← Chapters

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း (၂၄၆) "နင်နင်... နင် တကယ်ပဲ မမှတ်မိတော့ဘူးလား"

"စိတ်မပူပါနဲ့၊ ကျွန်မ မင်းသမီးကို အပြစ်မတင်ပါဘူး။"

ရွှယ်နင်က ပြောပြီးနောက် ဆက်မေးလိုက်သည်။

"ဒါပေမဲ့ ဒီဆေးကို ကျွန်မယူသွားရင် မင်းသမီးကြီးကို ဘယ်လိုရင်ဆိုင်မလဲ"

ရွှယ်ယန်ရန်က သူမ၏မေးစေ့ကို ဂုဏ်ယူဝင့်ကြွားစွာ ပင့်လိုက်သည်။

"ကျွန်မက သူ(မ)ရဲ့ တစ်ဦးတည်းသော သမီးပဲဟာ။ ကျွန်မကို သူ(မ) ဘာလုပ်နိုင်မှာလဲ။ အရင်လိုပဲ ဆက်ပြီး အလိုလိုက်နေရမှာပဲလေ"

တော်ဝင်မိသားစုထဲတွင် ဤမျှ ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက် ရှိလိမ့်မည်ဟု ရွှယ်နင် တစ်ခါမျှ မတွေးခဲ့မိချေ။

စုမိသားစုနှင့် မင်းသမီးရှို့နင်းတို့နှင့် နှိုင်းယှဉ်လျှင် မင်းသမီးယန်ရန်၏ ပွင့်လင်းရိုးသားမှုက သူမ၏နှလုံးသားကို အမှန်တကယ် နွေးထွေးစေ၏။

ရွှယ်နင်က အတွေးများပြားလျက် မင်းသမီးကြီးအိမ်တော်မှ ထွက်ခွာလာပြီး လုအိမ်တော်သို့ ဦးတည်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် စတုတ္ထမြောက်လ၏ တစ်ဆယ့်ငါးရက်မြောက်နေ့သို့ ရောက်ရန် ရက်အနည်းငယ်သာ လိုတော့သဖြင့် လုစစ်လင်အား ကတိပေးထားသည့် ကိစ္စကို စကားစရန် အချိန်တန်ပြီဖြစ်သည်။

လုစစ်လင်သည် စစ်ရေးဝန်ကြီးဌာန၏ ပဉ္စမအဆင့် လက်ထောက်အမတ်အဖြစ် အမည်ခံရာထူးတစ်ခုကို ထမ်းဆောင်ထားသူ ဖြစ်သည်။ တာဝန်မှ အခုတင် ပြန်လာခဲ့ခြင်းဖြစ်၍ သူက အဖြူအမဲရောင် သားရေခါးပတ် ပတ်ထားသော အစိမ်းရောင် ဝတ်စုံပွကို ဝတ်ဆင်ထားပြီး လွန်စွာ ခန့်ညားထည်ဝါသော သခင်လေးတစ်ဦးကဲ့သို့ ထင်မှတ်ရသည်။

ဝီလိုလမ်းကြားရှိ လုအိမ်တော်၏ အဝင်ဝသို့ ရွှယ်နင်၏ ရထားလုံး ဆိုက်ရောက်လာချိန်တွင် လုစစ်လင်သည် မြင်းမြင့်ကြီးတစ်ကောင်ကို စီးကာ အေးအေးလူလူ ပြန်လာတာကို တွေ့လိုက်ရ၏။

ထိုလူသားက ခေါင်းကို အနည်းငယ် စောင်းကာ သူ၏ချောမောသော မျက်နှာကို ရထားလုံးပြတင်းပေါက်ဘက်သို့ လှည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လွင်နေသည်။

"အော်... နင်နင်ပါလား၊ ဒီနေ့ ဘာကိစ္စရှိလို့ ပြန်လာတာလဲ"

