အခန်း ၂၃၄
Vol. 24 Ch. 234
အခန်း (၂၃၄) - ဒုတိယအဒေါ် နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာခြင်း
ထိုအခါမှသာ ရွှယ်နင်သည် သူ့ရဲ့ တောင့်တင်းသော ရင်ခွင်ကျယ်ပေါ်သို့ တစ်ကိုယ်လုံး မှီတွယ်နေမိတာကို သတိပြုမိတော့၏။ အမျိုးသား၏ ပူလောင်သော ကိုယ်အပူရှိန်က ပါးလွှာသော အင်္ကျီစမှတစ်ဆင့် စိမ့်ဝင်လာပြီး သူမ၏ နှလုံးသားကို ပြင်းပြစွာ တုန်လှုပ်သွားစေသည်။
သူမက နောက်သို့ အမြန် နှစ်လှမ်းဆုတ်လိုက်ရာ ကြမ်းပြင်ထိ ရှည်လျားသော ပါးလျသည့် ဝတ်ရုံပွလေးက သူမ၏ သွယ်လျနူးညံ့သော ခါးလေးကို ထင်ရှားပေါ်လွင်စေသည်။
လီချန်ချဲ့သည် သူမက သူ့ဆီ ဖိကပ်ထားခဲ့တဲ့ ခံစားချက်ကို သတိရနေဆဲဖြစ်ပြီး သူ့အကြည့်များက ပို၍ ခန့်မှန်းရခက်လာ၏။
ရွှယ်နင်၏ ရင်ထဲ တဒိန်းဒိန်းခုန်နေသည်။ သူ အာရုံလွဲနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူမက ဆတ်ခနဲ ခုန်ထလျက် ပုလင်းကို အမြန် ပြန်လုယူပြီး လက်ဖဝါးထဲတွင် စိုးရိမ်တကြီး တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
"ခဏနေရင် ကျွန်မ သောက်လိုက်ပါ့မယ်။ အမေက ပြောတယ်... ဒါက အမျိုးသမီးတွေ ခန္ဓာကိုယ် အားဖြည့်ဖို့ သီးသန့်ဖော်စပ်ထားတာတဲ့။ အမျိုးသားတွေ သောက်လို့မရဘူး။"
လီချန်ချဲ့၏ အကြည့်က သူမ၏ ပြည့်ဖြိုးဝန်းထွားသော ရင်ဘတ်ပေါ်သို့ ဝေ့ဝဲသွားပြီး လည်ချောင်းထဲမှ "အင်း" ဟု ခပ်ပြတ်ပြတ် အသံပြုလိုက်သည်။
ရွှယ်နင် မျက်နှာတစ်ခုလုံး မီးတောက်နေသကဲ့သို့ ပူထူသွားသည်။ သူမက ကမန်းကတန်း လှည့်ထွက်ကာ လိုက်ကာအပြင်ဘက်ရှိ 'ရှစ်ပါးနတ်မင်း' စားပွဲဆီသို့ လျှောက်သွားတော့သည်။
ပေါင်ချန်နှင့် ချွန်းချီတို့က ညစာနှင့်အတူ ကြောင်လေးအတွက် ပြင်ဆင်ထားသော ဆိတ်နို့နွေးနွေးကို ယူဆောင်လာကြသည်။ ရွှယ်နင်၏ နီရဲနေသော မျက်နှာကို မြင်သောအခါ ပေါင်ချန်က စနောက်လိုက်သည်။
"သခင်မလေး၊ ဘာဖြစ်လို့လဲဟင်။ အအေးမိပြန်ပြီလား"
လီချန်ချဲ့က နောက်မှ အေးအေးလူလူ လိုက်ပါလာသည်။
ရွှယ်နင်က သူမ၏ ပူထူနေသော ပါးပြင်ကို ပွတ်သပ်ရင်း ပြောလိုက်၏။
"ငါ အားဟွမ်အတွက် အိပ်ရာလေး ပြင်ပေးရင်းနဲ့ ပင်ပန်းသွားလို့ပါ။ နင်က ဘာတွေ လျှောက်ပြောနေတာလဲ... အရူးမလေး"
ပေါင်ချန်က စကားတစ်ခွန်းမှ မပြောဘဲ ပြုံးနေသည်။
ချွန်းချီနှင့် အခြားသူများကမူ အလိုက်သိစွာဖြင့် စားပွဲဘေးတွင် ငြိမ်သက်စွာ ရပ်လျက် အလုပ်အကျွေးပြုကြသည်။
စားပွဲပေါ်တွင် ရွှယ်နင် ကြိုက်နှစ်သက်သော ဟင်းလျာများဖြင့် ပြည့်နှက်နေသည်။ ပူပူနွေးနွေး ဟင်းလျာများအပြင် သစ်အယ်သီးမုန့် တစ်ပန်းကန်လည်း ပါရှိ၏။
