← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁) - သူ၏ လက်ဆောင်ငယ်

စုကျန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ ချောမောသော မျက်နှာက မင်ရည်တွေ ကျလာမတတ် မည်းမှောင်နေ၏။

သူက ရွှယ်နင်နောက်သို့ လိုက်ကာ ရှင်းရှင်းလင်းလင်း သိရအောင် မေးမယ်လို့ ဆုံးဖြတ်ချက်ချထားပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ အပြင်သို့ လျှောက်ထွက်သွားသည်။

"ယောကျ်ား... ရှင်... မသွားပါနဲ့!"

ရှဲ့နင်းထန်က နာကြည်းစွာဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏ လက်တွေက စုကျန်း၏ လက်မောင်းကို သတိထားကာ လှမ်းကိုင်လိုက်သည်။

စုကျန်းက မျက်မှောင်ကြုတ်ကာ ရွံရှာစွာဖြင့် သူမကို ခါချလိုက်၏။

"လွှတ်!"

ရှဲ့နင်းထန် ခဏမျှ ကြက်သေသေသွားသည်။

သခင်မကျန်းလည်း ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။

"ကျန်းအာ၊ မင်း ဘာတွေဖြစ်နေတာလဲ"

စုကျန်းက မျက်မှောင်ကြုတ်ကာ တံခါးဝသို့ ကမန်းကတန်း သွားလိုက်ပြီး ရွှယ်နင်နှင့် လီချန်ချဲ့တို့ လက်ချင်းချိတ်ကာ စင်္ကြံလမ်းပေါ် လျှောက်သွားတာကို ကြည့်နေသည်။

သူ့စိတ်ထဲမှ ထိုပိန်လှီနုနယ်သော ပုံရိပ်လေးက တစ္ဆေတစ်ကောင်လို ထပ်မံခြောက်လှန့်လာပြန်၏။

သူက ခိုင်ခိုင်မတ်မတ် မရပ်နိုင်တော့ဘဲ ယိမ်းယိုင်သွားကာ ရုတ်တရက် သူ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

...

"ယောင်းမ! အစ်ကိုကြီး! အဲ့ဒါ အရမ်းကျေနပ်စရာကောင်းတာပဲ!"

"အစ်ကိုကြီးက အမြဲတမ်း မိန်းမကို ဒီလိုပဲ ကာကွယ်ပေးတာလား"

"ယောင်းမ၊ ဒီနေ့ကစပြီး ဒီမိသားစုကို ဘာမျက်နှာမှ ပေးမနေနဲ့။ ရိုက်သင့်ရင် ရိုက်၊ ဆဲသင့်ရင် ဆဲ၊ စားပွဲလှန်သင့်ရင် လှန်ပစ်! အဓိကက နောက်ဆုတ်မနေဖို့ပဲ!"

လီချန်လဲ့ အနောက်မှာ အဝေးကြီး ကျန်ခဲ့တာကို မြင်တော့ ရွှယ်နင်က ရပ်စောင့်လိုက်သည်။

"ချန်လဲ့"

လီချန်လဲ့က အမီလိုက်ရန် ခြေလှမ်းအနည်းငယ် ပြေးလာသည်။

"ယောင်းမ၊ ကျွန်မ ထွက်လာတုန်းက စုမိသားစုရဲ့ ရှီဇီ မေ့လဲသွားသလိုပဲ မြင်လိုက်တယ်။ သူ ဘာဖြစ်သွားတယ် ထင်လဲ"

ရွှယ်နင် မျက်မှောင်ကြုတ်သွားသည်။

"သူက ဘာလို့ ရုတ်တရက်ကြီး မေ့လဲသွားရတာလဲ"

သူမ မုန့်နဲ့ ပေါက်လိုက်လို့တော့ မဖြစ်နိုင်ဘူးမလား။

သခင်မကြီးရှဲ့နဲ့ မင်းသမီးရှို့နင်းက ဒီကိစ္စအတွက် နောက်ပိုင်း သူမကို အပြစ်မတင်ဖို့ မျှော်လင့်ရတာပဲ။

