အခန်း ၃၅၁
Vol. 36 Ch. 351
အခန်း(၃၅၁)
"စတော့မယ်။ အားလုံး အပြင်ထွက်ခဲ့ကြပါ" လို့ ဝန်ထမ်းတစ်ယောက်က အထဲကိုချောင်းကြည့်ပြီး ပြောလိုက်တယ်။ အဲဒီအချိန်အထိ မာရူး စောင့်နေခဲ့ရတာ တစ်နာရီနဲ့ မိနစ်နှစ်ဆယ်တောင် ရှိနေပြီ။
"ကျေးဇူးပဲ။ ရှင်နဲ့စကားပြောရလို့ ကျွန်မ တော်တော်လေး စိတ်တည်ငြိမ်သွားပြီ" လို့ ကောင်မလေးက သူ့ကို နားကြပ်ကမ်းပေးရင်း ပြောတယ်။
သူမက အရင်ကထက်စာရင် သေချာပေါက် ပိုပြီးတည်ငြိမ်နေပုံရတယ်။ မာရူး က နားကြပ်တွေကို အိတ်ထဲထည့်ပြီး မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲကထွက်လာတော့ ဝန်ထမ်းတွေက စားဖိုမှူးဦးထုပ်တွေနဲ့ ချက်ပြုတ်ရေးဝတ်စုံတွေကို လိုက်ဝေပေးနေတာကို တွေ့လိုက်ရတယ်။ အဲဒါတွေက ကိုယ်တိုင်းနဲ့ ချုပ်ထားတာမဟုတ်တဲ့အတွက် ကိုယ်နဲ့တော်မယ့် အရွယ်အစားကို ရှာပြီးတော့ တွယ်ချိတ်တွေသုံးကာ အဆင်ပြေအောင် ပြင်ဝတ်ရတာပဲ။
"ကိုယ့်အဝတ်အစားကိုယ် သေချာစစ်ကြပါ။ ဇာတ်တိုက်လေ့ကျင့်တာ ချက်ချင်းစမှာမို့လို့ အဆင်သင့်ပြင်ထားပေးကြပါ။ အခု ပရိုဂျူဆာတွေနဲ့ သရုပ်ဆောင်တွေ စိတ်အခြေအနေ သိပ်မကောင်းကြလို့ အမှားမလုပ်မိစေနဲ့နော်။ ဘယ်သူမှတော့ ပြဿနာမတက်ချင်ကြဘူးမလား။ ကဲ... ကံကောင်းကြပါစေ"
သူတို့လည်း အဲဒီဝန်ထမ်းနောက်ကနေ ရိုက်ကွင်းပေါ်ကို လိုက်သွားကြတယ်။
"လမ်းနည်းနည်းလောက် ဖယ်ပေးကြပါဦး"
ဖော့ကလစ်ကားပေါ်ကနေ တစ်ယောက်ယောက်က လှမ်းအော်တယ်။ သူတို့ကို ခေါ်လာတဲ့ ဝန်ထမ်းက ခြေအောက်က ကေဘယ်ကြိုးတွေကို သတိထားဖို့နဲ့ နောက်ဆုတ်ပေးဖို့ ပြောတယ်။ ကားပေါ်မှာ နံရံတစ်ခု ပါလာတယ်။ တကယ့်ကို နံရံအစစ်ကြီးပဲ။ ကင်မရာထဲမှာ မပါမယ့် အနောက်ဘက်ခြမ်းကို သစ်သားတွေ၊ ဖိုင်ဘာပြားတွေနဲ့ လုပ်ထားပြီး အရှေ့ဘက်မှာတော့ ကြွေပြားအဖြူတွေ ကပ်ထားတယ်။ သူတို့လည်း အဲဒီကားနောက်ကနေ ရိုက်ကွင်းရဲ့ ညာဘက်ခြမ်းကို လိုက်သွားခဲ့ကြတယ်။
