← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း (၂၃၉) - ကိုယ်တို့က လင်မယားတွေလေ

ဒီအချိန်မှာတော့ သူမ တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။

သူမအနေဖြင့် ဒီယောက်ျားကို နှစ်သိမ့်ဖို့အတွက် ဒီလို ရိုးအတဲ့နည်းလမ်းကိုပဲ အသုံးပြုနိုင်တော့တယ်။

ဒီနည်းလမ်း အလုပ်ဖြစ်မလား၊ ဒါမှမဟုတ် သူမကိုပါ တခြားသူတွေနဲ့ရောပြီး ရိုက်နှက်လေမလားဆိုတာကို သူမ မသိဘူး။

သို့သော်လည်း သူနှင့် လီချန်လင်တို့ကြား ထိပ်တိုက်တွေ့ပြီး သူတို့ရဲ့ ဆက်ဆံရေး ဆိုးသထက်ဆိုးလာမှာကို သူမ တကယ်မမြင်ချင်ပေ။

သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသော နူးညံ့သည့်ကိုယ်လုံးလေးကို ခံစားလိုက်ရချိန်တွင် လီချန်ချဲ့၏ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းသွားပြီး ဆုပ်ထားသော လက်သီးများလည်း ဖြည်းညှင်းစွာ ကျလာတော့သည်။

ရွှယ်နင်က သူ့ကို အနည်းငယ်မျှပင် မလွှတ်ရဲပေ။ သူမကိုယ်သူမ သိပ်ပြီးချစ်စရာမကောင်းမှန်း သိပေမယ့် သူမက မိန်းကလေးတစ်ယောက် ဖြစ်နေသေးတယ် မဟုတ်ဘူးလား။

သူက အနာဂတ် စုံစမ်းစစ်ဆေးရေးမှူးလီ၊ ကြီးမြတ်သည့် ယောကျ်ားတစ်ယောက်ဖြစ်ရာ သူမလို မိန်းမတစ်ယောက်နှင့် နှိမ့်ချပြီး ငြင်းခုံနေမည်မဟုတ်မှန်း သူမသိသည်။ ထို့ကြောင့် သူမ၏ နဖူးလေးကို သူ့ရင်ဘတ်ပေါ်သို့ ပို၍တိုးဝှေ့ကာ တောင်းပန်သည့်ဟန်ဖြင့် မှီထားလိုက်ပြီး လက်သေးသေးလေးများက သူ့ခါးပတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

လီချန်ချဲ့ အနည်းငယ် နေရခက်သွားတယ်။ သူတို့လက်ထပ်ပြီးကတည်းက ရွှယ်နင်က သူ့ကို ဒီလိုမျိုး နွေးနွေးထွေးထွေးနှင့် ဦးဆောင်ဖက်တွယ်လာတာ ဒါပထမဆုံးအကြိမ်ပင်။

သူ့ရင်ထဲတွင် စုပုံနေသော ဒေါသများ ချက်ချင်း လွင့်စင်သွားတော့သည်။

ဒီလိုအလွယ်တကူ အလျော့ပေးလိုက်ရတာ နည်းနည်းတော့ သိက္ခာကျသလို ခံစားရတယ်။

သို့သော် သူ့မျက်နှာပေါ်တွင် ဘာမှမပြဘဲ ပုံမှန်အတိုင်း အေးစက်စက် အမူအရာကိုသာ ထိန်းထားလိုက်သည်။

အနီးနားရှိ အစေခံမိန်းကလေးများနှင့် အစေခံကြီးများမှာ ကြောက်လန့်တကြား လည်ပင်းများပုကာ ဒူးထောက်နေကြသည်မှာ ကြာပြီဖြစ်၏။

သူ့ရင်ခွင်ထဲမှ ရွှယ်နင်တစ်ယောက်သာ အသံထွက်ရဲပေသည်။

"အားချဲ့၊ အစ်ကိုကြီးကို အရင်ပြန်ခိုင်းလိုက်ပါလား ဟင်"

သူမက နီရဲနေသော မျက်လုံးလေးများဖြင့် မော့ကြည့်လာပြီး သူမ၏ မေးစေ့လေးကို အမျိုးသား၏ ရင်ဘတ်ပေါ်တွင် တင်ထားလိုက်သည်။

"ရှင်ရိုက်လို့ သူသာ သေသွားရင်၊ အမေက ကျွန်မကို သေချာပေါက် ရိုက်သတ်လိမ့်မယ်"

အချိန်အတော်ကြာပြီးမှသာ အမျိုးသားက ပြန်ပြောလိုက်သည်။

"သူ(မ) မလုပ်ရဲပါဘူး"