သူမက ဗာဒံစေ့မုန့်ကို မစားနိုင်သော်လည်း သစ်အယ်သီး၏ အီမသွားသော အချိုအရသာကိုမူ အလွန်နှစ်သက်သည်။ အထူးသဖြင့် ဆောင်းရာသီတွင် လမ်းဘေးဈေးသည်ထံမှ ပူပူနွေးနွေး သကြားလှော် သစ်အယ်သီးတစ်ထုပ် ဝယ်စားရသည့် အရသာမှာ မဖော်ပြတတ်အောင် မွှေးကြိုင်လှသည်။
အရင်ဘဝတုန်းက ရွှမ်းယီနယ်စားမင်းအိမ်တော်၏ အနောက်ဆောင်အတွင်း၌သာ ပိတ်လှောင်ခံထားရသဖြင့် ရွှယ်နင် အပြင်ထွက်ခွင့် အလွန်နည်းပါးခဲ့သည်။
သူမ ထိုအရသာကို မြည်းစမ်းခွင့်ရသည့် အခိုက်အတန့် အနည်းငယ်များသည် ပေါင်ချန်က အပြင်မှ တိတ်တဆိတ် ဝယ်ယူပေးခဲ့တာကြောင့်သာ ဖြစ်သည်။
နောက်ပိုင်း ယုံကျိုးသို့ ပြောင်းရွှေ့သွားသောအခါ စားရမည့်အခွင့်အရေးက ပို၍ပင် နည်းပါးသွားတော့၏။
ယနေ့တိုင်အောင် သူမက ထိုနူးညံ့စေးပိုင်သော အရသာကို လွမ်းဆွတ်နေဆဲ ဖြစ်သည်။
တူချောင်းဖြင့် တစ်တုံးကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်တဲ့အခါ ထိုအရသာကြောင့် သူမ ကျေနပ်အားရစွာဖြင့် မျက်လုံးလေးများကို အနည်းငယ် မှိတ်လိုက်မိသည်။
သူမ အားရပါးရ စားနေတာကို မြင်တဲ့အခါ လီချန်ချဲ့က သူမ၏ ပန်းကန်ထဲသို့ နောက်ထပ်တစ်တုံး ထည့်ပေးလိုက်ပြန်သည်။
ရွှယ်နင် ရင်ထဲ နွေးထွေးသွားပြီး စကားလုံးဖြင့် မဖော်ပြတတ်အောင် စိတ်လှုပ်ရှားသွားရသည်။
"အားချဲ့... ရှင် ဘယ်လိုသိတာလဲ။"
လီချန်ချဲ့က ပါးလွှာသော နှုတ်ခမ်းကို ဟလျက် ပုံမှန်အတိုင်းပင် ပြန်ဖြေသည်။
"ကိုယ် ဖူရှန်းကို ပေါင်ချန်ဆီမှာ မေးခိုင်းလိုက်တာ။ မင်းက ကိုယ့်ဇနီးဖြစ်လာပြီပဲ... မင်းကို သေချာဂရုစိုက်ရမှာက သဘာဝပဲပေါ့။ ဒီ နွေဦးမျှစ်လေး မြည်းကြည့်ဦးမလား။"
ရွှယ်နင်သည် ထိုအမျိုးသား၏ အလွန်ချောမောသော မျက်နှာကို ငေးမောကြည့်နေမိသည်။
ဒါဆို သူမ တစ်ချိန်လုံး ဘာတွေများ ပူပန်သောက ရောက်နေခဲ့တာလဲ။
တကယ်တော့ ဒါက အလွန်ရိုးရှင်းတဲ့ ကိစ္စလေးပါ။ စုကျန်းက သူမအပေါ် လုံးဝ ဂရုမစိုက်ခဲ့လို့သာ သူမ ဘာကြိုက်လဲ၊ ဘာမကြိုက်လဲဆိုတာကို သိဖို့ ဘယ်တုန်းကမှ အားမထုတ်ခဲ့တာပဲ။
တစ်စုံတစ်ယောက်ကသာ အမှန်တကယ် ဂရုစိုက်မယ်ဆိုရင် မေးခွန်းအနည်းငယ် မေးရုံနဲ့တင် သူမရဲ့ အကြိုက်ကို သိနိုင်တာပဲ မဟုတ်လား။
လီချန်ချဲ့လို အမျိုးသားမျိုးက အစ်ကိုတစ်ယောက်အနေနဲ့တောင် ဒီလောက်ဂရုစိုက်တတ်တာ။
တကယ်လို့ ခင်ပွန်းတစ်ယောက်သာ ဖြစ်လာခဲ့ရင် ဘယ်လောက်တောင် ကြင်နာယုယမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ။
အင်း...
