အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း (၂၂၉) စားပွဲဝိုင်းကို မှောက်ချခြင်း
ရွှယ်နင်၏ မျက်နှာက အေးစက်နေပြီး သူမ၏ ကြည်လင်သော မျက်လုံးများက လျိုရှီဘက်သို့ အနည်းငယ် လှည့်သွားသည်။
ထိုတည်ငြိမ်သည့် အကြည့်အောက်တွင် လျိုရှီ ကျောချမ်းသွားသည်။ သို့သော် သူမက ရင်ကော့လိုက်ပြီး အသံကို ဆိုးရွားစွာ မြှင့်ကာ-
"ဒီနေ့ ငါ ဒီလိုပဲ ပြောမယ်၊ နင်က ဘာလုပ်နိုင်မှာမို့လို့လဲ။ ရှီဇီလီက နင့်ကို ကျောထောက်နောက်ခံ ပေးမယ်လို့ မျှော်လင့်နေတုန်းလား။ နင့်လို မိန်းမပျက်မလေးက တန်လို့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဦး"
"ယောင်းမ... သူ(မ) အရမ်းလွန်နေပြီ-"
ရွှယ်နင်က လီချန်လဲ့၏ လက်ကို တားလိုက်ပြီး ရယ်မောကာ မတ်တပ်ရပ်လိုက်သည်။
"ကျွန်မက ဘာလုပ်နိုင်မှာလဲ ဟုတ်လား"
ဤနှစ်များတစ်လျှောက်၊ စုမိသားစုထံမှ ခနဲ့တဲ့တဲ့ စကားများနှင့် သွယ်ဝိုက်လှောင်ပြောင်မှုများကို သူမ ရိုးအီနေခဲ့ပြီ။
အေးစက်စက်နိုင်လှသော အဘွားအိုကြီး၊ ဟန်ဆောင်ကောင်းသော သခင်မတုန်းနှင့် ရွံရှာဖွယ်ကောင်းသော လျိုရှီ။
ထိုသူတို့၏ အရိပ်အောက်မှ သားသမီးများကလည်း တစ်ယောက်မကျန် ပြဿနာကောင်များချည်းသာ။
ရွှမ်းယီနယ်စားမင်းအိမ်တော်တွင် သူမ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား အလုပ်လုပ်ပေးခဲ့ပေမယ့် သူတို့၏ လှောင်ပြောင်မှုနှင့် ဂရုမစိုက်မှုများကိုသာ ရရှိခဲ့သည်။
အခု ပြန်လည်မွေးဖွားလာချိန်တွင်တော့ သူမင အိမ်ထောင်ပြုကာ ထွက်ခွာနိုင်ခဲ့ပြီ။
သူမက စုမိသားစုဝင် မဟုတ်တော့ဘူး။ ပြီးတော့ ဒီလို ညစ်ပတ်ပြီး ရွံစရာကောင်းတဲ့ လူတွေကို အစေခံဖို့ အစတည်းက စိတ်မကူးခဲ့တော့တာ ကြာပြီ!
ရွှယ်နင်ကို အနိုင်ကျင့်ရလွယ်သော ကောင်မလေးဟုသာ မှတ်ယူထားဆဲဖြစ်သည့် လျိုရှီက မောက်မာစွာ နှုတ်ခမ်းမဲ့လိုက်သည်။
"သေချာတာပေါ့ နင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ရွှမ်းယီနယ်စားမင်းအိမ်တော်က နင့်ကို ဒီနှစ်တွေတစ်လျှောက်လုံး ပြုစုပျိုးထောင်ပေးခဲ့တာ၊ နင် ကျေးဇူးဆပ်ရမယ်! မဟုတ်ရင် နင်က ကျေးဇူးကန်းတဲ့ ကောင်မပဲ!"
ရွှယ်နင်၏ အကြည့်တို့က ရေပြင်လို တည်ငြိမ်နေပြီး နှုတ်ခမ်းတွင်လည်း အပြုံးတစ်ခု ရှိနေသည်။ လျိုရှီ၏ လှမ်းဟောင်နေမှုများကို သူမ လျစ်လျူရှုထားပြီး စုကျန်း သူမ၏ ပန်းကန်ထဲ ထည့်ပေးထားသော မုန့်ကို သူမ၏ လက်သေးသေးလေးဖြင့် ကောက်ယူလိုက်သည်။
"အဲ့လိုမှပေါ့"
စုကျန်း၏ ပါးလွှာသော နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီး ပြုံးလိုက်သည်။
"ဒီနေ့ မင်းအတွက် ကိုယ်တိုင်လူလွှတ်ပြီး တန်းစီဝယ်ခိုင်းထား-"
ဖြန်း!
