← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း (၂၄၂) -သခင်မလေးဝူ ဝင်ရောက်တွေ့ဆုံခွင့် တောင်းခံခြင်း

ဖူရှန်းက ပြုံးလျက် ပြောလိုက်သည်။

“ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ် ရှီဇီ... ဒါနဲ့ အမှုထမ်းရေးရာဌာနကနေ စစ်ရေးဝန်ကြီးဌာနကို ဒီလောက်မြန်မြန်ကြီး ပြောင်းရွှေ့ပေးလိုက်တာ... သူများတွေ မနာလိုဖြစ်ကုန်ကြဦးမလားမသိဘူး”

လီချန်ချဲ့က တည်ငြိမ်စွာဖြင့်ပင် ရာထူးအပြောင်းအရွှေ့စာချွန်လွှာကို ဘေးသို့ ဖယ်ထားလိုက်သည်။

“အမတ်ကြီးယန်ကိုယ်တိုင် အာမခံပေးထားတာ... ဘယ်သူက ဘာပြောရဲမှာလဲ”

ဖူရှန်း စကား ဆက်ပြောမည့်ဆဲဆဲမှာပင် အပြင်ဘက်မှ လူတစ်ယောက်က အကြောင်းကြားလာသည်။

“ရှီဇီ... သခင်မလေးဝူ ဝင်ရောက်တွေ့ဆုံခွင့် တောင်းခံနေပါတယ်”

လီချန်ချဲ့ မျက်မှောင်ကြုတ်သွားသည်။

“ဘာကိစ္စလဲ”

အစောင့်က ပြန်ဖြေ၏။

“ကျွန်တော်လည်း သေချာမသိပါဘူး... ဒါပေမဲ့ သခင်မလေးဝူက ဒုတိယသခင်မကိုယ်တိုင် ချက်ပြုတ်ပေးလိုက်တဲ့ စွပ်ပြုတ်ကို ယူလာပြီး ဒုတိယသခင်မကိုယ်စား ရှီဇီ့ကို လာဂါရဝပြုတာလို့ ပြောပါတယ်”

ဝူရှီသည် တစ်ကြိမ်က လီချန်ချဲ့၏အသက်ကို ကယ်ဆယ်ခဲ့ဖူးသဖြင့် သူက ဒုတိယအိမ်တော်ခွဲအပေါ် အနည်းငယ် ပို၍ သည်းခံပေးလေ့ရှိသည်။

ဒါပေမဲ့ ဤဝူကျင်းယီကတော့ ရည်မှန်းချက်ကြီးမားပြီး သူမရဲ့ရည်ရွယ်ချက်က အလွန်အမင်း ထင်ရှားလွန်းတယ်။

လီချန်ချဲ့က မိန်းမများကို အမြဲတမ်း ရွံရှာတတ်သူဖြစ်ပြီး အထူးသဖြင့် သူ့ကို နည်းမျိုးစုံဖြင့် ကပ်တွယ်ရန် ကြိုးစားသည့် မိန်းမများကို ပို၍ပင် စက်ဆုပ်ရွံရှာမိသည်။

ဖူရှန်း၏မျက်နှာ အမူအရာ တင်းမာသွားသည်။

“ကျွန်တော် အခုပဲ သူ(မ)ကို ပြန်လွှတ်လိုက်ပါ့မယ်”

လီချန်ချဲ့က ရုံးစာလိပ်တစ်ခုကို ကောက်ကိုင်လိုက်ရင်း မျက်နှာအမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“သူ(မ) အထဲလွှတ်လိုက်”

ဖူရှန်း ပျာပျာသလဲ ဖြစ်သွားသည်။

“ရှီဇီ... တကယ်လို့ သခင်မလေး သိသွားရင်...”

