← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း (၂၃၂) - ကိုယ်လုပ်တော်ယူရန် သဘောတူခြင်း

အရင်ဘဝတုန်းက ဒီလိုအချိန်မျိုးမှာ စုကျန်းဟာ စစ်သုံးရန်ပုံငွေ အလွဲသုံးစားမှုအမှုကို စုံစမ်းစစ်ဆေးဖို့ အလုပ်ရှုပ်နေခဲ့တာဖြစ်သည်။

သို့သော်လည်း အဂတိလိုက်စားတဲ့ အရာရှိကြီး လာရောက်အညံ့မခံခင်လေးတင်ပဲ သူ့တစ်မိသားစုလုံး သတ်ဖြတ်ခြင်းခံခဲ့ရ၏။

တရားခံက ထိုအရာရှိရဲ့ အိမ်တော်မှာ သဲလွန်စတွေအများကြီး ချန်ထားခဲ့ပေမဲ့ ညတွင်းချင်းပဲ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။

စုကျန်းကတော့ သဲလွန်စတွေကို ခြေရာခံပြီး တရားခံနောက်ကို အလျင်အမြန်လိုက်လံဖမ်းဆီးခဲ့ရာ ငါးရက်အတွင်းမှာပဲ ဖမ်းမိခဲ့လေသည်။

ဒါကြောင့်မို့လို့ သူဟာ ဧကရာဇ်မင်းမြတ်ရဲ့ ချီးမွမ်းခြင်းကို ခံခဲ့ရပြီး အမတ်ချုပ်ကြီးရာထူးကို အခိုင်အမာ ရရှိသွားခဲ့တာဖြစ်သည်။

အားချဲ့ မြို့ပြင်ကို ဘာကိစ္စနဲ့ထွက်သွားပြီး အိမ်တော်ကို နှစ်ရက်တိုင်တိုင် ပြန်မလာတာလဲဆိုတာ သူမ တွေးနေမိသည်။ ထိုရန်ပုံငွေအလွဲသုံးစားမှုအမှုနဲ့ ဆက်စပ်နေလို့များလား။

အရင်ဘဝတုန်းက အားချဲ့နဲ့ စုကျန်းတို့ဟာ နန်းတွင်းထဲမှာ နိုင်ငံရေးပြိုင်ဘက်တွေဖြစ်ကြပြီး အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြသော်လည်း အမှုကြီးအများအပြားကို အတူတူဖြေရှင်းနိုင်ခဲ့ကြသည်။

တကယ်လို့သာ အခု အားချဲ့က စုကျန်းရဲ့ အကောင်းကြီးရမယ့် ဂုဏ်ကျေးဇူးတွေကို ကြားဖြတ်လုယူလိုက်မယ်ဆိုရင် စုကျန်း ဒေါသပေါက်ကွဲသွားမှာ မဟုတ်ဘူးလား။

ရွှယ်နင်ရဲ့ ရင်ထဲမှာ ခံစားချက်တွေ လှိုင်းထန်သွားရသည်။ ကြောင်ပေါက်လေးကို ပွေ့ချီထားရင်း သူမ သတိမထားမိဘဲ သူ့အနားကို ပိုပြီး တိုးကပ်သွားမိသည်။

ရက်အတော်ကြာအောင် သူမနှလုံးသားကို ဖုံးလွှမ်းထားတဲ့ သောကတိမ်တိုက်တွေဟာ နောက်ဆုံးတော့ လွင့်စင်သွားပြီး ကြည်လင်တောက်ပမှုတွေ အစားထိုးဝင်ရောက်လာခဲ့ပြီ။

"ဒါနဲ့..."

