← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း (၂၄၉) ဘာလို့ ကိုယ့်ကို မပြောတာလဲ

လီချန်ချဲ့သည် စာပေရော သိုင်းပညာပါ ကျွမ်းကျင်ပြီး သာမန်ထက်လွန်ကဲသော ဉာဏ်ရည်ရှိသူဖြစ်ရာ ထူးဆန်းသော အမှုများကို စုံစမ်းရန်မှာ သူ့အတွက် အခက်အခဲ မဟုတ်ပေ။

သို့တိုင် ရွှယ်နင်က စိုးရိမ်တကြီး မေးလိုက်သည်။

"အားချဲ့၊ ဘာလို့ အရှင်မင်းကြီးက သူ့ကို ရှင်နဲ့ တွဲလုပ်ခိုင်းရတာလဲ"

ဒါက လီမိသားစုရဲ့ ဩဇာလွှမ်းမိုးမှုကို လျှို့ဝှက်ဖိနှိပ်ဖို့အတွက် စုကျန်းကို အသုံးပြုချင်သည့် ဧကရာဇ်၏ တမင်ရည်ရွယ်ချက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့သော် နန်းတွင်းနိုင်ငံရေးနှင့် ပြစ်မှုရေးရာ ကိစ္စများတွင် လီချန်ချဲ့က စုကျန်းကို ခြိမ်းခြောက်မှုတစ်ခုဟု တစ်ခါမျှ မသတ်မှတ်ခဲ့ပေ။

"တွဲလုပ်ရတာလည်း မဆိုးပါဘူး"

"ဒါပေမဲ့—"

မိန်းကလေး၏ စိုးရိမ်နေမှုကို မြင်လိုက်ရသောအခါ လီချန်ချဲ့ ကျေနပ်သွားသည်။

"ကိုယ့်ယောကျ်ားကို မယုံဘူးလား"

ဒီတစ်ကြိမ် စုကျန်းနှင့် တွဲလုပ်ရာတွင် သူက သဘာဝကျကျပင် သူ့ထက် ပိုသာချင်နေတယ်။

ဒါ့အပြင် ရွှယ်နင်၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သူမှာ သူပဲဖြစ်ပြီး စုကျန်းကတော့ အသုံးမကျသူ တစ်ယောက်သာဖြစ်ကြောင်း စုကျန်းကို သိစေချင်တယ်။

"မဟုတ်ပါဘူး၊ ရှင့်ကို ယုံတာပေါ့"

ဒီအချက်နှင့် ပတ်သက်၍ ရွှယ်နင် လိမ်ပြောနေခြင်း မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် သူမ၏ အရင်ဘဝက စုကျန်းရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုက လီချန်ချဲ့ ဖြစ်ခဲ့တာလေ။

စုကျန်းက သူ့အိမ်တော်မှာတင် လီချန်ချဲ့ကို သစ္စာဖောက်လို့ ကျိန်ဆဲနေဝာာကို သူမ ကိုယ်တိုင် အကြိမ်ကြိမ် မြင်တွေ့ခဲ့ရဖူးတယ်။

နောင်တွင် လီချန်ချဲ့က သူ့ကို ညီလာခံမှာ ဆန့်ကျင်ခဲ့ပြီး သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်မရလောက်အောင် အဆင်မပြေ ဖြစ်ခဲ့ကြ၏။

လီချန်ချဲ့က စုကျန်းကို အန္တရာယ်ပြုလာမှာကို စိုးရိမ်သဖြင့် လီချန်ချဲ့ကို အမြန်ဆုံး ရှင်းပစ်ရန် သူမက စုကျန်းထံ စာရေး၍ပင် တိုက်တွန်းခဲ့ဖူးသည်။

ဒါကို တွေးမိတော့ ရွှယ်နင် ကိုယ့်ကိုယ်ကိုယ်သာ လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်သွားတယ်။

ဒီဘဝမှာ သူမက လီချန်ချဲ့ရဲ့ ဇနီးဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...