"မျက်နှာကြက်မီးတွေ တပ်လိုက်၊ ပြီးတော့ ဒီဘက်ကို မျက်နှာကြက်ပြားတစ်ခု ယူခဲ့။ ဒီအပိုင်းကို ဖုံးဖို့လိုတယ်"
ချက်ပြုတ်ရေး ပြိုင်ပွဲလုပ်မယ့်နေရာနဲ့တူတဲ့ ရိုက်ကွင်းက အဲဒီမှာရှိနေတယ်။ ဇာတ်လမ်းတွဲတွေထဲမှာ မြင်ရလေ့ရှိတဲ့ ချက်ပြုတ်ရေးပစ္စည်းတွေကို အတန်းလိုက်ချထားတယ်။ နံရံတစ်ခုမှာတော့ တံခါးနှစ်ပေါက်ပါ ရေခဲသေတ္တာတွေကို အစီအရီထားရှိပြီး အရှေ့မှာ ရာသီပေါ်သစ်သီးတွေကို ပုံထားတယ်။ ရိုက်ကွင်းရဲ့ တစ်ဖက်ခြမ်းမှာ သရုပ်ဆောင်တွေ ရပ်နေတာကို မာရူး တွေ့လိုက်ရတယ်။ သူတို့အထဲမှာ ဆူယွန်း ကိုလည်း တွေ့နိုင်တယ်။ သူမက အနက်ရောင် ချက်ပြုတ်ရေးဝတ်စုံကို ဝတ်ဆင်ထားတယ်။ မျက်လုံးတစ်ဝိုက်မှာ မိတ်ကပ်တွေ အထူကြီးလူးထားတဲ့အတွက် ကြည့်ရတာ တော်တော်လေး စူးရှပြင်းထန်တဲ့ပုံ ပေါက်နေတယ်။ နှုတ်ခမ်းတွေတောင် ခရမ်းရောင်ဖြစ်နေတာလေ။ 'ဗီလိန်ကောင်မလေး' တွေ ပြင်လေ့ရှိတဲ့ ပုံမှန်မိတ်ကပ်စတိုင်မျိုးပဲ။
"ဇာတ်ရံတွေ နေရာယူကြတော့"
ခပ်လှမ်းလှမ်းဆီကနေ အသံကျယ်ကြီး ထွက်လာတယ်။ ဟူဒီဝတ်ထားတဲ့ လူတစ်ယောက်က လက်ထဲမှာ စက္ကူခွက်တစ်ခွက်ကိုင်ပြီး အော်နေတာ။ ကြည့်ရတာ သူက ပရိုဂျူဆာဖြစ်ပုံရတယ်။
"ဒီဘက်ကို လာကြ"
သူတို့ဆီ ပြေးလာတာက ပရိုဂျူဆာလို့ ထင်ရတဲ့သူရဲ့ဘေးမှာ ရပ်နေတဲ့ လူငယ်တစ်ယောက်ပဲ။ သူက အသက် နှစ်ဆယ်နှောင်းပိုင်းလောက် ရှိပုံရတယ်။
"ကျွန်တော်က ဒီနေ့ ခင်ဗျားတို့နဲ့ အလုပ်လုပ်မယ့် လက်ထောက်ဒါရိုက်တာပါ။ ခင်ဗျားတို့ ကြားပြီးသားလားတော့ မသိဘူး၊ အခု အခြေအနေက တော်တော်လေးကို မကောင်းတာမို့လို့ တတ်နိုင်သမျှ ပြန်ရိုက်ရတဲ့အခန်း မဖြစ်အောင် လုပ်ကြပါ။ ကျွန်တော်က ဒေါသထွက်တာကို မကြိုက်ပေမယ့် ဒီနေ့တော့ ခင်ဗျားတို့ကို အော်မိကောင်း အော်မိနိုင်တယ်၊ ဒါလေးတော့ သတိထားပေးကြပါ။ အားလုံး ဇာတ်ညွှန်းကို ဖတ်ပြီးကြပြီမလား"
"ဟုတ်ကဲ့"
"စကားပြောရမယ့်သူတွေ ဒီဘက်ကိုလာခဲ့"