လီချန်ချဲ့က သူ၏အေးစက်သော မျက်ဝန်းများကို ပင့်မော့ကြည့်လိုက်သည်။

“ဒါ ငါအလိုရှိတဲ့အတိုင်းပဲ... မင်းကိုယ်တိုင်သွားပြီး ပေါင်ချန်ကို အသိပေးလိုက်”

ဖူရှန်း ကြောင်အသွားပေမယ့် ချက်ချင်းပင် ဆိုလိုရင်းကို နားလည်သွား၏။

“ကောင်းပါပြီ... ကျွန်တော် ချက်ချင်းသွားလိုက်ပါ့မယ်”

ဝူကျင်းယီသည် စာကြည့်ခန်းတံခါးဝသို့ ရောက်ရှိလာခဲ့သည်။

သူမ တိတ်တဆိတ် ခဏမျှ ရပ်နေစဉ် အထဲမှ အမျိုးသား၏ နက်ရှိုင်းကာ သြဇာညောင်းသော အသံကို ကြားလိုက်ရသည်။

“ဝင်ခဲ့။”

သူမက သူမရဲ့ပြည့်ဖြိုးသော ရင်သားအလှ ပေါ်လွင်စေရန် ရင်ဘတ်ကော်လာကို အနည်းငယ် ဖြေလျော့လိုက်ပြီး ကျေနပ်အားရစွာဖြင့် ကြက်စွပ်ပြုတ်ကို ယဉ်ကျေးသိမ်မွေ့စွာ ကိုင်ဆောင်ကာ အမျိုးသား၏ စာကြည့်ခန်းထဲသို့ လှမ်းဝင်ခဲ့သည်။

ထိုအမျိုးသားသည် နက်ပြာရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး စာရေးခုံရှည်ကြီး၏ နောက်ကွယ်တွင် မတ်မတ်ထိုင်နေသည်။ သူ၏ထိုင်နေဟန်မှာ အချိုးအစားကျလှပြီး မျက်နှာကလည်း ကျောက်စိမ်းကဲ့သို့ ချောမောလွန်းသည်။

ခိုးကြည့်လိုက်ရုံမျှဖြင့်ပင် သူမ ရင်ဘတ်ထဲ တင်းကျပ်သွားကာ အသက်ရှူရပ်မတတ် ဖြစ်သွားရ၏။

ဒီအမျိုးသားရဲ့ အရှိန်အဝါက ဒီလောက်အထိ ပြင်းထန်လိမ့်မယ်လို့ သူမ မထင်မှတ်ထားခဲ့မိဘူး။ ဒီလိုမျိုး အနီးကပ် မြင်တွေ့လိုက်ရတာက သူ့ကို ပိုပြီးတော့တောင် ခန့်ညားထည်ဝါစေပြီး ကြောက်ရွံ့ရိုသေစိတ်ကို ဖြစ်ပေါ်စေတယ်။

ဒါပေမဲ့လည်း ဒီလိုမျိုး ထူးခြားပြောင်မြောက်တဲ့ ရုပ်ရည်သွင်ပြင်ကပံ သူမ၏ရင်ထဲမှာ သူ့ကို သိမ်းပိုက်လိုစိတ်ကို အတိုင်းအဆမရှိ နှိုးဆွပေးနေပြန်၏။

ဝူကျင်းယီ၏ မျက်နှာတစ်ခုလုံး အနည်းငယ် နီမြန်းသွားကာ ခေါင်းငုံ့လိုက်ရင်း သူမ၏ သွယ်လျသော လည်တိုင်အလှကို ပေါ်လွင်စေကာ-

“ရှီ.. ရှိဇီ...”

သူမက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူမကိုယ်သူမ တည်ငြိမ်နေစေရန် အတင်းအားယူထားသည်။

“ဒါက အဒေါ်ကိုယ်တိုင် ရှီဇီ့အတွက် ချက်ပြုတ်ပေးလိုက်တဲ့ ကြက်စွပ်ပြုတ်ပါ... အဒေါ်က အလုပ်မအားလို့ ကိုယ်တိုင်မလာနိုင်တာမို့ ကျွန်မကို လာပို့ခိုင်းလိုက်တာပါ... ရှီဇီ သုံးဆောင်ပါဦး”

