← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း (၂၄၀) - ပုံစံတူတစ်ခု အသစ်သွန်းလုပ်ခြင်း

လီချန်ချဲ့သည် သူ၏ထူထဲရှည်လျားသော မျက်တောင်များကို ပင့်လိုက်သည်။ သူက သဘာဝအလျောက် အလွန်ချောမောသူဖြစ်ပြီး၊ အထူးသဖြင့် ထိုအသက်ဝင်လှပသော မျက်ဝန်းများမှာ တိတ်ဆိတ်နေချိန်၌ပင် နက်ရှိုင်းသော အရိပ်အယောင်တစ်ခုကို ဆောင်ထားတတ်ပေသည်။

ရွှယ်နင်သည် သူ့အကြည့်ကြောင့် စိတ်အာရုံဖမ်းစားခံလိုက်ရပြီး အကြောင်းပြချက်မရှိဘဲ ရင်ခုန်သံများ မြန်ဆန်လာ၏။

"ကျွန်မ အခုလေးတင် ပြောသလို..."

သူမက အင်္ကျီစကို လိမ်ဆွဲရင်း သူ၏စူးရှသောအကြည့်ကို ရှောင်ဖယ်ကာ ပြောလိုက်သည်။

"ရှင်ရှာဖို့ ကျွန်မကူညီပေးပါ့မယ်။ သေချာပေါက် ကူရှာပေးမှာပါ။ ဘယ်နေရာလောက်မှာ ပျောက်သွားတာလဲဆိုတာ ကျွန်မကို အကြမ်းဖျင်းလောက် ပြောပြလို့ရမလား"

လီချန်ချဲ့က သူမကို စူးရှစွာ ကြည့်လိုက်သည်။

"အိမ်တော်ထဲမှာရော ရှာပြီးပြီလား"

ရွှယ်နင်၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲဖြစ်သွားသည်။

"ရှာပြီးပါပြီ၊ ဒါပေမယ့် မတွေ့ဘူး။ အိမ်တော်ပြင်ပမှာပဲ ပျောက်သွားတာဖြစ်မယ်လို့ ထင်တယ်"

လီချန်ချဲ့ မျက်မှောင်ကြုတ်သွားသည်။

"ရွှမ်းယီနယ်စားမင်းအိမ်တော်ကိုရော သွားခဲ့သေးလား"

ရွှမ်းယီနယ်စားမင်းအိမ်တော်မှ ဆက်ခံသူသခင်လေး စုကျန်းက ဒီနေ့ အိပ်ရာထဲလဲနေပြီး တရားရေးဝန်ကြီးဌာနသို့ပင် မသွားနိုင်ကြောင်း သူကြားထားတယ်။

အကယ်၍ နင်နင်သာ ထိုစံအိမ်သို့သွားခဲ့လျှင် သေချာပေါက် သူ့ဆီကို သွားရောက်ကြည့်ရှုရမှာပဲ။

ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် အမျိုးသား၏ မျက်နှာအမူအရာမှာ ရုတ်တရက် မှောင်မိုက်သွားခဲ့သည်။

"မသွားပါဘူး"

ရွှယ်နင်က ထိုအမျိုးသား ဒေါသထွက်နေခြင်း ရှိ၊ မရှိကို မခွဲခြားနိုင်သဖြင့် မျက်တောင်များကို မြန်မြန်ခတ်ကာ ပြန်ဖြေလိုက်သည်။

"မနေ့က အိမ်တော်ကို ပြန်ရောက်တော့ ရှင့်ခါးမှာ သက်ရှည်သော့ခလောက်က ချိတ်ထားတာကို မြင်လိုက်သေးတယ်။ ဒါကြောင့် ရွှမ်းယီနယ်စားမင်းအိမ်တော်ကို ကျွန်မ ပြန်မသွားဖြစ်တော့ဘူး"

လီချန်ချဲ့၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသည်။

"ဟွန်း... နန်းတော်သွားတဲ့ လမ်းမှာလည်း မတွေ့ခဲ့ဘူးဆိုတော့ မင်း ဆက်ပြီး ရှာနေစရာ မလိုတော့ပါဘူး"