အမျိုးသားထံမှ အေးစက်စက် လူသတ်ချင်နေသော အငွေ့အသက်များ အနည်းငယ် ပျောက်ကွယ်သွားတာကို ခံစားမိမှ ရွှယ်နင်လည်း အနည်းငယ် စိတ်အေးသွားတော့သည်။

"ဒါဆို ဘယ်သူ့ကိုမှ မသတ်နဲ့နော်၊ ဟုတ်ပြီလား"

ဒါက ထူးဆန်းတဲ့ ခံစားချက်ပဲ။ တစ်စုံတစ်ယောက်က သူ့ဒေါသတွေကို ရုတ်တရက် ချော့သိပ်လိုက်သလိုပင်။

ကောင်မလေး၏ နူးညံ့ချိုသာသော အသံလေးက သူ့ကို အလွယ်တကူပင် တည်ငြိမ်သွားစေသည်။

ဒေါသတွေ ပြေကျသွားသော်လည်း၊ တခြားနေရာတစ်နေရာမှာတော့ ထူးဆန်းတဲ့ အပူရှိန်တစ်ခု စတင် မြင့်တက်လာခဲ့သည်။

လီချန်ချဲ့က လီချန်လင်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ်ကုန်းကာ ရွှယ်နင်ကို ပွေ့ချီလိုက်သည်။

နေဝင်ရီတရောအချိန်ရောက်လာပြီဖြစ်ပြီး နေရောင်များလည်း မှေးမှိန်လာလေပြီ။

ချန်နင်လမ်းမပေါ်မှ ဖြတ်သွားဖြတ်လာလူများက သူတို့ဘက်သို့ တစ်ချက်တစ်ချက် လှမ်းကြည့်နေကြ၏။

နယ်စားမင်းအိမ်တော်၏ ဇိမ်ခံရထားလုံးကြီးက ကွယ်ထားပေးသော်လည်း ရွှယ်နင် ထိတ်လန့်သွားကာ မျက်နှာလေး ဖြူဖျော့သွားပြီး အာမေဍိတ်သံလေး ထွက်ပေါ်လာသည်။

လီချန်ချဲ့က ရွှယ်နင်ကို ရထားလုံးပေါ်သို့ ခန့်ညားထည်ဝါစွာ ပွေ့ချီခေါ်ဆောင်သွားလေသည်။

"ဖူရှန်း"

ဖူရှန်းက လက်ဖြင့်အုပ်ကာ ပြုံးစိစိဖြစ်နေတာကို အမြန်ပြန်ထိန်းလိုက်ပြီး မျက်နှာကို တည်ထားလိုက်၏။

"ရှီဇီ၊ အမိန့်ရှိပါ"

လီချန်ချဲ့က အမူအရာမဲ့စွာဖြင့် ပြောလိုက်သည်။

“အကြီးဆုံးသခင်လေးကို အိမ်တော်ကို ပြန်ပို့လိုက်။ မှတ်ထား၊ မင်းကိုယ်တိုင် သခင်မဝမ်လက်ထဲကို သေချာအပ်ခဲ့ရမယ်၊ ဒါမှ ငါက သူ(မ)ရဲ့အဖိုးတန်သားလေးကို အန္တရာယ်ပေးမယ်ဆိုပြီး သူ(မ) သံသယမဝင်မှာ။ အပြန်လမ်းမှာ အကြီးဆုံးသခင်လေး နည်းနည်းလေးတောင် ထိခိုက်ဒဏ်ရာ မရစေဖို့ သေချာဂရုစိုက်။”

“အားချဲ့—”

လီချန်လင်က နှုတ်ခမ်းထောင့်ကို လက်ကိုင်ပုဝါဖြင့် ဖိလိုက်ပြီးနောက် ငုံ့ကြည့်ကာ လက်ဖဝါးထဲတွင် ခပ်မြန်မြန် ဆုပ်ခြေလိုက်သည်။

“မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါက မင်းဇနီးနဲ့အတူ မင်းရဲ့ သက်ရှည်သော့ခလောက်ကို ကူရှာပေးချင်ရုံ သက်သက်ပါ။”

လီချန်ချဲ့က သူ့ကို တစ်ချက်ပင် လှည့်မကြည့်ချေ။

“ပျောက်သွားတဲ့ဟာကို ငါ့ဘာသာငါ ပြန်ရှာမယ်။ မင်းလို အသုံးမကျတဲ့လူကို ငါမလိုအပ်ဘူး။”

လီချန်လင် ခဏမျှ ရပ်တန့်သွားပြီး သူ၏ လည်ချောင်းများပင် တင်းကြပ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ပြောလိုက်၏။