မာရူး လည်း ညွှန်ကြားတဲ့အတိုင်း ညာဘက်ကို ရွှေ့သွားလိုက်တယ်။ ဘေးကိုကြည့်လိုက်တော့ နောက်ထပ် ငါးယောက်က သူနဲ့အတူ တန်းစီရပ်နေတယ်။ နားကြပ်မလေးနဲ့ နံပါတ်လေး လူကြီးတို့လည်း ပါတာပေါ့။
"ခဏစောင့်ဦး။ စကားပြောစရာမရှိတဲ့သူတွေ ဒီကိုလာပြီး တန်းစီကြ။ အရပ်အနိမ့်အမြင့်ကို ကြည့်ရဦးမယ်"
လက်ထောက်ဒါရိုက်တာက လူတွေကို တစ်ချက် ဝေ့ကြည့်ပြီးမှ စားပွဲတစ်လုံးစီကို နေရာချပေးတယ်။
"ဟိုဘက်က နံပါတ်သုံးနဲ့ နံပါတ်လေး နေရာချင်းလဲလိုက်။ ပြီးတော့ အနောက်ကလူ။ အေး... ခေါင်းလှည့်ကြည့်နေတဲ့တစ်ယောက်။ ဟုတ်တယ်။ မင်းရဲ့ ဘယ်ဘက်ကလူနဲ့ နေရာချင်းလဲလိုက်။ ကြည့်ရအောင်။ ဒီလောက်ဆို ရလောက်ပါပြီ"
လက်ထောက်ဒါရိုက်တာက ဟူဒီဝတ်ထားတဲ့လူဆီ ခပ်သုတ်သုတ် ပြေးသွားတယ်။ ဟူဒီနဲ့လူက သူတို့ဆီကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာတယ်။
"ဒီလောက်ဆို အဆင်ပြေလောက်ပြီ ထင်ပါတယ်"
ဇာတ်ရံတွေနဲ့ နောက်ခံသရုပ်ဆောင်တွေရဲ့ ရှေ့မှာတော့ ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်တဲ့ လက်ထောက်ဒါရိုက်တာက ဟူဒီနဲ့လူရဲ့ စကားကိုတော့ တော်တော်လေး စိတ်ရှည်လက်ရှည်နဲ့ စောင့်နေရတယ်။
"ဟေ့ကောင်"
"ဗျာ"
"ဒါ အဆင်ပြေတယ်လို့ မင်းထင်နေတာလား၊ ဟမ်။ မင်းမျက်လုံးတွေက အလှတပ်ထားတာ မဟုတ်ဘူးလို့ ငါပြောထားတယ်မလား။ မင်း ဒီပုံစံနဲ့ ငါ့ဆီကနေ သင်တန်းဆင်းနိုင်မယ်လို့ ထင်နေတာလား။ တစ်နေ့ကျရင် ကိုယ်ပိုင်အစီအစဉ်တစ်ခုကို လုပ်နိုင်လိမ့်မယ်လို့ကော ထင်နေတာလား။ မင်းကိုကြည့်ရတာ တော်တော်လေး စိတ်ပျက်ဖို့ကောင်းတယ်။ ပြန်လုပ်"
ဟူဒီနဲ့လူက ဒေါသထွက်လာတယ်။ သူအော်လိုက်တဲ့အသံကြီးက ရိုက်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတာပဲ။ လက်ထောက်ဒါရိုက်တာကတော့ ခေါင်းငုံ့ပြီး 'တောင်းပန်ပါတယ်' လို့ ဆက်တိုက်ပြောနေရတယ်။
"ငါကပဲ ဒီအရာတွေအားလုံးကို လိုက်ပြောပြနေရမှာလား။ မင်း လေ့လာခဲ့တဲ့အချိန်လောက်သာ ခွေးတစ်ကောင်ကို သင်ပေးရင်တောင် မင်းထက် အများကြီး ပိုတော်နေလောက်ပြီ..."
