အခန်း ၂၄၄
Vol. 25 Ch. 244
အခန်း (၂၄၄) - မင်းသမီးကြီးစံအိမ်သို့ သွားခြင်း
အိပ်မက်ထဲမှာ ထိုအမျိုးသားက သက်ရှည်သော့ခလောက်အတွက် ဒေါသတကြီးဖြစ်နေပြီး ငိုကြွေးနေတဲ့ မင်းသမီးယန်ရန်ကို ဖက်ထားတာကို သူမ မြင်မက်ခဲ့တယ်။
သူက ကျန်းကော်နယ်စားမင်းအိမ်တော်မှ အလုပ်အကိုင်မပီပြင်သော အစေခံအများစုကို သတ်ပစ်လိုက်ရာ၊ သူတို့၏သွေးများသည် ချောင်းငယ်လေးအသွင် စီးဆင်းသွားပြီး ကျောက်တုံးအက်ကွဲကြောင်းများကြားသို့ တိတ်ဆိတ်စွာ စိမ့်ဝင်သွားခဲ့သည်။
ပြင်းထန်စူးရှသော သွေးညှီနံ့က သူမ၏ နှာခေါင်းဝတွင် ပြည့်နှက်နေသဖြင့် မအောင့်အည်းနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အပြင်းအထန် အော့အန်မိတော့သည်။
အဆက်မပြတ် အသက်ရှူရခက်ခဲမှုကြောင့် သူမ၏ လည်ချောင်းများ ပွန်းပဲ့နာကျင်လာသည်။ မျက်ရည်များ ပေပွနေသော မျက်နှာကို မော့ကြည့်လိုက်သောအခါ ထိုအမျိုးသားက မင်းသမီးယန်ရန်ကို ကြင်နာယုယစွာ ဖက်ထားတာကို တွေ့လိုက်ရသည်။
တစ်ခဏချင်းမှာပင် သူ၏မျက်နှာထားက ချစ်ခင်ကြင်နာမှုအပြည့်ဖြစ်နေသော်လည်း၊ နောက်တစ်စက္ကန့်တွင် သူ၏မျက်ဝန်းများက သူမကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်နေသည့်အလား ကြမ်းတမ်းရက်စက်သွား၏။
ရွှယ်နင်က အိပ်မက်ဆိုးမှ လန့်နိုးလာပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။
မှိန်ပျပျလင်းနေသော ကုတင်ခန်းဆီးများကြားတွင် သစ်တော်ပန်းနံ့သာမွှေးရနံ့ သင်းသင်းလေးက ပျံ့လွင့်နေဆဲပင်။
သူမ၏ မှောင်မိုက်ပြီး စိုးရိမ်ပူပန်နေသော အကြည့်များက ထိုအမျိုးသားထံသို့ ရောက်သွားသည်။
ပန်းချီကားတစ်ချပ်လို လှပတဲ့ရုပ်ရည်နဲ့ နူးညံ့သိမ်မွေ့တဲ့အမူအရာရှိတဲ့ သူမရှေ့က ဒီအမျိုးသားက အိပ်မက်ထဲမှာ သူမကို သေအောင် နှိပ်စက်ခဲ့တဲ့ နတ်ဆိုးနဲ့ တစ်ယောက်တည်းပဲလား။
"နည်းနည်းလောက် ဆက်အိပ်လိုက်ပါဦး။ မင်း ကောင်းကောင်းမအိပ်ရတာ ကြာပြီပဲ"
"ကျွန်မ—"
ရွှယ်နင်သည် ကြောက်မက်ဖွယ် အိပ်မက်ဆိုးထဲတွင် နစ်မွန်းနေဆဲဖြစ်ရာ အလိုအလျောက် နောက်သို့ ဆုတ်လိုက်မိသည်။