“ကောင်းပါပြီလေ”

လီချန်ချဲ့ ရထားလုံးပေါ်သို့ တက်သွားတာကို သူ လိုက်ကြည့်နေပြီးနောက် သူ့ခန္ဓာကိုယ်မှာလည်း အားပျော့ခွေကျသွားတော့သည်။

ရီကွမ်းက သူ့ကို ကမန်းကတန်း ထိန်းကိုင်ပေးလိုက်ပြီး သူမ၏ မျက်လုံးများ နီရဲလာသည်။

“သခင်လေး၊ အဆင်ပြေရဲ့လား ဟင်။”

လီချန်လင်က လက်ကာပြလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အတင်းအကျပ် အပြုံးတစ်ခု ဖန်တီးလိုက်၏။

“တကယ်တော့ သူ ငါ့ကို သတ်လိုက်ရင် ပိုတောင် ကောင်းဦးမယ်။”

ဘာကြောင့်မှန်းမသိပေမဲ့ တစ်နေ့ကျရင် သူ ညီဖြစ်သူရဲ့လက်ချက်နဲ့ သေရလိမ့်မယ်လို့ အမြဲ ခံစားနေရတယ်။

ဒါက သူ သူ့ညီကို ပေးဆပ်ရမယ့် အကြွေးပဲ။ သူ့ညီ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ နာကြည်းချက်အားလုံးကို ကောင်းကင်ဘုံက သူ့အပေါ်သို့ သေချာပေါက် ပြန်လည်ပေးဆပ်စေလိမ့်မယ်။

ဒါပေမဲ့ သူ သေရမှာကို မကြောက်ဘူး။ တကယ်တော့ သေသွားတာက ပိုကောင်းမယ်လို့တောင် သူ ထင်မိတယ်။ သူ့ညီရဲ့ လက်ထဲမှာ အသံတိတ် သေဆုံးသွားရတာက အကောင်းဆုံးဖြစ်လိမ့်မယ်— အဲ့လိုဆိုလျှင် သူတို့ရဲ့ မိခင်ကလည်း သူ့ညီကို အပြစ်တင်မှာ မဟုတ်သလို နှလုံးကွဲကြေရမှာလည်း မဟုတ်ပေ။

"ရီကွမ်းက သခင်လေး ဒီလိုစကားတွေ ပြောတာကို လက်မခံပါဘူး!"

အမျိုးသားကို တွဲကူပေးထားရင်း ရီကွမ်း၏ ရင်ထဲတွင် စူးနစ်စွာ နာကျင်သွားရပြီး သူမ၏ မျက်တောင်စွန်းများမှ မျက်ရည်များ ပို၍ကျဆင်းလာသည်။

"အကြီးဆုံးသခင်လေးက သေချာပေါက် အသက်ရှည်ရှည် နေရမှာပါ!"

လီချန်လင်က ရထားလုံးတန်းကို မှီကာ အားပျော့စွာဖြင့် ခေါင်းရမ်းလိုက်သည်။

သူ့အတွက်ငိုပေးနေ၍ နီရဲနေသော ရီကွမ်း၏ မျက်လုံးများကို သူ စိုက်ကြည့်နေမိပြီး သူ့ရင်ထဲမှာလည်း ခံစားချက်များ ရှုပ်ထွေးပွေလီနေတော့သည်။

ရီကွမ်း သူ့အပေါ်ထားတဲ့ ခံစားချက်များကို သူ သိတယ်။ ဒီကောင်မလေးက သနားစရာကောင်းလောက်အောင် မိုက်မဲလွန်းတယ်— သူ ကောက်ယူကယ်ဆယ်လာခဲ့သည့် အချိန်မှစပြီး သူမက သူ့နောက်ကို စိတ်နှလုံးအကြွင်းမဲ့ ပုံအပ်ပြီးတော့ လိုက်ပါခဲ့တယ်။

တခြားသူများက သူမက ဆင်းရဲနိမ့်ကျသည့် နောက်ခံမှ လာသော်လည်း၊ သေချာအလုပ်အကျွေးပြုပါက နောင်တစ်ချိန်မှာ သူ့ကိုယ်လုပ်တော် သို့မဟုတ် မယားငယ်တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ပြောကြတယ်။

သူမက သူ့အတွက် ကလေးတစ်ယောက် မွေးပေးနိုင်သရွေ့ ကျန်းကော်နယ်စားမင်းအိမ်တော်မှာ နေရာတစ်နေရာ ရနိုင်မှာပဲ။