ရွှယ်နင်၏ အကြည့်က အမျိုးသား၏ ဗလာဖြစ်နေသော ခါးဆီသို့ ကျရောက်သွားသည်။ သူကိုယ်တိုင် အဆင်မပြေဖြစ်နေရုံသာမက၊ အမြဲတမ်း မြင်တွေ့နေကျဖြစ်တဲ့ သူမပင်လျှင် ရွှေကွပ်ထားသော ကျောက်စိမ်းသက်ရှည်သော့ခလောက်လေး မရှိတော့သည့်အခါ တစ်မျိုးကြီးဖြစ်နေတယ်လို့ ခံစားရသည်။

"ရှင့်ရဲ့ သက်ရှည်သော့ခလောက်ကရော။ တကယ်ပဲ ဆက်မရှာတော့ဘူးလား"

လီချန်ချဲ့က မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး သူ၏ပါးလွှာသော နှုတ်ခမ်းများက အေးစက်စွာ လှုပ်ရှားသွားသည်။

"ကိုယ်ပဲ ရှာလိုက်မယ်"

ရွှယ်နင်၏ ရင်ထဲတွင် တင်းကျပ်သွား၏။

"ဒါဆို ဘယ်ကနေ စရှာကြမလဲ"

လီချန်ချဲ့၏ ဓားတစ်လက်ကဲ့သို့ ဖြောင့်တန်းသော မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။

"တကယ်လို့ လုံးဝ ရှာမတွေ့တော့ဘူးဆိုရင်လည်း၊ ကိုယ့်အတွက် ပုံစံတူတစ်ခု အသစ်သွန်းလုပ်ခိုင်းလိုက်"

ရွှယ်နင် ခဏမျှ တန့်သွားပြီး သူမ၏ ဗာဒံစေ့ပုံစံ မျက်ဝန်းများကို ပင့်တင်လိုက်သည်။

ဒါက သူနဲ့ သူ့ရဲ့ အချစ်ဦးကြားက အမှတ်တရပစ္စည်းလေး မဟုတ်ဘူးလား။ အသစ်တစ်ခု သွန်းလုပ်မယ် ဟုတ်လား။

"ဘာလဲ၊ မလုပ်ပေးချင်လို့လား"

"မဟုတ်ပါဘူး"

အမျိုးသား၏ မျက်နှာထားက တင်းမာနေသဖြင့် ရွှယ်နင် ဆက်၍ မမေးရဲတော့ဘဲ နာခံစွာ ပြောလိုက်သည်။

"အားချဲ့ရဲ့ သက်ရှည်သော့ခလောက်ကို ကျွန်မ အနီးကပ် သေသေချာချာ မကြည့်ဖူးလို့ပါ။ အားချဲ့... ကျွန်မကို ပုံကြမ်းလေး ဆွဲပေးလို့ရမလား။ မနက်ဖြန်ကျရင် အသစ်တစ်ခု လုပ်ခိုင်းလိုက်ပါ့မယ်"

လီချန်ချဲ့က သူ၏ နှာတံကို ပွတ်ဆွဲလိုက်သည်။

"ပုံကြမ်းမရှိဘူး"

ရွှယ်နင် အခက်တွေ့သွားတယ်။

"ဒါဆို—"

သူမ တကယ်ပဲ သေသေချာချာ မမြင်ခဲ့ဖူးပေ။ ဘယ်သူကများ ယောက်ျားတစ်ယောက်ရဲ့ ခါးက အဆင်တန်ဆာကို စူးစိုက်ကြည့်နေမှာတဲ့လဲ။

လီချန်ချဲ့ မျက်လုံးများပွင့်လာပြီး သူမမျက်နှာပေါ်ရှိ သတိထားနေမှုနှင့် စူးစမ်းနေမှုတို့ကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"အဲ့ဒီလိုဆိုမှတော့၊ မနက်ဖြန်ကျရင် အဲဒီသက်ရှည်ကျောက်စိမ်းသော့ခလောက် ပိုင်ရှင်ဆီ မင်းကိုယ်တိုင်ပဲ သွားမေးလိုက်တော့"

ရွှယ်နင် အနည်းငယ် မှင်သက်သွားတော့သည်။

လီချန်ချဲ့က တည်ငြိမ်နေဆဲဖြစ်၏။

"သက်ရှည်သော့ခလောက်ရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ မင်းကို ထပ်သတိပေးဖို့ လိုသေးလား"

"မ-မလိုပါဘူး"

ရွှယ်နင်က အလျင်အမြန် ပြုံးယောင်သမ်းကာ ပြောလိုက်သည်။

"ကျွန်မသိပါတယ်။ နောက်မှ အဲဒီကို သွားလိုက်ပါ့မယ်"