လီချန်ချဲ့က သူမကို စိုက်ကြည့်လိုက်၏။
"ဘာဖြစ်လို့လဲ"
"ဘ-ဘာမှမဖြစ်ပါဘူး။"
ရွှယ်နင်၏ နှုတ်ခမ်းများ ဖြူရော်နေသော်လည်း အတင်းအကြပ် ပြုံးပြလိုက်သည်။
"ဒီနေ့ မင်းသမီးရဲ့စံအိမ်ကို စောစောသွားပြီး ပုံကြမ်းသွားယူရဦးမယ်"
လီချန်ချဲ့သည် အရာရှိရုံးဝတ်ရုံကို လဲဝတ်လိုက်ပြီး ကုတင်ဘေးတွင် ထိုင်လိုက်သည်။ သူ့လက်ကြီးက မိန်းကလေး၏ ပူနွေးနေသော နဖူးပြင်ကို ပွတ်သပ်ပေးလိုက်ပြီးနောက်၊ ဘေးဘက်မှ ဆေးအနည်းငယ်ကို ယူ၍ သူမ၏ လက်ခုံပေါ်သို့ လိမ်းပေးလိုက်သည်။
"ဒဏ်ရာအသေးစားလေးဆိုပေမယ့် အမာရွတ်တော့ မကျန်စေရဘူး။ လှဲနေလိုက်။ မွန်းလွဲပိုင်းမှ မင်းသမီးစံအိမ်ကို သွားလည်း မနောက်ကျသေးပါဘူး။ လိမ္မာတယ်နော်"
အမျိုးသား၏ သြရှရှအသံက ညှို့ဓာတ်တစ်မျိုး ပါဝင်နေသကဲ့သို့ပင်။
အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်သော ရွှယ်နင်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းအုံးပေါ်သို့ ပြန်လှဲချကာ ထပ်မံအိပ်ပျော်သွားတော့သည်။
သူမ မျက်လုံးများ ပြန်ပွင့်လာချိန်တွင် မိုးလင်းနေပြီ။
ပေါင်ချန်က အခန်းဆီးကို မတင်လိုက်ပြီး ရွှေရောင်ချိတ်များပေါ်တွင် ကုတင်ခန်းဆီးများကို ချိတ်ဆွဲလိုက်သည်။
"သခင်မလေး... အချိန်လင့်နေပြီ။ ထပြီး စားသောက်သင့်ပြီနော်"
ဒီတစ်ကြိမ်တွင်မူ ရွှယ်နင် သက်တောင့်သက်သာ အိပ်ပျော်သွားခဲ့သည်။ အားဟွမ်လေးသည်လည်း သူမ၏ ခြေရင်းတွင် ကွေးကွေးလေးအိပ်နေပြီး ၎င်း၏ ကိုယ်လုံးလေးက နွေးထွေးနေသည်။
သူမက သတ္တဝါလေး၏ ဖောင်းကားနေသော ဗိုက်လုံးလုံးလေးကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ထိုင်လိုက်သည်။
"ဘယ်အချိန်ရှိပြီလဲ"
"မွန်းတည့်တော့မယ်။"
ပေါင်ချန်က ပြုံးလိုက်သည်။
"ရှီဇီ မထွက်သွားခင်မှာ သခင်မလေးကို မနှောင့်ယှက်ဖို့ ပြောသွားလို့ ဒီအစေခံ ဝင်မနှိုးရဲတာပါ။ ဒါပေမဲ့ သခင်မလေး ဒီထက်ပိုအိပ်နေမယ်ဆိုရင် ဒီနေ့ မင်းသမီးရဲ့စံအိမ်ကို သွားဖြစ်ပါဦးမလား"
ရွှယ်နင် လန့်နိုးသွားပြီး ချက်ချင်း သတိဝင်လာသည်။
"သွားမှာပေါ့ သွားရမှာပေါ့။ ပေါင်ချန်... ငါ့ကို မြန်မြန် အဝတ်အစား လဲပေးပါဦး"
