အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း (၂၃၇) - သက်ရှည်သော့ခလောက် ပျောက်ဆုံးသွားခြင်း
"ဟင်"
ရွှယ်နင်၏ မျက်လုံးများက အရည်လဲ့နေပြီး သူမ၏ မျက်နှာအမူအရာက လုံးဝကို ဇဝေဇဝါဖြစ်နေသည်။
လီချန်ချဲ့က ခေါင်းကို အနည်းငယ်လှည့်ကာ ကုတင်လိုက်ကာ၏ မှိန်ပျပျအလင်းရောင်အောက်တွင် ရွှယ်နင်ကို လှမ်းကြည့်ပြီး တိတ်တဆိတ် ရယ်မောလိုက်သည်။
"ကိုယ့်ကို စောင့်နေတာလား"
ရွှယ်နင်၏ အတွေးများက ထိုအခိုက်အတန့်တွင် အနည်းငယ် နှေးကွေးနေသည်။
"အားဟွမ်က မအိပ်လို့ ကျွန်မလည်း အိပ်မပျော်ဘူးဖြစ်နေတာ... ပြီးတော့ ဖူကျွင်းလည်း ပြန်မလာသေးတော့ နည်းနည်းလောက် စောင့်လိုက်မယ်လို့ တွေးလိုက်တာပါ"
လီချန်ချဲ့၏ စိတ်အခြေအနေက တော်တော်လေး ကောင်းမွန်နေသည်။
"ကိုယ် ထွက်သွားပြီးနောက်မှာ ဒုတိယအဒေါ် ရောက်လာတယ်လို့ ကြားတယ်"
ရွှယ်နင်က ခပ်ဖွဖွ "အင်း" ဟု အသံပြုလိုက်သည်။
"ဟုတ်တယ်"
"သူ့တူမရော ပါသေးလား"
ဝူကျင်းယီအကြောင်း ပြောလိုက်သည်နှင့် ရွှယ်နင်က တစ်ဖက်သို့ လှည့်လိုက်ပြီး သူမ၏ ပုလဲနက်လို မျက်လုံးလေးများကို ပင့်မော့ကြည့်လိုက်သည်။
"ဟုတ်ပ၊ သူတို့က ကျွန်မတို့ခြံဝင်းထဲကို အမြဲလာချင်နေကြတာ။ မိုးချုပ်နေပြီဆိုပေမယ့် ကျွန်မနဲ့ သီးသန့်စကားလာပြောကြသေးတယ်။ ကျွန်မလည်း စကားနည်းနည်းပြောပြီး ပြန်လွှတ်လိုက်တယ်"
သူမ၏ စကားများက ယဉ်ကျေးနေသော်လည်း ရှလန်၏ လေသံအရဆိုလျှင် မိန်းမပျိုလေးက သူတို့ကို မောင်းထုတ်ရန် မကျေမနပ်ဖြစ်နေသည့် အမူအရာကို တမင်သက်သက် ပြသခဲ့ပုံရသည်။
လီချန်ချဲ့က ကောင်မလေး၏ မျက်လုံးများထဲသို့ စိုက်ကြည့်နေပြီး သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားသည်။
အိမ်တော်သို့ ပြန်ရောက်ရောက်ချင်းမှာပင် အစောပိုင်းက မိန်းမပျိုလေးသည် ဒုတိယအဒေါ်နှင့် ဝူကျင်းယီတို့ကို ဒေါသထွက်ပြီး ပြန်သွားအောင် တမင်တကာ ဘယ်လိုလုပ်ခဲ့ကြောင်း ရှလန်ထံမှ ကြားလိုက်ရသဖြင့် သူ ဖော်ပြ၍မရနိုင်သော ဝမ်းမြောက်မှုကို ခံစားလိုက်ရ၏။
ထိုနေ့က သူမ မူးနေချိန်မှာ အိမ်တော်သို့ ပြန်လာရာလမ်း၌ ငိုယိုပြီး ချွဲနွဲ့ခဲ့သေးတယ်။
သူမကလည်း သူ့အပေါ် ခံစားချက်တစ်ခုခု ရှိနေနိုင်တယ်ဆိုတာကို သူ မသိဘဲ မနေခဲ့ပါ။
သို့သော် နောက်တစ်နေ့မှာ မိန်းကလေးက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး တမင်သက်သက် ပြင်းထန်တဲ့ ကျိန်စာတိုက်ခဲ့သဖြင့် သူ့ကို ဒေါသထွက်စေခဲ့တယ်။
