အခန်း ၂၂၆
Vol. 23 Ch. 226
အခန်း (၂၂၆) - သူတို့ ဘာလို့ လင်မယားအရာမမြှောက်ကြသေးတာလဲ
ရွှယ်နင်က လီချန်လဲ့ကို တိတ်တဆိတ် လှမ်းကြည့်ရင်း အနည်းငယ် အံ့အားသင့်နေမိသည်။
ဒီနေ့ သူမက ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ တစ်ယောက်တည်း ပြန်ရန် မူလက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ သူမ ထွက်ခွာခါနီးတွင် တံခါးအပြင်ဘက်၌ စောစောစီးစီး လာရောက်စောင့်ဆိုင်းနေသော လီချန်လဲ့နှင့် ဆုံခဲ့သည်။ လီချန်လဲ့က စကားအများကြီး မပြောဘဲ မြင်းလှည်းပေါ်သို့ တက်လာကာ ရင်ဘတ်ပေါ် လက်ပိုက်လျက် ရွှယ်နင်ကို တည်ငြိမ်စွာ မှီလိုက်ပြီး ပြောလာသည်။
"ယောင်းမ... ချန်လဲ့လည်း ရွှမ်းယီနယ်စားမင်းအိမ်တော်ကို လိုက်ကြည့်ပေးမယ်လေ"
ဝူရှီက သူတော်ကောင်းယောင်ဆောင်တတ်သူ ဖြစ်သော်လည်း သူမ၏သမီးဖြစ်သူကတော့... အနည်းငယ် ထူးဆန်းလှသည်။
လီချန်လဲ့၏ ရည်ရွယ်ချက်ကို ရွှယ်နင် သိပ်မပြတ်သားသော်လည်း သူမကို ကြည့်သည့် လီချန်လဲ့၏ အကြည့်များက ရင်းနှီးဖော်ရွေမှု ရှိနေဆဲ ဖြစ်ကာ အနည်းဆုံးတော့ လှည့်ကွက်ကြံစည်မှုများ သိပ်မပါဝင်ပေ။ ထို့ကြောင့် သူမက လီချန်လဲ့ကို တစ်ပါတည်း ခေါ်လာခဲ့ခြင်း ဖြစ်၏။
တကယ်လည်း လီမိသားစုမှ သမီးပျိုလေး ရှိနေသဖြင့် သခင်မကြီးရှဲ့က သူမကိုယ်သူမ အတော်လေး ထိန်းထိန်းသိမ်းသိမ်း ပြုမူနေထိုင်သည်။
ခဏမျှ ထိုင်ပြီးနောက် သခင်မကျန်းက သူတို့ကို စတင်မောင်းထုတ်တော့သည်။
"မန်မန်... သခင်မလေးချန်လဲ့ကို ဥယျာဉ်ထဲ ခေါ်ပြီး လမ်းလျှောက်လိုက်ဦး။ အမေ နင်နင်နဲ့ သီးသန့် စကားပြောစရာလေး ရှိလို့"
စုမန်က မကျေမနပ် ဖြစ်သွားသည်။
"အမေကလည်း... သမီးလည်း နင်နင့်ကို မတွေ့ရတာ ကြာပြီဥစ္စာ။ ကိုယ့်သမီးအရင်းတောင် ကြားလို့မရတဲ့ စကားမျိုးက ဘာမို့လို့လဲ"
သခင်မကျန်းက သူမကို ချော့မော့လိုက်သည်။
"သွားပါ... လိမ္မာတယ်၊ နင်နင်က နောက်မှ ထပ်လာဦးမှာပဲကို"
စုမန်လည်း ရွေးချယ်စရာမရှိဘဲ လီချန်လဲ့၏လက်ကို ဆွဲကာ ခြေလှမ်းအနည်းငယ်လှမ်းတိုင်း လှည့်ကြည့်နေတော့သည်။
"ဒါဆိုလည်း ပြီးတာပဲ... နင်နင်၊ ဒီနေ့ အိမ်မှာ ကြာကြာနေရမယ်နော်"
စုမန်နှင့် လီချန်လဲ့တို့ ထွက်သွားပြီးနောက်မှသာ သခင်မကျန်းက ရွှယ်နင်ကို သူမ၏ရင်ခွင်ထဲသို့ ပြန်လည်ဆွဲသွင်းလိုက်သည်။