လီချန်ချဲ့က သူ၏အေးစက်စက် မျက်ဝန်းများကို ပင့်မော့၍ သူမကို ခဏမျှ စိုက်ကြည့်ပြီးနောက် မျက်တောင် ပြန်ချလိုက်သည်။

“ချထားလိုက်။”

ဝူကျင်းယီက နာခံမှုရှိစွာဖြင့် စွပ်ပြုတ်ပန်းကန်ကို စာပွဲဘေးတွင် ချထားလိုက်၏။ အနီးသို့ ချဉ်းကပ်မိလေလေ သူမ၏ နှလုံးခုန်သံများက ပို၍ မြန်ဆန်လာလေလေပင်။

ကျယ်ဝန်းသော စာကြည့်ခန်းကျယ်ကြီးထဲတွင် သူမနှင့် ရှီဇီ နှစ်ဦးတည်းပဲ ရှိနေကြသည်။

အမျိုးသားက ဘာမှ ဆက်မပြောသဖြင့် သူမလည်း စာပွဲဘေးတွင် မလှုပ်မယှက် ရပ်နေမိ၏။

“ဘာကိစ္စ ရှိသေးလို့လဲ။”

ဝူကျင်းယီက ထိုအမျိုးသား၏ အတုမရှိ ချောမောခန့်ညားသော မျက်နှာကို ငေးမောကြည့်ရင်း ရင်ထဲ တုန်လှုပ်သွားသည်။

“ကျွန်မ...”

သူမက လီချန်ချဲ့ စိတ်ထဲမှာ အထင်ကြီးစရာ အမှတ်ကောင်းတစ်ခု ကျန်ရစ်ခဲ့စေရန် ဘယ်လိုပဲဖြစ်ဖြစ် ဆက်ရှိနေမည့် အကြောင်းပြချက်တစ်ခုကို ရှာဖွေချင်နေမိသည်။

အထက်တန်းလွှာမိသားစုတို့၏ သားများသည် စောင်း၊ စစ်တုရင်၊ စာရေးစာဖတ်နှင့် ပန်းချီပညာတို့တွင် ကျွမ်းကျင်သော အကျင့်စာရိတ္တကောင်းမွန်သည့် အမျိုးသမီးများကို အနှစ်သက်ဆုံး ဖြစ်သည်။ ဒီလမ်းကြောင်းအတိုင်းသာ ချဉ်းကပ်နိုင်လျှင် ရှီဇီ၏ စိတ်ဝင်စားမှုကို ရရှိရန် သေချာသလောက်ပင်။

ထို့အပြင် လီချန်ချဲ့က ဘယ်လောက်ပဲ အေးစက်ခက်ထန်နေပါစေ ယောက်ျားတစ်ယောက်သာ ဖြစ်၏။ ဘယ်ယောက်ျားက မိန်းမပျိုတစ်ဦးရဲ့ ခန္ဓာကိုယ်အလှကို မမက်မောဘဲ နေနိုင်မှာလဲ။

"မိန်းမက ယောက်ျားကို လိုက်လျှင် ပိတ်ပါးစကို ဖောက်ရသလို လွယ်ကူတယ်" ဆိုသည့် ဆိုရိုးရှိတယ်မဟုတ်ဘူးလား... သူမဘက်ကသာ စတင်လှုပ်ရှားလိုက်လျှင် သူ ထောင်ချောက်ထဲ မဝင်ဘဲ နေမှာကို မစိုးရိမ်တော့ပေ။

“ရှီဇီက စာလုံးအလှရေးတာ အလွန်ကျွမ်းကျင်တယ်လို့ အဒေါ်ပြောတာ ကြားဖူးပါတယ်... ရှီဇီ ကျွန်မကို သင်ပေးလို့ ရမလားမသိဘူး”

ငယ်ရွယ်နုပျိုသော အရွယ်တွင်ရှိသည့် မိန်းမပျိုလေး၏ ပါးပြင်နှစ်ဖက်မှာ မိုးတိမ်ပန်းရောင်ကဲ့သို့ တောက်ပနေပြီး ရင်သားအလှကလည်း ဆွဲဆောင်မှုအပြည့် ရှိနေသည်။ သူမက စားပွဲရှေ့တွင် မြင်သူတိုင်း သနားစရာကောင်းလောက်အောင် နွဲ့နွဲ့နှောင်းနှောင်းလေး ရပ်နေ၏။

လီချန်ချဲ့က သူမ၏ ထင်ရှားလွန်းသော ဝတ်စားဆင်ယင်မှုကို ကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် စိတ်ဝင်စားဟန် အနည်းငယ် ပေါ်လာသည်။

"အမ်း...”

