← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း (၂၃၈) - ဘယ်လိုရှာရမလဲ

အခန်းထဲတွင် ဘယ်လိုရှာရှာမတွေ့သောကြောင့် ရွှယ်နင်က နှုတ်ခမ်းကိုကိုက်ကာ စိတ်ကိုအတင်းတည်ငြိမ်စေလိုက်သည်။

သက်ရှည်သော့ခလောက်က အားချဲ့အတွက် ဘယ်လောက်အရေးပါလဲဆိုတာ သူမ အသိဆုံးပင်။

သူမ၏ခြေထောက်များက အားပျော့သွားကာ လိုဟန်ကုတင်ပေါ်တွင် ထိုင်ချလိုက်ရင်း သေချာစဉ်းစားကြည့်သည်။

"မနေ့က အားချဲ့ နန်းတော်ထဲသွားသေးတယ်။ သက်ရှည်သော့ခလောက်က အိမ်တော်ထဲမှာ ပျောက်တာမဟုတ်လောက်ဘူး။ နင်တို့အကုန် ရှာပြီးပြီဆိုတော့ နန်းတော်သွားတဲ့လမ်းမှာ ဒါမှမဟုတ် နန်းတော်ကအပြန်လမ်းမှာ ကျကျန်ခဲ့တာ ဖြစ်နိုင်တယ်။ ပြီးတော့..."

ရွှယ်နင်၏ မျက်နှာလေး အနည်းငယ် ဖြူရော်သွားသည်။

"နန်းတော်ထဲမှာလည်း ဖြစ်နိုင်တယ်။"

အစေခံမိန်းကလေးများက အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီး အခြေအနေဆိုးရွားနေတာကို အကုန်လုံး ခံစားမိသွားကြသည်။

နန်းတော်သွားတဲ့လမ်းမှာ ပျောက်တာဆိုရင် တော်သေးပေမယ့် နန်းတော်ထဲမှာ ပျောက်သွားတာဆိုရင် ဘယ်လိုလုပ်ရှာနိုင်ပါတော့မလဲ။

ရွှယ်နင်က မော့ကြည့်လိုက်သည်။

"ရထားလုံးထဲကိုရော ရှာပြီးပြီလား"

"ကျွန်မ ရထားလုံးကို အရင်ဆုံးရှာခဲ့တာပါ"

ချွန်းချီက မျက်မှောင်ကြုတ်ကာ ခေါင်းခါပြသည်။

"ဒါပေမဲ့ အထဲမှာ ဘာမှမရှိဘူး။"

ရထားလုံးထဲမှာ မရှိဘူးဆိုတော့ အိမ်တော်အပြင်ဘက်မှာ ပျောက်သွားတာ သေချာသွားပြီ။

ရွှယ်နင်၏ အကြည့်တို့က ခဏလောက် ဝေဝါးသွားသည်။ ထို့နောက် နှုတ်ခမ်းကို ကိုက်ကာ မတ်တပ်ရပ်လိုက်၏။

အတွင်းဆောင်ဘက်သို့ လျှောက်သွားရင်း သူမက မေးလိုက်သည်။

"ဖူရှန်းရော ဘယ်မှာလဲ"

"မနက်စောစောကတည်းက ရှီဇီနဲ့ ထွက်သွားပါတယ်"

သခင်မလေး အိမ်တော်ပြင်ထွက်ရန် ပြင်ဆင်နေမှန်း ပေါင်ချန် သိလိုက်သဖြင့် အထဲသို့ အမြန်လိုက်ဝင်သွားကာ လှုပ်ရှားရလွယ်ကူမည့် ခရမ်းနုရောင် ရူချွင်ဝတ်စုံတစ်စုံကို ထုတ်ယူပေးလိုက်သည်။

ဒီနေ့မှာ နွေဦးအလှက သာယာလှပနေသော်လည်း၊ ကျိုယင်းဆောင်တစ်ခုလုံးကတော့ မှိုင်းညို့နေပုံရသည်။

မကြာမီမှာပင်၊ သခင်မဝမ်လည်း သတင်းရသွားပြီး ရွှယ်နင်ကို မင်ဟွားဆောင်သို့ ခေါ်ယူလိုက်သည်။

လီချန်လင်လည်း ထိုနေရာတွင် ရှိနေ၏။ ခါးတွင် သားရေခါးပတ်နှင့် အညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာက အရင်ကထက်ပင် ပို၍ ဖြူရော်နေသည်။

"ခယ်မလေး ရောက်လာပြီပဲ"