"ကျွန်မလည်း မသိဘူး။ သူ ရုတ်တရက်ကြီး အပြင်ကို ပြေးထွက်လာပြီးတော့ ဒုန်းခနဲ ကြမ်းပြင်ပေါ် လဲကျသွားတာကိုပဲ မြင်လိုက်ရတာ"

ရွှယ်နင် နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်သည်။

"ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ ဂရုမစိုက်ဘူး၊ စိတ်လည်းမဝင်စားဘူး၊ သူ့အကြောင်း ဘာမှလည်း မသိချင်ဘူး"

လီချန်လဲ့က ရွှယ်နင်ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်ပြီး အစ်ကိုဖြစ်သူနောက်သို့ ပြတ်သားစွာ လိုက်သွားတာကို သတိထားမိလိုက်သည်။ ယောင်းမက ရှီဇီစုအပေါ် ထားရှိသည့် သဘောထားမှာ အလွန်ထူးဆန်းနေပြီး နက်ရှိုင်းသည့် ရန်ငြိုးတစ်ခု ရှိနေသလိုပဲဟု သူမ မတွေးဘဲ မနေနိုင်တော့ပေ။

စုကျန်း၏ နာမည်ကို ကြားသောအခါ လီချန်ချဲ့က စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သူက လီချန်လဲ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး ရွှယ်နင်၏ လက်ကောက်ဝတ်ကို သူ့လက်ကြီးများဖြင့် ဆုပ်ကိုင်လိုက်၏။

"နင်နင်၊ အိမ်ပြန်ကြစို့"

"ဟေး၊ အစ်ကိုကြီး! ကျွန်မကိုလည်း စောင့်ဦးလေ!"

လီချန်လဲ့က စာကလေးတစ်ကောင်လို ဇနီးမောင်နှံနှစ်ဦးနောက်မှ လိုက်ပါသွားတော့သည်။

ရွှမ်းယီနယ်စားမင်းအိမ်တော်မှ ထွက်ခွာလာပြီးနောက် ရွှယ်နင်က သူမ၏ အောက်နှုတ်ခမ်းကို ဖွဖွလေး ကိုက်လိုက်ကာ တစ်ကိုယ်လုံး ယခင်က မခံစားဖူးသော သက်သာရာရမှုမျိုးကို ခံစားလိုက်ရသည်။

သူမဘေးရှိ အမျိုးသားက သူတို့၏ စောစောက အငြင်းပွားမှုကို မေ့သွားပုံရသည်။ သူမ၏ လက်သေးသေးလေးကို သူ့လက်ကြီးများဖြင့် ဆုပ်ကိုင်ကာ ရထားလုံးပေါ်သို့ ခေါ်ဆောင်သွားသည်။

လီချန်လဲ့ အမြန် ပြေးလိုက်လာသည်။

"အစ်ကိုကြီး၊ ကျွန်မ ယောင်းမနဲ့ အတူတူ စီးလို့မရဘူးလား"

လီချန်ချဲ့က သူမကို တစ်ချက်လေးတောင် လှည့်မကြည့်ပေ။

"အနောက်က ရထားလုံးကို သွားစီး"

"အို..."

လီချန်လဲ့က လမ်းတစ်ဝက်လောက် လျှောက်သွားပြီးမှ နောက်လှည့်ကြည့်လိုက်သည်။

"အစ်ကို၊ တကယ်ကြီး ယောင်းမနဲ့ အတူတူ စီးလို့မရဘူးလား"

လီချန်ချဲ့က အန္တရာယ်ရှိစွာဖြင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။

လီချန်လဲ့က ချက်ချင်းပင် နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်သည်။

"ကောင်းပြီလေ! ကျွန်မ အနောက်ကိုပဲ သွားလိုက်ပါ့မယ်!"

