အခန်း ၂၃၀
Vol. 23 Ch. 230
အခန်း (၂၃၀) - သိပ်တော်တာပဲ!
"ဟုတ်ပါတယ်... ဒီမှာကြည့်စမ်းပါဦး၊ ဟင်းရည်တွေ ၊ရေတွေလည်း မှောက်ကုန်ပြီ။ ပြီးတော့ ဒီအဖိုးတန် ဆက်သခံကြွေထည်တွေ... တစ်ခုချင်းစီက ရွှေပုံငွေပုံပေးရတာ။ ဒါကို သူ(မ)က အကုန် ရိုက်ခွဲပစ်တာလေ။ ကျွန်မတို့ထဲက ဘယ်သူမှ သူ(မ)ကို မနှိပ်စက်ပါဘူး။"
"သူ(မ)က ဘာမပြောညာမပြောနဲ့ ရုတ်တရက် ဒေါသတကြီး ထဖောက်ပြီး လူတိုင်းကို အလစ်အငိုက် ဖမ်းသွားတာ... အရူးမတစ်ယောက်လိုပဲ။"
"ရှီဇီလီ... ကိုယ်တိုင်ပဲ တရားမျှတအောင် ဆုံးဖြတ်ပေးပါ။"
သခင်မကြီးရှဲ့က လိမ်ပြောနေခြင်းမဟုတ်သလို ကျန်တဲ့သူတွေကလည်း ထောက်ခံသည့်အနေဖြင့် တညီတညွတ်တည်း ခေါင်းငြိမ့်ကြသည်။
လီချန်ချဲ့က ရွှယ်နင်၏ မောက်မာရိုင်းစိုင်းတဲ့ သဘာဝအမှန်ကို မြင်ကာ ကိုယ့်နေရာကိုယ်မသိတဲ့ ဒီမိန်းမကို ထိုက်ထိုက်တန်တန် အပြစ်ပေးလိမ့်မည်ဟု အားလုံးက မျှော်လင့်နေကြသည်။
ရွှယ်နင်ကတော့ လီချန်ချဲ့၏ ဘေးတွင် ရပ်နေရင်း နှုတ်ခမ်းကို တင်းတင်းကိုက်ကာ၊ လက်ချောင်းလေးများကို ဆုပ်ထားလျက် အဆူခံရမည့်အချိန်ကို စောင့်ဆိုင်းနေမိ၏။
ထိုစကားကို ကြားတဲ့အခါ လီချန်ချဲ့က မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
"မင်းပဲ အကုန် မှောက်လှန်ပစ်လိုက်တာလား။"
"အင်း..."
လီချန်ချဲ့က လက်ခုပ်တီးလိုက်သည်။
"သိပ်တော်တာပဲ"
သခင်မကြီးရှဲ့ - "..."
နယ်စားမင်းအိမ်တော်ရှိ လူတိုင်း - "..."
ဖူရှန်းက ပြုံးလိုက်ပြီး ပေါင်ချန်နှင့်အတူ ဂုဏ်ယူဝင့်ကြွားစွာ မေးပင့်လိုက်ကာ အတူတူ ဂုဏ်ယူနေကြသည်။
ရွှယ်နင်က အံ့ဩတကြီး မော့ကြည့်ကာ ပြောလိုက်၏။
"ကျွန်မ စုကျန်းကိုလည်း ရိုက်လိုက်သေးတယ်"
လီချန်ချဲ့၏ မျက်ဝန်းများထဲတွင် ချီးမွမ်းရိပ်များ ပြည့်နှက်သွားသည်။
"ဒါလည်း သိပ်တော်တာပဲ"
စုကျန်း - "..."
လီချန်ချဲ့က စိတ်ရှည်လက်ရှည်ဖြင့် မေးသည်။
"ဘာနဲ့ ရိုက်လိုက်တာလဲ"
ရွှယ်နင်က တုံ့ဆိုင်းသွား၏။
"ဗာဒံကိတ်မုန့်တွေနဲ့..."