ရွှယ်နင်က ပုံမှန်အပြုံးမျိုးမရှိဘဲ တောင့်တင်းစွာ ခေါင်းညိတ်ပြလိုက်သည်။

"အစ်ကိုကြီး"

သခင်မဝမ်က ရွှယ်နင်ကို လှောင်ပြောင်လိုသည့် အရိပ်အယောင်ဖြင့် ကြည့်နေသည်။

"ငါ့သားရဲ့ စိတ်နေသဘောထားကို နင် နားမလည်သေးပါဘူး။ သွေးဆာနေတဲ့ သူ့အဖေလိုပဲ၊ သူက ရက်စက်ကြမ်းကြုတ်တယ်။ အခြားကိစ္စဆိုရင် သူ့စိတ်ကြည်နေတဲ့အချိန်မို့ ခွင့်လွှတ်ပေးကောင်း ပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ အခု နင်ဖျောက်လိုက်တာက သူ့အသက်သွေးကြောပဲ။ အရင်တုန်းက အဲ့ဒီပစ္စည်းကြောင့် သူ့အမေအရင်းဖြစ်တဲ့ ငါ့ကိုတောင် ဓားနဲ့ခုတ်သတ်မလို့ လုပ်ခဲ့တာ။ နင်က သာမန်အပြင်လူတစ်ယောက်ပဲလေ ရွှယ်နင်။ ဒီအခက်အခဲက ကျော်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်... နင် ဘယ်လိုရင်ဆိုင်မလဲ"

"အမေ... ကျွန်မ ဖျောက်ခဲ့တာ မဟုတ်ပါဘူး"

"ဘာထူးမှာမို့လို့လဲ။ သူသာ ဒေါသထွက်သွားရင် နင့်ကျိုယင်းဆောင်က လူတွေအကုန်လုံး ဒုက္ခရောက်ကုန်မှာပဲ။ နင်ဖျောက်တာ ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးတော့ဘူး"

ရွှယ်နင်၏ ရင်ထဲ ပို၍ လေးလံသွားသည်။ သက်ရှည်သော့ခလောက်ကြောင့် အားချဲ့က သူမကို တကယ်ပဲ သတ်ပစ်မလားဆိုတာ သူမ မသေချာတော့ပေ။

ဘာပဲဖြစ်ဖြစ် ထိုအရာက သူ့ကိုယ်ပိုင်အသက်ထက်ပင် ပိုအရေးကြီးနေတာ မဟုတ်ဘူးလား။

သူမ ဖျောက်ခဲ့တာမဟုတ်ရင်တောင်မှ၊ သူ ဒေါသထွက်ပြီး နယ်စားမင်းအိမ်တော်ထဲက လူတွေကို ဂရုမစိုက်ဘဲ သတ်ဖြတ်နေရင်...

အိမ်တော်ထဲက အပြစ်မဲ့တဲ့ အစေခံတွေကို ကာကွယ်ပေးဖို့ သူမ နည်းလမ်းရှာရမယ်။

ဒီအချိန်မှာတော့ ရွှယ်နင်လည်း လမ်းပျောက်ကာ အကူအညီမဲ့နေသလို ခံစားနေရသည်။

သူမခေါင်းထဲရှိနေသည့် တစ်ခုတည်းသော အတွေးမှာ နောက်ဆုံးအကြံအဖြစ် သက်ရှည်သော့ခလောက်ကို အမြန်ဆုံး ပြန်ရှာတွေ့အောင် ကူညီပေးရန်သာ ဖြစ်တော့သည်။

ပုံမှန်ဆို အပြုံးချိုချိုလေးရှိတတ်သော သူမ၏ မျက်နှာလေး တောင့်တင်းနေတာကို မြင်လိုက်ရတဲ့အခါ၊ သခင်မဝမ်၏ စိတ်အနည်းငယ် ပျော့ပျောင်းသွားပြီး လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"ငါ့ကို ကတိပေးထားတာ မှတ်ထား၊ နင့်အသက်ကို ချမ်းသာပေးဖို့ ငါ နည်းလမ်းရှာပေးမယ်။"

ရွှယ်နင်က မေးလိုက်သည်။

"အခြားအစေခံတွေရော ဘယ်လိုလုပ်မလဲ"

သခင်မဝမ်က ပြန်ဖြေလိုက်၏။

"သူတို့အတွက်တော့ ငါ မတတ်နိုင်ဘူး"

ရွှယ်နင် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်သည်။

"နင် ဘယ်သွားမလို့လဲ"

သခင်မဝမ်က လှမ်းမေးလိုက်သည်။

ရွှယ်နင်က လှည့်မကြည့်ဘဲ ဖြေလိုက်၏။

"အားချဲ့ရဲ့ အသက်သွေးကြောကို သွားရှာမလို့"

သခင်မဝမ်၏ နှုတ်ခမ်းများ တွန့်သွားသည်။

"..."