ရွှယ်နင်သည် တစ်ညလုံး ကောင်းကောင်း မအိပ်ရသေးသလို စောစောက ကိစ္စများကြောင့်လည်း အခုဆိုလျှင် လုံးဝကို အားအင်ကုန်ခမ်းနေပြီ။

ရထားလုံးထဲ ရောက်သည်နှင့် သူမက နံရံကိုမှီကာ မျက်လုံးမှိတ်၍ အနားယူလိုက်သည်။ အားမွေးပြီးလျှင်တော့ ထိုအမျိုးသားကို သေချာတောင်းပန်မည်ဟု တွေးထား၏။

သို့သော် သူမဘေးရှိ အမျိုးသားထံမှ အလွန်အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေကာ မမြင်ရသည့် ဖိအားများက ရထားလုံးငယ်လေးအတွင်း ပြည့်နှက်နေသဖြင့် သူမ အေးအေးချမ်းချမ်း အနားယူရန် မဖြစ်နိုင်တော့ပေ။

သူမက လက်များကို အင်္ကျီလက်စွပ်ကျယ်ထဲ ထည့်ထားလိုက်ပြီး လက်ချောင်းလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။

စကားတစ်ခွန်းခွန်းတော့ ပြောချင်ပါသော်လည်း ဘယ်လို စကားစရမလဲဆိုတာကို သူမ မသိပေ။

စောစောက ရွှမ်းယီအိမ်တော်မှာ လူတကာရှေ့တွင် သူမကို ဘယ်လိုမျိုး ကာကွယ်ပေးခဲ့လဲဆိုတာကို တွေးမိလျှင် သူမ ရင်မခုန်ဘူး၊ စိတ်မလှုပ်ရှားဘူးဆိုတာ လိမ်ရာကျလိမ့်မယ်။

သူမက ငိုချင်လောက်အောင်ပင် စိတ်လှုပ်ရှားနေခဲ့ပေမယ့် သူမနှင့် အတူနေရန် နေ့ရောညပါ ရှောင်ဖယ်နေခဲ့တာကို တွေးမိတဲ့အခါ ရင်ထဲ၌ နာကျင်လာရပြန်သည်။

သူက မင်းသမီးယန်ရန်ကို တန်းတူဇနီးအဖြစ် တင်မြှောက်ရန် ဆုံးဖြတ်လိုက်ပြီလား။

အတွေးလွန်နေစဉ် သူမဘေးရှိလူက ရုတ်တရက် စကားပြောလာသည်။

"နင်နင်... ပြီးခဲ့တဲ့ရက်တွေက ကိုယ် ကောင်းကောင်း အိပ်မပျော်ခဲ့ဘူး"

ရွှယ်နင်၏ နီရဲနေသော မျက်လုံးလေးများ အနည်းငယ် ပြူးကျယ်သွားကာ သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

သူက ပို၍ ပိန်ချုံးသွားသဖြင့် ပါးရိုးများက ပိုမို ပေါ်လွင်နေ၏။ သူ၏ ကျောက်စိမ်းရောင်ကဲ့သို့ အသားအရေမှာ ယခုအခါ ပို၍ပင် ဖြူလျော့နေသယောင် ရှိသည်။

နက်ရှိုင်းသော ထိုမက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများက တည်ငြိမ်နေသော်လည်း ခန့်မှန်းရခက်သည့် နက်နဲမှုမျိုး ပါဝင်နေသည်။

ဤအမျိုးသားမှာ အမြဲတစေ လျှို့ဝှက်ဆန်းကြယ်လွန်းသဖြင့် သူ၏ ခံစားချက်များကို ဖတ်ရှုနားလည်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

သူနှင့် ဒီလိုမျိုး နီးနီးကပ်ကပ် ရှိမနေခဲ့တာ ကြာပြီဖြစ်၍ သူမ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

"ရှင် အမြဲတမ်း စာကြည့်ခန်းထဲမှာ အိပ်နေခဲ့တာ မဟုတ်ဘူးလား"

"တစ်ယောက်တည်းဆိုတော့ စာကြည့်ခန်းက အထီးကျန်စရာ ကောင်းတယ်လေ"

"ဟင်?"

