အခန်း ၂၂၄
Vol. 23 Ch. 224
အခန်း (၂၂၄) သမက်တော်က ဘယ်မှာလဲ
အချိန်အနည်းငယ်ကြာသော် စုမိသားစု၏ တတိယအိမ်တော်ခွဲမှ လူအားလုံးနီးပါး စုဝေးရောက်ရှိလာကြသည်။
စုချင်းနှင့် ရှဲ့နင်းထန်တို့သည် နေမကောင်းသည့်ဟန်ဖြင့် ကုလားထိုင်များတွင် အားပျော့စွာ မှီထားကြ၏။
သခင်မတုန်းသည် အနည်းငယ် စိုးရိမ်တကြီးဖြစ်ကာ သူမလက်ထဲရှိ ပဝါကို တိတ်တဆိတ် လိမ်ကျစ်နေမိသည်။
ဘယ်လိုပဲဖြစ်ဖြစ် ရွှယ်နင်နှင့် တတိယအိမ်တော်ခွဲ၏ ဆက်ဆံရေးက သိပ်ကောင်းတာ မဟုတ်ဘူး။
ဒါ့အပြင် ပြီးခဲ့သည့်အကြိမ် ဖန့်လိုစားသောက်ဆိုင်မှာ စုချင်းက ရွှယ်နင်ကိုဆန့်ကျင်ပြီး မင်းသမီးရှို့နင်းဘက်မှ ပါဝင်ခဲ့သဖြင့် အငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့သေးတယ်။
တောင်းပန်သည့်အနေဖြင့် စုချင်းက ကျန်းကော်နယ်စားမင်းအိမ်တော်ပြင်ပတွင် တစ်ရက်လုံး ဒူးထောက်ခဲ့ရပြီး နောက်ပိုင်းတွင် အေးစက်သော မိုးရေထဲ၌ စိုရွှဲသွားခဲ့၏။
အိမ်ပြန်ရောက်တဲ့အခါ သူမက ကုတင်ပေါ်တွင် လဲကျသွားပြီး သုံးရက်သုံးညဆက်တိုက် အိပ်ရာထဲလူးလှိမ့်နေခဲ့ရတယ်။ ယခုတိုင် သူမ၏ ခန္ဓာကိုယ်က အအေးဒဏ်ကို ကောင်းစွာ မခံနိုင်သေးပေ။
လီမိသားစု၏ ဆက်ခံသူသခင်လေးက ရွှယ်နင်အပေါ် အလွန်အမင်း အလိုလိုက်ထားတာ။ အကယ်၍ သူ့ဒေါသများ မပြေသေးဘဲ ရွှယ်နင်ကို အားပေးထောက်ခံရန် ဒီနေ့ သူသာရောက်လာခဲ့ပါက သူမရဲ့ အားချင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။
မင်းသမီးရှို့နင်းသည် ပန်းထိုးထားသော ခေါင်းစည်းကြိုးကို ဝတ်ဆင်ထားပြီး သူမ၏ခန္ဓာကိုယ်က ကုလားထိုင်ပေါ်တွင် လျော့ရဲစွာထိုင်နေကာ အေးစက်ပြီး စွမ်းအင်ကင်းမဲ့ကာ အသက်မပါသလို ဖြစ်နေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျောက်စိမ်းပြာရောင် လက်ကျယ်ဝတ်ရုံကို ဝတ်ဆင်ထားသော လျိုရှီက တည်ငြိမ်အေးချမ်းသော အမူအရာဖြင့် မတ်မတ် ထိုင်နေသည်။
သခင်မကြီးရှဲ့က ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
"အချိန်နှောင်းနေပြီ။ ကျန်းကော်နယ်စားမင်းအိမ်တော်က ရထားလုံး မကြာခင် ရောက်လာတော့မယ်။ မင်းတို့အားလုံး အိမ်တော်အပြင်ဘက်မှာ သွားကြိုဖို့ ငါနဲ့လိုက်ခဲ့ကြ"