ရုတ်တရက် ထွက်ပေါ်လာတဲ့ ထိုအမျိုးသားရဲ့ အသံကြောင့် ရွှယ်နင် လန့်ဖျပ်သွားရသည်။

သူမရဲ့ ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်အောင် တုန်ခါသွားကာ -

"အားချဲ့... ဘာ... ဘာဖြစ်လို့လဲဟင်"

သူအိပ်ပျော်နေပြီအမှတ်နဲ့ သူမက သူ့ဘေးနားမှာ ငြိမ်ငြိမ်လေး ခဏလောက် ထပ်နေဖို့ ကြံရွယ်ထားတာ။ အဲ့ဒါမှ ဒီညလည်း သူ ကျိုယင်းဆောင်မှာ မအိပ်ဘဲ နေမှာကို တားဆီးနိုင်မှာ မဟုတ်ဘူးလား။

လီချန်ချဲ့က သူ့ရဲ့ထူထဲရှည်လျားတဲ့ မျက်တောင်တွေကို ပင့်တင်လိုက်ပြီး ရွှယ်နင်ကို နက်ရှိုင်းကာ အဓိပ္ပာယ်ဖော်ရခက်တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်လိုက်သည်။

စိတ်မသက်မသာဖြစ်သွားရတဲ့ ရွှယ်နင်ဟာ သူမရဲ့ ကိုယ်ဟန်ကို အသာအယာ ပြင်လိုက်ပြီး မျက်နှာတစ်ခုလုံး ရဲခနဲဖြစ်ကာ အနည်းငယ် နောက်ဆုတ်လိုက်မိသည်။

လီချန်ချဲ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အပေါ်ကို အနည်းငယ် ကွေးညွတ်တက်သွားပြီး ရွှယ်နင်ရဲ့ ရှက်သွေးဖြန်းနေတဲ့ မျက်နှာလေးကို စိုက်ကြည့်ရင်း -

"ပြီးခဲ့တဲ့အကြိမ်တုန်းက မင်း ကိုယ့်အတွက် ကိုယ်လုပ်တော်တစ်ယောက် ယူပေးဖို့ ပြောခဲ့တယ်မလား"

ရွှယ်နင်ရဲ့ ရင်ထဲ တင်းခနဲ ဖြစ်သွားရပြီး သူ ဘာကြောင့် ဒီအကြောင်းအရာကို ပြန်ဖော်ရတာလဲဆိုတာ နားမလည်နိုင်ဖြစ်သွားသည်။

ဒါပေမဲ့ လင်မယားကြားမှာ အာဃာတတွေကို ညအိပ်မခံသင့်တာကို ထည့်တွေးပြီး၊ အချိန်တွေလည်း တော်တော်လေး ကုန်လွန်သွားပြီဖြစ်တာကြောင့် သူ့ကို ကောင်းကောင်းမွန်မွန် တောင်းပန်သင့်တယ်လို့ သူမ သိလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်က နှုတ်လွန်သွားတာ ကျွန်မ မှားသွားပါတယ်။ အားချဲ့... ကျွန်မ တောင်းပန်ပါတယ်။ စိတ်ထဲမထားပါနဲ့နော်... ရှင်လည်း အရာရှိလောကထဲကို အခုမှ ဝင်ခါစဆိုတော့ အတင်းအဖျင်းတွေ မထွက်အောင် ကိုယ်လုပ်တော် ချက်ချင်းမယူသင့်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ပြီးတော့ မင်းသမီးယန်ရန်ရဲ့ မယ်တော်ကလည်း အဆင့်အတန်းမြင့်တဲ့ မင်းသမီးကြီးဖြစ်နေတော့ သူ(မ)က ရှင့်ရဲ့ကိုယ်လုပ်တော် ဖြစ်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီရက်ပိုင်းမှာ ကျွန်မ သေချာပြန်စဉ်းစားပြီးပါပြီ။ ဒီကိစ္စကို လောလောဆယ် အသာဖယ်ထားလိုက်ရအောင်။ မင်းသမီးယန်ရန်ကိုလည်း ကျွန်မကိုယ်တိုင် သွားပြီး ရှင်းပြပါ့မယ်"

မိန်းကလေးငယ်လေးရဲ့ သဘောထားက ရိုးသားပြီး မျက်နှာအမူအရာကလည်း အင်မတန် တည်ကြည်လှသည်။

လီချန်ချဲ့လည်း တကယ်ပဲ ဒေါသထွက်ဖို့ စိတ်မပါတော့ပေ။

သူက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး -

"ကိုယ် ပြောချင်တာက... ကိုယ် ကိုယ်လုပ်တော် ယူလို့ရတယ်လို့"