ရှင်းမပြတတ်တဲ့ နာကျင်မှုလှိုင်းတစ်ခုက သူမရင်ထဲ ဖြတ်သန်းသွားသည်။ ဒီလောက် ကံကောင်းမှုမျိုး သူမမှာ မရှိဘူးဆိုပြီး စိတ်ထဲကနေ သက်ပြင်းချကာ ညည်းတွားမိ၏။
ဒါပေမဲ့လည်း ဒီလောက် သေချာဂရုစိုက်ခံရတာနဲ့တင် သူမ လုံလောက်တာထက်ကို ပိုပြီး ကျေနပ်နေပါပြီ။
"ပေါင်ချန်၊ ဟင်းချိုပူပူလေး ယူခဲ့ပေး။"
ရွှယ်နင်က ထမင်းပန်းကန်လုံးအသေး တစ်ဝက်နဲ့ သစ်အယ်သီးမုန့် အနည်းငယ်ကို စားလိုက်သည်။
လှည့်ကြည့်လိုက်တော့ အမျိုးသားက သူမအတွက် ဆေးမြစ်နဲ့ ကြက်မည်းဟင်းချို တစ်ပန်းကန် ခပ်ပေးနေတာကို တွေ့လိုက်ရသည်။
သူမ နားမလည်စွာနဲ့ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။
လီချန်ချဲ့က သူမအတွက် တစ်ပန်းကန် ကိုယ်တိုင်ခပ်ပေးပြီး အရှေ့မှာ ချပေးလိုက်သည်။
"မင်း ဆေးသောက်မလို့ မဟုတ်ဘူးလား။ နင်နင်... ဆေးကို ကြက်စွပ်ပြုတ်ထဲ ထည့်သောက်ရင် ပိုပြီး အားရှိလိမ့်မယ်။"
အမျိုးသားရဲ့ အကြည့်တွေက စူးရှနေပြီး၊ သွယ်လျဖြူလျော့ကာ ဆွဲဆောင်မှုရှိတဲ့ သူရဲ့ လက်ချောင်းရှည်နှစ်ချောင်းက စားပွဲပေါ်မှာ တင်ထားသည်။
ရွှယ်နင် ခဏလောက် ကြက်သေသေသွားပြီးနောက် အတင်းအကျပ် ရယ်မောလိုက်သည်။
အစကတော့ ငြင်းချင်ပေမယ့် ဒီလူက သူမကို တမင်သက်သက် ထပ်ပြီး အကျပ်ကိုင်နေမှာကို စိုးရိမ်သွားတယ်။
မလွှဲသာမရှောင်သာဘဲ ကျောက်စိမ်းပုလင်းငယ်ကို ဖွင့်ကာ စိတ်တင်းပြီး ဟင်းချိုထဲကို ဆေးရည် တစ်စက် ချလိုက်သည်။
သူမ တွေးလိုက်တယ်။ ဒါတွေအားလုံးက ခန္ဓာကိုယ်ကို အားဖြည့်ပေးမယ့် အားဆေးတွေပဲဟာ... ပြီးတော့ ဒီဆေးက သူမရဲ့ နာကျင်မှုကို သက်သာစေဖို့ပဲဆိုတော့ နည်းနည်းလောက် သောက်တာ ဘာမှမဖြစ်လောက်ပါဘူးလေ။
အဲဒီအတွေးနဲ့ပဲ ကြက်စွပ်ပြုတ် တစ်ပန်းကန်လုံးကို သူမ ရဲရဲဝံ့ဝံ့ သောက်ချလိုက်တော့သည်။
ရွှယ်နင်က ပြုံးရွှင်သွားပြီး မှိန်ပျပျ ဖယောင်းတိုင်အလင်းရောင်အောက်မှာ သူမရဲ့ လက်ဝါးအရွယ် မျက်နှာလေးက တောက်ပနေသည်။
"အရမ်းကောင်းတာပဲ။"
လီချန်ချဲ့ရဲ့ ဓားတစ်လက်လို ထူထဲနက်မှောင်နေတဲ့ မျက်ခုံးတွေအောက်ကနေ သူမကို အေးအေးဆေးဆေးနဲ့ အကဲခတ်တဲ့အကြည့်မျိုး ကြည့်လိုက်သည်။