လျိုရှီက မထီမဲ့မြင်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"သခင်မကြီး၊ ရွှယ်နင်ကို အရမ်းကြီး အထင်မကြီးသင့်ဘူး။ လတ်တလော ကျန်းကော်နယ်စားမင်းအိမ်တော်က သခင်လေးလီက ဟန်လင်ကျောင်းတော်မှာပဲ နေနေပြီး နယ်စားမင်းအိမ်တော်ကို ပြန်လာခဲတယ်လို့ ကြားတယ်။ မနေ့ညကလည်း သူ အပြင်မှာပဲ အိပ်ခဲ့တာ။ ကောလာဟလတွေက မှားနေပုံရတယ်။ သခင်လေးလီက ရွှယ်နင်အပေါ်ထားတဲ့ ခံစားချက်က ထူးထူးခြားခြား မဟုတ်ပါဘူး။ ဒီနေ့ ရွှယ်နင်နဲ့အတူ သူ ပြန်ပါလာမှာ မဟုတ်ဘူးလို့ ထင်တယ်"
လီချန်ချဲ့ ဒီနေ့ရောက်လာမယ်ဆိုတဲ့ အတွေးကြောင့် ကြောက်ရွံ့တုန်လှုပ်နေသော မင်းသမီးရှို့နင်းသည် ထိုစကားကို ကြားတဲ့အခါ နားစွင့်သွားသည်။
"ရှီဇီလီ မလာဘူးလား"
သခင်မကြီးရှဲ့က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
"အဲဒါကို ဘယ်က ကြားလာတာလဲ"
လျိုရှီက ပြုံးလိုက်သည်။
"ဟန်လင်ကျောင်းတော်မှာ အလုပ်လုပ်နေတဲ့ ကျွန်မရဲ့ တူဆီကနေ ကြားလာရုံပါ။ သခင်မကြီး အရမ်းကြီး အလေးအနက် မထားပါနဲ့။ သမက်တော် လာနိုင်တဲ့ အခွင့်အရေး ရှိပါသေးတယ်"
သခင်မကြီးရှဲ့မှာ သံသယများ တိုးပွားလာပြီး လိုဟန်ကုတင်ပေါ်တွင် ထိုင်နေသော သူမ၏ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းသွားသည်။
သူမက ရွှယ်နင်ကို တွေ့ချင်နေတာ မဟုတ်ဘဲ ရွှယ်နင်ကို အသုံးချပြီး ကျန်းကော်နယ်စားမင်းအိမ်တော်နှင့် အဆက်အသွယ်လုပ်ကာ လီမိသားစု၏ ခိုင်ခံ့မြင့်မားသော အကိုင်းအခက်ပေါ်သို့ တွယ်တက်ရန် မျှော်လင့်နေခြင်းသာ။
အကယ်၍ ရှီဇီလီသာ မလာခဲ့ပါက ရွှယ်နင် တစ်ယောက်တည်း ပြန်လာတာက ဘာအသုံးကျမှာလဲ။
သို့သော်လည်း လီချန်ချဲ့သည် ရှဲ့နင်းထန်နှင့် စုချင်းတို့ကို ရွှယ်နင်အား တောင်းပန်စေရန် ခြိမ်းခြောက်ဖို့ အရင်က အိမ်တော်သို့ ကိုယ်တိုင်ကိုယ်ကျ လာခဲ့သေးသည်။ သူ၏ ဒေါသနှင့် ကာကွယ်ပေးလိုစိတ်က ဟန်ဆောင်နေပုံ မရပေ။
လျိုရှီ နားကြားမှားသွားခြင်းလည်း ဖြစ်နိုင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရွှမ်းယီနယ်စားမင်းအိမ်တော်က ဒီနေ့မှာ ရွှယ်နင်ကို သေသေချာချာ ဧည့်ခံပြီး သူမနှင့် ဆက်ဆံရေးကို ခိုင်မာအောင် လုပ်ရမယ်။
"တော်တော့။ ဘာပြောသင့်တယ် ဘာမပြောသင့်ဘူးဆိုတာ နင်သိပါတယ်။ ဒီလိုကောင်းမွန်တဲ့ နေ့လေးမှာ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်စမ်းပါနဲ့"
သခင်မကြီးရှဲ့က လျိုရှီကို စူးရဲစွာ ကြည့်လိုက်သည်။
"ကျန်းနျန်... နင် ငါနဲ့လိုက်ခဲ့"
ထိုအခါမှသာ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသော သခင်မကျန်းက ခေါင်းကို အနည်းငယ် မော့လာသည်။