ရွှယ်နင် ကြောင်အသွားရပြီး ခေါင်းထဲမှာလည်း ဝုန်းခနဲ မြည်ဟည်းသွားသလို ခံစားလိုက်ရကာ သူမ နားကြားမှားတာလားဆိုပြီး သူ့ကို ငေးမောကြည့်နေမိသည်။

"ရှင်... ဘာပြောလိုက်တယ်"

လီချန်ချဲ့က ပြုံးလိုက်ပြီး -

"ကိုယ် ပြောတာက... ကိုယ် ကိုယ်လုပ်တော်ယူဖို့ သဘောတူတယ်လို့"

ရွှယ်နင်က ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ကြိုတင်မျှော်လင့်ထားခဲ့ပြီးသား ဖြစ်သည်။

ရုတ်တရက် ရင်ထဲမှာ ခါးသီးမှုတွေ လှိုင်းထန်သွားသော်လည်း သူမက မျက်လွှာကို အမြန်ပြန်ပင့်လိုက်ပြီး ဇဝေဇဝါဖြစ်နေတဲ့ အပြုံးဖျော့ဖျော့လေးကို အတင်းလုပ်ပြုံးလိုက်ရင်း -

"ဒါဆိုရင်..."

လီချန်ချဲ့က သူမရဲ့ ကြည်လင်နေတဲ့ မျက်ဝန်းတွေကို ဆက်ပြီး စိုက်ကြည့်နေသည်။

"ဒါပေမဲ့ ဒီကိစ္စက ကိုယ် ချစ်တဲ့သူရဲ့ သဘောတူညီချက် ရဖို့လိုတယ်"

ရွှယ်နင်ရဲ့ အကြည့်တွေက အောက်ကို နိမ့်ဆင်းသွားပြီး သူ့ခါးမှာ ချိတ်ဆွဲထားတဲ့ ရွှေအနားကွပ် ကျောက်စိမ်း သက်ရှည်သော့ခလောက်လေးဆီကို သတိမထားမိဘဲ ရောက်ရှိသွားသည်။

သူက သူမကို ရင်ဖွင့်နေတာဖြစ်ကြောင်း သဘောပေါက်သွားတာမို့ ဘာပြန်ပြောရမှန်းမသိဘဲ စိတ်မသက်မသာနဲ့ပဲ အတင်းအကျပ် ပြုံးပြလိုက်မိသည်။

သူမဟာ လီချန်ချဲ့ရဲ့ ဇနီးဖြစ်နေပေမဲ့လည်း အရေးမပါတဲ့ "အပြင်လူ" တစ်ယောက်မျှသာ။

သူ ကိုယ်လုပ်တော် ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ သူမက ဆုံးဖြတ်ပေးပိုင်ခွင့် မရှိပေ။

ဘာပဲဖြစ်ဖြစ် သူမက သူ့အတွက် ညီမလေးတစ်ယောက်လိုပဲ မဟုတ်ပါလား။

ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူမက အတင့်ရဲလွန်းခဲ့လို့ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တာ။

ရင်ထဲက ခံစားချက်ကို သူမ ဘယ်လိုဖော်ပြရမှန်း မသိတော့ပေ။ တရုတ်ဆေးခါးကြီး သောက်လိုက်ရသလိုမျိုး ခါးသီးလှသည်ဟုသာ သိတော့သည်။

ဒါပေမဲ့ သူမ ငိုလို့မဖြစ်ဘူး၊ နာကျင်နေတာကိုလည်း အသိခံလို့မဖြစ်ဘူး။ ထို့ကြောင့် သူမဟာ လိမ္မာသိတတ်စွာနဲ့ပဲ ပြုံးပြလိုက်သည်။

"ကောင်းပါပြီ အားချဲ့... ရှင် ဆုံးဖြတ်ပြီးရင် ကျွန်မကို ပြောပြပါဦး"

လီချန်ချဲ့က သူမရဲ့ အုံ့မှိုင်းနေတဲ့ အကြည့်တွေကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည် -