အခုတော့ အံ့သြရမည့်အလှည့်က ရွှယ်နင် ဖြစ်သွားလေပြီ။

သူမက လီချန်ချဲ့၏ အေးစက်စက်နှင့် တည်ကြည်ခံ့ညားလွန်းသော မျက်နှာကို စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေမိသည်။

'အထီးကျန်တယ်' ဆိုသည့် စကားလုံးက သူ့လို လူဆီကနေ တကယ် ထွက်လာနိုင်ပါ့မလား။ သူမ ကောင်းကောင်း မအိပ်ရသေးလို့ နားကြားမှားလေသလားဟုပင် တွေးလိုက်မိတယ်။

လီချန်ချဲ့က ရထားလုံးနံရံကို ပျင်းရိစွာ မှီချလိုက်သည်။ ရွှယ်နင်း၏ ချစ်စရာကောင်းလောက်အောင် တွေဝေနေသည့် မျက်နှာလေးကို မြင်လိုက်ရချိန်တွင် ကောင်မလေး၏ ဒေါသများ တစ်ဝက်ခန့် လျော့ကျသွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။

အကြောင်းပြချက်မရှိ စိတ်သက်သာရာရသွားသကဲ့သို့ သူက ချော့မော့သည့် လေသံဖြင့် ပြောလာသည်။

"မြို့ပြင်ထွက်တုန်းက ကိုယ် မင်းအတွက် လက်ဆောင်လေးတစ်ခု ယူလာခဲ့တယ်"

စကားပြောနေရင်းပင် သူက အင်္ကျီကိုယ်ထည်ထဲမှ လက်ဝါးအရွယ်အစားရှိ လိမ္မော်နှင့် အဖြူရောင်စပ် ကြောင်ပေါက်လေးတစ်ကောင်ကို ဆွဲထုတ်လိုက်သည်။

ကြောင်ပေါက်လေးက သူ့လက်ဝါးထဲတွင် ခွေခွေလေး နေနေပြီး အော်ဟစ်ရုန်းကန်ခြင်းမရှိသလို သွားလေးများလည်း ဖြဲမပြပေ။ ၎င်း၏ ခန္ဓာကိုယ်သေးသေးလေးက လုံးခွေနေကာ အလွန် လိမ္မာပြီး အမိန့်နာခံမည့်ပုံ ပေါက်နေသည်။

ရွှယ်နင်၏ မျက်လုံးများ အရောင်လက်သွားကာ ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး ပြီးခဲ့သည့်ရက်များအတွင်း လီချန်ချဲ့အပေါ် မကျေမနပ်ဖြစ်ခဲ့မှုများကိုပင် မေ့သွားတော့သည်။

"အားချဲ့... အရမ်းချစ်စရာကောင်းတာပဲ!"

လီချန်ချဲ့က မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်ရာ သူ၏ မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများက တမူထူးခြားသော ဆွဲဆောင်မှုတစ်ခုကို သယ်ဆောင်ထားလေသည်။

"မင်း သဘောကျရင်လည်း အိမ်ခေါ်သွားပြီး မွေးထားလိုက်လေ။ အန်းအန်းကိုလည်း အဖော်ရတာပေါ့"

"စိတ်မပူပါနဲ့၊ ဒီတစ်ခါတော့ ကျွန်မ သေချာလေး ဂရုစိုက်ပါ့မယ်!"

ရွှယ်နင်က ကြောင်ပေါက်လေးကို သတိထားကာ လှမ်းယူလိုက်ပြီး သူမ၏ ရင်ခွင်ထဲ၌ ဖွဖွလေး ပွေ့ပိုက်ထားလိုက်သည်။ သူမက လက်ချောင်းလေးဖြင့် ကြောင်ကလေး၏ နူးညံ့သော အမွေးလေးများကို ပွတ်သပ်ပေးလိုက်တဲ့အခါ သက်တောင့်သက်သာဖြစ်သွားသော ကြောင်ကလေးက ခေါင်းလေးမော့ကာ "ညောင်" ဟု တိုးတိုးလေး အော်လိုက်သဖြင့် သူမ၏ နှလုံးသားလေးပင် အရည်ပျော်ကျသွားရသည်။

"အားချဲ့... ဒါလေးကို ဘယ်ကနေ တွေ့လာတာလဲ။ အရမ်း လိမ္မာတာပဲ!"

