← Chapters

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း (၂၂၃) - ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ ပြန်ခြင်း

သူမ၏ဆိုင်သည် လူစည်ကားသော ချန်နင်လမ်းမပေါ်တွင် တည်ရှိသည်။ ဆိုင်ဖွင့်ခါစ ဖြစ်သော်လည်း အရောင်းအဝယ် အတော်လေးကောင်း၏။

သူမ ငှားရမ်းထားသော ဆိုင်တာဝန်ခံအချို့မှာ အတွေ့အကြုံရှိသူများဖြစ်ပြီး သူမဘက်မှ အများကြီး ကြီးကြပ်စရာမလိုဘဲ ဆိုင်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ကြသည်။

သူမ စာရင်းစာအုပ် အနည်းငယ်ကို လှန်လှောကြည့်လိုက်သော်လည်း မကြာမီမှာပင် အာရုံစိုက်ရန် ခက်ခဲလာကြောင်း တွေ့လိုက်ရသည်။

မနက်ဖြန် ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ ပြန်ရန်ကိစ္စမှာ သူမနှင့် အားချဲ့တို့ စောစောကတည်းက သဘောတူထားပြီးသား ဖြစ်သည်။

ထိုကြားထဲမှာ သူတို့နှစ်ယောက် ပြဿနာတက်လိမ့်မည်ဟု သူမ မထင်ထားခဲ့မိခြင်းသာ။

အခုတော့ ထိုအမျိုးသားက သူတို့အခန်းသို့ ပြန်လာရန် ငြင်းဆန်နေဆဲဖြစ်တဲ့အတွက် သူမက ကုလားထိုင်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ရင်း ခဏမျှ အတွေးလွန်နေမိသည်။

သူမက သူ့အပေါ် ဒီလိုမျိုး အမြဲတမ်း စိတ်ကောက်နေ၍ မဖြစ်နိုင်ပေ။

ဇနီးမောင်နှံအနေဖြင့်ဖြစ်စေ၊ မောင်နှမအနေဖြင့်ဖြစ်စေ တစ်ယောက်ယောက်ကတော့ အမြဲ အလျှော့ပေးရမယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က အိပ်ရာထဲလှဲနေစဉ် ထိုအမျိုးသားကို ဒေါသထွက်စေရန် သူမ ဘာအမှားများ လုပ်ခဲ့မိသလဲဟု စဉ်းစားနေခဲ့မိသည်။

တဖြည်းဖြည်းနှင့် သူမ နားလည်လာသည်မှာ... မင်္ဂလာဆောင်ခါစအချိန်တွင် ကိုယ်လုပ်တော်ယူရန် သူမ စီစဉ်မပေးခဲ့သင့်ပေ။ အထူးသဖြင့် နန်းတွင်းမှ မင်းသမီးတစ်ပါးကို ပို၍ပင် မစီစဉ်ပေးသင့်ပေ။

သူက တာဝန်စတင်ထမ်းဆောင်ခါစသာ ရှိသေးသည်။ လီမိသားစုက သူ့နောက်ကျောထောက်နောက်ခံအဖြစ် ရှိနေလျှင်တောင်မှ ဤအချိန်တွင် ကိုယ်လုပ်တော်ယူခြင်းက သူ၏ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေလိမ့်မည်။ ၎င်းက ကောင်းသောအရာတစ်ခု မဟုတ်သည့်အပြင် သူ၏လုပ်ဖော်ကိုင်ဖက်များကလည်း သူ့ကို ထူးဆန်းတဲ့ အကြည့်များဖြင့် စောင်းငဲ့ကြည့်ကြလိမ့်မည်ဖြစ်၏။

ကံမကောင်းစွာဖြင့် အရင်က စုကျန်းအတွက် ဒီလိုကိစ္စများကို သူမ တစ်ခါမှ မစီစဉ်ပေးခဲ့ဖူးတာကြောင့် ဂုဏ်သိက္ခာရှိတဲ့ အိမ်ရှင်မတစ်ယောက်အနေဖြင့် ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာကို ကောင်းစွာ မသိခဲ့ပေ။