ဤသည်မှာ သူ စိတ်ဝင်စားသွားသည့် သဘောပင်။

ဝူကျင်းယီက အမျိုးသားဖြစ်သူ ပေးလာတဲ့ အခွင့်အရေးကို ဆုပ်ကိုင်ကာ သူ့ထံသို့ ယဉ်ကျေးသိမ်မွေ့စွာ လှမ်းတိုးသွားလိုက်သည်။

“ဒါ ရှီဇီကိုယ်တိုင် ရေးထားတာလားဟင်... စုတ်ချက်တွေက နဂါးနဲ့ မြွေတွေ တွားသွားနေသလိုပဲ... ထက်မြက်ပြီး စွမ်းအားအပြည့် ရှိတယ်... တကယ်ကို အဆင့်မြင့်တဲ့ လက်ရေးလှပဲ... နှမြောစရာကောင်းတာက အားယီက ဒီလိုမရေးတတ်ဘူး... ဇန့်ဟွာလက်ရေးသေးကိုတောင် အနည်းငယ် တတ်မြောက်ဖို့ နှစ်အတော်ကြာ ကျင့်ခဲ့ရတာပါ”

စားပွဲပေါ်ရှိ လက်ရေးလှကို ကြည့်ရန်အတွက် သူမက ရည်ရွယ်ချက်ရှိရှိဖြင့် ရှေ့သို့ ကိုင်းညွတ်လိုက်ပြီး သူမ၏ ပြည့်ဖြိုးသော ရင်သားများကို အမျိုးသား၏ ပုခုံးနှင့် နီးကပ်သွားစေသည်။ သို့သော်လည်း ထိုအမျိုးသားက မလှုပ်မယှက် ရှိနေဆဲပင်။

သူမ နှုတ်ခမ်းကို ကိုက်လျက် ရင်တုန်ပန်းတုန်ဖြင့်ပင် သူမ၏ လက်ကလေးကို ဆန့်ထုတ်ကာ ဝတ်စုံလက်အင်္ကျီမှတစ်ဆင့် သူ့လက်ဖဝါးကြီးကို သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ပွတ်တိုက်လိုက်သည်။ ထို့ပြင် ပို၍ သတ္တိကောင်းလာကာ သူ့လက်ဖမိုးပေါ်ရှိ သွေးကြောများပေါ်သို့ သူမ၏ လက်ထိပ်လေးများ တင်ထားရင်း မျှားခေါ်လိုက်လေသည်။

“မင်း အခုနှစ် အသက်ဘယ်လောက်ရှိပြီလဲ”

လီချန်ချဲ့က ရုတ်တရက် မေးလိုက်၏။

ဝူကျင်းယီ ကြောင်အမ်းသွားကာ ပါးပြင်များ နီမြန်းလျက် ပြန်ဖြေလိုက်သည်။

“အားယီ ဒီနှစ် ဆယ့်ရှစ်နှစ် ရှိပါပြီ"

လီချန်ချဲ့က သူ၏ အေးစက်စက် မျက်ဝန်းများကို မှေးစင်းလိုက်သည်။

“ဆယ့်ရှစ်နှစ်... အကောင်းဆုံးအရွယ်ပဲ... လက်ထပ်ရမယ့် အချိန်ရောက်ပြီ”

ဝူကျင်းယီက ရှက်သွေးဖြာနေသော အမူအရာဖြင့် အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။

“တကယ်လို့ အားယီက လက်မထပ်ချင်ဘဲ ရှီဇီရဲ့ဘေးနားမှာပဲ ခစားချင်တယ်ဆိုရင်ရော...”

