အခန်း ၂၂၈
Vol. 23 Ch. 228
အခန်း (၂၂၈) စားဖို့ မတန်ဘူး!
ရွှယ်နင်က မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာကို အနည်းငယ်လွှဲကာ သခင်မကြီးရှဲ့ကို တည်ငြိမ်စွာ ပြောလိုက်သည်။
"အဘွား... အကယ်၍ ရှီဇီစုနဲ့ မင်းသမီးတို့က ဒီလိုပဲ ဆက်ပြီး ကိစ္စတွေကို နှောင့်ယှက်နေမယ်ဆိုရင် ကျွန်မ ဒီမှာ ဆက်နေဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။ ချန်လဲ့... ငါတို့တွေ စောစောပြန်ကြတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် ရွှမ်းယီနယ်စားမင်းအိမ်တော်ကလူတွေ ငါတို့ကို အထင်သေးနေကြလိမ့်မယ်"
လီချန်လဲ့က ချက်ချင်း ထရပ်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
"ကောင်းပါပြီ ယောင်းမ!"
ရွှယ်နင်က ပြန်တော့မည့်ဟန် ပြုလုပ်လိုက်သဖြင့် လူတိုင်း ပြာယာခတ်သွားကြပြီး သူမကို ဆက်နေရန် ဝိုင်းဝန်းဖျောင်းဖျကြတော့သည်။
စုကျန်း ရွှယ်နင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေရင်း မျက်မှောင်ကြုတ်ထားကာ သူ၏ နက်မှောင်တည်ကြည်သော အကြည့်များက သူမ၏ အနည်းငယ် ဒေါသထွက်နေသော လှပသည့် မျက်ခုံး၊ မျက်ဝန်းများဆီသို့ စူးစိုက်ကျရောက်နေသည်။
သူက ဒီမိန်းကလေးရဲ့ လုပ်ရပ်ကို ကြည့်ပြီး စိတ်ထဲမှာ အနည်းငယ် ရယ်ချင်မိသွားတယ်။
သူမက ကလေးတစ်ယောက်လို ဖြစ်နေတုန်းပဲကို လူကြီးတစ်ယောက်လို အမူအရာမျိုး တမင်လုပ်ပြနေသေးတယ်။
သူမကိုယ်သူမ ကောင်းကောင်း ဖုံးကွယ်ထားနိုင်တယ်လို့ ထင်နေပြီး သူ့ကို မနှစ်သက်သလို၊ မချစ်တော့သလို ဟန်ဆောင်နေပေမယ့် သူမရဲ့ ဂရုစိုက်စိုးရိမ်ဟန်ပြနေတဲ့ မျက်နှာအမူအရာကတော့ သူ့ကို လိမ်ညာနိုင်ခြင်း မရှိဘူး။
သူမက ရှို့နင်းရဲ့ တောင်းပန်မှုကို လက်ခံဖို့ ငြင်းဆန်ခဲ့ပြီး ရှို့နင်းနဲ့ မိတ်ဆွေမဖြစ်ချင်တာက ရှို့နင်းဟာ သူ့ရဲ့ ဇနီးသည် ဖြစ်နေလို့ပဲ။
ငယ်ငယ်ကတည်းက သူမဟာ နူးညံ့သိမ်မွေ့ပုံရသော်လည်း လက်တွေ့မှာတော့ သူမသဘောကျတဲ့ အရာများအပေါ် ပိုင်စိုးပိုင်နင်းနိုင်လိုစိတ် အမြဲရှိခဲ့ပြီး စိတ်ထဲမှာလည်း ခေါင်းမာတတ်သူပင်။
ဖန့်လိုစားသောက်ဆိုင်က ကိစ္စပြီးနောက် ရှို့နင်းသည် ကျန်းကော်နယ်စားမင်းအိမ်တော်ကို သွားဖို့ ဖိအားပေးခံခဲ့ရသည်။ ပြန်ရောက်လာတဲ့အခါမှာတော့ သူမဟာ ရွှယ်နင်နဲ့ လီချန်ချဲ့တို့ အခန်းထဲမှာ အချစ်ဒီရေ ဆူပွက်နေကြတာကို ကိုယ်တိုင် ကြားခဲ့ရတယ်လို့ ပြောခဲ့၏။