အဲဒီအချိန်မှာပဲ အမျိုးသမီးတစ်ယောက်က ဟူဒီနဲ့လူကို လှမ်းခေါ်လိုက်တယ်။ ရိုက်ကွင်းထဲကို အခုမှ ဝင်လာတဲ့ အဲဒီ လူလတ်ပိုင်းအမျိုးသမီးက ဆူယွန်း လိုပဲ အနက်ရောင် ချက်ပြုတ်ရေးဝတ်စုံကို ဝတ်ဆင်ထားတယ်။
လီမီယွန်း။ သူမက မာရူး သိထားတဲ့ မင်းသမီးတစ်ယောက်ပဲ။ စနေ၊ တနင်္ဂနွေ ဇာတ်လမ်းတွဲတွေမှာ မကြာခဏ မြင်တွေ့ရလေ့ရှိတဲ့ ဝါရင့်မင်းသမီးတစ်ယောက်လေ။ သူမ သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေက အများအားဖြင့် 'ဇာတ်လိုက်ရဲ့ သဘောကောင်းတဲ့ အမေ' ဒါမှမဟုတ် 'ကြင်နာတတ်တဲ့ ဥက္ကဋ္ဌကတော်' ဆိုတဲ့ နေရာမျိုးတွေမို့လို့ 'ဗီလိန်' ဇာတ်ရုပ်တွေထက် 'သဘောကောင်းတဲ့' ဇာတ်ရုပ်တွေက ပိုများတယ်။ သူမရဲ့ ကြင်နာတတ်တဲ့ မျက်လုံးတွေနဲ့ နှာခေါင်းတစ်ဝိုက်က အရေးအကြောင်းတွေက 'ကောင်းမွန်တဲ့' အသွင်အပြင်ကို ပေးစွမ်းနေတယ်။
"ဒါရိုက်တာကင်"
"ဟို... ဟုတ်ကဲ့"
"ဘယ်တော့လောက် အဆင်သင့်ဖြစ်မှာလဲ"
"မကြာခင် စတော့မှာပါ"
"ဒါရိုက်တာကင်"
"ဗျာ"
"ရှင် ကျွန်မကို နောက်နေတာလား။ ကျွန်မ ဒီမှာ ရောက်နေပြီလေ"
ချက်ချင်းပဲ အလှည့်အပြောင်း ဖြစ်သွားတာပဲ။ လက်ထောက်ဒါရိုက်တာကို ဒေါသတကြီး အော်ငေါက်နေတဲ့ ပရိုဂျူဆာက အခုတော့ မင်းသမီးရှေ့မှာ ခေါင်းလေးငုံ့လို့။ ပတ်ဝန်းကျင်မှာ လူတွေကြည့်နေတာကို သတိထားမိသွားတဲ့ မင်းသမီးက ပရိုဂျူဆာကို တခြားတစ်ဖက်ကို ခေါ်သွားတယ်။ ဆွဲခေါ်ခံလိုက်ရတဲ့ ပရိုဂျူဆာက လက်ထောက်ဒါရိုက်တာကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်သွားသေးတယ်။
"ချီးတဲ့မှပဲ၊ တော်တော် သောက်မြင်ကပ်ဖို့ကောင်းတာပဲ"
လက်ထောက်ဒါရိုက်တာက ဒေါသတကြီးနဲ့ ရေရွတ်လိုက်ပြီးနောက် စားပွဲတွေရဲ့အနောက်မှာ ရပ်နေတဲ့ နောက်ခံသရုပ်ဆောင်တွေကို ဆက်ပြီး အော်ငေါက်တော့တယ်။
"ကျစ်၊ တောက် ငါ နေရာလဲဖို့ ပြောထားတယ်မလား။ ဟမ်... ဒီနေ့အတွက် ပိုက်ဆံရရင် ပြီးရောဆိုပြီး နေနေကြတာလား။ မင်းတို့ ငါ့ကို နောက်နေတာလား။ ဒါ နောက်စရာလို့ ထင်နေတာလား"
လက်ထောက်ဒါရိုက်တာက အော်ဟစ်ဆဲဆိုရင်း လူတွေကို နေရာပြန်ချပေးနေတယ်။ သူ အဲဒီလောက်တောင် ဒေါသထွက်နေတာကို မြင်တော့ နောက်ခံသရုပ်ဆောင်တွေကလည်း ဘာမှပြန်မပြောဘဲ သူခိုင်းတဲ့အတိုင်း လိုက်လုပ်ပေးနေကြတယ်။
"သူခိုင်းတဲ့အတိုင်း လုပ်ပေးခဲ့တာပဲကို။ ဘာတွေများ ဖြစ်နေတာလဲ" လို့ နားကြပ်မလေးက မေးတယ်။ သူမက အဖြေတစ်ခုကို မျှော်လင့်နေပုံရတာကြောင့် မာရူး က ပြန်ဖြေလိုက်တယ်။