အခုတော့ စကားတွေလည်း ပြောပြီးသွားပြီဖြစ်ကာ သူမနှင့် အားချဲ့ကြားရှိ ခံစားချက်ကိုလည်း ထိခိုက်စေခဲ့ပြီဖြစ်၍ မနက်ဖြန် နယ်စားမင်းအိမ်တော်မှ ပြန်လာချိန်အထိ စောင့်ကာ သူ့ကို သေသေချာချာ တောင်းပန်ရန်သာ တတ်နိုင်တော့သည်။

"သခင်မလေး... အချိန်နောက်ကျနေပြီ။ အခု နားသင့်ပြီ"

မနက်ဖြန် ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ ပို့ရမည့်ပစ္စည်းများကို ပေါင်ချန်က ပြန်လည်စီစဉ်နေသည်။

ရွှယ်နင်က အကြိမ်ကြိမ် စစ်ဆေးကြည့်သော်လည်း အိပ်ချင်စိတ် လုံးဝမဖြစ်ပေါ်လာပေ။

ပေါင်ချန်က မနေနိုင်ဘဲ တိုက်တွန်းလိုက်၏။

"ဒီအတိုင်းဆက်သွားနေရင် မကြာခင် မိုးလင်းတော့မယ်။ ကျေးဇူးပြုပြီး အိပ်ပါတော့ သခင်မလေးရယ်"

"ငါ အိပ်မပျော်ဘူး"

ရွှယ်နင်က သေတ္တာကိုပိတ်လိုက်ပြီး သခင်မကျန်းနှင့် စုမန်တို့အတွက် ဘာများ ထပ်ပြင်ဆင်ပေးရဦးမလဲဟု စဉ်းစားရင်း ပြောလိုက်သည်။

"နင် သွားနားတော့လေ"

ပေါင်ချန်က နေရာမှ မရွေ့ပေ။

"သခင်မလေး... ဒီည ရှီဇီ ပြန်လာမလားဆိုတာကို စဉ်းစားနေတာလား"

ရွှယ်နင်၏ လက်ချောင်းများ ခဏမျှ ရပ်တန့်သွားပြီးနောက် သူမက အတင်းပြုံးပြလိုက်သည်။

"အဲဒီလိုမျိုး မဟုတ်ပါဘူး"

ပေါင်ချန် ဘာမှ ထပ်မပြောတော့ဘဲ ရွှယ်နင် အလုပ်ရှုပ်နေချိန်တွင် တိတ်ဆိတ်စွာ အဖော်ပြုပေးနေပြီး အချိန်အနည်းငယ်ကြာမှ အခန်းထဲမှ ထွက်လာခဲ့သည်။

သို့သော် သူမ စိတ်ပျက်သွားရသည်မှာ စာကြည့်ဆောင်တံခါးမှာ တင်းကျပ်စွာ ပိတ်ထားဆဲဖြစ်ပြီး အထဲတွင်လည်း မှောင်မိုက်နေ၏။

ဖူရှန်းတောင်မှ ထိုနေရာတွင် မရှိပေ။ ၎င်းက ရှီဇီ တကယ်ပြန်မလာသေးကြောင်း ပြသနေသည်။

ဟန်လင်ကျောင်းတော်က တကယ်ပဲ အဲ့ဒီလောက် အလုပ်ရှုပ်နေတာလား။ ဘာလို့ ရှီဇီက ဒီလောက်မိုးချုပ်တဲ့အထိ ပြန်မလာသေးတာလဲ။

ပေါင်ချန် ခြေဖျားထောက်ကာ တံခါးဆီသို့ ခဏမျှ မျှော်လင့်တကြီး လှမ်းကြည့်နေပြီးနောက် ကျိုယင်းဆောင်ဆီသို့ ပြန်လှည့်လာခဲ့သည်။