ထိုစဉ်က သူ့ရင်ထဲတွင် ရှင်းပြရခက်သော ဒေါသများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ သူက လီချန်ချဲ့ကို ဒုက္ခပေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မထင်မှတ်ဘဲ လီချန်ချဲ့က အကြိမ်တိုင်းတွင် သူ့ကို အသာစီး ပြန်ယူသွားနိုင်ခဲ့သည်။
လီချန်ချဲ့က ဘယ်နေရာကနေ နတ်သမားတော်တစ်ဦးကို ရှာဖွေခဲ့တာလဲ မသိဘဲ အမတ်ချုပ်ကြီးယန်ကို သေမင်းလက်မှ ဆွဲတင်ပေးနိုင်ခဲ့တယ်။ ထိုအချိန်မှစ၍ အမတ်ချုပ်ကြီးယန်က လီချန်ချဲ့ကို အထူးပင် လေးစားတန်ဖိုးထားရုံသာမက ဟန်လင်ကျောင်းတော်မှ အရာရှိဟောင်း အရာရှိသစ်များပါ လေယူရာစောင်းလျက် လီချန်ချဲ့၏ ဦးဆောင်မှုနောက်သို့ လိုက်ပါလာကြတော့သည်။
လတ်တလောရက်ပိုင်းအတွင်း ဘာအကြောင်းကြောင့်မှန်းမသိဘဲ လီချန်ချဲ့က သူ့ကို ခြေလှမ်းတိုင်းတွင် လိုက်လံပိတ်ဆို့ ဆန့်ကျင်နေခဲ့၏။ ဟန်လင်စာပြုအရာရှိတစ်ဦး ဖြစ်ပါလျက်နှင့် သူက တရားရေးဝန်ကြီးဌာနအထိ လက်တံဆန့်တန်းကာ သူ၏ အမှုအခင်းများကို ထပ်ခါတလဲလဲ နှောင့်ယှက်ဖျက်ဆီးပြီး သူ၏ အကြီးမားဆုံးသော အောင်မြင်မှုများကိုပင် လုယူသွားခဲ့သေးတယ်။
ကံမကောင်းစွာဖြင့် ကျန်းကော်နယ်စားမင်းအိမ်တော်က အင်အားကြီးမားလွန်းသဖြင့် လောလောဆယ်တွင် သူက လက်တုံ့ပြန်ရန် အခွင့်အရေး မရှိသေးပေ။ လီချန်ချဲ့၏ ထပ်ခါတလဲလဲ ရန်စမှုများက သူ့ကို ဒေါသများဖြင့် ပြည့်နှက်စေခဲ့သည်။
ရွှယ်နင်က လီချန်ချဲ့နှင့် အတူအိပ်စက်ပြီး လင်မယားအရာ မြောက်သွားခဲ့ပြီဆိုတဲ့ သတင်းကို သိလိုက်ရတဲ့အခါ သူ့ဒေါသက ပို၍ပင် ရှင်းပြရခက်စွာ တောက်လောင်လာခဲ့တယ်။
ဒီနေ့ ရွှယ်နင်က သူမရဲ့ ဂုဏ်ဒြပ်ကို ကြွားဝါရန်အတွက် ခင်ပွန်းသည်ကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်မယ်လို့ သူ ထင်မှတ်ထားခဲ့တာ။ သို့သော် မထင်မှတ်ဘဲ ဒီနေ့ လီချန်ချဲ့က သူမနှင့်အတူ လိုက်မလာခဲ့ပေ။
ထို့အပြင်... ချိုးရွှေခြံဝင်းဘေးမှ ဖြတ်သွားစဉ် သူမနှင့် မိခင်ဖြစ်သူတို့၏ စကားပြောသံကို သူ ကိုယ်တိုင် ကြားလိုက်ရ၏။
ဒီကာလပတ်လုံး လက်ထပ်ထားခဲ့ပေမယ့် သူမက အပျိုစင်ဘဝအတိုင်း ရှိနေဆဲပင်။
ပြီးခဲ့သည့်အကြိမ် ရှို့နင်းနှင့် စုချင်းတို့ရှေ့မှာ သူမက လီချန်ချဲ့နှင့် ဟန်ဆောင်ပူးပေါင်းပြီး သရုပ်ပြခဲ့ခြင်းပဲ ဖြစ်ကြောင်း သိသာတာပေါ့။