"နင်နင်"

လီချန်ချဲ့က ရွှယ်နင်ကို စူးစမ်းစွာ ကြည့်လိုက်ရင်း သူ၏ အကြည့်များက ပို၍နက်ရှိုင်းလာသည်။

"ဘာလို့ ရုတ်တရက်ကြီး အဲဒီရေတွင်းဟောင်းကို သွားစစ်ခိုင်းရတာလဲ"

သူ တစ်ခုခုကို ရိပ်မိသွားမည်စိုး၍ ရွှယ်နင် အမြန် သတိပြန်ဝင်လာသည်။ သူမက တည်ငြိမ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပျင်းပျင်းရှိတာနဲ့ ပုံပြင်စာအုပ် ဖတ်ရင်း တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေတာနဲ့ပါ။ ဒီနေ့ ရှန်းယဲ့ရပ်ကွက်ကို သွားရင်း အဲဒီအကြောင်း ပြောဖြစ်သွားတာ။ တခြား ရည်ရွယ်ချက်တော့ မရှိပါဘူး... အားချဲ့၊ အရမ်းမတွေးပါနဲ့။ အပြစ်မဲ့တဲ့သူတွေ ထပ်မထိခိုက်ရအောင် တရားခံကို အမြန်ဆုံးဖမ်းမိဖို့ကိုပဲ အာရုံစိုက်လိုက်ပါ"

"စိတ်မပူပါနဲ့"

ရှန်းယဲ့ရပ်ကွက် အကြောင်း ပြောရလျှင်။

လီချန်ချဲ့က သူမကို ဒီနေ့ သက်ရှည် သော့ခလောက်အကြောင်း စုံစမ်းခဲ့သေးလားဟု မေးချင်ခဲ့တယ်။

သို့သော် သူစကားမပြောရသေးခင်မှာပင် ရွှယ်နင်က ရုတ်တရက် တူကို ကမန်းကတန်း ချလိုက်သည်။

"အားချဲ့၊ ကျွန်မ ဗိုက်ဝသွားပြီ။ ရေအရင်သွားချိုးလိုက်ဦးမယ်။ ဖြည်းဖြည်း စားနော်"

အထိတ်တလန့် ထွက်ပြေးသွားသော မိန်းကလေးကို ကြည့်ရင်း လီချန်ချဲ့ ခပ်ဖွဖွ ပြုံးလိုက်ကာ တူဖြင့် ကျောက်ကျောတစ်တုံးကို ယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။

ဒီစားပွဲပေါ်က ဟင်းလျာများ အားလုံးက သူ့အပေါ်ထားသည့် သူမ၏ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ နည်းလမ်းဆိုတာ သူသိတယ်။

သို့သော် ဤလုပ်ရပ်ထက် သူအမှန်တကယ် မျှော်လင့်နေတာက သူမဆီမှ နောက်ထပ် ချစ်ခြင်းမေတ္တာပြသမှု မျိုးကိုပင်။

...

ရွှယ်နင်က ရေချိုးကန်ထဲတွင် သူမကိုယ်သူမ အပြည့်အဝ နှစ်မြှုပ်လိုက်သည်။

သူမ၏ ခေါင်းထဲတွင် မင်္ဂလာဆောင်ပြီး လဝက်ကြာသည်အထိ ခင်ပွန်းဖြစ်သူနှင့် မင်္ဂလာဦးည မဆင်နွှဲနိုင်ခဲ့သည့်အတွက် စုကျန်းက သူမကို အရှက်ခွဲခဲ့သည့် မှတ်ဉာဏ်များဖြင့် ပြည့်နှက်နေတော့သည်။

နောက်ပိုင်း အားချဲ့နှင့်အတူ အိမ်တော်သို့ ပြန်လာစဉ်က အကောင်းဆုံး ဖြေရှင်းနည်းမှာ သူမက သူ့အတွက် ကလေးတစ်ယောက် မွေးဖွားပေးရန်ဖြစ်ကြောင်း ရထားလုံးထဲတွင် သူပြောခဲ့သည်။

ကလေးအကြောင်း တွေးမိတော့ ရွှယ်နင်က ရေထဲမှ တစ်ဝက်ခန့် ပေါ်လာပြီး သူမ၏ မျက်နှာလေးမှာ ရေနွေးငွေ့များကြောင့် နီမြန်းနေသည်။

ထိုစဉ်က သူဒီအတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တာလို့ပဲ သူမ ထင်ခဲ့မိတာ။ သူတကယ် အလေးအနက် ပြောနေမှန်း ဘယ်သူက သိမှာလဲ။

ဒါပေမဲ့ အဲ့ဒီလို ကိစ္စမျိုးမှာ အခွင့်အရေး တစ်ကြိမ် လက်လွတ်သွားပါက နောက်ထပ် ဒီလိုမျိုး အခွင့်အရေးကောင်း ထပ်ရနိုင်ပါဦးမလား။