ရွှယ်နင်က ရထားလုံးပေါ်မှ ဆင်းရင်း ပြုံးကာ ပြန်ဖြေလိုက်သည်။

"အစ်ကိုလုနဲ့ တိုင်ပင်စရာ ကိစ္စရှိလို့ ပြန်လာတာပါ"

လုစစ်လင်သည် မြင်းပေါ်မှ ဆင်းကာ ဇက်ကြိုးကို တံခါးစောင့်ထံ လွှဲပေးလိုက်၏။

"အထဲဝင်ပြီးမှ စကားပြောကြတာပေါ့"

ရွှယ်နင်သည် လုစစ်လင်၏ ဘေးမှ လိုက်ပါရင်း လုအိမ်တော်ထဲသို့ အတူတူ ဝင်လာခဲ့ကြသည်။

"အဒေါ်ရော ဘယ်သွားလဲဟင်"

လုစစ်လင်က ပြန်ဖြေသည်။

"ရွှမ်းယီနယ်စားမင်း အိမ်တော်ကို သွားတယ်"

ရွှယ်နင် မျက်မှောင်ကြုတ်လိုက်မိ၏။

"အဒေါ်က စုမိသားစုအိမ်တော်ကို ဘာသွားလုပ်တာလဲ"

လုစစ်လင်၏ နှုတ်ခမ်းများ ပြုံးယောင်သန်းသွားသည်။

"သခင်မကျန်းက လာလည်ဖို့ ဖိတ်စာပို့ထားလို့လေ။ လူကြီးတွေမှာ သူတို့ကိစ္စနဲ့သူတို့ ရှိတာမို့ နင် စိတ်ပူနေစရာ မလိုပါဘူး။ ဒါနဲ့... နင် ဒီနေ့ ပြန်လာတာက နင့်အစ်ကိုရဲ့ တစ်သက်တာ အိမ်ထောင်ရေးကိစ္စအတွက်လား"

တစ်ဆယ့်ငါးရက်မြောက်နေ့ နီးကပ်လာသည်နှင့်အမျှ လုစစ်လင်သည် နေ့နေ့ညည စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့ခြင်းပင်။

ရွှယ်နင်က ခပ်ဖွဖွ ပြုံးလိုက်သည်။

"အစ်ကိုလုရဲ့ အိမ်ထောင်ရေးကိစ္စက ညီမရဲ့ စိတ်ထဲမှာ အမြဲရှိနေပါတယ်။ ဒါပေမဲ့ ဒီနေ့ လာတာက အဲဒါထက် ပိုအရေးကြီးတဲ့ ကိစ္စတစ်ခုကို မေးချင်လို့ပါ"

စာကြည့်ခန်းထဲသို့ ရောက်သောအခါ လုစစ်လင်သည် သက်သောင့်သက်သာ ထိုင်လိုက်ပြီး ရွှယ်နင်အတွက် ရေနွေးကြမ်း တည်ခင်းရန် အမိန့်ပေးလိုက်သည်။

"ဘာကိစ္စပဲဖြစ်ဖြစ် ပြောသာပြော"

ရွှယ်နင်သည် ကုလားထိုင်တွင် အခြေကျအောင် ထိုင်လိုက်ပြီးမှ စကားစလိုက်၏။

"အစ်ကိုလု... အားချဲ့ရဲ့ ခါးမှာ အမြဲဆွဲထားလေ့ရှိတဲ့ သက်ရှည်သော့ခလောက်လေး ပျောက်သွားလို့"

လုစစ်လင် မျက်ခုံးပင့်လိုက်မိသည်။

"ဘယ်တုန်းက ပျောက်သွားတာလဲ"

ရွှယ်နင်က အမှန်အတိုင်း ပြန်ဖြေသည်။

"မနေ့ကပါ"

လုစစ်လင်သည် အံ့သြချင်ယောင်ဆောင်ပြီးနောက် မျက်နှာအမူအရာ တည်တံသွားသည်။

"ခုထိ ရှာမတွေ့သေးဘူးလား... အဲဒါက သူ အမြတ်တနိုး တန်ဖိုးထားတဲ့အရာလေ။ ဘယ်လိုလုပ် ပျောက်သွားရတာလဲ။ သူ့စိတ်ဓာတ်နဲ့ဆိုရင် ပြန်မတွေ့မချင်း အနားယူမှာ မဟုတ်ဘူး"

"အဲဒါကြောင့်မို့လို့ပဲ..."