လီချန်ချဲ့၏ မျက်ခုံးများ တွန့်ချိုးသွားပြီး မျက်ဝန်းထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
"မင်းက ဗာဒံစေ့တွေနဲ့ မတည့်ဘူးလေ။ ဘယ်သူက ဒီလောက် ပေါ့ဆပြီး အဲ့ဒါတွေ ပေးရတာလဲ။"
ရွှယ်နင် ဆွံ့အသွားပြီး ခဏတာ ဘာပြန်ပြောရမှန်း မသိဖြစ်သွားရသည်။
သူမ၏ ကြောင်တောင်တောင် အမူအရာလေးက ကလေးငယ်တစ်ယောက်နှင့် တူသဖြင့် ကြည့်ရသူကို သနားဂရုဏာ သက်စေသည်။
လီချန်ချဲ့က သူမ၏ နှာခေါင်းထိပ်ဖျားလေးကို ခပ်ဖွဖွ တို့ထိလိုက်၏။ သူ့လက်ချောင်းများက အနည်းငယ် အေးစက်နေသဖြင့် ရွှယ်နင်၏ မျက်တောင်ရှည်လေးများ တုန်ယင်သွားသည်။
သို့သော် သူမက သူနှင့် ဝေးကွာနေခဲ့ရတာ ကြာပြီဖြစ်၍ သူ့အထိအတွေ့ကို အလွန် လွမ်းဆွတ်နေမိသည်။ နောက်ဆုံးမှာတော့ သူမ မရှောင်ဖယ်ဘဲ၊လွမ်းဆွတ်မှုများ ပြည့်နှက်နေသည့် နက်ရှိုင်းသော မျက်ဝန်းတစ်စုံဖြင့် သူ့ကိုသာ စိုက်ကြည့်နေမိတော့သည်။
ပေါင်ချန်ကလွဲရင် သူမ ဗာဒံစေ့ မစားနိုင်တာကို ဘယ်သူမှ မမှတ်မိကြဘူး။ အားချဲ့က ဘယ်လိုလုပ် သိနေတာလဲ။
သူ ပေါင်ချန်ကို မေးခဲ့တာလား။ ဒါမှမဟုတ် တခြားတစ်နေရာရာကနေ သိလာတာလား။
ရွှယ်နင်၏ စိတ်ထဲတွင် သံသယ မေးခွန်းပေါင်းများစွာ ပြည့်နှက်နေပြီး၊ သူမ ဗာဒံစေ့ စားနိုင်၊ မစားနိုင်ဆိုတဲ့ ကိစ္စအသေးအမွှားလေးကို လီချန်ချဲ့က ဘာလို့ ဒီလောက်အထိဂရုစိုက်နေရသလဲဆိုတာကို နားမလည်နိုင်ဘူး။
သို့သော် ဤယောက်ျား၏ နွေးထွေးသော အလိုလိုက်မှုက သူမ၏ နှလုံးသားထဲတွင် မီးပုံလေးတစ်ခုပမာ ညင်သာစွာ တောက်လောင်နေစေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က အေးစက်စက် ဆက်ဆံခံရမှုများအတွက် သူမ စိတ်ကို တင်းထားပြီးသား ဖြစ်၏။
ဒါပေမဲ့ သူမက ငယ်ရွယ်သေးတယ် မဟုတ်လား၊ စိတ်နာနာကျင်ကျင်နှင့် မခံချင်စိတ် မရှိဘဲ ဘယ်နေပါ့မလဲ။
နှလုံးသားထဲမှာ အောင့်အည်းသည်းခံထားရသမျှ မကျေနပ်ချက်အားလုံးက ဤအခိုက်အတန့်တွင် ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။ သူမ၏ မျက်ဝန်းများ ပူနွေးလာပြီး၊ နီမြန်းလာသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
"ကျွန်မ မစားပါဘူး။ အဲ့ဒီ ဗာဒံစေ့မုန့်တွေကို အကုန် မှောက်လှန်ပစ်လိုက်တာ"
လီချန်ချဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
"မစားလိုက်လို့ တော်သေးတာပေါ့"
ရွှယ်နင် နှုတ်ဆိတ်သွားပြီး ဘာမှ ထပ်မပြောတော့ချေ။
လူတိုင်း၏ အကြည့်များက ထိုစုံတွဲထံသို့သာ ကျရောက်နေကြ၏။
မိန်းကလေးငယ်လေး၏ စိတ်ထဲတွင် မကျေနပ်ချက်များ ရှိနေတာကို လီချန်ချဲ့ သိသည်။ သူက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ရှင်းပြသည်။
"ကိုယ် လွန်ခဲ့တဲ့ နှစ်ရက်က မြို့ပြင်ကို ကိစ္စတစ်ခုနဲ့ သွားခဲ့ရလို့ ပြန်လာတာ နောက်ကျသွားတာ။ မနေ့ညကတည်းက ပြန်ရောက်ရမှာ ဖြစ်ပေမဲ့ လမ်းမှာ ကြန့်ကြာနေလို့ ဒီမနက် မင်းနဲ့အတူ ဒီကို မလာနိုင်ခဲ့တာပါ"
