေက အဆင်မပြေကြပေမယ့် နှစ်ယောက်လုံး ငါ့အပေါ် ကောင်းကြတာပဲ။ စားတော့လည်း အရသာရှိတဲ့ အစားအစာတွေ၊ ဝတ်တော့လည်း အဖိုးတန် ပိုးထည်တွေနဲ့ ပုလဲရတနာတွေ ဆင်ယင်ခွင့်ရနေတာပဲ။ ပြောစမ်းပါဦး... ငါက ဘာတွေထပ်ပြီး လိုချင်နေရဦးမှာလဲ။"
ဒီဘဝက စုကျန်းနှင့် လက်ထပ်ခဲ့ရတဲ့ အရင်ဘဝကထက် အဆမတန် ပိုကောင်းလွန်းတယ်။ အိပ်မက်ထဲမှာတောင် ပြုံးနိုင်မည့် ဘဝမျိုးပင်။
ပေါင်ချန် ခဏမျှ ဆွံ့အသွားသည်။ သူမက သခင်မလေး၏ တည်ငြိမ်နေသော မျက်နှာကို ကြည့်ကာ နာခံစွာဖြင့် ရေနွေးပြင်ရန် ထွက်သွားခဲ့တော့သည်။
ရွှယ်နင်သည် စာရေးခုံတွင် တစ်ယောက်တည်းထိုင်ကာ စာရင်းဇယားများကို စစ်ဆေးနေ၏။ မှိန်ပျပျ ဖယောင်းတိုင်အလင်းအောက်တွင် သူမ၏အာရုံတစ်ခုလုံးက စာရင်းစာအုပ်များထဲသို့ နစ်ဝင်နေသဖြင့် ပြတင်းပေါက်နားတွင် မည်မျှကြာအောင် ရပ်နေမှန်းမသိသော အရပ်ရှည်ရှည်၊ သွယ်သွယ်နှင့် လူရိပ်တစ်ခုကို လုံးဝသတိမထားမိခဲ့ချေ။
အတန်ကြာမှ ရွှယ်နင်သည် နာကျင်တောင့်တင်းနေသော သူမ၏ လည်ပင်းကို နှိပ်နယ်လိုက်သည်။
သူမ ရေချိုး သန့်စင်ပြီး ကုတင်ပေါ်၌ လှဲလျောင်းလိုက်ပြီးနောက်၊ ပေါင်ချန်က အခန်းထဲရှိ မီးအိမ်အားလုံးကို ငြှိမ်းသတ်ကာ အပြင်သို့ထွက်၍ တံခါးပိတ်ပေးလိုက်သည်။
ရွှယ်နင်က တစ်စုံတစ်ယောက် သူမ၏ ကုတင်ဘေးမှာ ရှိနေတာကို မသိဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့၏။
သူမက အိပ်လျှင် စောင်ကို ကန်ချတတ်ပြီး ခြေထောက်များကို အပြင်သို့ ထုတ်ထားတတ်သည့် အကျင့်ရှိသည်။
လီချန်ချဲ့၏ လက်ဖဝါးကြီးက သူမ၏ နုနယ်ချောမွေ့သော ခြေဖဝါးလေးကို ဆုပ်ကိုင်လိုက်သည်။ သူက သူမ၏ ကြွေထည်လို ဖြူစင်ဝင်းပပြီး အပြစ်ဆိုဖွယ်မရှိသော ဘေးတိုက်မျက်နှာသွင်ပြင်ကို ငုံ့ကြည့်လိုက်ရာ သူ့ရင်ထဲတွင် လှိုင်းတံပိုးများ ပြင်းထန်လာသည်။
ရွှယ်နင်က အိပ်မက်မက်နေသည့်အတိုင်း တစ်ဖက်သို့ ပြန်လှည့်လိုက်ပြီး အိပ်မှုန်စုန်မွှားဖြင့် တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"စုကျန်း.."
"ငါတို့ကလေး..."
"ရှင် တကယ် ရက်စက်တယ်..."
