← Chapters

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း (၂၄၃) - တိတ်တဆိတ် သဝန်တိုခြင်း

"အဲဒါနဲ့ အဲဒီသခင်မလေးဝူက စာကြည့်ခန်းထဲကနေ ထွက်သွားတာလေ"

ပေါင်ချန်က ပြောရင်း ပို၍သဘောကျလာပုံရသည်။

"သူ(မ)က တကယ်ပဲ သူ့အတိုင်းအတာသူမသိဘူး။ အမျိုးနီးစပ်ဝမ်းကွဲတစ်ယောက်ဖြစ်ပြီးတော့ ရှီဇီကို မြူဆွယ်ဖို့အထိ သတ္တိရှိနေတယ်၊ ဝက်ဝံနှလုံးနဲ့ ကျားသစ်သည်းခြေများ စားထားတာလားမသိဘူး"

ကျောက်စိမ်းရောင် အတွင်းဝတ်ရုံကို ဝတ်ဆင်ထားပြီး အားဟွမ်လေးကို ပွေ့ချီထားသည့် ရွှယ်နင်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ထို့နောက် ကြွေဇလုံထောင့်တွင် ငြိမ်သက်စွာ နားနေသည့် အန်းအန်းလေးကို လှမ်းကြည့်လိုက်၏။

ရင်ထဲတွင် ခံရခက်အောင် နာကျင်နေသော်လည်း သူမက အတင်းအကြပ် ပြုံးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ အားချဲ့က သူ(မ)ကို သူ့အလိုအလျောက် ဝင်ခွင့်ပေးခဲ့တာပဲ၊ ငါတို့ ဘာမှဝင်စွက်ဖက်လို့မရဘူး"

ပေါင်ချန်က မျက်ခုံးပင့်လိုက်သည်။

"ဒါပေမဲ့ သခင်မလေး... နည်းနည်းလေးမှ သဝန်မတိုဘူးလားဟင်"

ရွှယ်နင်က စိတ်မပါလက်မပါဖြင့် ပြန်ဖြေလိုက်၏။

"သဝန်တိုတော့ရော ဘာထူးမှာမလို့လဲ"

မယုံနိုင်စရာတစ်ခုခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ပေါင်ချန်က ပြုံးစိစိဖြင့် ရွှယ်နင့်နံဘေးသို့ တိုးကပ်လာသည်။

"ဒါဆို သခင်မလေး တကယ် သဝန်တိုနေတာပေါ့"

"အဟမ်း—"

မိမိစိတ်ကူးကို အပြောခံလိုက်ရသဖြင့် ရွှယ်နင်က ပေါင်ချန်ကို စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်လိုက်သည်။

"စကားတွေ လျှောက်မပြောနဲ့"

ပေါင်ချန်က တခိခိရယ်ရင်း အားဟွမ်လေးကို လက်လှမ်း၍ ပွတ်သပ်ပေးလိုက်သည်။

"သခင်မလေးက ရှီဇီအပေါ် သံယောဇဉ်တွယ်လာမှာကို ဒီအစေခံက ကြိုသိနေသားပဲ။ ကျန်းကော်နယ်စားမင်းအိမ်တော်က နေထိုင်မှုကလည်း တစ်ရက်ထက်တစ်ရက် ပိုသက်တောင့်သက်သာရှိလာပြီး သခင်လေးကလည်း ရှီဇီစုထက် အဆပေါင်းများစွာ သာပါတယ်။ သခင်မလေးသာ စိတ်မလှုပ်ရှားရင် အဲဒါကမှ ထူးဆန်းနေဦးမယ်"

ရွှယ်နင်သည် အခုချိန်တွင် သဝန်တိုဖို့ စိတ်မပါတော့ဘဲ သက်ရှည်သော့ခလောက်ကိစ္စကိုသာ အာရုံရောက်နေသည်။

"စောစောနားကြစို့၊ မနက်ဖြန် မင်းသမီးကြီးရဲ့စံအိမ်ကို သွားရဦးမယ်"

ပေါင်ချန်လည်း ထပ်မမေးတော့ပေ။

"ဒီအစေခံ အခုပဲ ရေနွေးသွားပြင်လိုက်ပါ့မယ်"

"အင်း။"

ရွှယ်နင်က အားဟွမ်လေးကို ၎င်း၏အိပ်ရာထဲသို့ ပြန်ထည့်လိုက်စဉ်မှာပင် ထိုအမျိုးသား ပြန်ရောက်လာခဲ့သည်။