"ဟုတ်ကဲ့ပါ အမေ"
သခင်မနျဲ့၏ နှုတ်ခမ်းများ တွန့် ချိတ်သွားသည်။ သူမ နေရာယူထားတဲ့ သခင်မကြီးရှဲ့၏ဘေးနေရာကို သခင်မကျန်းက လျင်မြန်စွာ ဝင်ယူသွားလေသည်။
အဆင့်နိမ့် ကိုယ်လုပ်တော်တစ်ယောက်အနေဖြင့် သူမက တရားဝင်သခင်များ၏ အနောက် အဝေးဆီမှသာ လိုက်ပါနိုင်သည်။
သူမ၏မျက်နှာထက်မှ အေးစက်မှုကို မဖုံးကွယ်နိုင်ဘဲ နာကြည်းမုန်းတီးမှုများ လွှမ်းမိုးလာတာကို ခံစားလိုက်ရသည်။
ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ လပေါင်းများစွာ ပင်ပန်းဆင်းရဲစွာဖြင့် ဒီသခင်များကို အားကုန်ခမ်းသည်အထိ အလုပ်အကျွေးပြုခဲ့ပြီးနောက်တွင်တော့ သူမက စုချင်းနှင့်သာ ယှဉ်တွဲလမ်းလျှောက်ခွင့် ရလေသည်။
တစ်ချိန်တည်းမှာပင် လက်တစ်ချောင်းမျှပင် မလှုပ်ခဲ့ရဘဲ ဘိုးဘွားခန်းမဆောင်မှ ယခုလေးတင် ထွက်လာခဲ့တဲ့ သခင်မကျန်းကတော့ ရွှယ်နင်နှင့် နက်ရှိုင်းသော သားအမိသံယောဇဉ်ရှိရုံမျှဖြင့် သခင်မကြီး၏ဘေးတွင် ရပ်ခွင့်ရနေပြီ။
မြို့စားမင်းပင်လျှင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သခင်မကျန်းနှင့် သိသိသာသာ ပို၍ နီးကပ်လာခဲ့သည်။ သူမသာ အစွမ်းကုန် မမြူဆွယ်ခဲ့လျှင် သူမ၏ယောက်ျားက ချိုးရွှေခြံဝင်းတွင်သာ နေနေတော့မည်။ သခင်မနျဲ့၏ အကြည့်များ မှောင်မိုက်သွား၏။
ဒီသခင်မကျန်းကို တစ်ရက်မဖယ်ရှားနိုင်ပါက သူမအတွက် တစ်ရက် ဂုဏ်သိက္ခာမဲ့နေရမှာ။ အနှေးနှင့်အမြန်ဆိုသလို သခင်မကျန်းကို နယ်စားမင်းအိမ်တော်ထဲကနေ မောင်းထုတ်နိုင်မယ့် အခွင့်အရေးကို သူမ ရှာတွေ့ရမယ်။
သခင်မကြီးရှဲ့သည် သခင်မကျန်းနှင့် အခြားသူများကို အိမ်တော်အရှေ့တံခါးသို့ ဦးဆောင်ခေါ်သွားစဉ်မှာပင် ကျန်းကော် နယ်စားမင်းအိမ်တော်မှ ရထားလုံး ရောက်လာပြီဖြစ်ကြောင်း သူတို့ ကြားလိုက်ရသည်။
"မြန်မြန်... မြန်မြန်၊ သခင်မလေးကို ကြိုဆိုဖို့ တံခါးဖွင့်ကြ"
သခင်မကြီးရှဲ့၏ မျက်လုံးများ အရောင်လဲ့သွားပြီး သူမ၏ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်သည်။ သခင်မကျန်း၏ တွဲမမှုဖြင့် အိမ်တော်ပင်မတံခါးမှ ထွက်လာခဲ့ရာ အလွန်ကျက်သရေရှိပြီး တင့်တယ်လှပသော အစေခံမိန်းကလေး အတော်များများ ခြံရံလျက် ရထားလုံးပေါ်မှ ဆင်းလာသော ရွှယ်နင်ကို တကယ်ပင် မြင်လိုက်ရသည်။
တစ်လကျော်ကြာ ကွဲကွာနေခဲ့ပြီးနောက် တစ်ချိန်က အားနည်းပြီး ဖြူဖျော့နေခဲ့သော မိန်းမငယ်လေးသည် ယခုအခါ တောင်တန်းများနှင့် လယ်ကွင်းများကို ဖုံးလွှမ်းထားသော ဆောင်းစံပယ်ပန်းများကဲ့သို့ တောက်ပသော ငန်းဝါရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားလေသည်။