သူ၏ ကြည်လင်သာယာသော အသံက ယီဟယ်ခန်းမဆောင်တစ်ခုလုံးတွင် ညင်သာစွာ ပျံ့လွင့်သွားတော့သည်။
လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
စုကျန်း၏ မျက်နှာက ပို၍မှောင်မိုက်ဆိုးရွားလာတော့၏။
လီချန်ချဲ့ ဘာတွေလုပ်နေခဲ့သလဲဆိုတာကို သူ သဘာဝကျကျပင် သိနေခဲ့တယ်။
မူလက သူ့လက်ထဲမှာရှိတဲ့ အမှုကိစ္စကို လီချန်ချဲ့က လွှဲယူသွားခဲ့တာ။ သံသယရှိသူမှာ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့ပြီး တရားရေးဝန်ကြီးဌာနက ရက်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း အရိပ်အယောင်မျှပင် မတွေ့ခဲ့ရဘဲ၊ လီချန်ချဲ့ကျမှသာ ထိုသူကို ရှာတွေ့သွားခဲ့သည်။
ရွှယ်နင်က အခြားသူများ၏ တင်းမာနေသော မျက်နှာအမူအရာများကို သတိမထားမိချေ။ ထိုအမျိုးသား၏ စိတ်ရှည်လက်ရှည် ရှင်းပြချက်ကို နားထောင်ရင်း သူမ၏ ရင်တွေ ခုန်လာကာ ဖော်ပြ၍မရနိုင်သော ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်လာရသည်။
သူမ မျက်ဝန်းထဲတွင် စုဝေးနေသော မျက်ရည်များက တဖြည်းဖြည်း လျှံကျလာတော့၏။
လီချန်ချဲ့က သူမ ဒီလိုမျိုး ငိုကြွေးတာကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူ့နှလုံးသားတစ်ခုလုံး လုံးလုံးလျားလျား ပျော့ပျောင်းသွားတော့သည်။
"ဖူရှန်း"
"ဒီငယ်သား ရှိပါတယ်!"
"သခင်မလေး စိတ်မပျော်မရွှင် ဖြစ်နေတယ်။ ပစ္စည်းတွေ ဆက်ရိုက်ခွဲလိုက်စမ်း။"
"ဟုတ်ကဲ့ပါ!"
ထိုစကားနှင့်အတူ ယီဟယ်ခန်းမဆောင်ထဲရှိ စားပွဲကြီး သုံးလုံးစလုံး အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲခံလိုက်ရပြီး ကျကွဲသံများ ဆူညံစွာ ထွက်ပေါ်လာသည်။
ခန်းမထဲတွင် စုဝေးနေကြသော သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားသည့် လူအုပ်ကြီးသည် ထောင့်တစ်နေရာတွင် စုပုံနေကြပြီး လီချန်ချဲ့ကို ကြောက်ရွံ့သော မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်။
ဒါပေမဲ့ ထို ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးကြီးက ဘာလုပ်နေတာလဲ။
အရပ်မောင်းကောင်းကောင်းနှင့် ခန့်ညားပြေပြစ်စွာ ရပ်နေတဲ့ သူက ခါးကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး လက်ညှိုးလေးကို ကွေးကာ ရွှယ်နင်၏ နီရဲနေသော နှာခေါင်းလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးနေလေသည်။
ထို့နောက် သူမ၏ နားနားသို့ ကပ်ကာ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်တဲ့အခါ ရွှယ်နင်တစ်ယောက် ရုတ်တရက် ရယ်မောသွားတော့သည်။
သူက ရွှယ်နင်ကို မချစ်ဘူးလို့ ဘယ်သူက ပြောတာလဲ။
သူ့မျက်ဝန်းထဲက ချစ်မြတ်နိုးမှုတွေက လျှံကျနေမတတ်ပါပဲ... ဘယ်လိုလုပ် မချစ်ဘဲ နေမှာလဲ!