"အဓိကပြဿနာက သူ အဆူခံလိုက်ရလို့လေ"
"သူက တော်တော်လေး မာနကြီးတာပဲနော်၊ မထင်ဘူးလား"
"ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ကျွန်တော်တို့ ငြိမ်ငြိမ်လေးနေတာ ပိုကောင်းမယ် ထင်တယ်"
"ဘာလို့လဲ"
မာရူး က မေးဆတ်ပြီး လက်ထောက်ဒါရိုက်တာကို ညွှန်ပြလိုက်တယ်။ သူက ဟိုနှစ်ယောက်ကို စိုက်ကြည့်နေတာ အတော်လေးကြာနေပြီလေ။ ခါးသက်သက် တစ်ခုခုကို မြိုချလိုက်ရသလိုမျိုး နားကြပ်မလေး ပါးစပ်ပိတ်သွားတယ်။ သူမက သိသိသာသာကို မကျေမနပ်ဖြစ်နေပုံရတယ်။
"မင်းတို့နှစ်ယောက်၊ ဒီကို လာပြီး အချိန်ဖြုန်းနေတာလား"
ဒီလိုနဲ့ပဲ လက်ထောက်ဒါရိုက်တာက ပစ်မှတ်တစ်ခု ရှာတွေ့သွားတယ်။ မာရူး ကတော့ စိတ်ထဲကနေ သက်ပြင်းချလိုက်ရုံပဲ တတ်နိုင်တယ်။
"ဟေ့... ငါပြောတာ မကြားဘူးလား။ မင်းတို့ ဒီကို အချိန်ဖြုန်းဖို့ လာတာလားလို့ မေးနေတယ်။ ဒီနေရာက မင်းတို့အတွက် ကစားကွင်းများ မှတ်နေလား။ ဘာလို့ အခုခေတ် ကလေးတွေက ရိုသေလေးစားမှုဆိုတာ မရှိရတာလဲ"
လက်ထောက်ဒါရိုက်တာက စိုက်ကြည့်ပြီး သူ့ဆီမှာ စုပုံနေတဲ့ ဒေါသတွေအားလုံးကို ပေါက်ကွဲပစ်လိုက်တယ်။ မာရူး ကတော့ ခေါင်းငုံ့ပြီး သူ့စိတ်ထဲမှာ သီချင်းစဆိုနေလိုက်တယ်။ အခုလိုအချိန်မှာ ပြန်ပြောလိုက်တာက မီးလောင်ရာ လေပင့်သလို ဖြစ်သွားလိမ့်မယ်။ သူ့ကို ဒီအတိုင်းလေး လွှတ်ထားလိုက်ရင် ပြဿနာရှာပြီးတာနဲ့ သူ့ဘာသာသူ ငြိမ်သွားလိမ့်မယ်လေ။
ဒါပေမယ့် သူ့ဘေးက ကောင်မလေးကတော့ ငြိမ်နေမယ့် အရိပ်အယောင် လုံးဝမတွေ့ရဘူး။ သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာက ပေါက်ကွဲတော့မယ့် အခြေအနေကို ပြသနေတယ်။ မာရူး က ခေါင်းကို နည်းနည်းလှည့်ပြီး ကောင်မလေးရဲ့ မျက်နှာကို ကြည့်လိုက်တယ်။ တဆတ်ဆတ် တုန်နေတဲ့ သူမရဲ့ နှုတ်ခမ်းတွေကြောင့် သူ စိတ်မသက်မသာ ဖြစ်သွားရတယ်။ သူမက ပြဿနာသွားရှာတော့မယ့်ပုံ ပေါက်နေတယ်လေ။
ကံကောင်းချင်တော့ သူမက အဲဒီလိုပုံစံပေါက်နေပေမယ့် တကယ်တမ်းတော့ ပြဿနာမရှာပါဘူး။ ဒီလိုမျိုး ကိစ္စသေးသေးလေးတိုင်းကို လိုက်တုံ့ပြန်နေရတာက တော်တော်လေးကို ပင်ပန်းစရာကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် တရားမျှတမှုရဲ့ သူရဲကောင်းအဖြစ် ကြေညာချင်နေတာ မဟုတ်ဘူးဆိုရင်တော့ အပေးအယူလုပ်လိုက်တာက ပိုကောင်းပါတယ်။ ဒါက အမှား၊ အမှန် ကိစ္စမဟုတ်ဘူး။ အကျိုးရှိမရှိ ပြဿနာပဲ။ အသေးအဖွဲကိစ္စလေးတွေအတွက် ဒေါသထွက်နေစရာ မလိုပါဘူး။ ဒေါသဆိုတာ တကယ်လိုအပ်တဲ့အချိန်အတွက် ချန်ထားရမှာလေ။