ရွှယ်နင်က ထိုမုန့်ဖြင့် စုကျန်း၏ နက်ရှိုင်းသော မျက်ခုံးရိုးကို တိုက်ရိုက်ပစ်ပေါက်လိုက်ရာ သူ၏ နောက်ထပ်ထွက်လာမည့် စကားများကို သနားညှာတာမှုကင်းမဲ့စွာ ဖြတ်တောက်ပစ်လိုက်သည်။
စုကျန်း၏ မျက်လုံးထဲတွင် အမှောင်ကျသွားပြီးနောက် သူ့မျက်လုံးကို တစ်ခုခု လာမှန်သွားသလို ခံစားလိုက်ရသည်။ စူးရှသော နာကျင်မှုတစ်ခု ဖြတ်ပြေးသွားသဖြင့် သူ မျက်စိမှိတ်ထားလိုက်ရ၏။
"ရွှယ်နင်!"
ရှဲ့နင်းထန်က စုကျန်း၏ ပုခုံးပြင်ကျယ်ကြီးပေါ်သို့ သူမ၏ လက်လေးကို တင်ကာ ဒေါသတကြီး အော်လိုက်သည်။
"ကျေးဇူးမသိတတ်တဲ့ကောင်မ၊ နင်ကများ ကျွေးတဲ့လက်ကို ပြန်ကိုက်ရဲတယ်ပေါ့! ရှီဇီအစ်ကိုကို နင်က ဘယ်လိုလုပ် ဒီလိုရိုက်ရဲတာလဲ"
ရွှယ်နင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"ငါက သူ့ကို ဘာလို့ ရိုက်ခွင့်မရှိရမှာလဲ"
စုချင်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ မတ်တပ်ရပ်လိုက်ပြီး မင်းသမီးရှို့နင်းနှင့် တစ်ဖက်တည်း ရပ်တည်လိုက်သည်။
"သူက နင့်ရဲ့ အစ်ကိုလု(အစ်ကိုကြီး)လေ၊ နင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာလား..."
လူတိုင်းက သိချင်စိတ်ပြင်းပြကာ အံ့သြတုန်လှုပ်သွားကြသည်။
ရွှယ်နင်က ငယ်ငယ်ကတည်းက ကြောက်တတ်ပြီး အမြဲတမ်း အနိုင်ကျင့်ခံရသူပဲ။
အခု ဘာဖြစ်သွားတာလဲ။ မုန့်တစ်ခုအတွက်နဲ့ တရားရေးဝန်ကြီးဌာနက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒီရက်စက်တဲ့ အရာရှိကို သူမက ရိုက်ရဲတယ်ပေါ့။
ဒါ့အပြင် သူက တစ်ချိန်က သူမ လက်ထပ်ဖို့အတွက် အိပ်မက်မက်ခဲ့ဖူးတဲ့ အမျိုးသားလည်း ဖြစ်နေတယ်လေ။
သူမက တကယ်ပဲ အထီးကျန်ပြီး နာကြည်းနေလို့ ရှီဇီနဲ့ မင်းသမီးတို့ ချစ်ချစ်ခင်ခင် ရှိနေကြတာကို မကြည့်ရက်နိုင်တော့တာများလား။
ပတ်ဝန်းကျင်တွင် ပရမ်းပတာဖြစ်ကာ ဆူညံသွား၏။
စုကျန်းကတော့ ထိုင်လျက်သာရှိနေပြီး သူ၏ ခန့်ညားကာ ထင်းလင်းနေသော မျက်နှာက အေးစက်နေကာ နှာခေါင်းထိပ်ပေါ်သို့ ကျလာသော မုန့်အကြေအစများကို ဖယ်ရှားလိုက်သည်။
သူက သူ၏ နက်မှောင်သော မျက်လုံးများကို ပင့်ကာ ဒေါသထွက်နေသည့် ရွှယ်နင်ကို စိုက်ကြည့်လိုက်သည်။
"ငါ့ကို ရှင်းပြစမ်း။"
"စုကျန်း၊ဒီနေ့ ကျွန်မ ဘာလို့ မစားတာလဲဆိုတာ ရှင့်ကို ပြောပြမယ်။"
ရွှယ်နင်၏ မျက်လုံးများ စပ်ဖျင်းသွားပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်ကာ သူမ၏ ဘဝနှစ်ဆက်စာလုံးမှ မကျေနပ်ချက်များအားလုံးကို ဖွင့်ချလိုက်တော့သည်။
"ဘာလို့လဲဆိုတော့ ကျွန်မက ဗာဒံကိတ်မုန့် စားလို့မရလို့ပဲ။ နည်းနည်းလေး ကိုက်မိရင်တောင် တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာတတ်တယ်။ နောက်ထပ် နှစ်လုပ်လောက် ထပ်စားမိရင် အသက်ရှူကျပ်လာလိမ့်မယ်။ ရှင်နဲ့ကျွန်မက ဆယ်နှစ်လုံးလုံး ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာတောင် ဒီနေ့အထိ ရှင် ဒါကို မသိသေးဘူး။ ရှင်က ကျွန်မကို ညီမလေးတစ်ယောက်လို သဘောထားပါတယ်လို့ပဲ အမြဲပြောနေခဲ့ပေမဲ့ တကယ်တော့ ရှင် ကျွန်မကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တာ!"