"နင်နင်... အမေ့ကို အမှန်အတိုင်းပြောစမ်းပါ၊ လီမိသားစုမှာ နေရတာ အဆင်ပြေရဲ့လား"
ရွှယ်နင်၏ နှာခေါင်းလေးမှာ အနည်းငယ် စပ်ဖျဉ်းသွားသည်။
"အမေ... သမီး တကယ်ပဲ အဆင်ပြေပြေ နေထိုင်ရပါတယ်"
သခင်မကျန်းက သူမကို လွှတ်ပေးလိုက်ပြီး မသင်္ကာသောအကြည့်ဖြင့် ကြည့်သည်။
"ကျန်းကော်နယ်စားမင်းအိမ်တော်က နယ်စားမင်းက ဘယ်သူ့ကိုမှ ညှာတာမှုမရှိတဲ့ ရက်စက်တဲ့ လူသတ်သမားကြီးလို့ အမေ ကြားဖူးတယ်။ အရင်တုန်းက သူ မြို့အတော်များများကို သွေးချောင်းစီး သတ်ဖြတ်ခဲ့လို့ သူ့ရဲ့ သွေးဆာပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဂုဏ်သတင်းက နေရာအနှံ့ ပျံ့နှံ့ခဲ့တာ။ နှစ်ပေါင်းများစွာအထိ ဘယ်သူမှ သူတို့ရဲ့သမီးတွေကို လီမိသားစုထဲ လက်ထပ်မပေးရဲကြဘူး။ နင့်ယောက္ခထီးကြီးက နင့်ကို တကယ်ပဲ အနိုင်မကျင့်ဘူးလား"
ရွှယ်နင်က ပြုံးလျက် ခေါင်းခါပြလိုက်သည်။
"မဟုတ်ပါဘူး အမေ... မြို့တွေကို သတ်ဖြတ်ခဲ့တဲ့ ကိစ္စတွေအကြောင်း သမီး သိပ်မသိပေမယ့် ယောက္ခထီးကြီးက သမီးအပေါ် တကယ်ကို ကောင်းရှာပါတယ်။ ယောက္ခမကလည်း အိမ်တွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်လေ့ မရှိဘူး။ အခုဆိုရင် ကျန်းကော်နယ်စားမင်းအိမ်တော် အတွင်းဆောင်ရဲ့ စီမံခန့်ခွဲခွင့် အာဏာအတော်များများက သမီးရဲ့ လက်ထဲမှာပဲ ရှိတာ"
သခင်မကျန်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
နင်နင်က ကျန်းကော်နယ်စားမင်းနှင့် ဇနီးဖြစ်သူတို့၏ မျက်နှာသာပေးမှုကို ဤမျှလျင်မြန်စွာ ရရှိလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သတင်းများအရ သခင်မဝမ်သည် နယ်စားမင်းလီ၏ အတင်းအဓမ္မ လက်ထပ်ခြင်းကို ခံခဲ့ရသဖြင့် သူမ၏ စိတ်သဘောထားကလည်း မကောင်းလှပေ။ ကျန်းကော်နယ်စားမင်းအိမ်တော်၏ အနောက်ဆောင်မှ ရောင်းထုတ်ခံရသည့် အစေခံများနှင့် အထိန်းတော်ကြီးများ၏ အရေအတွက်မှာ အခြားသော မှူးမတ်အိမ်တော်များထက် များစွာ ပိုမိုမြင့်မားသည်။
ရွှယ်နင် လက်ထပ်သွားကတည်းက သခင်မကျန်းသည် ဘုရားကျောင်းဆောင်ထဲတွင် သူမအတွက် နေ့စဉ်ရက်ဆက် စိုးရိမ်ပူပန်နေခဲ့ရ၏။ သူမ၏သမီးက အတွေ့အကြုံမရှိသဖြင့် အခြားအိမ်မှာ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်ခဲ့သည်။ ထို့အပြင် အသက်ငယ်ရွယ်သေးသည့်အပြင် လောကအမြင်မရှိသော ပေါင်ချန်တစ်ယောက်တည်းနှင့် တံတိုင်းမြင့်လှသော နက်ရှိုင်းသည့်အိမ်တော်ကြီးထဲတွင် ကျန်ရစ်ကာ အလွယ်တကူ လှည့်ဖြားခံရမှာကိုလည်း ပူပန်ခဲ့သည်။