ကောင်မလေးက သူမရဲ့ ဒေါသကို မြိုသိပ်လိုက်တယ်။ အရာအားလုံး ပြန်ပြီး ငြိမ်သက်သွားတော့မယ့် အချိန်မှာပဲ လက်ထောက်ဒါရိုက်တာက ကောင်မလေးကို လှောင်ပြုံးပြုံးပြီး ဆက်ရန်တွေ့ပြန်တယ်။
"ဘာလဲ... မင်း ငါ့ကို တစ်ခုခုပြောစရာ ရှိနေလို့လား။ ဟမ်။ မင်းက တော်တော် ကြီးကျယ်တဲ့သူမို့လို့လား။ နာမည်ကြီးချင်နေတဲ့သူ မဟုတ်ဘူးလား။ မင်းရဲ့ ရုပ်လေးနဲ့ အောင်မြင်မယ်လို့ ထင်နေတာလား။ ဆိုလိုတာက မင်းမှာ ရုပ်မရှိရင်တောင် အနည်းဆုံးတော့ ပြုံးပြနိုင်ရမယ်လေ။ အဲဒီပုံစံနဲ့ ပေါင်းသင်းဆက်ဆံရေး လုပ်နိုင်မယ်လို့ ထင်နေတာလား။ ဒါ လူ့အဖွဲ့အစည်းဆိုတာ သိထား"
လက်ထောက်ဒါရိုက်တာက သူ့ဆံပင်ကို အပေါ်ကိုသပ်တင်လိုက်ပြီး သက်ပြင်းချတယ်။
"ကမ္ဘာကြီးက တော်တော်လေး ကောင်းလာပြီပဲ၊ ဟမ်။ ငါ မင်းတို့အရွယ်တုန်းကဆို သွားတောင် မဖြီးရဲဘူး။ ရုပ်သံလိုင်းတွေရဲ့ စည်းကမ်းကလည်း အောက်ခြေအထိ ထိုးကျသွားပြီပဲ။ ဒီဟာပြီးရင် မင်း အလုပ်ထွက်တော့မှာလား။ ထွက်မှာဆိုရင်တော့ မင်းလုပ်ချင်တာ လုပ်လို့ရတယ်။ ငါ့ကို ဘယ်တော့မှ ထပ်မတွေ့တော့ဘူးလို့ စိတ်ကူးထားရင်တော့ မင်းကြိုက်သလို နေလို့ရတယ်။ ဒါပေမယ့် ဆက်နေဖို့ အစီအစဉ်ရှိသေးရင်တော့ အောက်ကိုငုံ့ကြည့်ထား။ ငါက မိန်းမ၊ ယောက်ျား ခွဲခြားမဆက်ဆံဘူး။ ဒီလိုကိစ္စမျိုးတွေမှာ ငါက အရမ်းတန်းတူညီမျှရှိတယ်။ သေချာမလုပ်ရင်တော့ မင်းကို ငရဲလို ဆက်ဆံပစ်မယ်။ မခံနိုင်ဘူးဆိုရင် အေးအေးဆေးဆေး လက်ထောင်ပြီး ထွက်သွားလိုက်၊ ကြားလား။ မငိုနဲ့"
အဲဒီလူရဲ့ လက်ညှိုးက နားကြပ်မလေးရဲ့ နဖူးကို လာထောက်တယ်။ ကောင်မလေးက နောက်ဆုတ်သွားတယ်။ လက်ထောက်ဒါရိုက်တာက ခပ်ဟဟရယ်လိုက်ပြီးနောက် လန်းဆန်းသွားတဲ့ မျက်နှာပေးမျိုး လုပ်လိုက်တယ်။ ကြည့်ရတာ သူ့ရဲ့ စိတ်ပျက်မှုတွေကို အတော်အသင့် ပေါက်ကွဲထုတ်ပစ်လိုက်နိုင်ပုံရတယ်။
"ကဲ... နေရာပြန်ယူကြ။ ဒီတစ်ခါတော့ သေချာလုပ်ကြရအောင်။ ငါ့ရဲ့ ညွှန်ကြားချက်အတိုင်းသာ လိုက်လုပ်ရင် ဘာပြဿနာမှ ရှိလာမှာမဟုတ်ဘူး" လို့ သူက ချက်ပြုတ်ရေးစားပွဲဆီ လျှောက်သွားရင်း ပြောတယ်။
သူ ထွက်သွားတဲ့အချိန်မှာ အေးစက်စက် လေထုပဲ ကျန်ခဲ့တော့တယ်။ မာရူး က သူ့လည်ပင်းကို ဘယ်ညာချိုးရင်း သက်ပြင်းချလိုက်တယ်။ သူ စကားအကြာကြီး မပြောတာ ကောင်းပါတယ်။ အခြေအနေက တဖြည်းဖြည်း ကောင်းလာနေပြီလေ။ ရိုက်ကူးရေးသာ အဆင်ပြေပြေ ပြီးသွားရင် ရလောက်ပါပြီ။
"ဟူး..."