ရွှယ်နင်ကို လီချန်ချဲ့၏ ဘေးတွင် ရပ်နေတာကို မြင်ရခြင်းက သည်းမခံနိုင်လောက်အောင် စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် စုကျန်း၏ မျက်နှာမှာ ပြာနှမ်းသွားသည်။
သူကိုယ်သူ ဘာဖြစ်နေမှန်း နားမလည်နိုင်အောင် ဖြစ်နေမိတယ်—လီချန်ချဲ့ကို သူ့ယောက်ဖအဖြစ် လုံးဝ အေးအေးဆေးဆေး လက်မခံနိုင်သလို၊ ရွှယ်နင် တခြားတစ်ယောက်နှင့် လက်ထပ်သွားတာကိုလည်း သူ ကျေကျေနပ်နပ် လက်မခံနိုင်ဘူး။
သူ၏ ချောမောသော မျက်နှာပေါ်တွင် မှောင်မိုက်မှုန်ကုပ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ရှေ့သို့ လှမ်းတက်ရန် ပြင်လိုက်စဉ် သခင်မကြီးရှဲ့က သူ့ကို ရုတ်တရက် အနောက်သို့ ဆွဲချလိုက်သည်။
သခင်မကြီးရှဲ့၏ အိုမင်းနေသော မျက်နှာကြီးမှာ ဖြူရော်နေပြီး၊ အခြေအနေကို ကယ်တင်ရန် နည်းလမ်းများကို အသည်းအသန် စဉ်းစားနေရင်း သူမ၏ ရင်ဘတ်မှာလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
သူမက သခင်မကျန်းကို အဓိပ္ပာယ်ပါပါ အမြန်လှမ်းကြည့်လိုက်၏။ သခင်မကျန်းက မဝံ့မရဲဖြင့် ရှေ့သို့ တိုးလာကာ လီချန်ချဲ့အား တောင်းပန်သည့်လေသံဖြင့် ပြောလိုက်သည်။
"ရှီဇီလီ... ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ဒီနေ့က တကယ်ကို ကျန်းအာရဲ့ အမှားပါ။ နောက်မှ သူ့ကို နင်နင့်ဆီ တောင်းပန်ခိုင်းလိုက်ပါ့မယ်"
ထိုသို့ပြောရင်း သူမက ရွှေနင်ကို မော့ကြည့်လိုက်ရာ မျက်ဝန်းများ အနည်းငယ် နီရဲနေသည်။
"နင်နင်က ဗာဒံစေ့ မစားနိုင်ဘူးဆိုတာ ငါ့ရဲ့ ပေါ့ဆမှုပါ။ နင်နင်... အမေ တောင်းပန်ပါတယ်ကွယ်။"
စုကျန်းက မျက်မှောင်ကြုတ်ထားပြီး တောင်းပန်မည့် အရိပ်အယောင် လုံးဝ မပြချေ။
သခင်မကျန်း အနေခက်သွားမည်ကို စိုးရိမ်သဖြင့် ရွှယ်နင်က သူမ၏ လက်ကို ကိုင်ကာ ညင်သာစွာ ပြောလိုက်သည်။
"အမေ... ရပါတယ်။ သမီးလည်း အမေ့ကို တစ်ခါမှ မပြောပြခဲ့ဖူးပါဘူး။"
သခင်မကျန်းက သူမကိုယ်သူမ အပြစ်တင်သည်။
"နင်နင်... သမီးက ဘာလို့ မပြောပြခဲ့တာလဲ"
ရွှယ်နင်က အတင်းပြုံးပြလိုက်သည်။
"ပြောပြရလောက်အောင် အရေးကြီးတဲ့ကိစ္စမှ မဟုတ်တာ"
သူမ စုကျန်းကို သုံးခါတိတိ ပြောခဲ့ဖူးတယ်။
အကြိမ်ကြိမ်အခါခါ ထပ်ခါတလဲလဲ ပြောပြီးနောက်သူမကိုယ်တိုင်တောင် စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုလျှင်၊ သူမကို မနှစ်မြို့တဲ့ စုကျန်းအတွက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
မိန်းကလေး၏ ပေါ့ပါးပြီး အေးတိအေးစက်နိုင်သော လေသံကို ကြားလိုက်ရသဖြင့် စုကျန်း၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသော်လည်း ရုတ်တရက် သူ့ခေါင်းထဲတွင် စူးရှသော နာကျင်မှုတစ်ခု ဖြတ်ပြေးသွားတော့သည်။
ထူးဆန်းသော မှတ်ဉာဏ်အပိုင်းအစများက သူ၏ မျက်စိရှေ့တွင် လျင်မြန်စွာ ဖြတ်သန်းသွားသည်။
ထို အပိုင်းပိုင်းအစစဖြစ်နေသော မှတ်ဉာဏ်များထဲတွင် မိန်းကလေးငယ်တစ်ဦး၏ သနားစရာကောင်းပြီး နာကျင်ဝမ်းနည်းနေသော အသံလေးတစ်ခု ပဲ့တင်ထပ်နေခဲ့သည်။