ဒီလို စစ်အေးတိုက်နေကြတဲ့ ရက်တွေအတွင်းမှာ ထိုညက ရထားလုံးထဲမှာ သူမမူးပြီး ပြောခဲ့သည့် စကားများကို သူ မရေမတွက်နိုင်အောင် ပြန်တွေးနေမိသည်။
မင်းသမီးယန်ရန်၊ မုဆိုးဖိုများနှင့် အသက်ရှည်ရှည်နေထိုင်ခြင်းအကြောင်း စကားများအားလုံးက သူ၏ ခါးတွင်ချိတ်ဆွဲထားသော သက်ရှည်သော့ခလောက်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။
လွန်ခဲ့တဲ့ သုံးရက်က လုစစ်လင်၏ ခွဲခြမ်းစိတ်ဖြာမှု မှန်ကန်ခဲ့တယ်။ ဒီကောင်မလေးက စုကျန်းကြောင့် အရမ်းကို နာကျင်ခဲ့ရပြီး သူမကိုယ်သူမ လွယ်လွယ်ကူကူ ဖွင့်ဟရမှာကို ကြောက်ရွံ့နေခဲ့တာ။
သူ့မှာ မြတ်နိုးရတဲ့ အချစ်ဦးတစ်ယောက် ရှိတယ်လို့ သူမက အခိုင်အမာ ယုံကြည်နေဆဲပင်။ ဒါကြောင့်လည်း သူမက တုံ့ဆိုင်းနေပြီး သူ့ကို ချစ်ကြောင်း ပွင့်ပွင့်လင်းလင်း မပြောနိုင်ခဲ့တာပဲ။
သူသဘောကျတဲ့သူက သူမဖြစ်နေမှန်းသာ သိလိုက်ရင် သူမ ဘယ်လို တုံ့ပြန်မလဲ။
အမှောင်ထဲတွင် ရွှယ်နင်က စောင်ကို ဆွဲခြုံလိုက်သဖြင့် တရှပ်ရှပ်မြည်သံထွက်ပေါ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
"အားချဲ့... သခင်မလေး ကျင်းယီက ရှင့်ရဲ့ ကိုယ်လုပ်တော် ဖြစ်ချင်နေပုံရတယ်။ ဒုတိယအဒေါ်ကလည်း အဲ့ဒီရည်ရွယ်ချက်ရှိနေပုံပဲ။"
လီချန်ချဲ့က တိတ်တဆိတ် ပြန်မေးလိုက်သည်။
"မင်း ဘယ်လိုပြောလိုက်တယ်"
ရွှယ်နင်က စကားမှားပြောမိပြီး ထိုအမျိုးသားကို ဒေါသထွက်စေမှာကို စိုးရိမ်သဖြင့် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်သည်။
"နောက်မှ ရှင်သဘောကျတဲ့သူကို သွားမေးပေးရမလား"
ဒါက စိတ်ဝင်စားစရာပဲ။ လီချန်ချဲ့က ရှင်းမပြတော့ပေ။
"ရပါတယ်... သူ(မ) သဘောတူသရွေ့ ကိုယ်က ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်"
သူချစ်ရတဲ့သူကို ကိုယ်လုပ်တော်ယူဖို့ မေးရမယ်ဆိုတာ.. မင်းသမီးယန်ရန်က ဘယ်လိုလုပ်ပြီး သဘောတူနိုင်မှာလဲ။
အာ...
ဒီဝူကျင်းယီက သိပ်ကြာကြာ ဆက်နေလို့မရတော့ဘူး။ သူမကို ပြန်လွှတ်ဖို့ နည်းလမ်းတစ်ခုရှာမှ ဖြစ်တော့မယ်။
ရွှယ်နင်က ခဏတာ စိတ်ပျက်သွားပြီး သူမ၏ စိတ်အားထက်သန်မှုများ လုံးဝ ပျောက်ကွယ်သွားသည်။ သူမ မျက်လုံးများကို မှိတ်လိုက်ပြီး မကြာမီ အိပ်ပျော်သွားတော့သည်။
လီချန်ချဲ့ကတော့ အိပ်ချင်စိတ် လုံးဝမရှိပေ။ သူ့အကြည့်များက အဝတ်ချိတ်စင်တွင် ချိတ်ဆွဲထားသော သက်ရှည်သော့ခလောက်ဆီသို့ ရောက်သွားပြီး အတွေးနက်နေမိသည်။
...