"ကိုယ် သဘောကျတဲ့သူက ဘယ်သူလဲဆိုတာ မင်း သိသင့်ပါတယ် ဟုတ်တယ်မလား"

ရွှယ်နင်က လိမ္မာယဉ်ကျေးစွာ ခေါင်းညိတ်လိုက်သည်။ ရင်ထဲက အောင့်သက်သက်နဲ့ နာကျင်မှုကိုတော့ အတင်းအကျပ် ဖိနှိပ်ထားလိုက်၏။

"ကျွန်မ သိပါတယ်"

လီချန်ချဲ့က ပြောသည်။

"နောက်ကျရင် ကိုယ့်အတွက် သူ(မ)ကို သွားမေးပေးဦး"

ရွှယ်နင် ရင်ဘတ်ထဲ မွန်းကြပ်သွားပြီး အသက်ရှူဖို့တောင် ခက်ခဲသွားရသည်။

"ကျွန်မ... ကျွန်မလားဟင်"

လီချန်ချဲ့က "အင်း" ဟု ပြန်ဖြေသည်။

ဘာလုပ်ရမှန်းမသိ ဖြစ်သွားတဲ့ ရွှယ်နင်က ပြောလိုက်သည်။

"အော်... ကောင်းပါပြီ"

လီချန်ချဲ့က ငေးငိုင်နေပြီး ငိုတော့မလို မျက်ရည်တွေ ဝဲနေတဲ့ သူမရဲ့ အမူအရာကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"ကိုယ် ခဏလောက် အိပ်လိုက်ဦးမယ်။ နယ်စားမင်းအိမ်တော်ကို ရောက်ရင် ကိုယ့်ကို နှိုးလိုက်ဦး"

"ကောင်းပါပြီ..."

ရွှယ်နင်တစ်ယောက် အခုတော့ လုံးဝကို အိပ်ချင်စိတ်တွေ ပြယ်လွင့်သွားခဲ့ပြီ။ သူမ မနာလိုမဖြစ်သင့်ဘူး၊ ဝမ်းမနည်းသင့်ဘူး၊ သူ့ကို ဆုတောင်းပေးရမယ်ဆိုတာ သူမ သိတယ်။

ဒါပေမဲ့ သူမ ဘယ်လိုမှ မပျော်ရွှင်နိုင်ခဲ့ဘူး။

သူမရဲ့ နှလုံးသားတစ်ခုလုံးကို တစ်စုံတစ်ယောက်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ညှစ်ထားသလို ခံစားရပြီး အသက်ရှူဖို့တောင် ခက်ခဲနေတယ်။

သိပ်မကြာခင်မှာပဲ ရထားလုံးက ကျန်းကော်နယ်စားမင်းအိမ်တော်ကို ဆိုက်ရောက်လာခဲ့သည်။

သူမဟာ တစ်ကိုယ်လုံး အင်အားတွေ ကုန်ခမ်းသွားသလို ခံစားရပြီး ရထားလုံးပေါ်က ဆင်းတဲ့အချိန်မှာပဲ ချော်လဲလုနီးပါး ဖြစ်သွားခဲ့၏။

လီချန်ချဲ့က သူမရဲ့ လက်မောင်းကို လှမ်းဖမ်းပေးလိုက်လို့သာ ကိုယ်ဟန်ကို ပြန်ထိန်းနိုင်ခဲ့ခြင်းဖြစ်သည်။

"မင်း ဘာတွေ စိတ်လွင့်ပြီး တွေးနေတာလဲ"

"ဘာမှမဟုတ်ပါဘူး..."

ရွှယ်နင်က ခေါင်းခါလိုက်ပြီး နှာတစ်ချက်ရှုံ့ကာ ဝေဝါးနေတဲ့ မျက်ရည်တွေကြားကနေ သူ့မျက်နှာကို ကြည့်လိုက်သည်။ ထို့နောက် အတင်းပြုံးလိုက်၏။

"ဘာမှမဟုတ်ပါဘူး။ မနေ့ညက ကောင်းကောင်းမအိပ်ရလို့ နည်းနည်း ပင်ပန်းသွားတာနဲ့ တူပါတယ်။ ခဏလောက် နားလိုက်ရင် သက်သာသွားမှာပါ"