"ရှီဇီအစ်ကို... ညီမ ဗာဒံစေ့မုန့် မစားလို့ ရမလားဟင်။"
"ရှီဇီအစ်ကို... အရမ်းယားတာပဲ၊ ညီမ နေလို့သိပ်မကောင်းဘူး။ ညီမကို ကူညီပေးပါလား။"
"စုကျန်း... ဒါက ကျွန်မအသက်ကိုပါ သေစေနိုင်တယ်ဆိုတာ ရှင် သိရဲ့လား။ ထားလိုက်ပါတော့... ရှင်က ဘာများ သိမှာမို့လို့လဲ။"
နုနယ်သော ကလေးသံလေးမှသည် နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက် ပင်ပန်းနွမ်းနယ်နေသော လူကြီးသံအဖြစ်သို့။
ထို ရင်းနှီးနေသော အသံလေးက အချိန်ကာလ၏ မြစ်ပြင်ကို ဖြတ်သန်းကာ သူ၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိလာသကဲ့သို့ပင်။
သူ ခေါင်းကို ခါယမ်းလိုက်ရာ၊ သူ့မျက်စိရှေ့မှ သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းက တုန်းကျင်းမြို့၏ ခမ်းနားမြင့်မားသော မြို့တံခါးကြီးအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
မှိုင်းညို့နေသော ရာသီဥတုနှင့် ငန်းမွေးပမာ နှင်းပွင့်များ ဝဲပျံနေသော ကောင်းကင်ယံအောက်တွင်၊ အမည်းရောင် အမိုးပါသော မြင်းလှည်းတစ်စီးက မြို့တံခါးအပြင်ဘက်၌ တိတ်ဆိတ်စွာ ရပ်တန့်နေသည်။
"အမေ... သမီး သွားတော့မယ်နော်။"
ဤအသံလေးက ကြည်လင်ပြတ်သားပြီး ချိုသာလှသည်။
"စုကျန်း...... ကျွန်မ သွားပြီ။"
ဤအသံကတော့ အက်ကွဲနေပြီး စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေ၏။
အသံနှစ်ခုက ထူးဆန်းစွာ ရောယှက်သွားသည်။
မြေခွေးသားရေ ဝတ်ရုံကို လွှမ်းခြုံထားသော သွယ်လျလျ မိန်းကလေးတစ်ဦး၏ ပုံရိပ်က သူ့ရှေ့တွင် ရပ်နေသော ငန်းမွေးရောင် ဝတ်စုံရှင်လေး၏ ပုံရိပ်နှင့် ရုတ်တရက် ထပ်တူကျသွား၏။
စုကျန်း၏ နှလုံးသားထဲတွင် ရှင်းပြ၍မရနိုင်သော ထိတ်လန့်တုန်လှုပ်မှုတစ်ခု ရုတ်တရက် ထကြွလာသည်။ သူ အသိပြန်ဝင်လာပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ အလန့်တကြား အော်ခေါ်လိုက်သည်။
"ရွှယ်နင်!"
သခင်မကျန်းက စိတ်တိုဟန်ဖြင့် ပြောလိုက်သည်။
"နင်နင်က ရှီဇီလီနဲ့ ထွက်သွားပြီလေ။ အခုမှ မင်း တောင်းပန်ချင်နေလို့လည်း နောက်ကျသွားပြီ"
စုကျန်းက ရုတ်တရက် အသက်ရှူရ ခက်ခဲလာသည်။ နာကျင်နေတဲ့ သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိထားရင်း အလျင်စလို မေးလိုက်၏။
"သူ(မ)က ဘယ်လိုလုပ် ဒီလောက်မြန်မြန် ထွက်သွားနိုင်ရတာလဲ"
သခင်မကြီးရှဲ့က သူ့လက်မောင်းကို ဆွဲဖမ်းလိုက်သည်။
"ကျန်းအာ... မင်းရဲ့ ဇနီးက ဒီမှာ ရှိနေသေးတယ်လေ။ မင်းက အပြင်ကို ဘာသွားလုပ်မလို့လဲ။"
"ကျွန်တော်—"
စုကျန်း၏ မျက်ဝန်းများထဲတွင် ဝေခွဲမရမှုများ ဖြတ်ပြေးသွားသည်။
သူ ဘာလုပ်တော့မလို့လဲ။
ရွှယ်နင် နောက်ကို လိုက်သွားမလို့လား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူက သူမကို ညီမလေးတစ်ယောက်လိုပဲ သဘောထားခဲ့တာ ရှင်းနေတာပဲလေ။
ဒါဆို ဘာလို့များ သူမကို လီချန်ချဲ့နဲ့ အတူရှိနေတာ မြင်လိုက်ရချိန်မှာ၊ သူ့ခေါင်းထဲကို ထူးဆန်းတဲ့ မှတ်ဉာဏ်တွေ ဝင်လာရတာလဲ။
ဘာကြောင့် သူက ရွှယ်နင်ကို သူ့ဇနီးလို့ အမြဲ ခံစားနေရတာလဲ။