ဒါ့အပြင် ရွှယ်နင်က ပြင်ပမှ အမျိုးသားများနှင့် ဘယ်လိုဆက်ဆံရမယ်ဆိုတာကို မသိဘဲ ရှီဇီလီနှင့် လင်မယားကြား အဆင်မပြေဖြစ်မှာကိုလည်း စိုးရိမ်နေခဲ့သည်။ ယခုတော့ ရွှယ်နင်ကို နောက်ဆုံးတွင် ပြန်လည်တွေ့ဆုံခွင့်ရပြီဖြစ်၍ သူမတွင် မေးစရာ မေးခွန်းများစွာ ရှိနေတော့သည်။
ရွှယ်နင်က ပြုံးလိုက်ပြီး သူမ၏ လက်သေးသေးလေးများက သခင်မကျန်း၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"သမီး တကယ် အဆင်ပြေပါတယ် အမေ။ အမေ စိတ်ပူစရာမလိုပါဘူး။ အားချဲ့က သမီးကို သူ့ရဲ့ ညီမအရင်းလေးတစ်ယောက်လို သဘောထားပြီး သမီးအပေါ် အရမ်းကောင်းပါတယ်။ စားဝတ်နေရေးအတွက် ဘာမှ လိုလေသေးမရှိဘူး။ အိမ်တော်က အစေခံတွေအကုန်လုံးကလည်း သမီးကို အရမ်းလေးစားကြတယ်။ ဒီလိုဘဝမျိုးက တုန်းကျင်းက အထက်တန်းလွှာ အသိုင်းအဝိုင်းက အမျိုးသမီးတော်တော်များများ အားကျရပေမယ့် မရနိုင်တဲ့ ဘဝမျိုးပါ"
ထိုအခါမှသာ သခင်မကျန်း သက်ပြင်းချနိုင်တော့သည်။ သူမက အခြားတစ်ခုကို သတိရသွားကာ ရွှယ်နင်ကို အနားသို့ ဆွဲယူပြီး တိုးတိုးလေး မေးလိုက်သည်။
"အရင်တုန်းက လမ်းမတွေထက်မှာ သမီးနဲ့ ရှီဇီလီတို့ လင်မယားအရာမမြှောက်ကြသေးဘူးဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ဖူးတယ်။ ဖန့်လိုစားသောက်ဆိုင်မှာ အတော်လေး ဂယက်ရိုက်သွားခဲ့တာ။ အခုရော ဘယ်လိုနေလဲ။ အတူနေဖြစ်ကြပြီလား"
စကားပြောရင်းဖြင့် သူမက ရွှယ်နင်၏ အင်္ကျီလက်ကို ညင်သာစွာ ခေါက်တင်လိုက်သည်။
သွယ်လျသော လက်မောင်းပေါ်ရှိ တောက်ပသော အနီရောင် ရှို့ကုန်းရှား(အပျိုစင်အမှတ်အသား) ကို မြင်လိုက်ရသောအခါ သခင်မကျန်း အနည်းငယ် မှင်သက်သွားသည်။
ရွှယ်နင်က မူလက ဤကိစ္စကို ဖုံးကွယ်ထားရန် ရည်ရွယ်ခဲ့သော်လည်း သခင်မကျန်းက ဤမျှမြန်မြန် လှုပ်ရှားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ရုတ်တရက် အငိုက်မိသွားသဖြင့် သူမ အနေရခက်စွာ ပြုံးလိုက်ပြီး သူမ၏ အင်္ကျီလက်ကို အနည်းငယ် ပြန်ဆွဲချလိုက်သည်။
"သူနဲ့ သမီးက... အခုထိ... မဖြစ်ကြသေးပါဘူး..."