လီချန်ချဲ့က သူ့ရဲ့ လက်ဖဝါးကြီးကို ဆန့်ထုတ်ပြီး သူမရဲ့ နဖူးကို စမ်းကြည့်လိုက်သည်။

"ဖျားလည်း မဖျားပါဘူး"

ရွှယ်နင်က လည်ချောင်းထဲ တစ်ဆို့ဆို့နဲ့ပဲ အတင်း ပြုံးပြလိုက်သည်။

"ကျွန်မ တကယ် အဆင်ပြေပါတယ်"

လီချန်ချဲ့က ဘာမှ ထပ်မပြောတော့ပေ။ လီချန်လဲ့ကို ပြန်လွှတ်လိုက်ပြီးနောက် ရွှယ်နင်ကို ခေါ်ကာ ကျွိုယင်းဆောင်ဆီသို့ ဦးတည်လျှောက်လှမ်းခဲ့သည်။

ခြံဝင်းထဲကို ပြန်ရောက်တော့ ပေါင်ချန်နဲ့ ရှလန် အပါအဝင် အခြားသော အစေခံမိန်းကလေးတွေဟာလည်း ရေနွေးကျိုသူကျို၊ ညစာပြင်သူပြင်နဲ့ အလုပ်ရှုပ်သွားကြတော့သည်။

ရွှယ်နင်က သူ စာကြည့်ဆောင်မှာပဲ ဆက်နေလိမ့်မယ်လို့ ထင်ထားခဲ့တာဖြစ်သည်။ သူမ အခန်းတွင်းထဲဝင်ပြီး အပြင်ဝတ်ရုံကို ချွတ်ကာ ပြန်ထွက်လာချိန်တွင် ထိုအမျိုးသားက လိုဟန်ကုတင်ပေါ်၌ နားနေဆဲဖြစ်တာကို တွေ့လိုက်ရ၏။

သူမက အကန့်လိုက်ကာဘေးတွင် စိတ်မသက်မသာရပ်နေရင်း အနည်းငယ် နောက်ဆုတ်မိသွားသည်။

သူ သဘောကျတဲ့သူအကြောင်းကို ဒီလိုမျိုးအထိ အတိအလင်း ပြောဆိုပြီးပြီဆိုလျှင် မင်းသမီးယန်ရန်နှင့် တစ်စုံတစ်ရာ စီစဉ်ထားပြီး ဖြစ်လိမ့်မယ်။

သို့သော် သူက အသေးစိတ်ထပ်မပြောချင်သဖြင့် သူမလည်း မမေးရဲတော့ပါ။

ဘာပဲဖြစ်ဖြစ် ဒါက သူတို့နှစ်ဦးကြားက ကိစ္စပဲ။ ထပ်စပ်စုနေလျှင်လည်း သူမဘာသာ ဝမ်းနည်းရုံပဲ ရှိလိမ့်မယ်။

မင်းသမီးယန်ရန် အိမ်တော်သို့ ရောက်ရှိလာလျှင် အားချဲ့က သူမကို ကြိုတင်အကြောင်းကြားမှာ အသေအချာပင်။

သူမ ထွက်ခွာသွားမလား၊ ဆက်နေမလား ဆိုတာကိုလည်း သူက အဆင်ပြေအောင် စီစဉ်ပေးလိမ့်မယ်။

ဒီဘဝမှာ သူမ အလိုရှိခဲ့တာ လွတ်လပ်ပေါ့ပါးမှုပဲ မဟုတ်ဘူးလား။

နောင်တစ်ချိန် သူမ ဘယ်နေရာကိုပဲ ရောက်ရှိနေပါစေ၊ မင်းသမီးယန်ရန်နှင့် လီချန်ချဲ့တို့ သက်ဆုံးတိုင် အိမ်ထောင်ရေးသာယာပါစေကြောင်း စိတ်ရင်းမှန်ဖြင့် ဆုတောင်းပေးမယ်။