သူမ၏ သွယ်လျပြီး မင်ရည်ကဲ့သို့ နက်မှောင်နေသော မျက်ခုံးနှစ်သွယ်မှာ ခပ်ရေးရေး မြူခိုးများကဲ့သို့ဖြစ်ပြီး သူမ၏ မျက်လုံးများက စမ်းပေါက်ရေကဲ့သို့ ကြည်လင်နေ၏။
ကြွေသားကဲ့သို့ ဖြူဖွေးနေသော သူမ၏ အသားအရေက ခဲနေသော နို့နှစ်ကဲ့သို့ ချောမွေ့နေသည်။
နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော သိုးဆီဥကျောက်စိမ်းနှင့် တူညီနေပြီး သူမ၏ ပြည့်ဖောင်းကာ ပန်းရောင်သန်းနေသော ပါးပြင်ပေါ်သို့ နေရောင်ခြည် ကျဆင်းလာသောအခါ သူမက ပို၍ပင် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပနေလေသည်။
ရွှယ်နင်၏ ရုပ်ရည်က တစ်နေ့မှာ အမျိုးသားများကို ဒုက္ခပေးနိုင်လောက်သည့် မိန်းမလှတစ်ဦး ဖြစ်လာစေမည်ဟု သခင်မကြီးရှဲ့ အမြဲတွေးခဲ့သည်။ ယခု ကောင်းစွာ ပြုစုယုယခံထားရပြီး နှင်းပွင့်ကဲ့သို့ ဖြူဖွေးသောအသားအရေ၊ နက်မှောင်သော ဆံကေသာတို့နှင့် ဤမိန်းကလေးကို မြင်လိုက်ရသောအခါ အသက်ရှူမှားလောက်အောင် ပိုမိုလှပနေသဖြင့် သက်ပြင်းချကာပင် ချီးကျူးသွားရ၏။
သူမ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး နှုတ်ခမ်းကိုကွေးညွှတ်ကာ ပြုံးလိုက်ပြီး ရှေ့သို့လှမ်းကာ ရွှယ်နင်၏ အေးစက်နေသော လက်ကလေးများကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်။
"ချစ်မြေးလေး... အဘွားက နောက်ဆုံးတော့ မြေးလေးကို ပြန်ကြိုဆိုနိုင်ခဲ့ပြီ"
ရွှယ်နင် မော့ကြည့်လိုက်တဲ့အခါ လှပသေသပ်စွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်စု ချဉ်းကပ်လာတာကို မြင်လိုက်ရသည်။ သခင်မကြီးရှဲ့မှာ စိတ်လှုပ်ရှားနေပုံရပြီး သူမ၏ မျက်လုံးများထဲတွင် ချစ်ခင်ကြင်နာမှုနှင့် နူးညံ့သိမ်မွေ့သော အရောင်အဝါများ ပြည့်နှက်နေသည်။
အခြားသူများ၏ မျက်လုံးများတွင် ရှုပ်ထွေးတဲ့ အမူအရာများ ရှိနေသော်လည်း အားလုံးက ရင်းနှီးကျွမ်းဝင်ပုံရသော အပြုံးများကို တပ်ဆင်ထားကြသည်။ လူတိုင်း ပြုံးနေကြပေမယ့် ထိုအပြုံးများက သူတို့၏ မျက်လုံးများအထိ မရောက်ဘဲ အကဲခတ်နေသော သဘောသဘာဝကိုသာ ပို၍ ဖော်ပြနေသည်။
သခင်မကြီးရှဲ့ဘေးရှိ သခင်မကျန်းနှင့် သခင်မကျန်း၏ အနောက်ဘက်ရှိ စုမန်တို့သာလျှင် သူမပြန်လာခြင်းကို စစ်မှန်စွာ ကြိုဆိုနေကြ၏။
"နင်နင်!"