"ဟုတ်ကဲ့ပါ"
"ဆံပင်ကို ရိုးရိုးရှင်းရှင်းပဲ ထုံးပေးပါ"
"မင်းသမီးစံအိမ်ကို သွားမှာဆိုတော့ သခင်မလေးရဲ့ ဆံပင်ကို လင်းယွင်ဆံထုံးလေး ထုံးပေးရမလားဟင်"
ရွှယ်နင်က သိပ်အများကြီး မစဉ်းစားနိုင်တော့ဘဲ တတ်နိုင်သမျှ အမြန်ဆုံး ပြင်ဆင်ပြီးစီးဖို့သာ စိတ်စောနေတော့သည်။ သူမက မင်းသမီးယန်ရန်ဆီကနေ ပုံကြမ်းကို တောင်းယူရမှာဖြစ်ပြီး၊ ထို့နောက် ရွှေဆိုင်တစ်ဆိုင်တွင် ကျွမ်းကျင်သော ပန်းထိမ်ဆရာတစ်ဦးကို ရှာဖွေရဦးမည်။ ထိုသက်ရှည်သော့ခလောက်က သာမန်သော့ခလောက်တစ်ခုပဲ မဟုတ်ဘဲ အဖိုးတန် ဟော်ထျန်ကျောက်စိမ်းများ စီခြယ်ထားသည့် အလှဆင်ပစ္စည်းတစ်ခုလည်း ဖြစ်၏။
အရင်က သေသေချာချာ သတိထားမကြည့်မိခဲ့တဲ့ သူမကိုယ်သူမပဲ အပြစ်တင်ရမယ်၊ ဒါကြောင့်လည်း အခုလိုမျိုး ကပျာကယာ ဖြစ်နေရခြင်းပင်။
မျက်နှာသစ် သန့်စင်ပြီးနောက် ရွှယ်နင်က ပြင်ဆင်ခြယ်သခြင်းကိုပင် သိပ်ဂရုမစိုက်တော့ဘဲ နုပျိုသော ပန်းရောင်ရူချွင်ဝတ်စုံကိုသာ လဲဝတ်လိုက်သည်။
တုန်းကျင်းမြို့၏ လေးလပိုင်းသည် ရာသီဥတုက တဖြည်းဖြည်း ပူနွေးလာနေပြီဖြစ်၏။
သူမက ရူယီပန်းပုံပါသော ခရမ်းနုရောင် ဝတ်ရုံခြုံလွှာကို ပခုံးပေါ်သို့ လွှမ်းခြုံလိုက်ပြီး ကျန်းကော်နယ်စားမင်းအိမ်တော်၏ တံခါးမကြီးမှတစ်ဆင့် အလျင်အမြန် ထွက်လာခဲ့တော့သည်။
တစ်နာရီမပြည့်မီအချိန်မှာပင် သူမနှင့် ပေါင်ချန်အပြင် အခြားအစေခံအနည်းငယ်တို့က မင်းသမီးစံအိမ်သို့ ဆိုက်ရောက်လာကြသည်။
လာရောက်သူမှာ ကျန်းကော်နယ်စားမင်းအိမ်တော်မှ ရှီဇီကတော်ဖြစ်ကြောင်း ကြားသိရတဲ့အခါ တံခါးစောင့်ကြီးကြပ်ရေးမှူးက လျင်မြန်စွာ လက်ဖက်ရည် တည်ခင်းဧည့်ခံပြီး အတွင်းသို့ သတင်းပို့ရန် ဝင်သွားသည်။
ရွှယ်နင်သည် မင်းသမီးစံအိမ်၏ ဘေးတံခါးအနီးရှိ ဧည့်ခန်းဆောင်တွင် အမွှေးတိုင်တစ်တိုင်စာခန့် စောင့်ဆိုင်းပြီးနောက် မင်းသမီးယန်ရန်၏ အဆောင်မှ သက်ကြီးအထိန်းတော်ကြီး ရောက်ရှိလာတော့သည်။
"သခင်မလေး... ဒီအစေခံအိုကြီးရဲ့ နောက်က လိုက်ခဲ့ပါ"
ရွှယ်နင်က အထိန်းတော်ကြီး၏ နောက်မှ လိုက်ပါရင်း မေးလိုက်၏။