မိန်းမငယ်လေး မျက်လွှာချသွားတာကို မြင်လိုက်ရတဲ့အခါ လီချန်ချဲ့၏ နှုတ်ခမ်းများက မသိမသာ တွန့်ကွေးသွားသည်။

ထိုအချိန်မှစ၍ ကျန်ခရီးစဉ်တစ်လျှောက်လုံး သူတို့နှစ်ဦးကြားတွင် တိတ်ဆိတ်နေခဲ့သည်။

အမျိုးသားဖြစ်သူက သက်ရှည်သော့ခလောက်အတွက် ဒေါသပေါက်ကွဲခြင်း မရှိသည့်အပြင် အိမ်တော်ရှိ အခြားသူများကိုပါ အပြစ်မရှာသည့်အတွက် ရွှယ်နင် သက်ပြင်းချနိုင်ခဲ့၏။

သို့သော်လည်း သူမ ထူးဆန်းနေမိတယ်။ သက်ရှည်သော့ခလောက်က အားချဲ့ရဲ့ အမြတ်နိုးဆုံးပစ္စည်းဖြစ်တယ်လို့ လူတိုင်းက ပြောကြပြီး၊ သူ့ဒေါသကို ခံယူဖို့အတွက် သူမကိုယ်တိုင်ပင် ပြင်ဆင်ထားခဲ့ပြီးပြီ။

ဘာကြောင့် နောက်ဆုံးကျတော့မှ အသစ်တစ်ခု ပြန်လုပ်ပေးဖို့ ဒီလူက ပေါ့ပေါ့ပါးပါးပဲ တောင်းဆိုခဲ့ရတာလဲ။

မင်းသမီးယန်ရန် သိသွားရင် ဒေါသထွက်မှာကို သူ မစိုးရိမ်ဘူးလား။

ဒါမှမဟုတ် ဘယ်သူကပဲပေးပေး သူ့အတွက် သက်ရှည်သော့ခလောက်တစ်ခု ရှိနေဖို့ပဲ လိုတာလား။

ဒါပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အားချဲ့က အဲဒီသက်ရှည်သော့ခလောက်ကို တိတ်တဆိတ် ဆော့ကစားနေတာကို အရင်က သူမ မြင်ဖူးတယ်။ ဒီပစ္စည်းက သူ့အတွက် ဘယ်လောက်အရေးပါလဲဆိုတာ ပြသနေတာပဲ...

ထားလိုက်ပါတော့၊ ဘယ်လောက်ပဲ တွေးတွေး ပူပန်မှုတွေ တိုးလာဖို့ပဲ ရှိတာ။

သူ ဒေါသမထွက်သရွေ့၊ ဘယ်သူ့ကိုမှ မသတ်သရွေ့ သူခိုင်းတဲ့အတိုင်းပဲ သူမ လုပ်လိုက်ပါတော့မယ်။

ကျိုယင်းဆောင်သို့ ပြန်ရောက်သောအခါ၊ ခြံဝင်းအတွင်းရှိ အစေခံအားလုံးမှာ အကြောက်လွန်ကာ တုန်ယင်နေကြပြီး ပြန်ရောက်လာသည့် ရှီဇီ စကားပြောမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

သို့သော် လီချန်ချဲ့က ဘာမှမပြောဘဲ စာကြည့်ဆောင်ဆီသို့သာ ဝင်သွား၏။

ရွှယ်နင်က စိုးရိမ်တကြီးဖြစ်နေသော လူအုပ်ကို ပြန်လွှတ်လိုက်ပြီး သူမ၏ ရင်ထဲတွင် ဖော်ပြ၍မရသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေသည်။

"သခင်မလေး၊ ရှီဇီက ဘာပြောလိုက်သေးလဲ"

ချွန်းချီနှင့် ရှလန်တို့က အမြန်လျှောက်လာကြသည်။

ရွှယ်နင်ကိုယ်တိုင်လည်း သေသေချာချာ မရှင်းပြတတ်သဖြင့် အားလုံးကို ညင်သာစွာ နှစ်သိမ့်လိုက်သည်။

"အခု အဆင်ပြေသွားပါပြီ။ မနက်ဖြန်ကျရင် ပေါင်ချန်နဲ့ ငါ မင်းသမီးကြီးစံအိမ်တော်ကို သွားမယ်"

ချွန်းချီက မေးလိုက်သည်။

"ရှီဇီရဲ့ သက်ရှည်သော့ခလောက်က မင်းသမီးကြီးစံအိမ်တော်မှာ ကျကျန်ခဲ့တာလား"

"အဲဒီလိုတော့ မဟုတ်ပါဘူး"

ရွှယ်နင်က ရုတ်တရက် ပြုံးလိုက်၏။

"ငါ အားချဲ့အတွက် အသစ်တစ်ခု လုပ်ပေးဖို့ နည်းလမ်းရှာလိုက်မယ်"

"အသစ်တစ်ခု လုပ်ပေးမယ်?"