သူက အဝတ်လှန်းစင်အနီးတွင် ရပ်ကာ ဝတ်ရုံများကို ချွတ်နေပြီး သူ၏အရပ်အမောင်းက မြင့်မားကာ သန်မာထွားကျိုင်း၏။

ရွှယ်နင်က မသိမသာဖြင့် သူ့အနားသို့ တိုးကပ်သွားပြီး တိတ်တဆိတ် အနံ့ခံကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူ၏အရာရှိဝတ်ရုံပေါ်တွင် ဝူကျင်းယီ၏ ကိုယ်သင်းနံ့သင်းသင်းလေး စွဲကျန်နေဆဲဖြစ်၏။

အကြောင်းရင်းမရှိဘဲ သူမ၏ရင်ထဲတွင် ပြောမပြတတ်အောင် စိတ်တိုဒေါသထွက်မှုတစ်ခု ချက်ချင်း တိုးဝင်လာသည်။

သူမက ငယ်ရွယ်တဲ့ မိန်းကလေးတစ်ဦးကို ယခုလောက်အထိ မုန်းတီးဖူးခြင်းမရှိပေ။ အထူးသဖြင့် အသက်ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်အရွယ်သာ ရှိသေးသည့် မိန်းကလေးမျိုးကိုပင်။

သို့သော် သူမက ဝူကျင်းယီကို တကယ်ပဲ ရွံရှာမိတယ်။ ထိုမိန်းကလေး၏ နူးညံ့သိမ်မွေ့ဟန်ဆောင်ထားသော မျက်နှာကို တွေးမိရုံမျှဖြင့် ရွှယ်နင် စိတ်ရှုပ်ထွေးလာရသည်။

"ဘာကို ငေးကြည့်နေတာလဲ"

မိန်းကလေးငယ်က ကြောင်အမ်းအမ်းဖြင့် ရပ်နေတာကို မြင်သောအခါ လီချန်ချဲ့၏ နှုတ်ခမ်းအစုံက မသိမသာ ကွေးညွတ်သွားသည်။

သူမ စိတ်ကောက်နေတာကို သတိမပြုမိသကဲ့သို့ သူက တည်ငြိမ်စွာ မေးလိုက်သည်။

"ကြောင်နဲ့ လိပ်ကို အိပ်ရာသွင်းပြီးပြီလား"

ထိုမိန်းကလေးငယ်က လိပ်ကလေး အိပ်ပျော်၊ မပျော်ကို အလေးအနက်ထား၍ ပြောဆိုနေတတ်ပုံကို လီချန်ချယ်က ချစ်စနိုး ဖြစ်နေမိသည်။

သူက လျှောက်လှမ်းလာပြီး သူမ၏မျက်နှာကို သေချာကြည့်ရန် အကြည့်ကို နှိမ့်ချလိုက်သည်။

ဟွန်း—

ဝူကျင်းယီထက် ပိုလှသလို ပိုပြီးတော့လည်း အသားအရည် ဖြူဝင်းတယ်။

မိန်းကလေးငယ်၏ အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူစင်ဝင်းပပြီး နို့ခဲကဲ့သို့ နူးညံ့ချောမွေ့နေကာ ကိုက်စားချင်စရာ ကောင်းလှသည်။

ဒီလိုမျိုး စွဲမက်ဖွယ်ကောင်းလောက်အောင် ချောမောသည့် မျက်နှာဖြင့် စိုက်ကြည့်ခြင်း ခံလိုက်ရသဖြင့် ရွှယ်နင် စိတ်ထဲမှာ လှုပ်ခတ်သွားသည်။ သူမက နေရခက်စွာဖြင့် အဝတ်အနားစကို လိမ်ကျစ်ရင်း မေးလိုက်မိသည်။

"ကျွန်မမျက်နှာပေါ်မှာ တစ်ခုခု ပေနေလို့လား"

မိန်းကလေး၏ မျက်လုံးဝိုင်းဝိုင်းလေးများက သန့်ရှင်းစင်ကြယ်သလို ဆွဲဆောင်မှုလည်း ပြည့်နှက်နေပြီး၊ ဝူကျင်းယီထက်ပင် လူကို အပြစ်ကျူးလွန်ချင်စိတ် ဖြစ်စေမည့်ပုံစံမျိုး ဖြစ်နေသည်။