အခန်းထဲရှိ မီးအိမ်အချို့ကို ငြိမ်းသတ်ထားပြီးဖြစ်သည်။ ချွန်းချီသည် အတွင်းခန်းထဲမှ ထွက်လာကာ သူမ၏လက်ကို ဆွဲယူလိုက်သည်။

"သခင်မလေး အိပ်ဖို့ ပြင်နေပြီ။ အခုချိန် သူ(မ)ကို သွားမနှောင့်ယှက်သင့်ဘူး"

ပေါင်ချန်က ပန်းပုထွင်းထားသော ပြတင်းပေါက်တံခါးကို သံသယဖြင့် လှမ်းကြည့်လိုက်၏။

"အစ်မချွန်းချီ... မနက်ဖြန် ရှီဇီက သခင်မလေးနဲ့အတူ ရွှမ်းယီနယ်စားမင်းအိမ်တော်ကို လိုက်သွားပါ့မလား"

ချွန်းချီ ဘယ်လိုဖြေရမှန်း မသိပေ။ ရှီဇီ၏ သွားလာလှုပ်ရှားမှုများက သူတို့လို အစေခံများ ဝေဖန်ပြောဆိုခွင့်ရှိသည့် ကိစ္စမျိုး မဟုတ်ပေ။

သို့သော် ဒီရက်ပိုင်းအတွင်း ရှီဇီက ကျိုယင်းဆောင်သို့ ပြန်လာရန် ငြင်းဆန်နေပုံထောက်လျှင် မနက်ဖြန်အတွက်လည်း မသေချာနိုင်ပေ။

ပေါင်ချန် ချက်ချင်း နားလည်သွားပြီး သူမ၏ မျက်လုံးများ နီရဲလာသည်။

"ကျွန်မ နားလည်ပါပြီ"

ချွန်းချီက သူမ၏ခေါင်းကို နှစ်သိမ့်စွာ ပုတ်ပေးလိုက်သည်။

"ပေါင်ချန်... မငိုပါနဲ့။ မနက်ဖြန် ရှလန်နဲ့ ငါက နင်နဲ့ သခင်မလေးကို အဖော်လိုက်ခဲ့မယ်။ ရွှမ်းယီနယ်စားမင်းအိမ်တော်က ဘယ်သူ့ကိုမှ နင်တို့ကို အနိုင်ကျင့်ခွင့် မပေးဘူး"

ပေါင်ချန်၏ ရင်ထဲတွင် ကြည်နူးမှုနှင့် ဝမ်းနည်းမှု ရောယှက်ကာ ဆို့နင့်သွားသည်။

"ကျေးဇူးတင်ပါတယ် အစ်မ"

အိပ်ရာထဲ လှဲနေသော ရွှယ်နင်သည် ပေါင်ချန်၏ ရှိုက်သံများကို သဲ့သဲ့လေး ကြားနေရ၏။

သူမ တိုးတိုးလေး သက်ပြင်းချလိုက်ပြီး သူမ၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ရောယှက်နေသည်။

မှေးမှိန်သော လရောင်သည် ဇာပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာပြီး သူမအပေါ်သို့ လွှမ်းခြုံထားသည်။ သူမ တစ်ယောက်တည်း ခေါင်းအုံးကို မှီထားရင်း ထိုနေ့က သူထွက်သွားချိန်တွင် တွေ့လိုက်ရသော ထိုအမျိုးသား၏ မှောင်မိုက်ပြီး အေးစက်သော အကြည့်များကို ပြန်လည်အမှတ်ရနေမိသည်။

သူမ၏ နှလုံးသားကို ကြီးမားတဲ့ လက်တစ်ဖက်က ညင်သာစွာ ဆုပ်နယ်နေသကဲ့သို့ ခံစားလိုက်ရသည်။

အဆုံးအစမရှိသော နာကျင်ဆို့နင့်မှုတစ်ခုက သူမ၏ ရင်ထဲသို့ ပျံ့နှံ့သွားပြီး သူမ၏ မျက်လုံးများကို စူးရှစွာ နာကျင်လာစေသည်။

သူမ ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ ပြန်ရာတွင် လီချန်ချဲ့ လိုက်မလာခြင်းအတွက် သူ့ကို အပြစ်မတင်ပါ။