ချွန်းချီနှင့် ရှလန် နှစ်ယောက်လုံးက သခင်မလေးများ စကားမှားပြောမိလေသလားဟု တွေးလိုက်ကြသည်။

ရှီဇီက သဘောတူပါ့မလား။ ဒါက သူချစ်တဲ့ အမျိုးသမီးက သူ့ကို ပေးထားတဲ့ ချစ်သက်လက်ဆောင်လေ—ဘယ်လိုလုပ် ပြန်လုပ်လို့ရမှာလဲ။

ရွှယ်နင်က သူတို့ သူမအတွက် စိုးရိမ်နေကြမှန်းသိ၍ နှစ်သိမ့်လိုက်သည်။

"မစိုးရိမ်ကြပါနဲ့တော့။ အားလုံးပဲ သွားနားကြတော့"

...

မင်ဟွားခန်းမဆောင်အတွင်းသို့ အေးမြသော လေပြေများ တိုက်ခတ်ဝင်ရောက်လာသည်။

ပန်းပုထွင်းထားသော အခန်းကန့်တံခါးကြီးများ အားလုံး ပွင့်ဟနေ၏။

ခေါင်မိုးစွန်းအောက်တွင် တန်ဆာဆင်ထားသော မီးပုံးများက ယိမ်းနွဲ့စွာ ချိတ်ဆွဲလျက်ရှိသည်။

သခင်မဝမ်သည် ကြေးမုံပြင်ရှေ့တွင် ထိုင်ရင်း သူမ၏ နားထင်စွန်းရှိ ကျောက်စိမ်းဆံထိုးကို ပွတ်သပ်နေသည်။

မူလက သူမ ကိုယ်လက်သန့်စင်ပြီးသည်နှင့် သနားစရာကောင်းတဲ့ ကလေးမလေး ရွှယ်နင်ကို ကယ်တင်ရန် ကျိုယင်းဆောင်သို့ သွားရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် ရွှယ်နင်က အိမ်တော်ပြင်ပမှ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း၊ ထို့အပြင် လီချန်ချဲ့နှင့် အတူတူ ပြန်လာခြင်းဖြစ်ကြောင်း အထိန်းတော်လီက ပြောပြသည်။

သခင်မဝမ်က အံ့အားသင့်သွား၏။

"လီချန်ချဲ့က ဒေါသမထွက်ဘူးလား"

ဒုတိယအိမ်ခွဲမှ ဝူရှီကလည်း ခေါင်းမော့လာပြီး အထိန်းတော်လီအား အံ့သြစွာ ကြည့်လိုက်သည်။

အထိန်းတော်လီက ပြောသည်။

"ရှီဇီ ဒေါသထွက်နေပုံမရဘူးလို့ တံခါးစောင့်က လျှောက်တင်ပါတယ်"

သခင်မဝမ်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီးနောက် ဟန်ကိုပြန်ဆည်လိုက်သည်။

"လီချန်ချဲ့က ဘာလို့ တစ်နေ့တခြား ပိုပိုပြီး ထူးဆန်းလာရတာလဲ"

အထိန်းတော်လီသည် အမြဲလိုလို တည်ငြိမ်လျက်ရှိကာ၊ သခင်မဝမ်နှင့် အထူးတလည် ရင်းနှီးမှုမရှိသော်လည်း မေးသမျှကိုမူ ဖြေကြားပေး၏။

"ရှီဇီက သခင်မလေးအပေါ် တခြားသူတွေနဲ့မတူဘဲ တစ်မူထူးခြားစွာ ဆက်ဆံပါတယ်"

"ဒီရွှယ်နင်ဆိုတဲ့ ကောင်မလေးက—"