သခင်မကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး နားမလည်နိုင်ဖြစ်နေသည်။
"ဒါက ဘာတွေဖြစ်နေတာလဲ။ လင်မယားနှစ်ယောက်က လက်ထပ်ပြီး တစ်လကျော်တဲ့အထိ ဘယ်လိုလုပ် အတူမနေဘဲ နေနိုင်မှာလဲ။ မင်္ဂလာမဆောင်ခင်က အမေပေးလိုက်တဲ့ စာအုပ်ကို သေချာဖတ်ရဲ့လား"
ရွှယ်နင်က ရှက်ရွံ့စွာ ပြန်ဖြေသည်။
"သမီး... သမီး ဖတ်ပါတယ်..."
"ဒါဆို ဘာဖြစ်လို့လဲ။ ရှီဇီလီက အတွေ့အကြုံမရှိလို့လား။ ဒါမှမဟုတ် သူက စွမ်းဆောင်ရည်မရှိတာလား။ အဲဒီလိုတော့ မဖြစ်နိုင်ပါဘူး။ ယောက်ျားတွေအတွက် ဒီလိုကိစ္စတွေက ပုံမှန်အားဖြင့် လွယ်ကူပါတယ်။"
သခင်မကျန်းက ပိုတွေးလေ ပိုပြီး စိတ်မကောင်းဖြစ်လေပင်။ သူမက ရွှယ်နင်၏ ဖြူစင်နုနယ်သော မျက်နှာလေးကို စိုက်ကြည့်ရင်း မျက်လုံးများ နီရဲလာ၏။
"ဒါမှမဟုတ် ရှီဇီလီက သမီးကို တကယ်ပဲ မထိချင်တာလား"
ရွှယ်နင် ခဏမျှ ဆွံ့အသွားပြီး လီချန်ချဲ့နှင့် သူမ၏ ဆက်ဆံရေးကို ဘယ်လိုရှင်းပြရမလဲဆိုတာကို မသိပေ။
သခင်မကျန်းက ပို၍ပင် နားမလည်နိုင် ဖြစ်သွားသည်။
"သမီးက ဒီလောက်လှတာ။ ယောက်ျားတွေမပြောနဲ့၊ မိန်းမတွေတောင် သမီးကို ကြည့်ပြီး မျောပါသွားနိုင်တယ်။ ဒီရှီဇီလီက ဘယ်လိုလူမျိုးမို့လို့ သူ့အခန်းထဲမှာ ဒီလောက်လှတဲ့ ဇနီးသည်ရှိနေတာတောင် မထိဘဲ နေနိုင်ရတာလဲ"
ရွှယ်နင်က အလျင်အမြန် ကြားဖြတ်ပြောလိုက်သည်။
"အမေ... အားချဲ့ရဲ့ အမှားမဟုတ်ပါဘူး။ သမီးကြောင့်ပါ"
သခင်မကျန်းက အံ့အားသင့်စွာ မေးလိုက်သည်။
"သမီးက ဘာဖြစ်လို့လဲ"
ရွှယ်နင်က ချက်ချင်းပင် အကြောင်းပြချက်တစ်ခု ဖန်တီးလိုက်ပြီး မျက်နှာရဲလာကာ ရှင်းပြသည်။
"သမီး... သမီးက တခြားသူတွေ အနားကပ်လာတာကို လက်ခံဖို့ ခက်ခဲနေလို့ပါ... ပြီးတော့ ဒီလိုကိစ္စတွေကိုလည်း ကြောက်တယ်... ဒါကြောင့် အားချဲ့က သမီးကို အမြဲ အလေးထားပေးတယ်... အဲဒါကြောင့်မို့လို့ သမီးတို့ အတူမနေဖြစ်ကြသေးတာပါ"
သခင်မကျန်း၏ စိတ်ထဲတွင် ဗြောင်းဆန်သွားသည်။