မျက်လုံးများ နီမြန်းလျက် ဤသို့ပြောပြီးနောက်တွင်လည်း ရွှယ်နင်က ဒေါသမပြေသေးပေ။
သူမက လက်နှစ်ဖက်ကို မြှောက်ကာ သူမရှေ့ရှိ စားပွဲဝိုင်းကို မှောက်ချပစ်လိုက်သည်။
ကြွေပန်းကန်များနှင့် ရွှေပန်းကန်ပြားများက မြေပြင်ပေါ်သို့ ဆူညံစွာ ပြုတ်ကျ ကွဲအက်ကုန်တော့၏။
ယီဟယ်ခန်းမတစ်ခုလုံး ချက်ချင်းပင် ဆူညံပရမ်းပတာ ဖြစ်သွားရသည်။
ရွှယ်နင်၏ ဒေါသမုန်တိုင်းကြောင့် လူတိုင်း မှင်သက်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်တကြား မတ်တပ်ရပ်လိုက်ကြသည်။
"နင်နင်... နင် ဘာလုပ်နေတာလဲ။"
"ဒါက ပျော်စရာကောင်းတဲ့ မိသားစု စားပွဲသောက်ပွဲ ဖြစ်သင့်တာကို... နင်က ဘယ်လိုလုပ် ဒီလို ပြဿနာရှာနိုင်ရတာလဲ။"
"ဗာဒံကိတ်မုန့် တစ်ခုတည်းတင်ဟာကို။"
စုကျန်း၏ မျက်နှာက ပို၍ ပျက်ယွင်းသွားပြီး နောက်ထပ် အောင့်မထားနိုင်တော့ပေ။ သူက ရွှယ်နင်ထံသို့ လှမ်းလျှောက်သွားပြီး သူမ၏ သွယ်လျသော လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ သူ၏ ပါးလွှာသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။
"မင်းက ရွှမ်းယီနယ်စားမင်းအိမ်တော်နဲ့တင်မကဘဲ ငါနဲ့ပါ အဆက်အသွယ် အားလုံး ဖြတ်တောက်ချင်နေတာလား။"
"ဖြတ်ချင်တယ်ဆိုရင်ရော ဘာဖြစ်လဲ။"
ရွှယ်နင်က အံကြိတ်လိုက်ပြီး သူမ၏ ဗာဒံစေ့ပုံစံ မျက်လုံးများက နီမြန်းနေပြီဖြစ်သည်။
"ရှင် ကျွန်မကို စွန့်ပစ်ပြီး ထျန်းယွမ်တောင်ပေါ်ကနေ ခုန်ချဖို့ အတင်းအကျပ် တွန်းပို့ခဲ့ကတည်းက... ဒီဘဝမှာ ရှင်နဲ့ ဘာပတ်သက်မှုမှ မရှိတော့စေရဘူးလို့ ကျွန်မ ဆုံးဖြတ်ခဲ့ပြီးသား!"