သခင်မဝမ်က နှုတ်ခမ်းကို အဓိပ္ပာယ်ပါပါ တွန့်ကွေးလိုက်သည်။

"လီချန်ချဲ့လို လူမျိုးကိုတောင် သာမန်လူတွေလို သံယောဇဉ်ဖြစ်လာစေရအောင် သူ(မ)က ဘယ်လိုမိန်းမမျိုးလဲ။ ဒီအိမ်တော်ကို သူ ချွေးမအဖြစ် ရောက်လာကတည်းက ရက်စက်ပြီး လူသတ်ဝါသနာပါတဲ့ ငါ့သားက လူမသတ်တာ ကြာပြီပဲ။ တကယ်ထူးဆန်းပါလား ဟားဟား။ ဒါပေမဲ့ ငါလည်း သူ(မ)ကို သဘောကျပါတယ်။ အထိန်းတော်လီ၊ ရှင်ရော ထူးဆန်းတယ်လို့ မထင်ဘူးလား"

အထိန်းတော်လီသည် ဘာမှမပြောဘဲ မျက်လွှာချထားကာ သူမ၏ အတွေးများကို ထုတ်မပြပေ။

အစေခံတစ်ယောက်အနေဖြင့် သူမက သခင်နှင့် သခင်လေးတို့၏ ကိစ္စရပ်များကို ဝေဖန်မှတ်ချက်ပေးမည် မဟုတ်ချေ။

သို့သော်လည်း သခင်မဝမ်၏ ရူးသွပ်နေပုံရသော အပြုံးကြောင့် သူမ ခိုး၍ ကြည့်မိလိုက်သေး၏။

တစ်သက်လုံး နေထိုင်လာခဲ့ရာတွင် သခင်မဝမ်လို မိန်းမမျိုးကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ခင်ပွန်းဟောင်း၏ သားအတွက်နှင့် သူမ၏ အခြားသားအရင်းကို အသုံးမကျသူအဖြစ် နှိမ့်ချဆက်ဆံတတ်တယ်။

အထိန်းတော်လီ နှုတ်ဆိတ်နေတာကို မြင်သောအခါ သခင်မဝမ်က သူမ၏ တောက်ပလှပသော မျက်နှာကို ဝူရှီဘက်သို့ လှည့်လိုက်သည်။

"ညီမရော ဘယ်လိုထင်လဲ"

ဝူရှီသည် ထိုရင်သပ်ရှုမောဖွယ် အလှတရားကြောင့် ခဏမျှ မိန်းမောသွားပြီးနောက် ညင်သာစွာ ပြုံးလိုက်၏။

"သခင်မလေးက ဖြူစင်တယ်၊ ချစ်စရာကောင်းတယ်၊ ပြီးတော့ အရမ်းလည်း လှတယ်လေ— ဒီတော့လည်း လူချစ်လူခင် များမှာပေါ့"

သခင်မဝမ်က ပြောလိုက်သည်။

"သူ(မ)သာ ငါ့သမီးဖြစ်ရင် သိပ်ကောင်းမှာပဲ"

ဝူရှီက ပြုံးရင်း-

"သူ(မ)က အစ်မရဲ့ ချွေးမပဲလေ၊ ဒီတော့ သမီးတစ်ဝက် ဖြစ်နေပြီပေါ့"

ဝူရှီနှင့် စကားပြောရတာ ပို၍ သက်တောင့်သက်သာရှိပြီး သူမရှိနေလျှင် လီလင်းဖုန်းက သူမကို ဘာမျှ လုပ်ရဲမည်မဟုတ်ပေ။

သခင်မဝမ်က နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သည်။

"သူ(မ) လီချန်ချဲ့ရဲ့ ဇနီးဖြစ်သွားတာကတော့ နှမြောစရာပဲ။ လင်နဲ့မယားဆိုတာ တစ်သားတည်းလေ— သူ(မ)က အမြဲတမ်း လီချန်ချဲ့ဘက်မှာပဲ ရှိနေမှာ။ လင်အာရဲ့ရောဂါကို ကုပေးမယ်လို့ ကတိပေးထားပေမဲ့ အခုထိ ဘာတိုးတက်မှုမှ မရှိသေးဘူး။ ဒီထက်ပိုပြီး ကြန့်ကြာနေမယ်ဆိုရင်တော့ ငါ တော်တော်လေး စိတ်ဆိုးမိလိမ့်မယ်"

လီချန်လင်၏ ရောဂါနှင့်ပတ်သက်ပြီး ရွှယ်နင်က တစ်ခုခုလုပ်ပေးမည်ဟု မမျှော်လင့်ထားသည့်အတိုင်း ဝူရှီ၏ မျက်ဝန်းများ လင်းလက်သွားကာ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။

All Chapters