ယခင်က ရွှယ်နင်သည် စုကျန်းကိုပဲ လက်ထပ်ရန် စိတ်ပိုင်းဖြတ်ထားခဲ့တာကို ပြန်လည်အမှတ်ရမိသောအခါ သူမ၏ နှလုံးသားက အနည်းငယ် တင်းကျပ်သွားသည်။ ရွှယ်နင်က စုကျန်းကို မမေ့နိုင်သေးဘဲ ရှီဇီလီနှင့် အတူအိပ်ရန် ငြင်းဆန်နေခြင်းဖြစ်မည်ကို သူမ စိုးရိမ်မိသွား၏။
သူမက အလေးအနက် ပြောလိုက်သည်။
"တစ်ရက်နှစ်ရက်လောက်တော့ သူက သမီးရဲ့ဆန္ဒကို လိုက်လျောပေးနိုင်ပေမယ့် တစ်နှစ်၊နှစ်နှစ်လောက်ကြာရင်ရော ဘယ်လိုလုပ်မလဲ။ နင်နင်... ဒါက နောက်ရမယ့်ကိစ္စ မဟုတ်ဘူးနော်"
ရွှယ်နင် တိုးတိုးလေး ရေရွတ်လိုက်သည်။
"အမေ... သမီး နောက်နေတာ မဟုတ်ပါဘူး..."
သခင်မကျန်းက တစ်ချက် တွန့်ဆုတ်သွားပြီးမှ မေးလိုက်သည်။
"နင်နင်... သမီး... အခုထိ စိတ်ထဲက မထုတ်နိုင်သေးတာလား"
"မဟုတ်ပါဘူး!"
သခင်မကျန်းက စုကျန်းကို ဆိုလိုခြင်းဖြစ်ကြောင်း သိသဖြင့် ရွှယ်နင်က လက်သုံးချောင်းထောင်ကာ အလေးအနက် အမြန်ငြင်းလိုက်သည်။
"သမီး တကယ်ပဲ စိတ်ထဲက ထုတ်ပစ်လိုက်တာ ကြာပါပြီ။ ဒါမှမဟုတ်ရင် သမီးဘက်က စပြီး အမေ့ကို အမေအဖြစ်၊ စုကျန်းကိုလည်း အစ်ကိုအဖြစ် သတ်မှတ်ဖို့ ဘာလို့ တောင်းဆိုပါ့မလဲ"
မောင်နှမများ ဖြစ်သွားကြပြီဆိုလျှင် လက်ထပ်ရန် အခွင့်အရေး မရှိတော့ပေ။ ထို့အပြင် စုကျန်းကလည်း မင်းသမီးရှို့နင်းနှင့် လက်ထပ်ပြီးပြီဖြစ်သလို ရွှယ်နင်ကလည်း လီမိသားစုထဲသို့ ထိမ်းမြားပြီးသား ဖြစ်သည်။ သူတို့နှစ်ယောက်ကြားတွင် လုံးဝ ဖြစ်နိုင်ခြေ မရှိတော့ပေ။
သခင်မကျန်း ခဏမျှ မှင်သက်သွားပြီး ရွှယ်နင်၏ စကားများက မဟုတ်မမှန် မဟုတ်ကြောင်း နားလည်သွားသည်။ သို့သော် ထိုသို့ နားလည်သွားသည့်တိုင် စိုးရိမ်ပူပန်မှုများသာ ကျန်ရစ်တော့သည်။
"ဒီကလေးမလေးကတော့... ဒါဆိုရင် တကယ်ပဲ ဘာဖြစ်လို့လဲ။ အမေ့ကို ပြောပြစမ်းပါဦး၊ အမေလည်း အဖြေတစ်ခုခု စဉ်းစားပေးလို့ ရတာပေါ့"