သို့သော် ယခုအချိန်မှာ ထိုကိစ္စကို စဉ်းစားရမည့်အချိန် မဟုတ်သေးပေ။

လီချန်ချဲ့က သူမ၏ ခေါင်းလေးကို ပွတ်သပ်လိုက်ပြီး မျက်လုံးအကြည့်ကို တည်ငြိမ်စွာ ပြန်ရုပ်သိမ်းကာ ပြောလိုက်သည်။

“မဟုတ်ဘူး။ မင်း အတွေးလွန်နေတာ မြင်လို့ ဘာတွေစဉ်းစားနေလဲ မေးချင်တာ။ သက်ရှည်သော့ခလောက် အကြောင်း စဉ်းစားနေတာလား”

ရွှယ်နင်က ပါးပြင်ကို ပွတ်လိုက်ပြီး ထိုယောက်ျား၏ အကြည့်ကို ရှောင်လွှဲကာ ခေါင်းညိတ်လိုက်သည်။

“အင်း...”

လီချန်ချဲ့က အပြင်ဝတ်ရုံကို ချွတ်၍ ကျောက်စိမ်းရောင် အရှည်ဝတ်ရုံတစ်ထည် လဲဝတ်ပြီးနောက် လိုဟန်ကုတင်ဘေးသို့ သွားထိုင်လိုက်သည်။

မူလက ကောင်မလေးကို အနည်းငယ် ဖိအားပေးချင်သော်လည်း မလုပ်ရက်ပေ။

“မနက်ဖြန် ကိုယ် စစ်ဝန်ကြီးဌာနကို သွားပြီး ကိစ္စတွေ ကြည့်ရမယ်။ သော့ခလောက်ကို အဆင်ပြေတဲ့အချိန် လုပ်လိုက်ရုံပဲ။ အလောတကြီး မလိုဘူး”

ရွှယ်နင်က သူ့နောက်မှ လိုက်လာပြီး မေးလိုက်၏။

“စစ်ဝန်ကြီးဌာနလား”

“အင်း”

လီချန်ချဲ့က စာအုပ်တစ်အုပ်ကို လှန်ဖွင့်ရင်း ဖြေလိုက်သည်။

ရွှယ်နင် စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်မိတယ်။

လီချန်ချဲ့၏ ရာထူးတက်နှုန်းက အမှန်တကယ် မြန်ဆန်လွန်းတယ်။အရင်ဘဝမှာ အခုအချိန်လောက်မှာပဲ စုကျန်းက လီချန်ချဲ့ကို ပြိုင်ဘက်တစ်ဦးအဖြစ် စတင်သတိထားနေပြီ။

နွေဦးရာသီ စတုတ္ထလတွင် စုကျန်းသည် အကျင့်ပျက်ခြစားမှုအမှု၊ ကွင်းဆက်လူသတ်မှုနှင့် ဦးခေါင်းလဲလှယ်မှုအမှုတို့ကို ဆက်တိုက် ဖြေရှင်းနိုင်ခဲ့သည်

ဧကရာဇ်က အလွန်နှစ်သက်သဖြင့် ရွှေတစ်သောင်း ချီးမြှင့်ကာ ရာထူးတိုးပေးခဲ့၏။

ထိုအချိန်က လီချန်ချဲ့မှာ နန်းတော်အတွင်း အမည်ကျော်ကြားလာစပြုရုံသာ ရှိသေးသည်။ဒါပေမဲ့ သူက ဟန်လင်ပညာရှင်တစ်ဦးသာ ဖြစ်သဖြင့် အောင်မြင်မှုများမှာ စုကျန်းကို မမီနိုင်ခဲ့ပေ။

အခုတော့ အခြေအနေက မတူတော့ဘူး။

သူမ ပြန်လည်မွေးဖွားလာခဲ့ပြီး အနာဂတ်ကို ကြိုသိနေသဖြင့် တတ်နိုင်သမျှ လီချန်ချဲ့ကို ကူညီပေးနိုင်တယ်။

“အားချဲ့...”

ရွှယ်နင်က အမျိုးသား၏ ဘေးတွင် ထိုင်ချလိုက်ပြီး မျက်လုံးလေးများ ပုတ်ခတ်ကာ ပြောလိုက်သည်။

“မနက်ဖြန် ကျွန်မ မင်းသမီးကြီးအိမ်တော်ကို သွားရမယ်။ အဲဒီအိမ်တော်က ရှန်းယဲ့ရပ်ကွက်မှာ ရှိတယ်လေ။ အဲဒီမှာ ဆယ်စုနှစ်များစွာ မဖွင့်ရသေးတဲ့ ရေတွင်းဟောင်းတစ်တွင်း ရှိတယ်လို့ ကြားဖူးတယ်။ အရင်မင်းဆက်က ရတနာတွေ ဖွက်ထားတယ်ဆိုတဲ့ ကောလာဟလလည်း ရှိတယ်။ တကယ်ဟုတ်မဟုတ်တော့ မသိဘူး”