အခုတော့ သူ၏ ခံစားချက်များကို သူမ သိနေပြီ။

ဒါဆို... သူမ သူနဲ့ လင်မယားဝတ္တရား ပြည့်စုံအောင် နေသင့်ပြီလား။

ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် စကားစရမှာလဲ။

ပြီးတော့ သက်ရှည်သော့ခလောက် ကိစ္စကလည်း ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူးလေ။

သူမလို မိန်းမငယ်လေး တစ်ယောက်က ဘယ်လိုလုပ် အရင် စတင်နိုင်မှာလဲ။

ဒါ့အပြင် လင်မယားအဖြစ် ပေါင်းဖက်ခြင်း ဆိုတာကလည်း သူမ မျှော်လင့်နေသည့် အရာ မဟုတ်ပေ။

အရင်ဘဝက စုကျန်းနှင့် လက်ထပ်စဉ်ကလည်း သူမတွင် မင်္ဂလာဦးညဆိုတာ မရှိခဲ့ပေ။

သူမ၏ ပထမဆုံး အကြိမ်မှာ မင်္ဂလာမဆောင်မီက သူနှင့်ဖြစ်ခဲ့ခြင်း ဖြစ်သော်လည်း ထိုအတွေ့အကြုံက သာယာဖွယ် မကောင်းခဲ့ပေ။

ဆေးအရှိန် မိနေသည့် ထိုယောကျ်ားမှာ သားရဲတစ်ကောင်ကဲ့သို့ သူမ၏ ခန္ဓာကိုယ်ထံမှ သာယာမှုကို ရိုင်းစိုင်းစွာ ရှာဖွေခဲ့သည်။ ထို့နောက်တွင်တော့ သူ၏ အကြည့်များ၌ ချစ်ခြင်းမေတ္တာတရား တစ်စက်မျှ မရှိဘဲ ရွံရှာမုန်းတီးမှုများသာ ရှိနေခဲ့သည်။

နာကျင်ကိုက်ခဲနေသော သူမကို သခင်မကျန်းက ချီယွင်ဆောင်သို့ ပြန်ခေါ်သွားခဲ့သည်။ ထိုအချိန်မှစ၍ စုကျန်းက သူမအပေါ် မည်သည့်ဂရုစိုက်မှုမျှ မပြသခဲ့တော့ချေ။ လက်ထပ်ပြီးသည်နှင့် သူက သူမကို လွန်စွာ အေးစက်လျစ်လျူရှုစွာ ဆက်ဆံခဲ့၏။

လင်မယားအဖြစ် နီးစပ်ခဲ့ရသည့် အကြိမ်အနည်းငယ်မှာလည်း စုကျန်း သတိမကပ်သည့် အချိန်များတွင်သာ ဖြစ်ခဲ့သည်။ သူ သတိမှန်နေသည့် အချိန်တွင်ပင် သူမကို တန်ဖိုးမရှိသည့် ပစ္စည်းတစ်ခုလို ကြမ်းတမ်းစွာ ဆက်ဆံတတ်၏။

ထိုနှစ်များက ရွှယ်နင်အတွက် အင်မတန် နာကျင်ခံစားရသော အချိန်များ ဖြစ်ခဲ့သည်။

စုကျန်းကို မတွေ့ရချိန်များတွင် သူမ လွမ်းဆွတ်နေခဲ့သည်။

သူ့ကို မြင်ရချိန်တွင်တော့ သူမ ကြောက်ရွံ့နေခဲ့သည်။

ထိုနှစ် ဆောင်းယဉ်စွန်းချိန်ပွဲတော်တွင် မင်းသမီး ရှို့နင်း၏ မဟုတ်မမှန် စွပ်စွဲမှုကို ခံရပြီးနောက် သူမ ခဲခဲယဉ်းယဉ်း ကိုယ်ဝန်ဆောင်ထားရသည့် ကလေးလေးကို စုကျန်းက ကန်ချပစ်ခဲ့သည့် အချိန်အထိပင်။

ရွှယ်နင်၏ မျက်လုံးများ နီမြန်းလာပြီး ရေထဲသို့ သူမမျက်နှာကို ထပ်မံနှစ်ထားလိုက်ပြန်သည်။

အတိတ်က ဆေးခါးမြစ်လို ခါးသက်လွန်းတယ်။ မည်မျှပင် ပြန်တွေးနေစေကာမူ နာကျင်မှုနှင့် နောင်တများသာ ကျန်ရစ်မည်ဖြစ်သည်။