ရွှယ်နင် နှုတ်ခမ်းကို ဖိစေ့လိုက်၏။

"ဒါကြောင့်မို့လို့ အစ်ကိုလုကို လာမေးတာပါ... အဲဒီ သက်ရှည်သော့ခလောက်ကို သူ့ကို ဘယ်မိန်းကလေးက ပေးခဲ့တာလဲဆိုတာ အစ်ကို သိလားဟင်"

လုစစ်လင်သည် လက်ဖက်ရည်ပန်းကန်လုံးထဲမှ ရေနွေးကို တိတ်ဆိတ်စွာ တစ်ငုံသောက်လိုက်ပြီးနောက် မျက်ခုံးများကို မသိမသာပင့်ကာ ရွှယ်နင်အား စကားတစ်ခွန်းမှ မပြောဘဲ လှမ်းကြည့်လိုက်သည်။

ရှည်လျားလွန်းသော တိတ်ဆိတ်မှုကြောင့် ရွှယ်နင်တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်လာရသည်။

"အစ်ကိုလု... မြန်မြန် ပြောပြပါတော့။ ဒီသက်ရှည်သော့ခလောက်ကြောင့် ကျိုယင်းဆောင်က လူတွေအားလုံး ထိတ်လန့်နေကြရပြီ"

လုစစ်လင်သည် လက်ဖက်ရည်ပန်းကန်လုံးကို ဖြည်းညှင်းစွာ ချလိုက်ပြီး သူ၏ နက်မှောင်တောက်ပသော မျက်လုံးများဖြင့် သူမအား တိတ်တဆိတ် စိုက်ကြည့်နေသည်။

"အစ်ကိုလု... ဘာလို့ ဘာမှမပြောတာလဲ။ ပြောရခက်တဲ့... ကိစ္စတစ်ခုခု ရှိနေလို့လား"

ဖြစ်နိုင်တာက... အဲဒီမိန်းကလေး ကွယ်လွန်သွားခဲ့ပြီလား။

ဒီလောက်စောစောလား။ ဒါမျိုးတော့ မဖြစ်သင့်ပါဘူး။

ဒီအချိန်မှာ လီချန်ချဲ့ရဲ့ နာမည်ဂုဏ်သတင်းက အခုမှ စတင်ထွက်ပေါ်လာရုံပဲ ရှိသေးတာလေ။

သူတို့နှစ်ယောက် တွေ့ဆုံဖို့၊ အချင်းချင်း ရင်းနှီးကျွမ်းဝင်လာဖို့နဲ့ လက်ထပ်ဖို့ အချိန်ယူရဦးမယ်... အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်အထိ...

ထိုသို့ တွေးမိလိုက်သည်နှင့် ရွှယ်နင်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ရုတ်တရက် မြင့်တက်လာပြီး သူမ၏ မျက်နှာသည်လည်း လျင်မြန်စွာ ဖြူရော်သွားတော့သည်။

အကယ်၍ သူမကသာ မူလကံကြမ္မာလမ်းကြောင်းကို ပြောင်းလဲပစ်ခဲ့မိလို့ အပြစ်ကင်းတဲ့ ထိုမိန်းကလေး စောစောစီးစီး သေဆုံးသွားခဲ့ရတာဆိုလျှင် ဒါက အမှန်တကယ် သူမရဲ့အပြစ်ပဲ ဖြစ်လိမ့်မယ်။