လီချန်ချဲ့က အေးစက်စွာ ရယ်မောလိုက်ပြီး မျက်လုံးကို အနည်းငယ် ပင့်ကာ အေးစက်စက် အသံဖြင့် မေးလေသည်။

“မင်းရော ဘယ်လိုထင်လဲ”

ထိုအမျိုးသား၏ အကြည့်က ဓားကဲ့သို့ ထက်မြက်လှသဖြင့် ဝူကျင်းယီ၏ မျက်နှာတစ်ခုလုံး နီရဲသွားသည်။ သူမ၏မျက်ဝန်းထဲတွင် ညုတုတု ရှက်ရွံ့မှုများ ပေါ်လာပြီး ဒါက အခွင့်ကောင်းတစ်ခုဟု ခံစားလိုက်ရသည်။ သူမက ပို၍ နီးကပ်စွာ တိုးကပ်သွားရင်း မြှူဆွယ်သော လေသံဖြင့်-

“အားယီရဲ့ နှလုံးသားထဲမှာ... ရှီဇီ့ကို သဘောကျနေတာပါ... ရှီဇီ သနားညှာတာပါဦး...”

သို့သော် သူမ ထင်မှတ်မထားသည်မှာ လီချန်ချဲ့က ဘယ်လိုမှ တုန်လှုပ်ခြင်း မရှိပေ။

သူက ရုတ်တရက် လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်ကာ မျက်နှာတည်ကြီးဖြင့် ဝူကျင်းယီ၏ မေးစေ့ကို ဆွဲညှစ်လိုက်သည်။

ဝူကျင်းယီ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ထိုအမျိုးသား၏ ပြင်းထန်သော အင်အားကြောင့် ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လျက် အနေအထား ဖြစ်သွားရတော့သည်။

လီချန်ချဲ့က ချက်ချင်းဆိုသလို ထိတ်လန့်ခြောက်ခြားသွားသော မိန်းမပျိုလေး၏ မျက်နှာကို ငုံ့ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။

“မင်း ငါ့ရဲ့ ကိုယ်လုပ်တော် ဖြစ်ချင်တယ်ဆိုရင်... အရင်ဆုံး နင်နင်ကို မေးကြည့်သင့်တာ မဟုတ်ဘူးလား”

ဝူကျင်းယီက ထိုအမျိုးသား၏ နက်ရှိုင်းကာ အေးစက်သော မျက်ဝန်းများကို စိုက်ကြည့်ရင်း တစ်ကိုယ်လုံး တုန်ရင်လာကာ မေးစေ့ကလည်း နာကျင်လာသည်။

“ရှီဇီ... အားယီ မနားလည်ပါဘူး...”

“အခုထိ မနားလည်သေးဘူးလား...”

လီချန်ချဲ့၏ လက်ချောင်းများက အောက်သို့ လျှောဆင်းသွားပြီး သူမ၏လည်ပင်းကို အားဖြင့် ဆုပ်ကိုင်လိုက်ရင်း စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

“နင်နင့်ကို သွားမေးပါလို့ ငါပြောနေတယ်လေ”

ဝူကျင်းယီ၏ မျက်ဝန်းများ ရုတ်တရက် နီမြန်းလာပြီး မျက်ရည်များ ဝဲတက်လာကာ ထိုအမျိုးသား၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိရင်း အသက်ရှူရ ခက်ခဲလာ၏။

ခဏမျှ လီချန်ချဲ့က ဒီစိတ်ကူးယဉ်ဆန်တဲ့ မိန်းမကို ချက်ချင်း သတ်ပစ်ချင်စိတ် အမှန်တကယ် ပေါ်လာမိတယ်။

ဒါပေမဲ့ သူက ကျိုယင်းဆောင်ထဲမှာ လူသတ်မှု မကျူးလွန်နိုင်ဘူး။

ဒါ့အပြင် သူက ဆရာဖြစ်သူ၏ စကားကိုလည်း သတိရသွား၏ - သူနှင့် နင်နင်တို့၏ နောင်လာမည့် သားသမီးများအတွက် သူ တတ်နိုင်သမျှ လူသတ်ခြင်းကို ရှောင်ကြဉ်ရမည်။