ဒါပေမဲ့ အခုတော့ အရာအားလုံး အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီ... အားချဲ့က စုကျန်းနှင့် မတူပေ။

ရွှယ်နင် ရေထဲမှ ပေါ်လာပြီး နီမြန်းနေသော သူမ၏ မျက်လုံးများကို သုတ်လိုက်သည်။

အတိတ်ဆိုတာ လွန်ခဲ့ပြီ။ သူမ အတိတ်မှာပဲ ဆက်အသက်မရှင်သင့်တော့ဘူး။ ရှေ့ဆက်ရမယ် မဟုတ်လား။

မတ်တတ်ရပ်လိုက်ပြီးနောက် သူမကိုယ်သူမ ဂရုတစိုက် သုတ်လိုက်သည်။ အဝတ်အစားသစ် အနုစားလေးများကို လဲလှယ်ဝတ်ဆင်ပြီး ဆံပင်ကို ခြောက်သွေ့အောင် သုတ်ပြီးမှသာ ရေချိုးခန်းထဲမှ သတိထားကာ ထွက်လာခဲ့သည်။

"ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ"

အမျိုးသား၏ လေသံက ပျင်းရိပျင်းတွဲ နိုင်လှသည်။ သူက ကျောက်စိမ်းရောင် ဝတ်ရုံပါးကို လဲလှယ်ဝတ်ဆင်ထားပြီး ကုတင်ပေါ်တွင် မှီရင်း စာအုပ်တစ်အုပ်ကို ဖတ်နေခဲ့သည်။

အခန်းထဲတွင် အစေခံမိန်းကလေး တစ်ယောက်မျှ မရှိသော်လည်း နေရာအနှံ့တွင် ဖယောင်းတိုင်အနီများကို ထွန်းညှိထား၏။

နွေးထွေးသော ကျောက်စိမ်းကြမ်းပြင်ပေါ်တွင် ရောင်စုံ ပန်းပွင့်ဖတ်များကို ဖြန့်ကြဲထားသည်။

ဖယောင်းတိုင်အနီများမှ တဖျပ်ဖျပ် တောက်ပနေသော အလင်းရောင်များက လှပသော အရိပ်များကို ကျရောက်စေသည်။

ထိုမြင်ကွင်းက သေသပ်လှပပြီး ခမ်းနားသော အိပ်ခန်းကို မှုန်ဝါးဝါး ညှို့ငင်အားတစ်ခု ပေါင်းထည့်ပေးထားသကဲ့သို့ ရှိနေသည်။

ခဏမျှ ရွှယ်နင်၏စိတ်က မင်္ဂလာဦးညဆီသို့ လွင့်မျောသွားလေသည်။

အရာအားလုံးက မင်္ဂလာအငွေ့အသက် အနီရောင်များဖြင့် ဆင်ယင်ထား၏—ဖယောင်းတိုင်အလင်းရောင်များ၊ ပိုးသားအလှဆင်ပစ္စည်းများနှင့် ကုတင်ပေါ်တွင် ဖြန့်ကြဲထားသော စွန်ပလွံသီး၊ မြေပဲ၊ နဂါးမျက်လုံးသီးနှင့် ကြာစေ့များ။

ရွှယ်နင်၏ ထူထဲရှည်လျားသော ဆံပင်ကို ရင်ဘတ်ပေါ်တွင် ခပ်လျော့လျော့ ချထားသည်။ သူမက အိပ်မက်တစ်ခုထဲ ရောက်နေသကဲ့သို့ သူမရှေ့ရှိ နတ်ပြည်ကဲ့သို့ လှပသော မြင်ကွင်းကို မျက်လုံးပြူးကာ ကြည့်နေမိသည်။

ပြင်းရှသော ပန်းရနံ့များနှင့် ခြေဖဝါးအောက်ရှိ ထပ်နေသော ပန်းပွင့်ဖတ်များက သူမကို တိမ်တိုက်များပေါ်တွင် လွင့်မျောနေသကဲ့သို့ ခံစားရစေသည်။

"ကျွန်မ... ကျွန်မ မတော်တဆ... ရေချိုးတာ ကြာသွားတယ်။ ရေနွေး ပြန်ပြင်ခိုင်းထားပြီးပြီ။ အားချဲ့၊ ရှင် သွားချိုးမလား"

"ကိုယ်ချိုးပြီးပြီ"