လီမိသားစုကဲ့သို့ အိမ်တော်မျိုးမှာ ရှီဇီရဲ့ဇနီးအဖြစ် လက်ထပ်ထားပြီးမှ ဘယ်လိုလုပ် အတူမနေဘဲ နေနိုင်ပါ့မလဲ။ နောက်နှစ်အနည်းငယ်အထိ နင်နင်က ကလေးမမွေးနိုင်သေးလျှင် သူမရဲ့ ရာထူးနေရာက မြဲရန် ခက်ခဲလိမ့်မယ်။
လီချန်ချဲ့က ပင်မအိမ်တော်၏ တရားဝင်သားကြီး၊ မြေးကြီး ဖြစ်သည်။ သူက ဘယ်တော့မှ အမျိုးသမီးကို မထိဘဲ နေမည်မဟုတ်သလို လီမိသားစုကို ဆက်ခံမည့် သားတစ်ဦး ရှိရန်လည်း မလွဲမသွေ လိုအပ်ပေသည်။
အမျိုးသားများ၏ စိတ်က မမြဲဘဲ အလွယ်တကူ ပြောင်းလဲတတ်ကြ၏။ တန်ဖိုးကြီး အထက်တန်းလွှာအိမ်တော်များတွင် အမျိုးသမီးတစ်ဦး၏ အကြီးမားဆုံးသော အားကိုးရာမှာ ကိုယ့်ခြေရင်း၌ ရှိနေမည့် သားသမီးများသာ ဖြစ်၏။
အမျိုးသမီးတစ်ဦး ငယ်ရွယ်နုပျိုပြီး လှပနေစဉ်တွင် အဆင်ပြေနိုင်သော်လည်း မငယ်ရွယ်၊ မလှပတော့သည့်အခါ ဘယ်လိုဖြစ်လာမလဲ။ မိဘမဲ့တစ်ဦးအနေဖြင့် ဒီလိုမျိုး နက်ရှိုင်းဆိတ်ငြိမ်တဲ့ အတွင်းဆောင်ထဲမှာ ဘယ်လိုရှင်သန်နိုင်မှာလဲ။ နှစ်အနည်းငယ်အတွင်းမှာပင် သူမ ရှက်စရာကောင်းစွာ ကွာရှင်းခံရပြီး မောင်းထုတ်ခံရနိုင်တယ်။
ဤသို့ တွေးမိလေ သူမ ပို၍ စိုးရိမ်ပူပန်လာလေ ဖြစ်သည်။
"သမီးက အရမ်းကြောက်နေလို့ဆိုရင် အတူမနေခင် ဝိုင်နည်းနည်းလောက် သောက်လိုက်ရင်ရော... ဒါမှမဟုတ်—"
သခင်မကျန်း ခဏမျှ စဉ်းစားပြီးနောက် အလျင်အမြန် ထရပ်ကာ ဘီရိုနောက်သို့ လျှောက်သွားသည်။ အနက်ရောင် ယွန်းဆေးသုတ်ထားသော ပန်းပုထွင်းသေတ္တာငယ်တစ်ခုထဲမှ အစိမ်းရောင် ပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်၏။ သူမကိုယ်တိုင်မှာ သားသမီးနှစ်ယောက်ရဲ့ မိခင်ဖြစ်နေပြီဖြစ်သော်လည်း ထိုပစ္စည်းကို ရွှယ်နင်၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်စဉ်တွင် သူမ၏ မျက်နှာက အနည်းငယ် ရဲတက်သွားသည်။
"ဒီဆေးက လင်မယားကြား ဆက်ဆံရေး ပိုအဆင်ပြေစေဖို့ သုံးတာ။နင်နင် ဒါကို သေသေချာချာ သိမ်းထား။ နောက်ကျရင် ရေထဲကို တစ်စက်လောက်ထည့်ပြီး သောက်လိုက်။ ဒါဆိုရင်... အတူနေတဲ့အချိန်မှာ သမီး နာကျင်တာမျိုး ခံစားရမှာ မဟုတ်တော့ဘူး”