လုစစ်လင်က သက်ပြင်းချလိုက်ပြီးနောက် အချိန်အတော်ကြာမှ ညင်သာစွာ ပြောလာသည်။

"နင်နင်.. နင် တကယ်ပဲ မမှတ်မိတော့ဘူးလား"

ရွှယ်နင်၏ ရင်ထဲ တင်းကြပ်သွားကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ညီမက... ဘာကို မှတ်မိရမှာလဲ"

လုစစ်လင်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး နှုတ်ခမ်းကိုကွေးကာ ပြုံးလိုက်သည်။

"အရူးမလေးရဲ့... အဲဒီ သက်ရှည်သော့ခလောက်က နင် မမွေးခင်ကတည်းက ငါ့ဦးလေးက နင့်အတွက် အထူးစီစဉ်ပြီး လုပ်ပေးထားခဲ့တာလေ။ နင်သာ သေချာကြည့်မယ်ဆိုရင် အဲဒီ ရွှေသော့ခလောက်လေးပေါ်မှာ 'နင်' ဆိုတဲ့ စာလုံး ထွင်းထားတာကို တွေ့ရလိမ့်မယ်။ နင်က သူ့ကို သက်ရှည်သော့ခလောက် ရှာပေးဖို့ နေရာတကာ လိုက်ရှာနေခဲ့တာ... အဲဒီ သက်ရှည်သော့ခလောက်က တကယ်တော့ နင့်ဟာဆိုတာ နင် မသိခဲ့ဘူးလား"

ရွှယ်နင် အံ့ဩမှင်သက်သွားပြီး သူမ၏မျက်နှာက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြူဆုတ်သွားသည်။

ခဏတာမျှ ထိတ်လန့်မှုကြောင့် သူမ၏ ဦးရေပြားပင် ကျိန်းစက်သွား၏။

သူမက လုံးဝမယုံနိုင်သည့် ပုံစံဖြင့် ကြည့်နေပြီး သူမ၏ နှုတ်ခမ်းများက အချိန်အတော်ကြာ တုန်ယင်နေပြီးမှ စကားပြောနိုင်တော့သည်။

"အစ်ကိုလု... အခု... အခု ဘာပြောလိုက်တာလဲ"

"အဲဒီ သက်ရှည်သော့ခလောက်ကို မိန်းကလေးတစ်ယောက်ယောက်က သူ့ကို ပေးခဲ့တာ မဟုတ်ဘူးလို့ ပြောတာ"

လုစစ်လင်က ရယ်မောလိုက်သည်။

"သူ့ကို ပေးခဲ့တာ သေချာပေါက် နင်ပဲလေ"

"ညီမ.. ညီမက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရွှယ်နင်သည် အချိန်အတော်ကြာ တွေဝေသွားပြီး အပြင်းအထန် စဉ်းစားကြည့်သော်လည်း ထိုကဲ့သို့သော သက်ရှည်သော့ခလောက် ရှိခဲ့သည်ကိုဖြစ်စေ၊ လီချန်ချဲ့အား ပေးခဲ့သည်ကိုဖြစ်စေ လုံးဝ ပြန်မမှတ်မိနိုင်ပေ။

သူမ၏ မိဘများ ပေးထားခဲ့သည့် လက်ဆောင်များစွာကို သူတို့၏ အခေါင်းများထဲသို့ ထည့်ကာ မြှုပ်နှံခဲ့သည်ကိုတော့ သူမ ရှင်းလင်းစွာ မှတ်မိနေ၏။

သူမ၏ဖခင်က သူမအား လက်ဆောင်မျိုးစုံနှင့် လက်ဝတ်ရတနာများ ပေးခဲ့ပြီး အမှန်တကယ်ပင် ရွှေ၊ ကျောက်စိမ်းတို့ဖြင့် ပိုးမွေးသလို ပြုစုပျိုးထောင်ခဲ့သည်။ သက်ရှည်သော့ခလောက်များနှင့် ပတ်သက်၍မူ သူမ၏ဖခင်ပေးခဲ့တာများအပြင် ဦးလေးများ၊ အဒေါ်များနှင့် အခြားဆွေမျိုးများကလည်း လက်ဆောင်ပေးခဲ့ကြသေးသည်။