နောက်တစ်နေ့ နံနက်စောစောတွင် ကုတင်ဘေးမှ ခပ်သုတ်သုတ် ခြေသံများကို ကြားလိုက်ရသဖြင့် ရွှယ်နင် မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်၏။
ကုတင်ပေါ်က အမျိုးသားကတော့ ပျောက်သွားတာ ကြာပြီဖြစ်သည်။ အားဟွမ်က ဘယ်လိုလုပ်ပြီး ကုတင်ပေါ် ရောက်နေမှန်းမသိဘဲ ထောင့်တစ်နေရာမှာ ခွေခွေလေးနဲ့ အိပ်မောကျနေသည်။
သူမ ကိုယ်ကိုကိုင်းကာ ကြောင်လေးရဲ့ ကျောကို ပွတ်သပ်ပေးလိုက်သည်။
သတ္တဝါလေးရဲ့ ဝိုင်းစက်နေတဲ့ ဗိုက်လေးက နှိမ့်ချည်မြင့်ချည်နဲ့ တခေါခေါ အသံလေးထွက်နေတာက သူမရဲ့နှလုံးသားကို အရည်ပျော်ကျသွားစေမတတ်ပင်။
သူမ ကုတင်ပေါ်မှာ လှဲနေရင်း ကြောင်လေးနဲ့ ခဏလောက် ဆော့ကစားနေလိုက်၏။
အခန်းထဲက ခြေသံတွေက တဖြည်းဖြည်း နီးကပ်လာပြီး လိုက်ကာအပြင်ဘက် အခန်းထဲကနေ လူတစ်ယောက် ဝင်လာသည်။
ရွှယ်နင် တစ်ခုခု မှားယွင်းနေမှန်း ချက်ချင်း ရိပ်မိလိုက်သည်။ သူမ ကိုယ်ကိုကိုင်းကာ ထထိုင်လိုက်ပြီး ကုတင်လိုက်ကာကို ဖွင့်လိုက်သည်။
"ပေါင်ချန်... ဘာလုပ်နေတာလဲ"
အိမ်ထောင်ကျပြီးကတည်းက ရွှယ်နင် မနိုးသေးရင် ပေါင်ချန်က အတွင်းဆောင်ထဲကို ဘယ်တော့မှ သူမဘာသာ ဝင်မလာတတ်ဘူးလေ။
ထင်တဲ့အတိုင်းပင် ပေါင်ချန်၏ မျက်ခုံးများက တင်းကျပ်စွာ တွန့်ချိုးနေပြီး သူမ၏မျက်နှာက စိုးရိမ်ပူပန်မှုကြောင့် ဖြူဖျော့နေသည်။
"သခင်မလေး... ပြဿနာတက်ပြီ၊ တကယ်ကို ကြီးမားတဲ့ ပြဿနာကြီးပဲ"
ရွှယ်နင် အဝတ်အစားများကို သပ်ရပ်အောင်လုပ်ကာ ကုတင်ပေါ်မှ ဆင်းလိုက်၏။
"ဘာတွေများ အဲ့လောက် အရေးကြီးနေလို့လဲ"
ပေါင်ချန်က စိုးရိမ်ထိတ်လန့်နေတဲ့ မျက်နှာဖြင့် သခင်မလေးအနားသို့ လျှောက်လာသည်။
"ရှီဇီရဲ့ သက်ရှည်သော့ခလောက် ပျောက်သွားပြီ"
ဒီစကားကြောင့် ရွှယ်နင်လည်း အံ့အားသင့်သွားသည်။
"ဘာဖြစ်တာလဲ။ မနေ့က နင် မြင်လိုက်သေးလား"
ဒီမနက် ခါးမှာ သက်ရှည်သော့ခလောက် မရှိတော့လို့ ရှီဇီရဲ့ မည်းမှောင်ပြီး မုန်တိုင်းထနေတဲ့ မျက်နှာကို ပြန်သတိရသွားတော့ ပေါင်ချန် ထိတ်လန့်သွားမိသည်။
"ကျွန်မနဲ့ အစ်မချွန်းချီတို့က ရှီဇီကို ဘယ်တုန်းကမှ ကိုယ်တိုင်ကိုယ်ကျ အလုပ်အကျွေး မပြုစုဖူးပါဘူး။ တကယ်လို့ သိချင်ရင်တော့ ရှီဇီရဲ့ သက်ရှည်သော့ခလောက်ကို တွေ့ခဲ့သလားဆိုတာ သခင်မလေး ကိုယ့်ကိုယ်ကိုယ် ပြန်မေးမှပဲ ရလိမ့်မယ်"
ရွှယ်နင် စိတ်ကို တည်ငြိမ်အောင်ထားပြီး မြန်မြန် ပြန်စဉ်းစားလိုက်သည်။
"ရွှမ်းယီနယ်စားမင်းစံအိမ်ကနေ ပြန်လာတဲ့လမ်းမှာ သက်ရှည်သော့ခလောက်က အားချဲ့ရဲ့ ခါးမှာ ရှိနေတုန်းပဲ။ငါမျက်စိနဲ့ မြင်ခဲ့တာ။ ဒါပေမယ့် အိမ်တော်ကို ပြန်ရောက်ပြီးတော့..."