သူမကိုယ်သူမ စိတ်ဓာတ်အရမ်းအားနည်းလွန်းတယ်လို့ပဲ ခံစားရတယ်။

ဒီဘဝမှာ ပြန်လည်မွေးဖွားလာခဲ့ရင်တောင် သူမ ကြောက်ရွံ့နေဆဲပင်။

တစ်ယောက်တည်း ပြန်သွားရမှာကို ကြောက်တယ်၊ စုကျန်းနဲ့ ဆုံရမှာကို ကြောက်တယ်၊ သူ့ရှေ့မှာ အရင်ဘဝကလိုပဲ ခေါင်းမမော့နိုင်ဖြစ်နေမှာကို ကြောက်နေမိတယ်။

သို့သော် ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန် သူမ တစ်ယောက်တည်း ရင်ဆိုင်ဖို့ သင်ယူရမည်သာ။

သူမ ဆက်မတွေးတော့ဘဲ စောင်အောက်တွင် ကိုယ်ကိုဝှက်ထားလိုက်ရာ သူမ၏ မျက်လုံးများမှ မျက်ရည်များ နောက်ဆုံးတွင် စီးကျလာတော့သည်။

နှစ်နာရီပင် မပြည့်တပြည့် အိပ်စက်ပြီးနောက် ရွှယ်နင်သည် နီရဲရောင်ရမ်းနေသော မျက်လုံးများဖြင့် ထလာခဲ့သည်။

ပေါင်ချန်နှင့် ချွန်းချီတို့ မျက်နှာသုတ်ပုဝါနှင့် ရေနွေးများယူကာ ဝင်လာကြသည်။

အိပ်ရာပေါ်တွင် ကိုယ်ကိုကိုင်းထူလိုက်ရင်း သူမရှေ့တွင် သပ်ရပ်စွာ ရပ်နေသော အစေခံများကို လှမ်းကြည့်လိုက်ရာ သူမ၏ ခေါင်းက ထိုးကိုက်နာကျင်နေ၏။

"သခင်မလေး... နေမကောင်းဘူးဆိုပြီး အကြောင်းပြချက်ပေးပြီး မသွားဘဲ နေလိုက်ပါလား"

ပေါင်ချန်က နှုတ်ခမ်းကိုစူကာ ပြောသည်။

"သခင်မလေး ဘယ်လိုထင်လဲ"

ရွှယ်နင် နားထင်များကို ဖိနှိပ်လိုက်ပြီးနောက် မလွှဲသာမရှောင်သာ ထလိုက်သည်။

"ပြင်ဆင်လိုက်ကြရအောင်"

ဆိုလိုသည်မှာ သူမ သွားရန် ရည်ရွယ်ထားခြင်းပင်။

ပေါင်ချန်လည်း ရွေးချယ်စရာမရှိတော့သဖြင့် သူမကို မျက်နှာသစ်ရန်နှင့် အဝတ်အစားလဲရန် ဂရုတစိုက် ကူညီပေးလိုက်ရသည်။

သူမက ရွှယ်နင်ကို အရှေ့ခွဲ ငန်းဝါရောင်အပေါ်ဝတ်ရုံနှင့် ပန်းများထိုးထားသော အရောင်တူ အခေါက်ပါစကတ်ကို လဲလှယ်ဝတ်ဆင်ပေးလိုက်သည်။

မိန်းမငယ်လေး၏ အသားအရေက ဖြူစင်ဝင်းမွတ်နေပြီး မိတ်ကပ်အနည်းငယ် လိမ်းခြယ်လိုက်သောအခါ သူမက တောက်ပနေသည်။ သူမ၏ နှစ်ထပ်ခွေ ဆံထုံးလေးက သပ်ရပ်လှပပြီး ဆံထုံးပတ်လည်တွင် မျက်စိကျိန်းလောက်အောင် တောက်ပနေသော ရွှေရောင်ကတ္တီပါပန်းပွင့် အနည်းငယ်ဖြင့် အလှဆင်ထားရာ သူမဝတ်ဆင်ထားသော ငန်းဝါရောင်ပိုးသားဝတ်စုံနှင့် လိုက်ဖက်နေသည်။ ယင်းက ရွှယ်နင်၏ နဂိုကတည်းက ကျောက်စိမ်းကဲ့သို့ လှပသော အလှကို ပိုမိုပေါ်လွင်စေပြီး သူမကို ပို၍ပင် ရင်သပ်ရှုမောဖွယ် ဖြစ်စေ၏။