သူမက... သူမရဲ့ကိုယ်ပိုင် သက်ရှည်သော့ခလောက်ကို အားချဲ့ဆီ ဘယ်တုန်းက ပေးခဲ့မိသလဲဆိုတာကို အမှန်တကယ်ပင် မမှတ်မိနိုင်တော့ပေ။

"ဒါ နင့်အပြစ် မဟုတ်ပါဘူး"

လုစစ်လင်က ပြောသည်။

"နင့်မိဘတွေက စောစောစီးစီး ကွယ်လွန်သွားကြပြီး အဲဒီအချိန်တုန်းက နင်ကလည်း အရမ်းငယ်သေးတာကိုး။ သဘာဝအရတော့ မိဘနှစ်ပါးစလုံးကို ဆုံးရှုံးလိုက်ရတဲ့ ထိုးနှက်ချက်ကို နင် ခံနိုင်ရည်မရှိခဲ့ဘူးလေ။ နင် အဖျားတွေ အကြိမ်ကြိမ် ကြီးခဲ့ပြီး အချိန်အတော်ကြာ ဖျားနာခဲ့တယ်။ နောက်ဆုံးအကြိမ် ငါ နင့်ကို တွေ့ခဲ့တုန်းကဆိုရင် နင်က အရမ်းကို ပိန်လှီနေပြီး နင့်ရဲ့ လက်မောင်းလေးတွေ၊ ခြေထောက်လေးတွေက အရိုးနဲ့အရေပဲ ကျန်တော့တာ။ ငါနဲ့ လိုက်ခဲ့ဖို့ နင့်ကို ခေါ်ခဲ့ပေမဲ့ နင်က ငြင်းဆန်ခဲ့ပြီး ငါ့ကို သူစိမ်းတစ်ယောက်လို မျက်လုံးတွေနဲ့ပဲ အမြဲကြည့်နေခဲ့တယ်။ နောက်ပိုင်းတော့ နင့်ကို သခင်မကျန်းက ရွှမ်းယီနယ်စားမင်း အိမ်တော်ကို ပြန်ခေါ်သွားခဲ့တယ်။ နင် နေပြန်ကောင်းလာတဲ့အခါ နင့်ရဲ့ မှတ်ဉာဏ်တွေ သိပ်မကောင်းတော့ဘူးလို့ ငါ ကြားခဲ့တယ်။ စုမိသားစုက နောက်ပြောင်နေတယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ တကယ်ပဲ ဖြစ်နေခဲ့တာကိုး"

ယခုအခါ ရွှယ်နင်၏ စိတ်ထဲတွင် ရှုပ်ထွေးပွေလီနေတော့သည်။

သူမက သူမ၏ လက်သေးသေးလေးများကို ပေါင်ပေါ်တွင်တင်ကာ တင်းကြပ်စွာ ယှက်နွယ်ထားရင်း ဇဝေဇဝါ ဖြစ်နေဆဲပင်။

"ဒါပေမဲ့... ဒါပေမဲ့ အဲဒီ သက်ရှည်သော့ခလောက်ကို သူချစ်တဲ့ မိန်းကလေးက ပေးထားတာဆိုပြီး အားချဲ့က ပြောခဲ့တယ် မဟုတ်ဘူးလား"

"အဲဒါကြောင့် နင့်ကို အရူးမလေးလို့ ပြောတာပေါ့၊ တကယ်ကို တုံးအတာပဲ"

လုစစ်လင်က မျက်လုံးကို ကျဉ်းလိုက်ပြီး ရွှယ်နင်၏ နဖူးကို ခပ်တင်းတင်း ခေါက်လိုက်သည်။