လီချန်လင်က မတ်တပ်ရပ်လိုက်ပြီး-

"အမေ၊ ကျွန်တော် သူ(မ)နောက် လိုက်သွားလိုက်မယ်"

သခင်မဝမ်၏ မျက်နှာ ချက်ချင်း အေးစက်သွားသည်။

"မင်းက ဘာကိစ္စ ဝင်ပါရတာလဲ။ လီချန်ချဲ့က အရူးတစ်ယောက်ဆိုတာ မင်း မသိဘူးလား။"

လီချန်လင်က ခါးသီးစွာ ပြုံးလိုက်သည်။

"သူ ဘယ်လောက်ပဲ ရူးနေပါစေ၊ ကျွန်တော့်ညီပဲလေ"

သခင်မဝမ်၏ လှပသောမျက်နှာက မှောင်မိုက်သွားသည်။

"မင်း.. အဲဒီမှာ ရပ်နေစမ်း။"

လီချန်လင်က ဂရုမစိုက်ဘဲ မင်ဟွားဆောင်ထဲမှ ခပ်သုတ်သုတ် ထွက်ခွာသွား၏။

သခင်မဝမ်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။

....................

"အစ်ကိုကြီး၊ ဘာကိစ္စရှိလို့လဲ"

စင်္ကြံလမ်းပေါ်တွင် ရွှယ်နင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး၊ အပြေးအလွှား လိုက်လာတဲ့ လီချန်လင်နှင့် ရီကွမ်းတို့ကို လှည့်ကြည့်လိုက်သည်။

"အဟွတ်! အဟွတ်!"

လီချန်လင်က ရင်ဘတ်ကို ဖိထားသည်။

"ငါ မင်းနဲ့အတူ လိုက်ရှာပေးမယ်။"

"ဒါပေမဲ့ အစ်ကိုကြီး ကျန်းမာရေးက အားနည်းနေတာကို—"

"လူများတော့ ပိုအကူအညီရတာပေါ့"

လီချန်လင်က ပြုံးလိုက်သည်။

"ငါ အပြင်ထွက်ပြီး နေရောင်လေး ဘာလေးခံသင့်တယ်လို့ မင်းပဲ ပြောထားတာ မဟုတ်ဘူးလား။"

ယခုအချိန်တွင် ရွှယ်နင် အပြုံးတစ်ခုကိုပင် မဖန်တီးနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

လီချန်လင်က တိုးညှင်းစွာ "အင်း" ဟုသာ တုံ့ပြန်လိုက်ပြီး၊ စကားသိပ်မပြောတော့ဘဲ ရွှယ်နင်ဘေးမှ ခပ်ခွာခွာ လိုက်ပါလာခဲ့သည်။

မကြာမီ သူတို့နှစ်ယောက် ကိုယ်စီရထားလုံးများပေါ်သို့ တက်လိုက်ကြ၏။

ဘာပဲဖြစ်ဖြစ် လီချန်လင်က ယောကျ်ားတစ်ယောက်ဖြစ်ပြီး လီချန်ချဲ့ နန်းတော်သို့သွားသည့် လမ်းကြောင်းကိုလည်း သိသည်။ သူ ပါလာခြင်းက ရွှယ်နင်တစ်ယောက်တည်း ခေါင်းပြတ်နေတဲ့ ယင်ကောင်လို အကန်း စမ်းရှာနေရတာထက် အများကြီး ပိုကောင်းတယ်။

ရွှယ်နင်သည် အစေခံမိန်းကလေးအချို့၊ အသက်ကြီးသောအစေခံများနှင့်အတူ လမ်းတစ်လျှောက် သေချာ လိုက်လံရှာဖွေခဲ့ပြီး၊ ဆိုင်ရှင်များနှင့် လမ်းဘေးဈေးသည်များကိုလည်း လိုက်မေးခဲ့ကြသည်။ နာရီပေါင်းများစွာ အလုပ်ရှုပ်ခဲ့ကြသော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။

ချန်နင်လမ်းမပေါ်ရှိ လူစုမှာ သူတို့၏မိဘများ သေဆုံးသွားသည့်အတိုင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျနေကြသည်။

လီချန်လင်လည်း ပြင်းထန်စွာ ချောင်းဆိုးနေပြီး သူ၏ချောမောသောမျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်ကာ နေမကောင်း ဖြစ်နေပုံရသည်။