ချွန်းချီနှင့် ရှလန်တို့မှာ ပြုစားခံလိုက်ရသလိုပင် ငေးမောသွားကြသည်။

ရွှယ်နင်ကတော့ မှန်တင်ခုံရှေ့တွင် အိပ်ချင်မူးတူးဖြင့် ထိုင်နေဆဲပင်။

ပေါင်ချန်က အကူအညီမဲ့စွာ ပြုံးလိုက်ပြီး သူမ၏ သခင်မလေး ပုခုံးကို ညင်သာစွာ ပုတ်လိုက်သည်။

"သခင်မလေး... ထွက်ရတော့မယ့် အချိန်ရောက်ပါပြီ"

"အင်း..."

ရွှယ်နင်က အိပ်ချင်မူးတူးဖြင့် သူမ၏မျက်နှာကို ပွတ်သပ်လိုက်သည်။ မျက်လုံးအောက်မှ အလှပြင်ခြယ်ထားသော နီညိုရောင်တို့ ပျံ့လွင့်သွားသဖြင့် ဆွဲဆောင်မှုရှိသော ပန်းရောင်သန်းနေသည့် အရိပ်အယောင်လေးနှစ်ခု ပေါ်လာသည်။

"အားချဲ့.. ကျွန်မကို စောင့်ပါဦး..."

ထိုစကားလုံးများ သူမ၏နှုတ်ဖျားမှ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခန်းထဲရှိ လူအားလုံး အေးခဲသွားကြသည်။

ရွှယ်နင်လည်း ချက်ချင်း လန့်နိုးသွားပြီး အနေရခက်သော အပြုံးတစ်ခုကို အတင်းဖန်တီးရင်း စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်သည်။

"ရထားလုံး အဆင်သင့်ဖြစ်ပြီလား"

ပေါင်ချန်က နှုတ်ခမ်းကို စေ့လိုက်သည်။

"ဟုတ်ကဲ့၊ အဆင်သင့်ဖြစ်ပါပြီ"

ရွှယ်နင်က ပြုံးရင်း မျက်ခုံးကို ပင့်လိုက်သည်။

"ဒါဆိုလည်း ထွက်ကြတာပေါ့"

...

ရွှမ်းယီနယ်စားမင်းအိမ်တော်။

ယနေ့ နွေဦးရာသီ၏ ရှုခင်းမှာ အလွန်ပင် ခမ်းနားလှပသည်။ လေးလပိုင်း ဖြစ်သည့်အတွက် ပန်းများ အစုံအလင် ပွင့်လန်းနေပြီး အရွက်နုများကလည်း နေရာတိုင်းတွင် စိမ်းလန်းစိုပြည်နေသည်။

ဝမ်ရှို့ခန်းမထဲတွင် လူများဖြင့် စည်ကားနေပြီး အစေခံများနှင့် အိမ်တော်ထိန်းများစွာက စင်္ကြံတစ်လျှောက် စနစ်တကျ သွားလာနေကြသည်။

ကျောက်ဟွေ့ဆောင်ရှိ စင်မြင့်ကိုလည်း တည်ဆောက်ပြီးစီးခါနီးဖြစ်ပြီး ယနေ့ကျင်းပမည့် ပွဲတော်ကို ယီဟယ်ခန်းမတွင် ပြုလုပ်မည်ဖြစ်သည်။

ထိုအဆောင်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ကပ်လျက်ရှိပြီး လခြမ်းပုံ တံခါးပေါက်လေးတစ်ခုသာ ခြားထားသည်။