လီချန်ချဲ့၏ အကြည့်က နက်ရှိုင်းသွားသည်။

“အဲဒီအကြောင်းကို မင်း ဘယ်လိုသိတာလဲ”

ရွှယ်နင်က သူ သံသယဝင်မှာကို စိုးရိမ်သဖြင့် စာအုပ်စင်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

“လူတွေ ပြောတာ ကြားဖူးတာပါ... ပြီးတော့ အဲဒီရေတွင်းအကြောင်း ဒဏ္ဍာရီကို စာအုပ်ထဲမှာလည်း ဖတ်ဖူးတယ်။ မနက်ဖြန် စစ်ဝန်ကြီးဌာနက ပြန်လာရင် သွားကြည့်မလား”

လီချန်ချဲ့က အေးဆေးစွာ ပြောလိုက်သည်။

“ကောလာဟလဆိုတာ ယုံကြည်လို့ မရဘူး”

ရွှယ်နင် အနည်းငယ် စိုးရိမ်သွားပြီး သူ့လက်အင်္ကျီစကို ဆွဲကိုင်ကာ ပြောလိုက်၏။

“ဒီတစ်ခါတော့ ကျွန်မကို ယုံပေးပါနော်။ ကျွန်မ တကယ် သိချင်လို့ပါ။ ကျွန်မအတွက် သွားစစ်ကြည့်ပေးလို့ မရဘူးလား။ မဟုတ်ရင် ကျွန်မကိုယ်တိုင် သွားကြည့်ရတော့မယ်”

လီချန်ချဲ့၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

“အဲဒီရေတွင်းက လူသူကင်းမဲ့တဲ့ နေရာမှာ ရှိတာ။ မင်းလို မိန်းမပျိုလေးတစ်ယောက်က အဲဒီကို သွားပြီး ဘာလုပ်မှာလဲ”

ရှန်းယဲ့ရပ်ကွက်သည် အလွန်ကျယ်ဝန်း၏။ မှူးမတ်အထက်တန်းလွှာများ နေထိုင်ကြသည့် လမ်းမများနှင့် လမ်းသွယ်များမှလွဲ၍ အစွန်အဖျားရပ်ကွက်များတွင်မူ လူတန်းစားပေါင်းစုံ ရှုပ်ထွေးစွာ ရောနှောနေထိုင်ကြသည်။ အထူးသဖြင့် ရေတွင်းဟောင်းတည်ရှိရာ နေရာသည် ရှန်းယဲ့ရပ်ကွက်တွင် လူသူအရောက်အပေါက်အနည်းဆုံးနှင့် အဆိတ်ငြိမ်ဆုံး နေရာဖြစ်သည်။

သာမန်အရပ်သားများပင် သွားလာလေ့မရှိရာ အိမ်တော်ထဲတွင်သာ အမြဲနေထိုင်လေ့ရှိသည့် အထက်တန်းလွှာ သခင်မလေးတစ်ဦးအတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

သေချာသည်မှာ ရွှယ်နင် တစ်ယောက်တည်း မသွားရဲခြင်းပင်။ သူမက အသနားခံသည့်အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဒါဆို ကျွန်မ မသွားတော့ဘူး... ရှင်ပဲ သွားလိုက်တော့နော်"

လီချန်ချဲ့က တိတ်ဆိတ်နေ၏။ “...”

ဒါဟာ သူ သဘောတူလိုက်ခြင်းဖြစ်ကြောင်း ရွှယ်နင် သိလိုက်သည်။ သူမက ချက်ချင်းမတ်တတ်ထရပ်ကာ အဝတ်လှန်းစင်ဆီသို့ ပုံမှန်အတိုင်း လျှောက်သွားပြီး သူ၏အရာရှိဝတ်ရုံကို ဖြုတ်ယူလိုက်သည်။

သူမက မသိသာစေရန်အတွက် တည်ငြိမ်သည့်ဟန်ကို ထိန်းထားသည်။

"အားချဲ့... ရှင့်အရာရှိဝတ်ရုံက ညစ်ပတ်နေပြီမို့ ကျွန်မ သွားလျှော်ပေးမယ်နော်"