ရွှယ်နင် ဆက်မကြည့်ရက်တော့ဘဲ သူ့ကို ရထားလုံးဆီသို့ တွဲခေါ်သွားလိုက်၏။

"အစ်ကိုကြီး၊ အိမ်တော်ကို အရင်ပြန်ပြီး နားမလားဟင်။"

လီချန်လင်က သူ၏ပါးလျသော နှုတ်ခမ်းများကို အုပ်ပြီး တိုးတိုးလေး ရယ်မောလိုက်သည်။

"မလိုပါဘူး။ ဒီပစ္စည်းက ဒုတိယညီအတွက် အရမ်းအရေးကြီးတာလေ။ အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူ့အတွက် ရှာတွေ့ပေးနိုင်ခဲ့ရင်၊ သူ ငါ့အပေါ် အငြိုးထားတာတွေ လျော့သွားကောင်း လျော့သွားနိုင်တယ်။"

လီချန်လင်မှာ ထိုသို့သော အတွေးမျိုးရှိနေမည်ဟု ရွှယ်နင် မျှော်လင့်မထားခဲ့သဖြင့် ခဏမျှ ဆွံ့အသွားသည်။

"အစ်ကိုကြီး—"

"ခယ်မလေး စိတ်မပူပါနဲ့။ ကိုယ့်ကျန်းမာရေးက တောင့်ခံနိုင်ပါသေးတယ်။"

ထိုသို့ပြောနေစဉ်မှာပင် လီချန်လင်က ပြင်းထန်စွာ ချောင်းဆိုးလာပြန်၏။

ရွှယ်နင် မျက်မှောင်ကျုံ့သွားပြီး သူ့ရင်ဘတ်ကို ပုတ်ပေးရန် လက်လှမ်းလိုက်သည်။

သို့သော် ချက်ချင်းပင်၊ ကြည်လင်ပြတ်သားပြီး အေးစက်သော အသံတစ်သံက သူမ၏လုပ်ရပ်ကို တိုက်ရိုက် နှောင့်ယှက်လိုက်သည်။

"မင်းတို့နှစ်ယောက်—"

အမျိုးသား၏လေသံမှာ ကျောချမ်းလောက်အောင် အေးစက်ပြီး ခြိမ်းခြောက်နေသည့်ဟန် ပါနေသည်။

"ဘာလုပ်နေကြတာလဲ။"

ရွှယ်နင်၏ လက်ကလေးမှာ အနည်းငယ်တုန်ယင်သွားပြီး လက်ကို ခပ်သွက်သွက် ပြန်ရုပ်လိုက်ကာ၊ လီချန်ချဲ့၏ နက်မှောင်စူးရှသော မက်မွန်ပွင့်မျက်ဝန်းများနှင့် ရင်ဆိုင်ရန် လှည့်ကြည့်လိုက်မိသည်။

မည်းမှောင်နက်ရှိုင်းနေသော ထိုမျက်ဝန်းများထဲတွင် နွေးထွေးမှု သို့မဟုတ် စိတ်လှုပ်ရှားမှု အရိပ်အယောင်မျှ မရှိချေ။

သူမ၏ နှလုံးသားတစ်ခုလုံး အေးခဲသွားကာ နောက်သို့ အမြန် ခြေတစ်လှမ်း ဆုတ်လိုက်၏။

လီချန်ချဲ့က တင်းမာခက်ထန်သော မျက်နှာထားဖြင့် ရှေ့သို့ လှမ်းလာပြီး၊ သူ့လက်မောင်းရှည်ကြီးဖြင့် သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သို့သော် သူ၏ အေးစက်သော အကြည့်တို့ကတော့ လီချန်လင်၏ နီမြန်းနေသော ချောမောသည့် မျက်နှာပေါ်သို့ စူးစိုက်ကျရောက်နေသည်။

"အစ်ကိုကြီး... မင်းက အမေ့ကို နှစ်ပေါင်းများစွာ တစ်ဦးတည်း ပိုင်စိုးထားပြီးပြီ။ အခုရော ဘာရည်ရွယ်ချက်နဲ့ ငါ့မိန်းမနား ချဉ်းကပ်နေတာလဲ။"

"အားချဲ့... ရှင်ထင်သလို မဟုတ်—"

လီချန်ချဲ့၏ မျက်နှာက လှုပ်ခတ်မှုမရှိသော ရေပြင်ကဲ့သို့ အေးစက်နေပြီး၊ သူ့လက်ဖဝါးကြီးက သူမ၏ ခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ ခပ်အေးအေး ပြုံးလိုက်သည်။