အဲ့ဒီအချိန်တုန်းက သူမစိတ်က ကြောင်လေးဆီမှာပဲ ရောက်နေတာဆိုတော့ သူ ဘယ်အချိန် အဝတ်အစား လဲသွားလဲဆိုတာ သတိမထားမိလိုက်ဘူး။
နောက်တော့ သခင်မကျန်း ပေးလိုက်တဲ့ ဆေးပုလင်းလေးကြောင့် စိတ်ရှုပ်နေပြီး အပြစ်မကင်းသလို ခံစားရကာ ကြောက်လည်းကြောက်နေတာနဲ့ သူ့ခါးက သက်ရှည်သော့ခလောက်ကို သတိမထားမိပြန်ဘူး။
ဒါပေမယ့် အားချဲ့က အဲ့ဒီပစ္စည်းကို အမြဲတမ်း အလေးထားဆုံးပဲ။ သူ ဘယ်တော့မှ ပေါ့ပေါ့ဆဆနဲ့ အပျောက်ခံမှာ မဟုတ်ဘူး။
ပေါင်ချန် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။
"ဒါဆို ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ ကျန်ခဲ့တာတော့ မဟုတ်ဘူးပေါ့။ ကျွန်မဖြင့် လန့်သွားတာပဲ။ ဘာပဲဖြစ်ဖြစ် ရွှမ်းယီနယ်စားမင်းအိမ်တော်ကို တစ်ခေါက်လောက်တော့ သွားရမယ် ထင်နေတာ"
ရွှယ်နင်က မေးလိုက်သည်။
"အိမ်တော်ကို ပြန်ရောက်ပြီးကတည်းက အဲ့ဒါကို ထပ်မမြင်တော့ဘူး။ ပေါင်ချန်... ငါနဲ့အားချဲ့ ထမင်းစားနေတုန်းကရော နင် မြင်လိုက်သေးလား"
ပေါင်ချန်က ပြန်ဖြေသည်။
"ရှီဇီက ပုံမှန်ဆို ငရဲမင်းကြီးလိုပဲ အေးစက်စက်နိုင်တာ။ ကျွန်မ မကြည့်ရဲပါဘူး။ ရှလန်ရော အစ်မချွန်းချီပါ မမြင်လိုက်ဘူးလို့ ပြောကြတယ်။ သခင်မလေး... ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ဒီနေ့ ရှီဇီ မထွက်သွားခင်မှာ သူ့မျက်နှာက မီးသွေးခဲလို မည်းမှောင်နေတာပဲ။ ကျွန်မရယ် အစ်မချွန်းချီရယ်က သူ့ရှေ့မှာ စကားတစ်ခွန်းတောင် မပြောရဲဘူး။ ဒေါသထွက်နေတဲ့ သူ့မျက်နှာကို ကြည့်ရတာနဲ့တင် လုံလောက်အောင် ကြောက်ဖို့ကောင်းနေပြီ။ ဒါကြောင့်မို့လို့ သခင်မလေး နိုးလာတာကိုတောင် မစောင့်နိုင်တော့ဘဲ ကျွန်မတို့ လိုက်ရှာနေကြတာ။ အကယ်၍ ဒီသက်ရှည်သော့ခလောက်ကိုသာ ရှာမတွေ့ရင် ကျွန်မတို့အားလုံး အသက်ပျောက်ပြီလားပဲ"
ကောင်းကောင်းမွန်မွန် ရှိနေတဲ့ သက်ရှည်သော့ခလောက်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပျောက်သွားရတာလဲ။
ရွှယ်နင်၏ နုနယ်သော မျက်ခုံးတန်းလေးများ အနည်းငယ် တွန့်ချိုးသွားပြီး အပြင်ခန်းဆီသို့ ခပ်သုတ်သုတ် လျှောက်ထွက်လာခဲ့သည်။
နံနက်စောစောအချိန် ဖြစ်သော်လည်း ကျိုယင်းဆောင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်။
အစေခံမိန်းကလေးများနှင့် အထိန်းတော် အများအပြား ခြံဝင်းထဲတွင် စုရုံးကာ တီးတိုးပြောဆိုနေကြသည်။
ဒီလောက် ရုန်းရင်းဆန်ခတ် ဖြစ်နေပုံအရ ချွန်းချီနှင့် တခြားသူများက ကျိုယင်းဆောင်တစ်ခုလုံးကို ရှာဖွေဖို့ အမိန့်ပေးထားပြီးပြီ ထင်ရသည်။