မိန်းမငယ်လေးရဲ့ မျက်နှာက နီသွေးရောင်သန်းနေပြီး အခွံနွှာထားတဲ့ ကြက်ဥလေးလို နူးညံ့ပြည့်ဖြိုးနေသည်။ သေချာကြည့်မယ်ဆိုရင် ပါးပြင်ပေါ်က အမွေးနုလေးတွေကိုတောင် မြင်နိုင်၏။
တောက်ပပြီး အရည်လဲ့နေတဲ့ သူမရဲ့ ဗာဒံစေ့ပုံစံ မျက်ဝန်းလေးတွေက စကားပြောနေသလိုဖြစ်ပြီး မြင်ရသူရဲ့ ရင်ကို နူးညံ့သွားစေတယ်။
ရွှယ်နင်က နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလိုက်သည်။
"အားချဲ့၊ ကျွန်မ စားလို့ ပြီးပြီ။ စာရင်းတွေ ခဏလောက်ကြည့်ပြီးရင် အိပ်တော့မယ်။"
သူမ သင်ယူစရာတွေ အများကြီး ရှိနေသေးတယ်။ အိမ်တော်စာရင်းတွေကို ဘယ်လိုစီမံရမလဲဆိုတာကို ချွန်းချီနဲ့အတူ နေ့တိုင်း အချိန်ပေးပြီး လေ့လာနေရတယ်။ ကျွမ်းကျင်သွားရင်တော့ အိမ်တော်က စာရင်းကိုင်တွေနဲ့ ဆက်ပြီး သင်ယူရဦးမယ်။
ကျန်းကော်နယ်စားမင်းအိမ်တော်က ရွှမ်းယီနယ်စားမင်းအိမ်တော်ထက် အများကြီးပိုပြီး ဩဇာအာဏာကြီးမားသလို ချမ်းသာကြွယ်ဝပြီး လုပ်ငန်းတွေလည်း အများကြီးရှိတယ်။
သူမရဲ့ သာမန်ဉာဏ်လေးလောက်နဲ့ ဒါတွေအားလုံးကို စီမံဖို့ဆိုတာ မလုံလောက်ဘူး။ ကံကောင်းချင်တော့ ဖူရှန်းက သူမအတွက် အရည်အချင်းရှိတဲ့ အိမ်တော်ထိန်းတချို့ကို စီစဉ်ပေးထား၏။
လီချန်ချဲ့က ပြောလိုက်သည်။
"အင်း၊ ကိုယ့်ကို မစောင့်နဲ့တော့။ ခဏနေ ဧကရာဇ်မင်းမြတ်နဲ့ တွေ့ဖို့ နန်းတော်ထဲ ဝင်ရဦးမယ်။ ကိုယ် ပြန်လာဖို့ တစ်နာရီ၊ နှစ်နာရီလောက်တော့ ကြာလိမ့်မယ်"
ရွှယ်နင်က နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်လိုက်သည်။ ဒီလောက် မိုးချုပ်နေပြီကို သူ နန်းတော်ကို သွားရဦးမှာလား။
လီချန်ချဲ့က ပြုံး၍ သူမခေါင်းကို အသာပုတ်ကာ စိတ်ရှည်လက်ရှည် ရှင်းပြ၏။
"အရေးကြီးတဲ့ ကိစ္စကြီးတော့ မဟုတ်ပါဘူး။ အဂတိလိုက်စားမှု အမှုတစ်ခုကို မကြာခင်ကတင် အောင်အောင်မြင်မြင် ဖြေရှင်းပြီး တရားခံကို ဖမ်းမိထားလို့ပါ။ အချိန်က နီးကပ်နေတာမလို့ နန်းတော်ကို အမြန်ဆုံးပြန်ပြီး အစီရင်ခံဖို့ လိုအပ်တယ်။"
ရွှယ်နင်က ထိုအမျိုးသားကို ခဏမျှ စဉ်းစားဟန်ဖြင့် အကဲခတ်လိုက်မိ၏။ ဒါဆို တကယ်ပဲ ထိုအဂတိလိုက်စားမှုကြီး ဖြစ်နေတာပေါ့။