စုမိသားစု၏ အဝေးမှ ဆွေမျိုးများစွာသည် တန်ဖိုးကြီး ပိုးထည်ဝတ်စုံများကို ဝတ်ဆင်ကာ နယ်စားမင်းအိမ်တော်၏ နောက်ဖေးခြံဝင်းဆီသို့ ဦးတည်လာနေကြသည်။

ယနေ့သည် စုမိသားစုအတွက် အရေးကြီးသောနေ့ဖြစ်၏။ သခင်မကြီးရှဲ့၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့ပြီး ကျန်းကော်နယ်စားမင်းအိမ်တော်သို့ ထိမ်းမြားပေးလိုက်ရသော သမီးပျိုလေးက သူမ၏ခင်ပွန်းနှင့်အတူ မိခင်အိမ်သို့ ပြန်လာခြင်းပင်။

သခင်မကြီးရှဲ့သည် အဝေးမှဆွေမျိုးများကို ယနေ့ကျင်းပမည့် မိသားစုပွဲတော်သို့ တက်ရောက်ရန် ဖိတ်ကြားချက်များကို အစောကြီးကတည်းက ပေးပို့ထားခဲ့သည်။

မိုးမလင်းမီကပင် သခင်မနျဲ့သည် သခင်မကြီးရှဲ့၏ အခန်းသို့ ရောက်ရှိနေ၏။

သခင်မကြီးကို မျက်နှာသစ်၊ အဝတ်အစားလဲပေးပြီးနောက် သူမက ဘေးနားတွင်ရပ်ကာ နာကျင်နေသော သူမ၏ ခါးကို တိတ်တဆိတ် ပွတ်သပ်နေသည်။

မနေ့က စုယီလီသည် သူမကို ကုတင်ပေါ်မှာ အချိန်အတော်ကြာအောင် ဖိချုပ်ထားခဲ့ပေမယ့် ကံမကောင်းစွာဖြင့် အိမ်တွင်းမှုစီမံခန့်ခွဲခွင့်အာဏာကို သခင်မကျန်းထံ ပြန်မပေးသေးပေ။

သို့သော် ပြီးခဲ့သည့်ညက ဖြစ်ရပ်အပြီးတွင် သူမက ကိုယ်ဝန်တားဆေးကို အားဆေးဖြင့် တိတ်တဆိတ် လဲလှယ်ထားခဲ့သည်။ အကယ်၍ သူမ ကိုယ်ဝန်ရသွားပါက အသေးအဖွဲကိစ္စများကို သခင်မကျန်းထံ ပြန်လွှဲပေးနိုင်ပြီး သူမကိုယ်တိုင်ကမူ နောက်ဖေးခြံဝင်း၏ ငွေကြေးအာဏာကိုပဲ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားနိုင်မည် ဖြစ်၏။

သခင်မကြီးရှဲ့သည် ပုံမှန်ထက် ပိုမိုစောစီးစွာ ထလာခဲ့သည်။ သူမက ရွှယ်နင်နှင့် လီချန်ချဲ့တို့ ပြန်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေသည်။ထိုအခါမှသာ သူမက လူတိုင်း၏ရှေ့တွင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ခေါင်းမော့နိုင်မှာပင်။

သခင်မနျဲ့ ပျင်းရိနေတာကို မြင်တဲ့အခါ သူမ ဒေါသမထွက်ဘဲ မျက်စောင်းသာ ထိုးလိုက်သည်။

"အဓိက တံခါးပေါက်မှာ စောင့်ကြည့်ဖို့ လူတစ်ယောက် လွှတ်လိုက်။ သတင်းရတာနဲ့ ချက်ချင်း ပြန်လာသတင်းပို့ခိုင်း။ နောက်ဆုံးအကြိမ် အိမ်ပြန်ပွဲတုန်းကလိုမျိုး ဘာမှားယွင်းမှုမှ မဖြစ်စေနဲ့"

သခင်မနျဲ့က အမြန်ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ”

All Chapters