ရွှယ်နင်၏ စိတ်ထဲ လေးလံသွားသည်။ သူမ အခန်းထဲက အဝတ်ဘီဒိုများနှင့် အဝတ်သေတ္တာအားလုံးကို သေချာ လိုက်လံစစ်ဆေးကြည့်လိုက်သည်။
သက်ရှည်သော့ခလောက်ကို ပုံမှန်ချိတ်ဆွဲထားလေ့ရှိသည့် အဝတ်ချိတ်စင်ကိုလည်း အကြိမ်ကြိမ် အထပ်ထပ် ကြည့်ရှုစစ်ဆေးခဲ့သော်လည်း ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ချေ။
သူမ စိုးရိမ်ပူပန်လာရချိန်မှာပင် ချွန်းချီနှင့် ရှလန်တို့ အပြင်ကနေ ဝင်လာပြီး ရွှယ်နင်၏ရှေ့တွင် အတူတူ ဒူးထောက်လိုက်ကြသည်။
"သခင်မလေး... နယ်စားမင်းအိမ်တော်တစ်ခုလုံးကို လိုက်ရှာပြီးပါပြီ။ တကယ်ကို ရှာမတွေ့လို့ပါ"
"အဲ့ဒီပစ္စည်းက ရှီဇီအတွက် အရမ်းအရေးကြီးတာ"
ရှလန်က ကြောက်ရွံ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"သခင်မလေး... ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲဟင်"
"နင်တို့နှစ်ယောက် အရင်ထကြပါဦး။"
ရွှယ်နင်လည်း ရင်တထိတ်ထိတ် ဖြစ်နေသော်လည်း အခုအချိန်မှာ ပျာယာခတ်နေလို့ မထူးမှန်း သူမ သိတယ်။ သူတို့ စိတ်အေးအေးထားပြီး မနေ့က အားချဲ့ ဘယ်နေရာတွေကို သွားခဲ့လဲဆိုတာ ပြန်စဉ်းစားရမယ်။
"အားလုံး မလောကြပါနဲ့ဦး။ အနည်းဆုံးတော့ အားချဲ့ရဲ့ သက်ရှည်သော့ခလောက်က အိမ်တော်အပြင်ဘက်မှာ ပျောက်ခဲ့တာမဟုတ်ဘူးဆိုတာကိုတော့ ငါ အာမခံနိုင်တယ်"
အစေခံမိန်းကလေး အများအပြား၏ အကြည့်များက ရွှယ်နင်ဆီသို့ ရောက်ရှိသွားပြီး သူမအပေါ် မျှော်လင့်ချက် ပုံအောထားကြသည်။
အထူးသဖြင့် သက်ရှည်သော့ခလောက်ကြောင့် ရှီဇီ စိတ်ရူးပေါက်သလို ပြုမူခဲ့ဖူးတာကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးသည့် ရှလန်ဆိုလျှင် ပိုဆိုး၏။ ယခုအခါ သူမ၏နှလုံးသားမှာ စိုးရိမ်ပူပန်မှုများဖြင့် တုန်လှုပ်နေသည်။
"သခင်မလေး... ကျွန်မတို့ကို သက်ရှည်သော့ခလောက် ရှာပေးဖို့ ကူညီပါဦးနော်။ အဲ့ဒါက ရှီဇီ တန်ဖိုးအထားဆုံး ပစ္စည်းပါ။ တကယ်လို့သာ ပျောက်သွားရင် ကျွန်မတို့လို အစေခံတွေ..."
ရှလန်၏ မျက်နှာငယ်လေးက ဖြူဖျော့နေပြီး သူမ၏ လက်ချောင်းလေးများကို စိုးရိမ်တကြီး ဆုပ်နယ်ထားသည်။
"ကျွန်မတို့ အစေခံတွေ အားလုံး အပြစ်ပေးခံရမှာ သေချာပါတယ်"
ပုံမှန်ဆိုလျှင် အတည်ငြိမ်ဆုံးဖြစ်သည့် ချွန်းချီပင် မျက်နှာ ဖြူဖျော့နေပြီ။
"သခင်မလေးက ရှီဇီနဲ့ အနီးကပ်ဆုံးလူပဲလေ။ ကျေးဇူးပြုပြီး... ကျွန်မတို့ကို နည်းလမ်းတစ်ခုခုလောက် တွေးပေးပါဦး”