ရွှယ်နင် တောင့်တင်းသွားပြီး ရင်တခုန်ခုန်ဖြင့် မော့ကြည့်လိုက်သည်။

လီချန်ချဲ့က စာအုပ်ကိုချကာ မတ်တတ်ရပ်လိုက်ပြီး မိန်းမငယ်လေးဆီသို့ လျှောက်လာခဲ့သည်။

ရေချိုးပြီးကာစဖြစ်၍ သူမကိုယ်ပေါ်တွင် မွှေးပျံ့ချိုမြိန်သော ရနံ့တစ်ခု ဖုံးလွှမ်းနေ၏။

သူမ၏ မျက်လုံးနှင့် မျက်ခုံးများတွင် စိုစွတ်မှုများ တောက်ပနေဆဲဖြစ်သည်။ ရှည်လျားထူထဲသော မျက်တောင်များက ပိရိသေသပ်သော နှာတံလုံးလုံးလေးနှင့် မိုးမခရွက်ပုံ မျက်ခုံးတန်းလေးတို့ကို ပိုမိုပေါ်လွင်စေသည်။ နီမြန်းနေသော ပါးပြင်လေးများက ဖြူဖွေးချောမွေ့ကာ အခွံနွှာထားသော ကြက်ဥလေးလို နူးညံ့နေသဖြင့် နမ်းရှိုက်ချင်စရာ ကောင်းနေတော့သည်။

သူတွေးမိသည့်အတိုင်းပင် လုပ်လိုက်သည်။

ခပ်ယိမ်းယိမ်း ငုံ့လိုက်ကာ သူ့လက်ဖဝါးကြီးက သူမ၏ သွယ်လျသော လည်ပင်းနောက်ဘက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ နှုတ်ခမ်းများဆီသို့ ခေါင်းကို ငဲ့လိုက်သည်။

အမျိုးသား၏ အရပ်ရှည်ရှည်နှင့် ထည်ဝါသော ကိုယ်ဟန်က ရွှယ်နင်ကို တောင်တန်းငယ်တစ်ခုလို ဖုံးအုပ်သွားသည်။

သူ၏ နွေးထွေးသော ဝင်သက်ထွက်သက်များက သူမ၏ ရင်ကို အထိတ်တလန့် ခုန်လှုပ်သွားစေ၏။

သူမက အလိုအလျောက် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသော်လည်း အမျိုးသား၏ ဖိအားပေးမှုကြောင့် နံရံနှင့် ကပ်သွားလေသည်။

နောက်ဆုတ်စရာ နေရာမရှိတော့ဘဲ ကျောပြင်က အေးစက်သော နံရံနှင့် ကပ်သွားချိန်တွင် သူမ၏ အသက်ရှူနှုန်းက အနည်းငယ် မြန်ဆန်လာသည်။

"အားချဲ့၊ ဘာ... ဘာဖြစ်လို့လဲ"

တောက်ပနေသော ဖယောင်းတိုင်အလင်းရောင်အောက်တွင် ပတ်ဝန်းကျင်က အလွန်အမင်း ရင်းနှီးနွေးထွေးလာသည်။ အမျိုးသားက ပိုမိုနီးကပ်လာသည်နှင့်အမျှ အပူချိန်ကလည်း တဖြည်းဖြည်း မြင့်တက်လာသကဲ့သို့ ရှိသည်။

ရွှယ်နင်၏ နှလုံးသားက တစ်ချက် ခုန်သွားပြီး ရှည်လျားသော မျက်တောင်လေးများက ဇဝေဇဝါဖြင့် တုန်ခါသွားသည်။

လီချန်ချဲ့၏ အကြည့်က ဟန်ဆောင်မှု အားလုံးကို ထိုးဖောက်ကာ သူမနှလုံးသား၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များဆီသို့ ရောက်ရှိသွားနိုင်သကဲ့သို့ အလွန်စူးရှနေသည်။

"မင်းက အလုပ်ရှုပ်နေတော့ ကိုယ်လည်း မမေးဖြစ်သေးဘူး၊ နင်နင်—ကိုယ့်ရဲ့ သက်ရှည်သော့ခလောက်ကို တွေ့ပြီလား"

သူ ရုတ်တရက် ထမေးလိမ့်မည်ဟု ရွှယ်နင် မထင်ထားခဲ့တာကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်သည်။

"ကျွန်မ... ကျွန်မ တွေ့ပါပြီ"

လီချန်ချဲ့က တိုးတိုးလေး ရယ်မောလိုက်၏။

"ဘာလို့ ကိုယ့်ကို မပြောတာလဲ"

All Chapters