အမတ်ချုပ်ကြီးယန်က အသက်ရှင်လျက် ကောင်းမွန်စွာ ရှိနေသေးပြီး ထိုအဂတိလိုက်စားမှုကိုလည်း လီချန်ချဲ့က ဖြေရှင်းပေးခဲ့သည်။
အဲ့လိုဆိုရင် သူမက အားချဲ့ကို ပိုကူညီပေးသင့်တယ် မဟုတ်ဘူးလား။ သူ့ရဲ့ အရာရှိလမ်းကြောင်း ပိုမိုချောမွေ့ပြီး အရှိန်အဟုန်ဖြင့် ရာထူးတက်လှမ်းနိုင်ရန်အတွက်ပေါ့။
လီချန်ချဲ့က ပန်းကန်နှင့် တူကို ချလိုက်ပြီးနောက် နန်းတွင်းဝတ်စုံသို့ လဲလှယ်ဝတ်ဆင်ကာ ရွှယ်နင်အား လက်ခုံပေါ်က ဒဏ်ရာကို ဂရုစိုက်ရန် ထပ်မံမှာကြားလိုက်၏။ ထို့နောက် ဖူရှန်းနှင့်အတူ အိမ်တော်မှ ထွက်ခွာသွားတော့သည်။
ထိုအမျိုးသား ထွက်ခွာသွားသည်နှင့် ကျိုယင်းဆောင်အတွင်းရှိ လေထုမှာ သိသိသာသာ ပေါ့ပါးသွားသည်။ ပေါင်ချန်နှင့် အခြားသူများက စကားတပြောပြော ရယ်မောရင်း ညစာပန်းကန်များကို သိမ်းဆည်းကြ၏။ ခဏနေလျှင် ပြတင်းပေါက်နားတွင် စုဝေးကာ ပန်းထိုးကြမည်ဟုလည်း ပြောကြသေးသည်။
ရွှယ်နင်ကမူ ပလုတ်ကျင်းရန် လက်ဖက်ရည်ကို ရှာဖွေနေဆဲ ဖြစ်သည်။ စောစောက ဆေးရည်တစ်စက်တည်းသာ ထည့်ခဲ့မိသော်လည်း တစ်စုံတစ်ခု မှားယွင်းသွားမှာကို စိုးရိမ်နေမိတာကြောင့်ပင်။
သူမက လက်ဖက်ရည်တစ်အိုးလုံးကို အကုန်မော့သောက်ချလိုက်ရာ ပေါင်ချန်ပင် လန့်သွားရ၏။
"သခင်မလေး... တော်ပါတော့၊ ဆက်မသောက်ပါနဲ့တော့။"
"ပေါင်ချန်... ငါ့ကို နောက်တစ်အိုး ထပ်ယူခဲ့ပေး။"
ပေါင်ချန်က လက်ဖက်ရည်အိုးကို ယူဆောင်လာသည်။
"ဒီလိုသာ ဆက်သောက်နေရင် သခင်မလေး ညကျ ဘယ်လိုလုပ် အိပ်ပျော်တော့မှာလဲဟင်"
ရွှယ်နင်က သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို အသာပွတ်သပ်လိုက်မိ၏။ လက်ဖက်ရည် အမြောက်အမြား သောက်ထားသဖြင့် ဆေးအာနိသင်လည်း ပျော်ဝင်ပြယ်စင်သွားလောက်ပြီဟု တွေးမိသည်။
အနည်းငယ် စိတ်အေးသွားကာ စာရေးစားပွဲတွင် ထိုင်ရုံရှိသေး၊ ဒုတိယအိမ်တော်ခွဲမှ ဝူရှီက သူမ၏တူမကို ခေါ်ဆောင်ကာ နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာပြန်သည်။
ပေါင်ချန်က သက်ပြင်းချလျက် ကပ်ပြောလိုက်သည်။