ရွှယ်နင်သည် အသက်ကို ပြင်းပြင်းရှူကာ ရင်ထဲက အောင့်သက်သက်နိုင်မှုနှင့် ခါးသီးမှုတို့ကို နက်ရှိုင်းစွာ မြှုပ်နှံလိုက်ရင်း ပြုံးကာ လျှောက်သွားလိုက်သည်။

"အားချဲ့... ဒီည စာကြည့်ဆောင်ကို သွားဦးမှာလား"

ထိုအမျိုးသားက မျက်လုံးများကို ဖွင့်ကာ နားထင်ကို နှိပ်နယ်လိုက်သည်။

"မသွားတော့ဘူး... ဒီည ဒီမှာပဲ နေမယ်"

ရွှယ်နင် ဘေးနားမှာ မရှိတဲ့ ညတိုင်းက အထီးကျန်ဆန်ပြီး ခြောက်ကပ်တယ်။

သူ တစ်ယောက်တည်း မအိပ်ဖူးတာလည်း မဟုတ်ဘူး။

ဒါပေမဲ့ ရွှယ်နင်နှင့် လက်ထပ်ပြီးကတည်းက သူ ဒီမိန်းကလေးနှင့် မခွဲနိုင်တော့ပေ။

သူမက ကုတင်ပေါ်တွင် ငြိမ်ငြိမ်လေးလှဲကာ ပျင်းရိစွာ အိပ်စက်နေရုံမျှဖြင့်ပင် သူ့ရင်ထဲ ထူးထူးခြားခြား အေးချမ်းသည်။

လွန်ခဲ့တဲ့ရက်ပိုင်းက သူ ကျိုယင်းဆောင်သို့ မပြန်ခဲ့တာ သူမကို မလွမ်းဆွတ်၍ မဟုတ်။

သို့သော် သူမရဲ့ ပါးစပ်ကနေ လမ်းခွဲခြင်း၊ ကွာရှင်းခြင်း သို့မဟုတ် ကိုယ်လုပ်တော်ယူခြင်းတို့ကို ထပ်မံကြားရမည်ကို စိုးရိမ်၍ဖြစ်ကာ ထိုအရာများက သူ့ကို ပို၍ ဒေါသထွက်စေတာကြောင့်ပင်။

အခုတော့ သူက သူမအတွက် နောက်ထပ် "ကလေးငယ်"ကို ခေါ်ဆောင်လာပေးခဲ့ပြီ။

သူမသာ ၎င်းကို ဂရုတစိုက် ပြုစုစောင့်ရှောက်နေသရွေ့ ကျန်းကော်နယ်စားမင်းအိမ်တော်တည်းဟူသော ဤအိမ်ဂေဟာမှ အလွယ်တကူ ထွက်ခွာသွားလိမ့်မည် မဟုတ်ပေ။

"ကိုယ် ရေအရင်သွားချိုးလိုက်ဦးမယ် နင်နင်... အားဟွမ်ကို ဘယ်လိုထားမလဲဆိုတာ မင်းပဲ ကြည့်စီစဉ်လိုက်တော့"

ရွှယ်နင်လည်း ထပ်မံ၍ အတွေးမလွန်ရဲတော့ဘဲ ထိုအမျိုးသား တကယ်ပင်ပန်းနေပြီဟုသာ မှတ်ယူလိုက်ရင်း သူ့အတွက် ရေနွေးပြင်ဆင်ရန် အလျင်အမြန် အမိန့်ပေးလိုက်ကာ လဲလှယ်ရန် အဝတ်အစားသစ်များကိုပါ ထုတ်ပေးလိုက်၏။

လီချန်ချဲ့က သူမ၏ဆံပင်များကို အသာအယာဖွလိုက်ပြီး ထရပ်ကာ ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။

ရွှယ်နင်မှာ အတန်ကြာ ငေးငိုင်ရပ်နေမိပြီးမှ သတိပြန်ဝင်လာကာ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

သူမက ညီမတစ်ယောက်ပဲလေ... အစ်ကိုဖြစ်သူရဲ့ ဇနီးလောင်းကို သူ့ကိုယ်စား သွားမေးပေးရမှာက သဘာဝကျပါတယ်၊ သူမက ဘာလို့ ဒီမှာ စိတ်အားငယ်နေရတာလဲ။

All Chapters