သူမ ဘာလို့ ဒီလိုလုပ်ရတာလဲ။
အကယ်၍ သူမသာ လီချန်ချဲ့နှင့် တကယ်ပဲ လင်မယားအရာမြောက်ခဲ့မယ်ဆိုရင် လူတိုင်းရဲ့ သံသယများ ပျောက်ကွယ်သွားမှာ ဖြစ်ပေမယ့် သူတို့ အဲ့လို မလုပ်ခဲ့ကြဘူး။
လီချန်ချဲ့က သူမကို အခုထိ လက်ဖျားနှင့်ပင် မထိရသေးဘဲ သူမက သန့်စင်တဲ့ အပျိုစင်ဘဝအတိုင်း ရှိနေဆဲဖြစ်တယ်။
သူတို့က လက်ထပ်ထားတဲ့ လင်မယားများ ဖြစ်ကြပေမယ့် သူတို့နှစ်ဦးကြားတွင် မည်သည့်ချစ်ခြင်းမေတ္တာမျှ မရှိပေ။
စုကျန်း၏ ယခင်က မွန်းကျပ်ပြီး နာကျင်နေသော ရင်ဘတ်ထဲမှ ရုတ်တရက် ရှင်းလင်းသွားပြီး သူ၏ စိတ်ခံစားချက်များပါ ပေါ့ပါးရွှင်လန်းလာခဲ့သည်။
သူ အမြဲတမ်း သိနေခဲ့တာပဲ— ရွှယ်နင်က အခြားယောက်ျားတစ်ယောက်ဆီ သူမကိုယ်သူမ ဘယ်လိုလုပ် အလွယ်တကူ ပေးအပ်နိုင်မှာလဲ။
သူမက သူ့ကို ဒီလောက်တောင် ချစ်ခဲ့တာလေ၊ နှစ်ပေါင်းများစွာ ချစ်လာခဲ့တာ— ဘယ်လိုလုပ် အလွယ်တကူ လက်လွှတ်နိုင်မှာလဲ။
(T/N- Delusional Final boss 😭)
ရွှယ်နင်က သူ့ကို ချစ်နေတုန်းပဲဆိုတဲ့ အတွေးလေးကတင် စုကျန်း၏ မျက်ခုံးများနှင့် မျက်ဝန်းများကို ပြေလျော့သွားစေပြီး စိတ်သက်သာရာရသွားစေကာ ရက်အတန်ကြာ သူ့ကို ဒုက္ခပေးနေသော ခေါင်းကိုက်ဝေဒနာကိုပါ သိသိသာသာ သက်သာသွားစေခဲ့သည်။
"နင်နင်—"
သူက ပေါ့ပေါ့ပါးပါးပင် ခေါ်လိုက်ပြီး သွယ်လျသော မျက်ဝန်းများကို ပင့်မကာ ရွှယ်နင်ကို နက်ရှိုင်းစွာ စိုက်ကြည့်ရင်း သူ၏ လေသံကို မသိမသာ နူးညံ့သွားစေသည်။
"မင်းရဲ့ ယောင်းမကိုယ်စား အစ်ကိုကြီးကပဲ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ထိုင်ပါဦး"
"ဟုတ်တယ်။"
သခင်မကြီးရှဲ့က ရွှယ်နင်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
"ရောက်ခါစရှိသေးတာကို ဘယ်လိုလုပ် ချက်ချင်း ပြန်လို့ရမှာလဲ။ မြေးလေးက အတင်းပြန်မယ်ဆိုရင် အဘွားကို အထင်သေးရာကျလိမ့်မယ်။ ကျန်းနျန်... နင်နင့်ကို မြန်မြန် ဖျောင်းဖျလိုက်ပါဦး"
သခင်မကျန်းက ဘာမှမတတ်နိုင်သည့်ဟန်ဖြင့် နူးညံ့စွာ ချော့မော့လိုက်သည်။
"နင်နင်... သမီးရဲ့ယောင်းမကို ဒေါသမထွက်ပါနဲ့။ နေ့လယ်စာစားပြီးမှ ပြန်လည်း နောက်မကျပါဘူး"
သခင်မကျန်း စကားပြောလာမှသာ ရွှယ်နင်က တည်ငြိမ်စွာ ပြန်ထိုင်လိုက်သည်။
မင်းသမီးရှို့နင်းက မျက်လုံးများ နီရဲနေပြီး ဘာစကားမှ ဆက်မပြောတော့ဘဲ သူမ၏ ဝိုင်ခွက်ကို ချလိုက်သည်။