သူမ စကားပြောရင်းနှင့်ပင် နာကျင်စွာ ငိုရှိုက်လာပြီး၊ သူမ၏ မျက်ဝန်းထောင့်မှ ပူနွေးသော မျက်ရည်စက်များ စီးကျကာ သူ့လက်ခုံပေါ်သို့ ကျရောက်သွားသည်။
လီချန်ချဲ့က သူမ ဘာပြောနေလဲဆိုတာကို ကြားချင်သဖြင့် သူမ၏ ပါးပြင်ကို လက်ဖဝါးဖြင့် အုပ်မိုးကာ အနားသို့ တိုးကပ်သွား၏။ စုကျန်း၏ အမည်ကို ကြားရလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။
ထိုအချိန်မှာပဲ သူ့မျက်ဝန်းများက နှင်းခဲကဲ့သို့ အေးစက်သွားတော့သည်။
အိပ်မက်ဆိုးထဲတွင် လမ်းပျောက်နေတဲ့ ရွှယ်နင်က သူမ၏ လက်ဖဝါးလေးဖြင့် သူ့လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"မလုပ်ပါနဲ့... မလုပ်ပါနဲ့..."
သူက မျက်လွှာချကာ သူ့ကိုယ်သူ လှောင်ပြောင်သည့် အပြုံးဖြင့် မေးလိုက်၏။
"ဘာကို မလုပ်ရမှာလဲ။"
ရွှယ်နင်က ပြောသည်။
"မသွားပါနဲ့။"
လီချန်ချဲ့၏ ရင်ထဲတွင် စူးခနဲ နာကျင်သွားရ၏။
"မင်း စုကျန်းကို အခုထိ လက်မလွှတ်နိုင်သေးဘူးပေါ့လေ။"
ရွှယ်နင်ကမူ "မသွားပါနဲ့။" ဟုသာ ထပ်ခါတလဲလဲ ရေရွတ်နေသည်။
လီချန်ချဲ့က ဒေါသထွက်လွယ်သူ ဖြစ်သည်။ သူက ရယ်စရာ၊ သရော်စရာများနှင့် ခါးသက်မှုများ စွက်ဖက်နေသော တိုတောင်းသည့် ရယ်သံတစ်ခုကို လွှတ်လိုက်တော့သည်။
သူမက ရွှယ်ယန်ရန်အား သူ့ရဲ့ကိုယ်လုပ်တော်အဖြစ် လက်ခံရန် အကြံပြုခဲ့သည့် အချိန်မှစ၍ သူ့ရင်ထဲမှ ဒေါသများက လုံးဝ ငြိမ်းအေးမသွားခဲ့ချေ။
သူမက လင်မယားကွာရှင်းပြတ်စဲခြင်း အကြောင်းကိုပင် ပေါ့ပေါ့ပါးပါး ထုတ်ပြောခဲ့သေးတယ်။ သူ့ဘေးနားမှာ ရှိနေရတာထက်စာလျှင် သူမက ဘေးဖယ်ပေးပြီး အခြားသူအတွက် လမ်းဖယ်ပေးရတာကို ပိုပြီးလိုလားနေပုံရတယ်။
သူမက သူ့ကို နည်းနည်းလေးတောင် မနှစ်သက်ဘူး။ သူ့ကို အခြားမိန်းမတစ်ယောက်လက်ထဲ ထည့်ပေးလိုက်ရလျှင်ပင် သူမ မျက်တောင်တစ်ချက် ခတ်မှာ မဟုတ်ဘူး။
ထိုညက ရထားလုံးထဲ၌ ဖြစ်ပျက်ခဲ့သမျှက မူးရူးပြီး ပြောခဲ့သည့် အဓိပ္ပာယ်မရှိတဲ့ စကားများသာဖြစ်ပြီး သရုပ်ဆောင်မှုသက်သက်ပင်။ သူမ ရင်ထဲမှာ သူ့ကို အမြဲတမ်း အစ်ကိုတစ်ယောက်လိုပဲ မြင်ခဲ့တယ်။
သူ့သံသယများကို လွင့်ပျယ်စေရန်အတွက် သူမက ကြောက်စရာကောင်းတဲ့ ကျိန်ဆိုခြင်းကိုပင် တုံ့ဆိုင်းခြင်းမရှိဘဲ ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့တယ်။