သူ့ဘေးကနေ သက်ပြင်းချသံကို ကြားလိုက်ရတယ်။ ကောင်မလေးက နှုတ်ခမ်းကိုကိုက်ပြီး လက်ထောက်ဒါရိုက်တာရဲ့ ကျောပြင်ကို စိုက်ကြည့်နေတယ်။ အကြည့်တွေကသာ အန္တရာယ်ပေးနိုင်မယ်ဆိုရင် အဲဒီလူ ပြန်ကောင်းလာဖို့ ဆေးရုံမှာ ရှစ်ပတ်လောက်တောင် အချိန်ယူရလိမ့်မယ်။
လက်ထောက်ဒါရိုက်တာက သူတို့ဆီ ပြန်လျှောက်လာတယ်။ ကင်မရာက သူရှိနေတဲ့နေရာကို ရိုက်တော့မယ့်ပုံပဲ။ သူက အရင်နေရာမှာပဲ ရပ်ပြီး နောက်ခံသရုပ်ဆောင်တွေကို ကြည့်ရင်း ခေါင်းစောင်းလိုက်တယ်။
"ပြီးပြီလား"
သူ့ဘာသာသူ ရေရွတ်ပြီးနောက် လက်ထောက်ဒါရိုက်တာက ခေါင်းပြန်လှည့်လာတယ်။ မာရူး သူ့ကို ကြည့်လိုက်တော့ နားမလည်နိုင်အောင် ဖြစ်သွားတယ်။
"ဟေ့"
"ဗျာ"
"မင်းအမြင်ကော ဘယ်လိုလဲ။ အခုကြည့်ရတာ အဆင်ပြေသွားပြီလား"
"ဘာကို ဆိုလိုတာလဲဗျ"
"လူတွေ နေရာချထားတာလေ။ ဘယ်လိုလဲ၊ မင်းအမြင် အဆင်ပြေလား"
"အင်း... ကျွန်တော်ကတော့ ဘာမှနားမလည်ပါဘူး။ ဒါရိုက်တာ့စိတ်ကြိုက်ဆိုရင်တော့ ကောင်းမှာပါ"
"မင်းကိုယ်မင်းတောင် စဉ်းစားလို့မရဘူးလား"
"ကျွန်တော် ဇာတ်ကွက်ဖွဲ့စည်းပုံတို့ ဘာတို့ဆိုတာကို ဘာမှနားမလည်လို့ပါ"
"ထားလိုက်တော့။ ကလေးတစ်ယောက်ဆီကနေ ငါက ဘာများ မျှော်လင့်နေမိတာလဲ။ ဟေ့၊ ခင်ဗျားကော ဘယ်လိုလဲ။ အဆင်ပြေတယ်လို့ ထင်လား"
ဒီတစ်ခါတော့ လက်ထောက်ဒါရိုက်တာက နံပါတ်လေး လူကြီးကို မေးလိုက်တယ်။ နံပါတ်လေး လူကြီးက အမြန်ခေါင်းညိတ်ပြီး အကုန်လုံး ပြီးပြည့်စုံနေပြီလို့ ပြန်ဖြေတယ်။
"ပြီးပြည့်စုံတယ် ကောင်းတယ်။ ခင်ဗျားပြောတာနော်၊ ဟုတ်ပြီလား။ ကျုပ်အမြင်ကတော့ တစ်မျိုးပဲ၊ ဒါပေမယ့် ခင်ဗျားက ဒီလိုပြောလို့သာ ဒီအတိုင်းပဲ သွားတော့မယ်၊ ဟုတ်ပြီလား။ ကျုပ် ထပ်အဆူခံရရင် ဘာဖြစ်မယ်ဆိုတာ ခင်ဗျားသိတယ်မလား"