"နင်နင်... အခုလောလောဆယ် စကားမပြောနဲ့ဦး။"

တဟွတ်ဟွတ် ချောင်းဆိုးနေရင်းဖြင့် လီချန်လင်က မော့ကြည့်လာသည်။

"အားချဲ့... အစ်ကိုကြီးမှာ တခြားရည်ရွယ်ချက် မရှိပါဘူး။"

"ဟက်... ဆက်ပြီး ဟန်ဆောင်နေလိုက်ဦးပေါ့။"

"အဟွတ်... အဟွတ်... အားချဲ့၊ အစ်ကိုကြီး တကယ်ပဲ မဟုတ်—"

"လီချန်လင်... မင်း သေချင်နေတာပဲ။"

လီချန်ချဲ့၏ နှုတ်ခမ်းပါးများက မျဉ်းဖြောင့်တစ်ကြောင်းကဲ့သို့ တင်းတင်းစေ့သွားပြီး၊ ကျဉ်းမြောင်းသွားသော သူ၏မျက်ဝန်းများထဲတွင် လူသတ်ချင်သည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။

"မင်းကို ကာကွယ်ပေးမယ့်လူက ဒီနေ့ ဒီမှာမရှိတော့၊ ကောင်းကင်ဘုံကပဲ မင်းကို ငါကိုယ်တိုင်... ဇာတ်သိမ်းပေးဖို့ အခွင့်အရေး ပေးလိုက်တာ ထင်တယ်။"

ရွှယ်နင် တစ်ခါမှ ထိုအမျိုးသားကို ဒီလိုမျိုး ဒေါသတကြီး ဖြစ်နေတာကို မမြင်ဖူးခဲ့ချေ။

သူမ နှုတ်ခမ်းကို စေ့ထားမိပြီး စကားပြောချင်သော်လည်း တွန့်ဆုတ်နေမိ၏။

လွန်ခဲ့သည့် နှစ်များတစ်လျှောက်လုံး အားချဲ့က သူ့အစ်ကိုကြီး လီချန်လင်အပေါ် အငြိုးအတေးများ သိုအောင်းထားခဲ့မှန်းလည်း သူမ သိထားတယ်။

အခု သက်ရှည်သော့ခလောက် ပျောက်ဆုံးသွားခြင်းနှင့်ပါ တိုက်ဆိုင်သွားတဲ့အခါ...

သူ့ရင်ထဲမှာ ဒေါသမီးဟုန်းဟုန်း တောက်လောင်နေမည်မှာ အသေအချာပင်။

ထိုအမျိုးသားက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ၊ လီချန်လင်ထံသို့ ဖိနှိပ်ချုပ်ချယ်နိုင်သော အရှိန်အဝါများဖြင့် တိုးကပ်သွားတာကို မြင်လိုက်ရတဲ့အချိန်၊

ရွှယ်နင် ထိတ်လန့်ပျာယာခတ်သွားပြီး လီချန်လင်၏ ရှေ့တွင် အပြေးအလွှား ဝင်ကာလိုက်တော့သည်။

"အားချဲ့... မလုပ်ပါနဲ့—"

လီချန်ချဲ့၏ မျက်ဝန်းများက ကျောချမ်းဖွယ် အေးစက်မှုများနှင့် ပြည့်နှက်သွားသည်။

"နင်နင်... ဖယ်စမ်း။"

ရွှယ်နင်က ထိုအမျိုးသား၏ သန်မာသော ခါးအဆစ်ကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး၊ သူ့ရင်ဘတ်ထဲသို့ မျက်နှာကို အမြန်ဝှက်ကာ မျှော်လင့်ချက်မဲ့စွာ ငိုကြွေးအော်ဟစ်လိုက်သည်။

"ဟင့်အင်း... မဖယ်ဘူး။ ကျေးဇူးပြုပြီး လူမသတ်ပါနဲ့နော် ဟုတ်ပြီလား။ သက်ရှည်သော့ခလောက် ပျောက်သွားလို့ ရှင် ဒေါသထွက်နေမှန်း ကျွန်မသိပါတယ်၊ ဒါပေမဲ့ ဒါက အစ်ကိုကြီးအပြစ်လည်း မဟုတ်သလို၊ တခြားဘယ်သူ့အပြစ်မှလည်း မဟုတ်ပါဘူး။ ကျွန်မ... ကျွန်မ ရှင့်အတွက် ပြန်ရှာတွေ့အောင် သေချာပေါက် နည်းလမ်းရှာပေးမယ်လို့ ကတိပေးပါတယ်၊ နော်... ဟုတ်ပြီလား။”

All Chapters