ခဏအကြာတွင် သူက ဝူကျင်းယီကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။

“ထွက်သွား။”

ဝူကျင်းယီသည် ပြင်းပြင်းထန်ထန် အကြိမ်ကြိမ် ချောင်းဆိုးလိုက်ပြီးမှ ယမမင်း၏ လက်ဖဝါးတွင်းမှ ပြန်လည်လွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူမက ထိုအမျိုးသား၏ မျက်နှာသေနှင့် ချောမောသောမျက်နှာကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်ရင်း တံခါးဝဆီသို့ အပြေးအလွှား ထွက်ပြေးသွားတော့သည်။

သို့သော် လန့်ဖျန့်နေသည့်ကြားမှ ကျိုယင်းဆောင်၏ ခြံဝင်းတံခါးဝသို့ ရောက်သောအခါ သူမ တစ်ကိုယ်လုံး တုန်ရင်လာပြီး အရှက်ရမှုကြောင့် မျက်ရည်များ စီးကျလာကာ မျက်ဝန်းထဲတွင်လည်း နာကျည်းမှုများ ပြည့်နှက်သွားတော့သည်။

လွန်ခဲ့တဲ့ နှစ်များတစ်လျှောက် သူမရဲ့ မိသားစုနောက်ခံက မမြင့်မားပေမယ့် ဟယ်ကျန့်တွင် မှူးမတ်မျိုးနွယ်တို့၏ သားများစွာက သူမရဲ့ အလှအပအောက်မှာ ကျရှုံးခဲ့ကြရတယ်။

ဘယ်ယောက်ျားမှ သူမရဲ့ ဆွဲဆောင်မှုကို လျစ်လျူမရှုခဲ့ဖူးဘူး။

သူမက ရွှယ်နင်လောက် မလှပပေမယ့် ကျန်းနန်မှ အမျိုးသမီးတစ်ဦး၏ နွဲ့နွဲ့နှောင်းနှောင်း ဆွဲဆောင်မှုရှိတဲ့ အလှတရားဖြင့် ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို ညှို့ယူနိုင်စွမ်း ရှိပါသေးတယ်။

ဒီနေ့ညတော့ လီချန်ချဲ့ ရှေ့မှာ သူမ လုံးဝကျရှုံးခဲ့ရပြီ...။

ဒါကို သူမ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။

သူမဘက်က စတင်ဆွဲဆောင်မှု မအောင်မြင်သဖြင့် သူမအနေဖြင့်... ထိုအရာကိုပဲ ထိုအမျိုးသားအား ပေးရန် ရှိတော့တယ်...။

ဘာပဲဖြစ်ဖြစ် သူမ ရှီဇီ့ကို သိမ်းပိုက်ရယူရမယ်။

ဝူကျင်းယီသည် သူမကိုယ်သူမ လှောင်ပြောင်စွာ ရယ်မောလိုက်ရင်း မျက်ရည်များကို တိတ်တဆိတ် သုတ်ကာ လှည့်ထွက်၍ ကျိုယင်းဆောင်မှ ထွက်ခွာသွားတော့သည်။

ဖူရှန်းက စာကြည့်ခန်းထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပေါင်ချန်ထံ သွားရောက်အကြောင်းကြားလိုက်သည်။

ပေါင်ချန်က စကားသွက်သူပီပီ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးမည့် အချိန်အတွင်းမှာပင် ဤသတင်းက ရွှယ်နင်၏ နားထဲသို့ ရောက်ရှိသွားတော့သည်။

ရွှယ်နင်သည် အားဟွမ်လေးကို ဆိတ်နို့တိုက်ပြီးကာစ ရှိသေး၏။ သူမက တစ်ခုခုကို တွေးတောရင်း ခဏလောက် တုံ့ဆိုင်းသွားပြီးမှ မေးလိုက်သည်။

“ပြီးတော့ရော...”

All Chapters