သူမရှေ့မှာ မင်းသမီးရှို့နင်း မျက်နှာပျက်ရတာကို မြင်ရခဲသဖြင့် ရွှယ်နင်က အလွန်ကျေနပ်သွားပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးတစ်ခု ကွေးညွှတ်သွားသည်။
ခဏအကြာတွင်တော့ ခန်းမဆောင်တစ်ခုလုံးသည် ရယ်မောပြောဆိုသံများနှင့် ဟန်ဆောင်ကောင်းသော သဟဇာတဖြစ်မှု လေထုဆီသို့ ပြန်လည်ရောက်ရှိသွားပြန်၏။
စားပွဲပေါ်တွင် သူမအကြိုက်ဆုံး ဟင်းလျာများနှင့် ပြည့်နှက်နေသည်။ သခင်မကြီးရှဲ့က ထုံးစံကိုချိုးဖောက်ပြီး သူမ၏ ပန်းကန်ထဲသို့ ဝက်နံရိုးတုံးသေးသေးလေး ထည့်ပေးခဲ့သလို သခင်မနျဲ့ကလည်း သူမအတွက် ကောက်ညှင်းဆန်အရက်ချိုလုံးလေးများ ပြင်ဆင်ပေးခဲ့သည်။ သူတို့တစ်ယောက်ချင်းစီက ကိုယ်ပိုင်နည်းလမ်းများဖြင့် သူမကို အလိုလိုက်အကြိုက်ဆောင်ပေးရန် ကြိုးစားနေကြသည်။
စုချင်းကသာ တောင့်တင်းသော မျက်နှာထားရှိနေပြီး လျိုရှီကတော့ မထီမဲ့မြင် ပြုံးနေကာ မင်းသမီးရှို့နင်း၏ အကြည့်များကတော့ အဓိပ္ပာယ်ပါနေသည်။
အဝေးမှ စုယွီကလည်း အေးစက်စွာ လှမ်းကြည့်နေပြီး သူ၏မျက်လုံးထဲမှ ရွံရှာမုန်းတီးမှုများက လျှံကျမတတ် ဖြစ်နေ၏။
ရွှယ်နင်က ယမန်နေ့ညက အိပ်ရာဝင်နောက်ကျခဲ့သဖြင့် အစကတည်းက ခံတွင်းသိပ်မတွေ့လှပေ။
အသားစဉ်းကောတုံး သေးသေးလေး တစ်တုံးစားပြီးသည်နှင့် သူမ၏ အစာအိမ်ထဲတွင် နေလို့မကောင်းသလို ခံစားလိုက်ရသည်။
လက်ဖက်ရည်နှင့် ပလုတ်ကျင်းလိုက်ပြီးနောက် ပေါင်ချန်က သူမကို လက်ကိုင်ပဝါတစ်ထည် ကမ်းပေးလိုက်၏။
ရွှယ်နင်က လက်ကိုင်ပဝါဖြင့် နှုတ်ခမ်းထောင့်ကို ဖိသုတ်လိုက်ပြီး ထပ်မစားတော့ဘူးဟု ပြောရန် ပြင်လိုက်ချိန်မှာပင် စုကျန်းက ရုတ်တရက် အချိုပွဲမှ မုန့်တစ်တုံးကို ကောက်ယူပြီး သူမ၏ ပန်းကန်ထဲ ထည့်ပေးလိုက်တာကို မြင်လိုက်ရသည်။
အမျိုးသား၏ လေသံက ထုံးစံအတိုင်း တင်းမာမနေဘဲ နူးညံ့နေ၏။
"မင်း အကြိုက်ဆုံး မုန့်လေ။ မြည်းကြည့်ပါဦး"
မုန့်ကို မြင်လိုက်ရသော ပေါင်ချန်က မျက်နှာအမူအရာ ပြောင်းသွားပြီး စကားပြောရန် ပြင်လိုက်သော်လည်း တုံ့ဆိုင်းသွားသည်။
ရွှယ်နင်ကတော့ ပေါင်ချန်၏ လက်သေးသေးလေးကို ညင်သာစွာ ဖိကိုင်လိုက်ပြီး သူမ၏ မျက်လုံးများကို အနည်းငယ် ပင့်မကြည့်လိုက်လေသည်။
ထိုအမျိုးသား၏ ချောမောသောမျက်နှာထက်တွင် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ နူးညံ့သောအမူအရာ ပေါ်လာပြီး သူမကို ပြောလိုက်သည်။