ဒါပေမဲ့ သူကတော့... သူမကို ဘာမှ မပေးနိုင်ခဲ့ဘူး။

ရင်ထဲက ခါးသီးမှုတွေကို ဖိနှိပ်ထားရင်း လီချန်လင်က အတင်းအကျပ် ပြုံးလိုက်သည်။

"ရီကွမ်း၊ မငိုပါနဲ့။ မင်းရဲ့ သခင်လေးက အခုလောလောဆယ် မသေသေးပါဘူးကွာ။"

သို့သော် အဆုံးအစမရှိသော နာမကျန်းမှု၏ နှိပ်စက်မှုက သူ့ကို ရူးသွပ်စေတော့မည်။

နာကျင်လွန်းလှသည့် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း အသက်ရှူဝဖို့ အားယူနေရ၏။

"သခင်လေး နေမကောင်းဘူးလား ဟင်။ ကျွန်မ သခင်လေးကို ဆေးသောက်ဖို့ အိမ်တော်ကို အခု ပြန်ခေါ်သွားပေးရမလား။"

"ဒီမှာ ခဏလောက် ထပ်နေရအောင်ပါ"

လီချန်လင်က ပြောသည်။

"ငါ ဒီလိုမျိုး အေးအေးဆေးဆေး တစ်ယောက်တည်း ထိုင်မနေရတာ နှစ်တွေအတော်ကြာခဲ့ပြီ။"

အမျိုးသား၏ ဖျော့တော့နေသော မျက်နှာကိုကြည့်ကာ ရီကွမ်း ရင်ထဲ နင့်ကနဲဖြစ်သွား၏။

"ဒါဆိုလည်း ကျွန်မ သခင်လေးနဲ့အတူ နေပေးပါ့မယ်။"

ဖူရှန်းက ထိုသခင်နှင့် အစေခံကို ခပ်လှမ်းလှမ်းမှ သိပ်မဝေးလွန်း၊ သိပ်မနီးလွန်းသည့် နေရာမှ စောင့်ကြည့်နေသော်လည်း သူတို့ကို အတင်းအကျပ် အလျင်မလိုစေပေ။

သခင်မဝမ်က ဒီအကြီးဆုံးသခင်လေးအတွက်ကြောင့် ရှီဇီကို အကြိမ်ကြိမ်အခါခါ လုပ်ကြံခဲ့ဖူးပေမဲ့၊ အမှန်အတိုင်းပြောရရင် အကြီးဆုံးသခင်လေးကိုယ်တိုင်ကတော့ ရှီဇီအပေါ် ဘယ်တုန်းကမှ မကောင်းတာမလုပ်ခဲ့ဖူးပေ။ နယ်စားမင်း အိမ်ပြင်ရောက်နေပြီး ရှီဇီတစ်ယောက်တည်း နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေရသည့် နှစ်တစ်နှစ်တွင် သခင်မဝမ်၏ လုပ်ကြံချင်စိတ်က ပြင်းထန်နေဆဲဖြစ်သော်လည်း၊ နေမကောင်းဖြစ်နေသည့်ကြားက သန်းခေါင်ယံအချိန်တွင် ရှီဇီ၏အဆောင်သို့ တိတ်တဆိတ်သွားကာ အသက်သုံးနှစ်အရွယ် ရှီဇီလေးဘေးတွင် အတူရှိပေးခဲ့ပြီး နှစ်သစ်ကူးအကြိုညကို ဘေးကင်းကင်း ဖြတ်သန်းစေခဲ့သူမှာ ဒီအကြီးဆုံးသခင်လေးပင်။

ဒါပေမဲ့လည်း သူက သခင်မဝမ်ရဲ့ အချစ်ဆုံးသား ဖြစ်နေတာကြောင့် ရှီဇီကတော့ သူနဲ့ ဘယ်တော့မှ ပြန်အဆင်ပြေမှာ မဟုတ်တော့ပေ။

ဖူရှန်းက မော့ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

...

ရထားလုံးထဲ ရောက်သည်နှင့် အမျိုးသားက ရွှယ်နင်ကို ဘေးတစ်ဖက်တွင် နေရာချပေးလိုက်သည်။

သူမက သူ့ရဲ့ သိမ်းငှက်လို ထိုးထွင်းမြင်နိုင်တဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း တစ်ကိုယ်လုံး တောင့်တင်းနေ၏။

စောစောကတော့ အခြေအနေ အရေးကြီးနေတာကြောင့် ဘာမှမစဉ်းစားဘဲ သတ္တိမွေးပြီး ဖက်ထားလိုက်မိတာ။