လီချန်ချဲ့က ပြန်ဖြေသည်။

"ရွာတစ်ရွာမှာ ကြုံလို့ တွေ့ခဲ့တာ။ သူ့အမေက စွန့်ပစ်သွားတာလေ"

ထိုအခါမှသာ ကြောင်ကလေး၏ ခြေထောက်တစ်ဖက်က ဖွံ့ဖြိုးမှုအားနည်းနေတာကို ရွှယ်နင် သတိထားမိသွားတော့သည်။ ဤအကြောင်းကြောင့်ပင် စွန့်ပစ်ခံခဲ့ရခြင်း ဖြစ်မည်။

သူမက ကြောင်ကလေး၏ လက်ဖဝါးလေးကို ဖွဖွလေး ကိုင်လိုက်မိစဉ် ရင်ထဲ၌ ချက်ချင်းပင် နာကျင်သွားရသည်။

"သနားစရာလေး။ ကျွန်မ အိမ်ခေါ်သွားပြီး သမားတော်နဲ့ ပြကြည့်မယ်။ ကုလို့ရရင် ကောင်းတာပေါ့။ မရရင်လည်း ကျွန်မ ဆက်မွေးထားမှာပါပဲ"

လီချန်ချဲ့က အဓိပ္ပါယ်ပါပါဖြင့် ပြောလိုက်သည်။

"မင်း မွေးမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ နင်နင်... မင်း သူ့အတွက် တာဝန်ယူရလိမ့်မယ်"

ရွှယ်နင်က လေးလေးနက်နက် ပြန်ဖြေ၏။

"စိတ်မပူပါနဲ့၊ ကျွန်မ သေချာပေါက် ဂရုစိုက်မှာပါ"

"အင်း။"

နေ့ရောညပါ ကောင်းကောင်း မအိပ်ရသေးသော လီချန်ချဲ့က မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်သည်။

ဒီနေ့ ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ သူမ ဒေါသပေါက်ကွဲရတာ စုကျန်းကြောင့်လားဟု သူ မေးချင်ခဲ့တယ်။

သို့သော် အတန်ကြာ စဉ်းစားပြီးနောက် မမေးရန်သာ ဆုံးဖြတ်လိုက်၏။

ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ရထားလုံးအတွင်း ကြီးစိုးသွားသည်။

စောစောက သူတို့နှစ်ယောက် အချင်းများခဲ့ကြသော်လည်း ကြောင်ပေါက်လေး ပေါ်လာသည့် အခိုက်အတန့်တွင် သူတို့၏ အရင်းနှီးဆုံး အစပိုင်းကာလများဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ရွှယ်နင်က ယခု လုံးဝကို နိုးကြားတက်ကြွသွားလေပြီ။

မလှမ်းမကမ်းမှ နေ၍ ထိုအမျိုးသားထံမှ သင်းပျံ့သော ထင်းရှူးနံ့သင်းသင်းလေးကို သူမ ရလိုက်သည်။

သူက လုံးဝကို ပင်ပန်းနွမ်းနယ်နေပုံရပြီး သူ၏ မျက်ခုံးနှင့် မျက်ဝန်းများက ခရီးပန်းထားသည့် ဖုန်မှုန့်များနှင့်အတူ မောပန်းမှုများ ပြည့်နှက်နေသည်။

သူက သူမကို ကူညီဖို့အတွက် ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ အပြေးအလွှား လာခဲ့စဉ်က ဝတ်ဆင်ထားသော သွေးစွန်းနေသည့် ညဝတ်အင်္ကျီကိုပင် ဝတ်ဆင်ထားဆဲဖြစ်ကာ အဝတ်အစားလဲရန်ပင် အချိန်မရခဲ့ပေ။

All Chapters