လီချန်ချဲ့၏ မျက်ဝန်းများထဲတွင် ရယ်ချင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး တမင်သက်သက် ပြောလိုက်။

"နောက်တစ်ရက်လောက် ဝတ်လို့ရပါသေးတယ်"

"ဟင့်အင်း အနံ့ရနေပြီ။ မနက်ဖြန် အစုံသစ်ပဲ ဝတ်လိုက်ပါ။ ဒါနဲ့ ရှင့်ရဲ့ သက်ရှည်သော့ခလောက်လေး ပျောက်သွားလို့ လွန်ခဲ့တဲ့ရက်ပိုင်းက ရှင်နဲ့ အစ်ကိုလုအတွက် ခါးချိတ်အိတ်လေးတွေ ကျွန်မ ချုပ်ပေးထားတယ်။ ရှင့်အတွက်အိတ်က ကုတင်ဘေးမှာရှိတယ်... တော်၊ မတော် ခဏနေ သွားကြည့်လိုက်ပါဦး။ အဆင်ပြေရင် မနက်ဖြန် ခါးမှာ ချိတ်သွားလိုက်ပါ... အဆင်မပြေရင်လည်း... လွှင့်ပစ်လိုက်ပါတော့... ကျွန်မ... ကျွန်မ ရေသွားချိုးတော့မယ်"

ရွှယ်နင်က နှုတ်ခမ်းလေးစူကာ တိုးတိုးလေး ပြောလိုက်သည်။

ထို့နောက် အမျိုးသားဖြစ်သူ၏ မျက်နှာအမူအရာကိုပင် လှည့်မကြည့်တော့ဘဲ ဝတ်ရုံကိုယူကာ အခန်းထဲမှ ထွက်သွားတော့သည်။

လီချန်ချဲ့သည် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီးနောက် ကုတင်ဘေးသို့ လျှောက်သွားကာ ကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူ့ခေါင်းအုံးပေါ်တွင် ကြောင်ဝါကြီးတစ်ကောင် ပန်းထိုးထားသည့် အိတ်ငယ်လေးတစ်ခု တင်ထားလျက်ရှိသည်။

ပန်းထိုးလက်ရာက သာမန်မျှသာဖြစ်သော်လည်း အတော်လေး ချစ်စရာကောင်းနေ၏။

သူက အိတ်လေးကို ကောက်ယူလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးတစ်ခု ချိတ်ဆွဲသွားကာ စိတ်ထဲတွင် ပို၍ပင် ကြည်နူးသွားသည်။

...

အကြောင်းရင်းမရှိဘဲ ပျောက်ဆုံးသွားသည့် သက်ရှည်သော့ခလောက်အကြောင်းကို တွေးရင်း ရွှယ်နင် တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။

မိုးလင်းလင်းချင်းပင် သူမ မျက်လုံးပွင့်လာခဲ့သည်။

"အားချဲ့"

လီချန်ချဲ့လည်း အခုလေးတင် နိုးလာဟန်တူပြီး ကုတင်ဘေးတွင် ရပ်နေ၏။ သူက အဝတ်အစားများ သေသပ်စွာ ဝတ်ဆင်ထားပြီးဖြစ်ကာ သူမကို ခဏလောက် ဆက်အိပ်ရန် ပြောလာသည်။

ရွှယ်နင်က မျက်လုံးများကို ပွတ်သပ်ရင်း ကုတင်ပေါ်တွင် မူးဝေဝေဖြင့် ထိုင်လိုက်သည်။

သူမခင်ပွန်းနှင့် အခြားသူတစ်ဦးတို့၏ ချစ်ခြင်းမေတ္တာအမှတ်အသားလေး ပျောက်ဆုံးသွားခြင်းအတွက် ကာယကံရှင်ထက်ပင် သူမက ပို၍ စိုးရိမ်ပူပန်နေမိတယ်။

ပြီးခဲ့သည့်ညက သူမ အိပ်မက်ဆိုးများ မက်ခဲ့တယ်။

အိပ်မက်ထဲမှာ ထိုအမျိုးသားက သူမရဲ့လည်ပင်းကို ညှစ်ထားပြီး သူ့ရဲ့သက်ရှည်သော့ခလောက်ကို ဘာကြောင့်ယူသွားရတာလဲဆိုပြီး မေးနေခဲ့တာလေ။

သူ့အဖိုးတန်ပစ္စည်းကို သူမ လုံးဝမထိရဲဘူးဆိုတာကိုတော့ နတ်ဘုရားတွေပဲ သိလိမ့်မယ်။

All Chapters