"ဒီနေ့ မင်းသမီးကြီး စံအိမ်မှာ ရှိလားဟင်"
သူမက လာရောက်လည်ပတ်ခြင်း ဖြစ်တာကြောင့် အိမ်ရှင်ဖြစ်သူကို ဂါရဝပြုတွေ့ဆုံရတာဟာ လုပ်ထုံးလုပ်နည်းပင်။
သို့သော် အထိန်းတော်ကြီးက ခေါင်းခါယမ်းကာ ပြောလာ၏။
"မင်းသမီးကြီးက နန်းတော်ထဲ ဝင်သွားလို့ စံအိမ်မှာ မရှိပါဘူး။ မင်းသမီးလေးကတော့ သခင်မလေး လာတယ်ဆိုတာ သိရလို့ သိပ်ဝမ်းသာသွားပြီး သခင်မလေးကို သူ(မ)ရဲ့ အဆောင်ကို တိုက်ရိုက်ခေါ်လာဖို့ ဒီအစေခံအိုကြီးကို မှာလိုက်ပါတယ်"
ရွှယ်နင် စိတ်ထဲကနေ တိတ်တဆိတ် သက်ပြင်းချနိုင်သွားတော့တယ်။
သူမက မင်းသမီးကြီးကို ကြောက်ရွံ့နေတာမျိုး မဟုတ်ပေမယ့် ပြီးခဲ့သည့်တစ်ခေါက် တွေ့ဆုံစဉ်ကတည်းက မင်းသမီးကြီးက သူမကို သဘောမကျဘဲ ထူးဆန်းပြီး စိတ်မသက်မသာဖြစ်စရာ အကြည့်မျိုးဖြင့် စိုက်ကြည့်နေခဲ့တာကို ခံစားမိတယ်။ မတွေ့ရတာက အကောင်းဆုံးပင်။
မင်းသမီးကြီး မရှိကြောင်း ကြားရသဖြင့် သူမ အနည်းငယ် စိတ်သက်သာရာရသွားကာ ဆက်မေးလိုက်၏။
"ဒီနေ့ မင်းသမီးလေးရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲဟင်"
အထိန်းတော်အိုကြီးက သက်ပြင်းချလိုက်သည်။
"ပြီးခဲ့တဲ့အကြိမ် သခင်မလေး နယ်စားမင်းအိမ်တော်ကို ပြန်သွားကတည်းက မင်းသမီးလေး ခန္ဓာကိုယ်မအီမသာဖြစ်ပြီး ခုနစ်ရက်၊ ရှစ်ရက်လောက် ရှိပြီ... အိပ်ရာကနေ မထနိုင်ရှာဘူး"
ရွှယ်နင် လန့်သွားပြီး မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားသည်။
"သူ(မ)ရဲ့ ရောဂါဟောင်းက ပြန်ထလာတာလားဟင်"
အထိန်းတော်ကြီးက ခေါင်းခါလိုက်သည်။
"အဲလိုတော့လည်း မဟုတ်ပါဘူး။ အဲဒီညက သခင်မလေး ကယ်တင်ပေးခဲ့လို့ စံအိမ်က မင်းသမီးလေးရဲ့ ကျန်းမာရေးက တကယ်တော့ အများကြီး ကောင်းမွန်လာခဲ့တာပါ။ ဒါပေမဲ့ စိတ်ဓာတ်တွေကျပြီး နေ့တိုင်း စိတ်မပါလက်မပါနဲ့ ဖြစ်နေရှာတာ။ လွန်ခဲ့တဲ့ရက်ပိုင်းက ရွှမ်းယီနယ်စားမင်းအိမ်တော်က သခင်မလေး စုမန် လာတွေ့တာတောင် မတွေ့ချင်ဘူးဆိုပြီး ငြင်းလွှတ်လိုက်သေးတယ်။ ဒီနေ့ သခင်မလေးကိုယ်တိုင် ရောက်မလာရင် သူ(မ) အိပ်ရာက ထမှာ မဟုတ်ဘူး"