လီချန်ချဲ့က တွေးမိလေလေ ပို၍ ဒေါသထွက်လာလေလေ ဖြစ်သည်။ သူ့နှုတ်ခမ်းပါးများက တင်းတင်းစေ့သွားပြီး မိန်းကလေးငယ်၏ ခေါင်းအုံးဘေးတွင် ရှိနေသော သူ၏လက်ဖဝါးကြီးက တင်းမာလာကာ အကြောပြိုင်းပြိုင်း ထလာခဲ့သည်။
သူမရဲ့ အပူအအေး မမျှတသော ပြုမူဆက်ဆံပုံများက သူ့ကို မလုံခြုံမှုများနှင့် မသေချာမရေရာမှုများကို မလွှဲမရှောင်သာ ခံစားရစေသည်။
သူလည်း ထိုအချိန်တုန်းက မိခင်ဖြစ်သူအပေါ် အတင်းအဓမ္မလုပ်ခဲ့တဲ့ ဖခင်ဖြစ်သူလိုမျိုး ပြုမူချင်မိတယ်။ သူမနှင့် လင်မယားအဖြစ် အတူနေထိုင်လိုက်ပြီး၊ ဒီဘဝမှာ သူက အခြားဘယ်မိန်းမကိုမှ အလိုမရှိဘဲ သူမတစ်ယောက်တည်းကိုပဲ အလိုရှိကြောင်း သူမကို နားလည်သွားအောင် လုပ်ပစ်ချင်တယ်။
ဒါပေမဲ့ သူမလည်း သူ့မိခင်လို ဖြစ်သွားမှာကို သူ စိုးရိမ်မိတယ်။
သူ့ရဲ့ဖိအားပေးမှုအောက်မှာ ပိုအေးစက်လာပြီး သူ့ကို ပို၍ ရွံရှာမုန်းတီးသွားမှာကို ကြောက်ရွံ့မိ၏။
ဒါပေမဲ့ တစ်ဖန်ပြန်တွေးကြည့်လျှင် အဲ့လိုဖြစ်ခဲ့ရင်တောင် သူ့မိခင်က ဖခင်ဖြစ်သူ၏ ဘေးနားမှာပဲ တစ်သက်လုံး ပိတ်မိနေခဲ့တာ မဟုတ်လား။
သူမက ဖခင်ဖြစ်သူကို မနှစ်သက်တော့ရော ဘာဖြစ်သလဲ။ ဒီဘဝမှာ သူမက ဖခင်ဖြစ်သူရဲ့ လက်ခုပ်ထဲမှ ဘယ်သောအခါမှ ရုန်းမထွက်နိုင်ခဲ့ဘဲ သူမကိုယ်တိုင် ရွံရှာမိတဲ့ ကလေးကိုပင် မွေးဖွားပေးခဲ့ရတယ်။
ဒီလိုမျိုး နှစ်ပေါင်းများစွာသော ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများကို ဖြတ်သန်းရင်း၊ သူတို့က ဇနီးမောင်နှံအဖြစ်နှင့်ပင် အရာအားလုံးကို အဆုံးထိ ကြံ့ကြံ့ခံနိုင်ခဲ့ကြတယ် မဟုတ်ဘူးလား။
သူလည်း စိတ်ကို နည်းနည်းလေး ရက်စက်လိုက်ရုံနှင့် ရွှယ်နင်ကို ထိုနည်းတူဖြစ်အောင် လုပ်နိုင်တယ်—သူမကို သူ့ဘေးနားရှိ ရွှေလှောင်အိမ်ထဲမှ ရွှေငှက်ငယ်လေးတစ်ကောင် ဖြစ်လာစေရမယ်။
သူ၏ ညှို့ဓာတ်ပြင်းသော မက်မွန်ပွင့်မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး၊ အေးစက်သော ဓားသွားကဲ့သို့ ထက်မြက်သည့် သူ့အကြည့်များက အိပ်မောကျနေသော မိန်းကလေးငယ်အပေါ်သို့ စူးစိုက်ကျရောက်နေတော့သည်။