"နင်နင်... ဘာလို့ မစားတာလဲ"
ရွှယ်နင်၏ ရင်ထဲတွင် အနည်းငယ် မွန်းကျပ်သွား၏။ ခဏလောက် ကြောင်အမ်းသွားပြီးနောက် သူမက သူမကိုယ်သူမ သရော်တဲ့ အပြုံးတစ်ခုကို ဖြည်းဖြည်းချင်း ဖော်ပြလိုက်သည်။
လူတိုင်း၏အကြည့်များက သူမထံသို့ ရောက်လာကြသည်။ စုကျန်းက သဘောကောင်းစွာဖြင့် ပေးသနားလိုက်သော ဤ "ဆုလာဘ်" ကို သူမ စားမလားဆိုတာကို သူတို့အားလုံး စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
စုကျန်း၏ "စေတနာ" ကို သူမ လက်ခံမလားဆိုသည့် ပြကွက်ကို စောင့်ကြည့်နေကြခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် ထိုအချိန်၌ သူမ ဘယ်လောက်အထိ စိတ်ပျက်ရွံရှာနေလဲဆိုတာကို ဘယ်သူမှ မသိကြပေ။
သခင်မကြီးရှဲ့က ဝေခွဲမရဟန်ဖြင့် မေးလိုက်သည်။
"နင်နင်... မင်းရဲ့ အစ်ကိုပေးတဲ့မုန့်ကို မကြိုက်လို့လား"
စုကျန်းက သူ့ရဲ့ အနက်ရောင်နှင်းဆီသစ်သားတူကို ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ မကျေနပ်သောအမူအရာဖြင့် ပြောလိုက်သည်။
"ရွှယ်နင်... မင်း ဘာတွေကို ဇီဇာကြောင်နေတာလဲ"
"ကျွန်မ ဇီဇာကြောင်နေတာ မဟုတ်ပါဘူး"
ရွှယ်နင်က ခပ်ပြတ်ပြတ်နှင့် သရော်သောလေသံဖြင့် ပြောလိုက်သည်။
"ကျွန်မ မကြိုက်လို့"
စုကျန်းက သူမ၏ အေးစက်စိမ်းကားသောအမူအရာကို သဘောမကျပေ။ သူက မျက်နှာထားတင်းတင်းဖြင့် သူမကို အထက်စီးမှ ငုံ့ကြည့်ကာ ပြောလိုက်၏။
"မကြိုက်ရင်လည်း စားရမယ်"
ရွှယ်နင်က မျက်နှာသေဖြင့် မေးလိုက်သည်။
"ကျွန်မ ဘာဖြစ်လို့ စားရမှာလဲ"
စုကျန်းက ခပ်တိုးတိုးလေသံဖြင့် ပြန်ဖြေသည်။
"ဒါက မင်းအတွက် ငါကိုယ်တိုင် ပြင်ဆင်ပေးထားလို့ပဲ"
ရွှယ်နင်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်ပြီး ကုလားထိုင်ပေါ်တွင် တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက် ထိုင်နေခဲ့သည်။ စုကျန်းထံသို့ စိုက်ကြည့်နေသော သူမ၏ အကြည့်များကသာ ပို၍ အေးစက်လာခဲ့သည်။
အခြေအနေက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေတာကို မြင်လိုက်ရတဲ့အခါ ဒေါသများကို အောင့်အည်းထားခဲ့ရသော လျိုရှီသည် နောက်ဆုံးတွင် ပေါက်ကွဲထွက်ခွင့် ရသွားတော့၏။ သူမက ပြုံးလိုက်ပြီး လှောင်ပြောင်စွာဖြင့် ပြောလိုက်သည်။