"သခင်မလေး ကြည့်ပါဦး... ဟို သခင်မလေးဝူ နောက်တစ်ခေါက် ရောက်လာပြန်ပြီ။ ရှီဇီ အိမ်တော်ပြန်ရောက်တဲ့ အချိန်ကိုမှ ကွက်တိရွေးလာတာ။ သူ(မ) ဘာတွေ ကြံစည်နေလဲဆိုတာ လူတိုင်း အထာသိပြီးသားပါ"
ရွှယ်နင်က သက်ပြင်းချကာ မတတ်နိုင်သည့်ဟန်ဖြင့် ပြောလိုက်၏။
"အရမ်းကြီး မသိသာစေနဲ့။ ဘာပဲဖြစ်ဖြစ် သူတို့က ဧည့်သည်တွေပဲ"
"သူ(မ)ဘာသာ အလိုက်မသိတတ်တာကိုး"
ပေါင်ချန်က လျှာလေးထုတ်ပြကာ -
"ကျွန်မနဲ့ မမချွန်းချီ လက်ဖက်ရည်သွားဖျော်လိုက်ပါ့မယ်"
ရွှယ်နင်က ခေါင်းညိတ်ပြလိုက်ပြီး ဝူရှီတို့ နှစ်ယောက်ကို အတွင်းသို့ ဝင်၍ ထိုင်ရန် ဖိတ်ခေါ်လိုက်၏။
ဝူရှီသည် အခန်းထဲသို့ ဝင်လာသည်နှင့် ဧည့်ခန်းမဆောင်ကြီးတစ်ခုလုံးကို မသိမသာ ဝေ့ဝဲအကဲခတ်လိုက်သည်။
ရွှယ်နင်က လိုဟန်ကုတင်ထက်တွင် မတ်မတ်ထိုင်ကာ ရေနွေးပူပူကို တစ်ငုံမျှ သောက်ပြီး မေးလိုက်သည်။
"ဒုတိယအဒေါ်... ဘာကိစ္စရှိလို့ နောက်တစ်ကြိမ် ရောက်လာပြန်တာလဲဟင်"
"နောက်တစ်ကြိမ်" ဟူသော စကားလုံးတွင် ရည်ရွယ်ချက်က အထင်အရှား ရှိနေသဖြင့် အလိုက်သိတတ်သူတိုင်း ရိပ်မိနိုင်သော်လည်း ဝူရှီကမူ မကြားချင်ယောင်ဆောင်ကာ ပြုံးရွှင်လျက် ပြောလိုက်သည်။
"ဒုတိယအဒေါ်က သခင်မလေးကို လွမ်းလို့ လာကြည့်တာပါကွယ်"
ဝူကျင်းယီက ဝူရှီ၏နောက်မှ လိုက်ပါလာသည်။ သူမ၏ မျက်ခုံးမျက်တောင်များက အေးချမ်းတည်ငြိမ်နေပြီး နှုတ်ခမ်းထက်တွင် နှုတ်ခမ်းနီရဲရဲလေး ဆိုးထားကာ နူးညံ့ချောမွေ့သော မျက်နှာလေးမှာ ပုလဲကဲ့သို့ ဝင်းပနေ၏။ အမှန်ပင် ယုယသနားစရာကောင်းသော အသွင်ရှိပေသည်။
သူမ၏ နက်မှောင်သော ဆံပင်ကို ခေါင်းပေါ်တွင် လိပ်တင်ပြီး ကျော့ရှင်းသော ပုလဲဆံထိုးတစ်ချောင်း စိုက်ထားရာ သွယ်လျဖြူဝင်းသော လည်တိုင်လေးက ပေါ်လွင်နေ၏။ သူမက ရူယီပန်းပွင့်ပုံစံများပါသော ဟစ်ဘစ်စကတ်အရောင် ပိုးထည်စကတ်ကို ဝတ်ဆင်ထားပြီး နူးညံ့သော မက်မွန်နီရောင် ရင်စေ့အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ထားသည်။ ရင်ဘတ်တွင် ချည်နှောင်ထားသော ကျောက်စိမ်း အစိမ်းရောင် ဖဲကြိုးလေးက ဆွဲဆောင်မှုရှိသော အလှတရားကို မသိမသာ အရိပ်အမြွက် ဖော်ဆောင်နေသကဲ့သို့ ရှိချေသည်။