ရွှယ်နင် ထူးဆန်းအံ့သြသွား၏။
"မင်းသမီးလေးက ဘာဖြစ်လို့လဲဟင်"
မင်းသမီးလေး၏ အဆောင်တံခါးဝသို့ ရောက်သောအခါ အထိန်းတော်အိုကြီးက လက်နှစ်ဖက်ကို ရိုသေစွာ စုလိုက်ရင်း ပြောလာသည်။
"ဒီအစေခံအိုကြီးလည်း မသိပါဘူး။ ဒါပေမဲ့ မင်းသမီးလေးက သခင်မလေးကို သိပ်သဘောကျတာမို့ သခင်မလေးဘက်က ကောင်းကောင်း ဖျောင်းဖျပေးနိုင်ရင် အကောင်းဆုံးပါပဲကွယ်"
မင်းသမီးယန်ရန် စိတ်ဓာတ်ကျနေရတာက အားချဲ့နှင့် သက်ဆိုင်နေမလားဆိုတာကို ရွှယ်နင် သေချာမသိပေမယ့် သူမ ဒီနေ့လာရခြင်း၏ ရည်ရွယ်ချက်ကပင် သူတို့နှစ်ယောက်ကို ပြန်လည်ဆုံဆည်းပေးရန်ဖြစ်သည်။
"စိတ်ချပါ အထိန်းတော်ကြီး၊ ကျွန်မ မင်းသမီးလေးကို အကောင်းဆုံး ဖျောင်းဖျအားပေးပါ့မယ်"
ထိုအခါမှ အထိန်းတော်အိုကြီးက ဝမ်းသာအားရ ခေါင်းညိတ်ပြပြီး ရွှယ်နင်ကို မင်းသမီးလေး၏ အခန်းထဲသို့ လမ်းပြခေါ်ဆောင်သွားသည်။
"အစ်မ ရွှယ်နင်—"
ရွယ်ယန်ရန်သည် အရင်ကထက်ပင် ပို၍ပိန်လှီသွားခဲ့၏။ မူလကပင် ပိန်ပါးတဲ့ သူမ၏မျက်နှာက ယခုအခါ လူရုပ်ပင် မပေါက်တော့ချေ။
သူမနှင့် တစ်စိတ်တစ်ပိုင်း ဆင်တူနေသော ထိုမျက်နှာလေးမှာ ယခုအခါ ပါးရိုးများ မြင့်တက်နေပြီး မေးစေ့ကလည်း ချွန်ထွက်နေတာကို မြင်ရသဖြင့် ရွှယ်နင် ရင်ထဲတွင် ဝမ်းနည်းစိတ်တစ်ခု ဖြတ်ပြေးသွားသည်။
"မင်းသမီးလေး... ဘာလို့ ဒီလောက်တောင်... ဖြစ်သွားရတာလဲ"
ရွှယ်ယန်ရန်က အားအင်ချိနဲ့စွာဖြင့် ထိုင်ရန် ကြိုးစားတဲ့အခါ ရွှယ်နင်က ချက်ချင်းပင် သူမ၏ကျောဘက်တွင် မှီရန် ခေါင်းအုံးတစ်ခုကို အမြန် အဆင်ပြေအောင် အနားသို့ တိုးပေးလိုက်သည်။ အခန်းတစ်ခုလုံးတွင် ဖျားနာခြင်းအတိတ်နိမိတ်များနှင့် ပြင်းထန်သော ဆေးဝါးနံ့များ ပြည့်နှက်နေ၏။
ရွှယ်ယန်ရန်၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေပြီး အားနည်းသောအသံဖြင့် ခပ်တိုးတိုး ပြောသည်။
"ဘာမှမဖြစ်ပါဘူး၊ ဒီရက်ပိုင်း အစား သိပ်မဝင်လို့ပါ"
ရွှယ်နင်က မေးလိုက်သည်။
"ဘာလို့ အစားကို သေသေချာချာမစားတာလဲ"
"အစ်မ... ကျွန်မ စားလို့မရဘူး၊ စားလိုက်တာနဲ့ ပြန်အန်ထွက်နေတာ"