"အဲဒီ သက်ရှည်သော့ခလောက်ကို နင်က သူ့ကို ပေးခဲ့တာဆိုရင်... သူချစ်တဲ့ မိန်းကလေးဆိုတာ နင် ဖြစ်မနေဘူးလား"

"အာ့... နာတယ်လေ"

"နာမှပေါ့။ နာမှပဲ နင့်ရဲ့ ခေါင်းမာတဲ့ ဦးနှောက်က သဘောပေါက်လာမှာလေ"

လုစစ်လင်သည် တကယ်ပင် အားထည့်ကာ ခေါက်လိုက်ခြင်း ဖြစ်၏။

ရွှယ်နင်၏ နဖူးလေး နီရဲသွားပြီး နာကျင်လွန်းသဖြင့် အသံထွက်ကာ ညည်းညူလိုက်မိသည်။

သို့သော် သူမအစ်ကို၏ စကားများက နားထဲတွင် ပဲ့တင်ထပ်နေသည်နှင့်အမျှ သူမ၏ နှလုံးခုန်သံများ မြန်ဆန်သွားပြီး ပါးပြင်များလည်း နွေးထွေးကာ ရဲတက်လာတော့သည်။

"သူက ဘယ်တုန်းကမှ မပြောခဲ့တော့ ညီမက ဘယ်လိုလုပ် သိမှာလဲ။ အစ်ကိုလု... အစ်ကိုက ညီမကိုပဲ အနိုင်ကျင့် ရိုက်ရဲတာ။ သူ့ကိုကျတော့ ဘာလို့ မရိုက်ရဲတာလဲ"

လုစစ်လင်က ပုံမှန်အတိုင်းပင် ပြန်ဖြေသည်။

"နင့်အစ်ကို ငါ့ကိုလည်း ကြည့်ပါဦး။ ငါက သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ နင့်ယောက်ျားကို အားနည်းတဲ့ စာပေပညာရှင်လေးလို့ မထင်နဲ့နော်။ စစ်တပ်ထဲမှာဆိုရင် သူက စစ်သူကြီး တစ်ရာ့ရှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ဖူးတဲ့ ကြမ်းကြုတ်တဲ့ လူကြမ်းကြီးဟ။ နှစ်ပေါင်းများစွာ စစ်မြေပြင်ကို စိုးမိုးခဲ့တဲ့ အဖေတစ်ယောက် ရှိနေမှတော့ သူက ဘယ်လိုလုပ် ယှဉ်ရလွယ်တဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ"

ရွှယ်နင်သည် ကုလားထိုင်ပေါ်တွင် မတ်မတ် ထိုင်လိုက်ပြီး သူမ၏ ရင်ဘတ်မှာ အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ရောက်လာစက ငြိမ်သက်နေသော ရေပြင်အလား တည်ငြိမ်နေခဲ့သည့် သူမ၏ မျက်ဝန်းများတွင် ယခုအခါ ဖော်ပြ၍မရနိုင်သော ကယောက်ကယက် ခံစားချက်များက လှိုင်းဂယက်ထနေတော့သည်။

"အစ်ကိုလု... ဒါက တကယ်ပဲလား"

"ငါက နင့်ကို ဘာလို့ လိမ်ရမှာလဲ"

လုစစ်လင်သည် သူမအား ပြုံးလျက် ကြည့်လိုက်သည်။

"ဒီအတောအတွင်း သူက နင့်ကို သတိရလွန်းလို့ အစားလည်းမစားနိုင်၊ အိပ်လည်းမအိပ်နိုင် ဖြစ်နေခဲ့တာ။ သူ့ခံစားချက်တွေကို တိုက်ရိုက် ဖွင့်ပြောလိုက်ရင် နင် ယုံမှာမဟုတ်ဘူးလို့ စိုးရိမ်လို့ ဒီပြဇာတ်ကြီး တစ်ခုလုံးကို တမင်တကာ ဖန်တီးခဲ့တာပေါ့”

All Chapters