အခုမှ သူ့ရဲ့ ရက်စက်ပြီး အနားကပ်ရခက်တဲ့ သဘာဝကို ပြန်တွေးမိပြီး သူမ ရင်ထဲ ကြောက်စိတ်တစ်ချက် ဖြတ်ပြေးသွားတော့သည်။

ရထားလုံး လှုပ်ခါသွားချိန်တွင် အစိမ်းရင့်ရောင် အရာရှိဝတ်စုံ ဝတ်ဆင်ထားသည့် လီချန်ချဲ့က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

"မင်း ကိုယ့်ကို ကြောက်နေတာလား"

ရွှယ်နင်က လည်ပင်းကို ဆန့်လိုက်သည်။

"မ... မကြောက်ပါဘူး"

လီချန်ချဲ့က သူမ၏ တောင့်တောင့်ကြီးဖြစ်နေသော မျက်နှာလေးကို ကြည့်ကာ သဘောကျသွားပြီး လက်ချောင်းလေးများကို ကွေးကာ သူမ၏ နှာခေါင်းထိပ်လေးကို ခပ်ဖွဖွ ပုတ်လိုက်သည်။

"လိမ်ပြန်ပြီ"

အမျိုးသား၏ နူးညံ့သောအသံနှင့် တည်ငြိမ်သောအမူအရာကို မြင်မှ ရွှယ်နင်လည်း မျက်လုံးလေး ကလယ်ကလယ် လုပ်ရင်း အနည်းငယ် စိတ်အေးသွားတော့သည်။

ထူးဆန်းလိုက်တာ။ အစ်မချွန်းချီက အားချဲ့က အသည်းနှလုံးမရှိဘဲ မိန်းကလေးတွေအပေါ် အေးစက်စက်နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။

အရင်တုန်းကတော့ သူမ ကာမစိတ်ကြွဆေးမိလို့ ဖြစ်ခဲ့တာက တစ်ပိုင်း၊ နောက်ပိုင်း သူတို့ ရင်းနှီးခဲ့တာတွေကလည်း သူ စိတ်ခံစားချက် ကောင်းနေချိန်မှာပဲ ဖြစ်ခဲ့တာ။ အခုက သူ့အတွက် ဒီလောက်အရေးကြီးတဲ့ အမှတ်တရပစ္စည်း ပျောက်ဆုံးသွားတာတောင် စောစောက သူမ သူ့ကို ဖက်လိုက်တာကို ဘာလို့ စိတ်မဆိုးတာလဲ။

ရွှယ်နင်က အစမ်းသဘောဖြင့် မေးလိုက်သည်။

"အားချဲ့၊ ရှင် စိတ်မဆိုးဘူးလား"

လီချန်ချဲ့က ရထားလုံး နောက်မှီကို မှီချလိုက်၏။

"ဘာကို စိတ်ဆိုးရမှာလဲ"

ရွှယ်နင်က ပါးစပ်လေးစူကာ ပါးပြင်လေးများ အနည်းငယ် နီရဲသွားသည်။

"စောစောက ကျွန်မ ရှင့်ကို မတော်တဆ ဖက်လိုက်မိလို့လေ"

လီချန်ချဲ့က ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။

"ကိုယ်တို့က လင်မယားတွေလေ"

လင်မယားတွေ ဖြစ်နေတဲ့အတွက် တစ်ယောက်ကိုတစ်ယောက် ဖက်တာက ပုံမှန်ပဲ မဟုတ်ဘူးလား။

ရွှယ်နင်က ခေါင်းငြိမ့်လိုက်ပြီး အမျိုးသား၏စကားနောက်ကွယ်က အဓိပ္ပာယ်ကို ထပ်ပြီး နက်နက်နဲနဲ တွေးမနေတော့ပေ။

အမျိုးသားက မျက်လုံးများကို အနည်းငယ် မှိတ်ထားပြီး ကျောက်စိမ်းကဲ့သို့ ပြစ်မျိုးမှဲ့မထင် ချောမောလွန်းသည့် မျက်နှာထက်တွင် မည်သည့်အမူအရာမျှ မရှိဘဲ ထူးခြားစွာ အေးစက်နေဆဲဖြစ်ရာ— တကယ်တော့ သူက အဖက်ခံရတာကို နှစ်သက်မည့်သူမျိုးတော့ ဟုတ်ပုံမရဘူး။

ဒါပေမဲ့ ဖက်မိသွားပြီဆိုတော့လည်း နောက်တစ်ခါကျရင် ပိုပြီး သတိထားရုံပေါ့။

ရွှယ်နင်က ခဏ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။

"အားချဲ့၊ ရှင့်ရဲ့ သက်ရှည်သော့ခလောက်လေးက—”

All Chapters