စုကျန်း၏ နှလုံးသားက အနည်းငယ် တုန်ရင်သွားသည်။ အကြောင်းရင်းကို မသိရဘဲ သူမ၏ စကားများကို ကြားလိုက်ရချိန်တွင် သူ့ရင်ဘတ်ထဲ၌ မဖော်ပြနိုင်သော နာကျင်မှုတစ်ခု ဖြတ်ပြေးသွား၏။
သူက ရွှယ်နင်၏ ပြတ်သားသော အမူအရာကို ကြည့်လိုက်ပြီး သူ၏ လက်ဖဝါးကြီးက သူမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသဖြင့် သူ့လက်ဆစ်များပင် ဖြူလျော့နေသည်။
သူမ သူ့အနားကနေ ထွက်ခွာသွားမှာကို ယခုအချိန်ကဲ့သို့ သူတစ်ခါမျှ မကြောက်ရွံ့ဖူးချေ။
အကယ်၍ သူ လက်လွှတ်လိုက်ပါက သူမက ကောင်းကင်ယံသို့ ပျံသန်းသွားသည့် ငှက်ကလေးတစ်ကောင်ကဲ့သို့ သူ လက်လှမ်းမမီနိုင်တဲ့ နေရာကို ထာဝရ ထွက်ပြေးသွားတော့မည့်အတိုင်းပင်။
သူက သူမကို သူ့ရင်ခွင်ထဲသို့ အတင်းအကျပ် ဆွဲသွင်းလိုက်သည်။
"ရွှယ်နင်... မင်း ငါ့ရှင်းပြချက်ကို နားထောင်ဦး။ ငါ မင်းကို ဗာဒံကိတ်မုန့် စားလို့မရမှန်း မသိခဲ့ဘူး။ မင်း ငါ့ကို တစ်ခါမှ မပြောခဲ့ဖူးဘူး။"
ရွှယ်နင်ကတော့ ဒါကို လုံးဝ ရယ်စရာကောင်းတယ်လို့ ထင်မိတယ်။
သူမက တစ်ချိန်က သူမဘဝတစ်ခုလုံး ပုံအောပေးခဲ့ဖူးသည့် အမျိုးသားကို ကြည့်ကာ အေးစက်တဲ့ စိတ်ပျက်မှုမှတစ်ပါး ဘာမှ မခံစားရတော့ပေ။
"ကျွန်မက တစ်ခါမှ မပြောခဲ့ဘူး ဟုတ်လား"
စုကျန်းကလည်း ဘာကြောင့်ရယ်မသိ ဒေါသတကြီး ပြန်အော်လိုက်သည်။
"မပြောခဲ့ဘူး။ မင်း တစ်ခွန်းမှ မပြောခဲ့ဘူး။"
"ရှင်က ကျွန်မနဲ့ပတ်သက်တဲ့ ဘယ်အရာကိုမှ မှတ်ထားဖို့ စိတ်မဝင်စားခဲ့ရုံသက်သက်ပါပဲ။"
ရွှယ်နင်က လှောင်ပြောင်လိုက်ပြီး အတင်းအကျပ် ရုန်းကန်နေကာ သူမ၏ နှလုံးသားထဲတွင် ဒေါသနှင့် ရွံရှာမှုများ ပြည့်နှက်နေသည်။
"စုကျန်း..... ကျွန်မကို လွှတ်စမ်း!"
စုကျန်းက သူမကို လွှတ်မပေးဘဲ သရဲပူးနေသကဲ့သို့ ရွှယ်နင်ကို ယီဟယ်ခန်းမ၏ ထွက်ပေါက်ဆီသို့ အတင်းဆွဲခေါ်သွားသည်။
သူ့ခွန်အားက အလွန်ကြီးမားသဖြင့် ရွှယ်နင်က ဘယ်လောက်ပဲ ရုန်းကန်ပါစေ မလွတ်မြောက်နိုင်ခဲ့ပေ။ သူမ စိတ်ပျက်အားငယ်လုနီးပါး ဖြစ်နေချိန်တွင် တံခါးအပြင်ဘက်မှ အေးစက်စူးရှသောအသံတစ်ခုက ပိုးသားကို ပါးလွှာသော ဓားမြှောင်ဖြင့် ခွဲလိုက်သကဲ့သို့ လေထုထဲသို့ ဖြတ်သန်းဝင်ရောက်လာ၏။
"ရှီဇီစု... ငါ့ဇနီးကို လွှတ်ပေးဖို့ ငါတောင်းဆိုရမယ်"
လီချန်ချဲ့က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူ၏ ပုံရိပ်က တစ္ဆေတစ်ကောင်ကဲ့သို့ပင်။
စုကျန်းသည် မမြင်ရသောအရာတစ်ခုဖြင့် အထုခံလိုက်ရသလို သူ့လက်ဖမိုးပေါ်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး နာကျင်လွန်းသဖြင့် ရွှယ်နင်ကို လွှတ်ပေးလိုက်ရတော့သည်။
ရွှယ်နင်က တွန့်ဆုတ်မနေဘဲ နာကျင်နေတဲ့ လက်ကောက်ဝတ်ကို ပွတ်သပ်ကာ လီချန်ချဲ့၏ ဘေးနားသို့ ချက်ချင်း ပြေးသွားလိုက်သည်။