ရွှယ်ယန်ရန်၏ အကြည့်များက ပြတင်းပေါက်ပြင်ပရှိ လှပသော နွေဦးရာသီရှုခင်းဆီသို့ လွင့်မျောသွားသည်။ သို့သော် သူမတွင် ထိုရှုခင်းကို ခံစားလိုစိတ် အနည်းငယ်မျှ မရှိချေ။
သူမဘေးတွင် ထိုင်နေသော ရွှယ်နင်ထံသို့ အကြည့်များ ပြန်လည်ရောက်ရှိသွားသောအခါ သူမ မြင်တွေ့ရသည်မှာ တောက်ပသော အသက်စွမ်းအားများသာ ဖြစ်သည်။ အထူးသဖြင့် ယနေ့ ဝတ်ဆင်ထားသော မက်မွန်သီးရောင် ပန်းထိုးပိုးထည်ဝတ်စုံက ရွှယ်နင်ကို မက်မွန်ပန်းနတ်သမီးလေးတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။
အခုလိုမျိုး အသက်ဝင်ကာ လှပချစ်စရာကောင်းလွန်းတဲ့ အစ်မရွှယ်နင်ကို မြင်တဲ့အခါ သူမ၏ မျက်ဝန်းများ ပူနွေးလာသည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ မျက်ရည်များက ထိန်းမရအောင် စီးကျလာတော့၏။
လန့်သွားသော ရွှယ်နင်က သူမ၏ မျက်ရည်များကို အလျင်အမြန် သုတ်ပေးရင်း မေးလိုက်သည်။
"မင်းသမီးလေး... ဘာလို့ ငိုနေတာလဲဟင်"
ရွှယ်နင်၏ ကျကျနနလှပပြီး တောက်ပသော မျက်နှာလေးကို စိုက်ကြည့်ရင်း ရွှယ်ယန်ရန်သည် သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဖက်လိုက်တော့သည်။
"အစ်မရွှယ်နင်... ကျွန်မ... ကျွန်မ တကယ် စိတ်မကောင်းဘူး၊ ကျွန်မ သေတော့မှာလားဟင်..."
ရွှယ်နင်က ရွှယ်ယန်ရန်၏ သေးသွယ်တဲ့ ခါးလေးကို ဖက်ထားရင်း သက်ရှည်သော့ခလောက်အကြောင်းကို ဘယ်လို စကားစရမလဲဆိုတာကို ခဏလောက် ဝေခွဲမရဖြစ်သွားသည်။
အကယ်၍ သူမရဲ့ ပစ္စည်း ပျောက်ဆုံးသွားကြောင်း မင်းသမီးလေး သိသွားပါက ပို၍ ရင်ကွဲနာကျကာ စိတ်ဆင်းရဲသွားလေမလား။
"မင်းသမီးလေး မသေပါဘူး။"
သူမက ရွှယ်ယန်ရန်၏ ကျောပြင်လေးကို ပုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။
"မင်းသမီးလေးရဲ့ အစ်ကိုအားချဲ့ကလည်း မင်းသမီးလေးကို အသေခံမှာ မဟုတ်ဘူး"
ရွှယ်ယန်ရန်က မျက်ရည်များ စိုရွှဲနေသော မျက်နှာငယ်လေးကို မော့ကြည့်ကာ မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
"တကယ်လားဟင်"
ရွှယ်နင်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
"အင်း။"
"ဒါပေမဲ့—”