"သူ(မ)က အခုတော့ ကျန်းကော်နယ်စားမင်းအိမ်တော်ရဲ့ ရှီဇီကတော် ဖြစ်နေပြီလေ။ တို့အိမ်တော်က မုန့်တွေကို ဘယ်လိုလုပ် မျက်စိကျပါတော့မလဲ။ ငါ့အထင်တော့ ရှီဇီလီ ကိုယ်တိုင် ရွေးပေးတဲ့အရာမျိုးကိုပဲ သူ(မ) လိုချင်တာ ဖြစ်လိမ့်မယ် ဟုတ်တယ်မလား။ ဒါပေမဲ့ ကံဆိုးချင်တော့ ရှီဇီလီက ဒီနေ့ 'ရုံးလုပ်ငန်းတွေနဲ့ အရမ်းအလုပ်ရှုပ်နေလို့' သူ(မ)နဲ့အတူ ပြန်မလိုက်လာနိုင်တာပဲ နှမြောစရာကောင်းတယ်"
လူတိုင်းက ရွှယ်နင်သည် သိက္ခာဆယ်ရန်အတွက် လိမ်ညာနေခြင်းဖြစ်တာကို မသိမည်စိုးသဖြင့် သူမက "ရုံးလုပ်ငန်းတွေနဲ့ အရမ်းအလုပ်ရှုပ်နေလို့" ဆိုသည့် စကားလုံးကို တမင်တကာ ဖိပြောလိုက်ခြင်းပင်။
လီချန်လဲ့ကတော့ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်— ဒီမိသားစုက သူမရဲ့ ယောင်းမကို တမင်တကာ အကျပ်ကိုင် နှောင့်ယှက်နေကြတာပဲ။
သူမက ရုတ်တရက် ထရပ်လိုက်တော့သည်။
"ရှင်... သခင်မ အပြောအဆိုက တကယ့်ကို ရိုင်းစိုင်းတာပဲ! ကျွန်မ အစ်ကိုက အလုပ်ရှုပ်လို့ သူ့ဇနီးနဲ့အတူ ပြန်မလိုက်နိုင်တာကို ကျွန်မ လိုက်လာပေးတာနဲ့တင် မလုံလောက်သေးဘူးလား"
လျိုရှီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"သခင်မလေးလီ... နင်က ရှီဇီလီနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။ နေ့တစ်ဝက်လောက် စောင့်ကြည့်ပြီးတဲ့နောက်မှာတော့ ငါ နောက်ဆုံးတော့ နားလည်သွားပြီ— ရွှယ်နင်က လီမိသားစုထဲကို ဂုဏ်မြင့်တဲ့အိမ်ထောင်ဖက်အဖြစ် ကပ်ပါသွားရုံသက်သက်ပဲ။ ရက်အနည်းငယ်ပဲ ရှိသေးတာကို မာန်မာနတွေ တက်နေပြီး သူ(မ)ရဲ့ မူလဘဝအမှန်ကို မေ့လျော့နေပြီ... ဘာမှမဟုတ်တဲ့ အပယ်ခံ မိဘမဲ့မိန်းကလေးတစ်ယောက်ပဲဟာကို။ သူ(မ)က ဒီမှာ ဘာအခွင့်အရေးရှိလို့ လာပြီး မောက်မာပြနေတာလဲ။ရွှယ်နင်... နင်က ကောက်ကျစ်တဲ့ နည်းလမ်းတွေကို သုံးပြီး ငါ့ရဲ့ အားရှီးကို ယုံကျိုးဆီ မောင်းထုတ်ခဲ့တာကို ငါ စာရင်းမရှင်းရသေးဘူး။ အခုတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပြီ။ နင့်ယောက်ျားက နင့်ကို နည်းနည်းမှ မချစ်ဘူးဆိုတာ ငါ သိတယ်! နင်က ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့မိသားစုရဲ့ သခင်မကြီးကို ဟင်းခတ်ပေးခိုင်းပြီး ငါတို့ရဲ့ရှီဇီကို မုန့်ရွေးခိုင်းရဲတာလဲ။ ငါ့မျက်စိထဲမှာတော့... နင်က စားဖို့တောင် မတန်ဘူး!”