လီချန်ချဲ့က သူမကို သူ့ရင်ခွင်ထဲသို့ သဘာဝကျကျပင် ဆွဲသွင်းပွေ့ဖက်လိုက်သည်။
မည်သည့် နွေးထွေးမှုမျှ မရှိသော သူ၏ မက်မွန်ပွင့်မျက်ဝန်းများက ရှုပ်ပွနေသော ခန်းမတစ်ခုလုံးကို တည်ငြိမ်စွာ ဝှေ့ကြည့်လိုက်၏။
လီချန်ချဲ့ ဒီလိုမျိုး ရုတ်တရက် ရောက်ရှိလာလိမ့်မည်ဟု ဘယ်သူမှ မထင်မှတ်ထားခဲ့ကြပေ။
လျိုရှီ၏ မျက်နှာက ဖြူလျော့သွားပြီး ခြေထောက်များ ပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
တစ်ခဏချင်းအတွင်းမှာပင် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
လီချန်ချဲ့၏ မြင့်မားသွယ်လျသော ပုံရိပ်က ဝင်ပေါက်တွင် မတ်တပ်ရပ်နေ၏။
ဖူရှန်းက သွေးမစွန်းသော ဓားရှည်ကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားသည်။
သခင်နှင့် အစေခံ နှစ်ဦးစလုံးက နက်မှောင်သော ဝတ်ရုံနက်များကို ဝတ်ဆင်ထားပြီး ဘယ်နေရာကနေ ပြေးလွှားလာသည်မသိ၊ သူတို့တစ်ကိုယ်လုံးမှ အေးစက်သော လူသတ်အရှိန်အဝါများ ထွက်ပေါ်နေသည်။
လီချန်ချဲ့က ရွှယ်နင်ကို စစ်ဆေးရန် အရင်ဆုံး ငုံ့ကြည့်လိုက်ပြီး သူ၏ လက်ဖဝါးကြီးဖြင့် သူမ၏ နီမြန်းနေသော ပါးပြင်ကို ညင်သာစွာ
ထိတွေ့လိုက်သည်။
"မင်း အဆင်ပြေရဲ့လား။"
ရွှယ်နင်က ခေါင်းမော့ကာ သူမ၏ အနည်းငယ် နီမြန်းနေသော မျက်လုံးများကို ပုတ်ခတ်လျက် ကျလုဆဲဆဲ မျက်ရည်များကို အတင်းအကျပ် အောင့်အည်းထားလိုက်သည်။
သူမက လည်ချောင်းထဲမှ ရှိုက်သံကို ထိန်းချုပ်ရင်း ခေါင်းခါပြကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။
"ကျွန်မ အဆင်ပြေပါတယ်။"
မိန်းကလေးငယ် ထိခိုက်ဒဏ်ရာ မရတာကို မြင်မှ လီချန်ချဲ့က ခနဲ့တဲ့တဲ့ လေသံဖြင့် မေးလိုက်သည်။
"ရွှမ်းယီနယ်စားမင်းအိမ်တော်က ဧည့်သည်တွေကို ဒီလိုပဲ ဧည့်ခံတာလား။"
စုကျန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ နက်မှောင်သော အကြည့်တို့က လီချန်ချဲ့ထံသို့ တိုက်ရိုက် စိုက်ကြည့်လိုက်သည်။
သခင်လေးနှစ်ဦးစလုံးက ထူးခြားထင်ရှားပြီး တောက်ပမှုချင်း တူညီကြသော်လည်း လီချန်ချဲ့၏ အမူအရာက ပို၍ အေးစက်ခက်ထန်ကာ ဆီးနှင်းများအပေါ် ဖြတ်တိုက်သွားသော ခါးသီးသည့် ဆောင်းရာသီလေပြင်းကဲ့သို့ ပြင်းထန်သော လူသတ်အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
စုကျန်းက မျက်နှာတည်ကာ စကားပြောရန် ပြင်လိုက်သည်။
သခင်မကြီးရှဲ့က တုန်တုန်ရင်ရင်ဖြင့် ရှေ့သို့ အပြေးအလွှား လျှောက်လာသည်။
"ရှီဇီလီ... ဒါတွေအကုန်လုံးက နားလည်မှုလွဲတာပါ။ နင်နင်က မုန့်တစ်ခုကြောင့် ကျန်းအာနဲ့ စကားနည်းနည်း များသွားရုံတင်... သူ(မ)တစ်ယောက်တည်းပဲ ဒေါသတကြီး သောင်းကျန်းနေတာ... ငါတို့ ဘာမှမပြောရပါဘူး... ဒီစားပွဲတောင်မှ... နင်နင် ကိုယ်တိုင် မှောက်ချပစ်လိုက်တာ။”