စုမန်က လည်ပင်းကို ဆန့်ထုတ်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုချိတ်ဆွဲလျက် ရွှယ်နင်ကို ချက်ချင်းပင် ဖက်တွယ်လိုက်ချင်နေသည်။ သို့သော် သခင်မကြီးရှဲ့ ရှိနေသဖြင့် သူမ၏ နယ်ပယ်ကို ကျော်လွန်ရန် မဝံ့ရဲပေ။ သူမက သခင်မကြီး၏ အနောက်ဘက်တွင် သနားစရာကောင်းလောက်အောင် ရပ်နေရင်း မျက်လုံးများ တောက်ပစွာဖြင့် ရွှယ်နင်ကို ဆက်တိုက် မျက်စိမှိတ်ပြနေခဲ့သည်။
ရွှယ်နင်က သခင်မကြီးရှဲ့၏ ဆုပ်ကိုင်ထားမှုမှ သူမ၏ လက်ချောင်းများကို မသိမသာ ရုပ်သိမ်းလိုက်ပြီး အရိုအသေပေးလိုက်သည်။
"ရွှယ်နင် သခင်မကြီးကို ဂါရဝပြုပါတယ်"
သခင်မကြီးရှဲ့က ပြုံးလိုက်သည်။
"နင်နင်၊ အဘွားလို့ပဲ ခေါ်ပါ။ မြေးလေးက စုမိသားစု ဆွေစဉ်မျိုးဆက်စာရင်းမှာ မှတ်တမ်းတင်ထားတဲ့ အဘွားရဲ့ မွေးစားမြေးလေးလေ။ တို့တွေက မိသားစု တစ်စုတည်းဖြစ်နေတာ ကြာပါပြီ"
ယခင်ကဆိုလျှင် သခင်မကြီးရှဲ့ထံမှ ဒီလိုမျိုး မျက်နှာချိုသွေးတဲ့ စကားမျိုးကို ကြားရမည် မဟုတ်ပေ။
ရွှယ်နင်က သခင်မကြီးရှဲ့၏ ဟန်ဆောင်မှုကို မဖော်ပြဘဲ မထင်မရှား အဓိပ္ပါယ်ပါသော အပြုံးလေးဖြင့် နှုတ်ခမ်းကို ကွေးညွှတ်လိုက်သည်။
"အဘွားက အရမ်း သဘောကောင်းလွန်းပါတယ်။ နင်နင်က ဒီနေ့ အားလုံးကို တွေ့ချင်ရုံသက်သက် ပြန်လာတာဖြစ်ပြီး မွန်းလွဲပိုင်းကျရင် ပြန်သွားမှာပါ။ ဒါနဲ့ ဒါက ဒုတိယဦးလေး မိသားစုက ညီမလေး ချန်လဲ့ပါ။ သူ(မ)က ဒီနေ့ အိမ်မှာ ဘာမှလုပ်စရာမရှိလို့ နယ်စားမင်းအိမ်တော်ကို ကျွန်မနဲ့အတူ အလည်လိုက်လာတာ"
"ချန်လဲ့က သခင်မကြီးရှဲ့ကို ဂါရဝပြုပါတယ်"
လီချန်လဲ့က သခင်မကြီးရှဲ့ကို အရိုအသေပေးရင်း မျက်လုံးများကွေးသွားသည်အထိ ချိုသာစွာ ပြုံးလိုက်သည်။
"အို... ဒီလိုလုပ်စရာ မလိုပါဘူး"
သခင်မကြီးရှဲ့က လီချန်လဲ့ကို အလျင်စလို ထူပေးလိုက်ပြီး အကဲခတ်ကြည့်လိုက်သည်။ သူမရှေ့မှ မိန်းမငယ်လေးသည် ချိုသာသောအပြုံး၊ တောက်ပသော မျက်လုံးနက်လေးများဖြင့် နုပျိုလှပနေတယ်လို့ သူမ ခံစားလိုက်ရသည်။ ဤမိန်းကလေးသည် ရိုးသားဖြူစင်သော်လည်း ယဉ်ကျေးသိမ်မွေ့ကာ ထင်ရှားသော မိသားစုကြီးမှ ကြီးပြင်းလာသည့် ဂုဏ်ကျက်သရေရှိသော ကလေးတစ်ယောက်နှင့် တူပေသည်။
"လီမိသားစုရဲ့ သမီးတွေက တကယ်ကို ထူးခြားတာပဲ။ သူ(မ)ရဲ့ ရုပ်ရည်ကို ကြည့်ပါဦး၊ သခင်လေးလီနဲ့ နည်းနည်း ဆင်တူတယ်။ ဒီလို ငယ်ရွယ်တဲ့ အရွယ်မှာတောင် အရမ်းလှနေပြီ။ အနာဂတ်မှာ ဘယ်လောက်တောင် လှလာမလဲ မသိဘူး"
ရွှယ်နင် အနည်းငယ် ပြုံးလိုက်ပြီး လီချန်လဲ့မှာမူ မျက်နှာလေး ရဲသွားသည်။
"ချန်လဲ့နဲ့ အစ်ကိုကြီးက နည်းနည်းမှ မတူပါဘူး။ အစ်ကိုပြီးက အများကြီး ပိုချောတာပါ"
သခင်မကြီးရှဲ့က ပြုံးလိုက်ပြီး သူမ၏ခေါင်းကို လှည့်ကာ ရွှယ်နင်၏ အနောက်ဘက်သို့ မျှော်လင့်တကြီး ကြည့်လိုက်သည်။
"သမက်တော်က ဘာလို့ မလာတာလဲ”