နံပါတ်လေး လူကြီးရဲ့ တံတွေးမြိုချသံကို မာရူး ရှိနေတဲ့နေရာအထိ ကြားနေရတယ်။ အဲဒီလူကြီးက အခြေအနေကို တကယ် မကဲခတ်တတ်တာပဲ။ လက်ထောက်ဒါရိုက်တာက 'သူ့လက်အောက်ငယ်သားတွေအပေါ် အကုန်ပုံချတတ်တဲ့' ပုံစံမျိုးဆိုတာ သိသာနေတာကို။ အဲဒီလိုလူမျိုးနဲ့ အလုပ်လုပ်တဲ့အခါ သဘောတူတာပဲဖြစ်ဖြစ်၊ သဘောမတူတာပဲဖြစ်ဖြစ် ဘာအကျိုးမှ ရှိလာမှာမဟုတ်ဘူး။ ကြက်တူရွေးတစ်ကောင်လို 'ကျွန်တော် မသိဘူး' လို့ပဲ ပြန်ဖြေမှ ဆိုးရွားတဲ့ ရလဒ်တွေ ကျန်ခဲ့မှာ မဟုတ်တာလေ။
လက်ထောက်ဒါရိုက်တာ ရေခဲသေတ္တာတွေဘက် လျှောက်သွားတဲ့အချိန်မှာ တစ်ချိန်လုံး ငြိမ်နေခဲ့တဲ့ ကောင်မလေးက စကားစပြောတယ်။
"ရှင် ဒေါသမထွက်ဘူးလား" လို့ သူမက ရုတ်တရက် မေးလိုက်တယ်။
"ဘာလို့ ဒေါသထွက်ရမှာလဲ"
"ရှင် စိတ်မတိုဘူးလား။ ဟိုခွေး... ဟူး၊ ဟိုလူ့ဆီကနေ အဲဒီလိုမျိုးတွေ နားထောင်နေရတာကို။ ရှင်မှာ မာနဆိုတာ မရှိဘူးလား"
သူမရဲ့ မျက်လုံးတွေက ငိုတော့မယ့်အတိုင်း ရဲနေတယ်။ သေချာတာကတော့ သူမ ငိုမှာမဟုတ်ပါဘူး။ ဒေါသထွက်နေလို့သာ မျက်လုံးတွေ ရဲနေတာဖြစ်လိမ့်မယ်။
"ကျွန်တော့်မာနက အဲဒီလောက် မပေါပေါဘူး"
"ဘာ"
"အင်း... မတရားမှု အနည်းအကျဉ်းလောက်ကိုတော့ ဒီအတိုင်းပဲ လျစ်လျူရှုလိုက်စမ်းပါ။ ကိစ္စသေးသေးလေးတိုင်းကို လိုက်ပြီး ပြန်ပြောနေမယ်ဆိုရင် ခင်ဗျားဆိုတဲ့သူကထား၊ သံမဏိစိတ်ဓာတ်ရှိတဲ့သူတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
"ရှင့်စကားက တော်တော် သနားဖို့ကောင်းနေတယ်ဆိုတာ ရှင်သိလား"
"ကျွန်တော်ကလား"
"ဟုတ်တယ်။ ဒီလိုအချိန်မျိုးမှာ ရှင်တို့လိုလူတွေက နှုတ်ပိတ်နေကြလို့သာ ပြဿနာတွေက ဆက်ရှိနေတာပေါ့။ ရှင် ဘယ်လိုလုပ်ပြီး ငြိမ်နေနိုင်ရတာလဲ။ ရှင်ကလေ တကယ်ပဲ..."
ကောင်မလေးက နားမလည်နိုင်တော့သလိုမျိုး သူ့ကို ကြည့်တယ်။ ဒီနေ့က တကယ်ကို ပင်ပန်းဖို့ကောင်းတဲ့နေ့ပဲ။ ပထမတစ်ခုက သူကိုယ်တိုင် လူတော်တစ်ယောက်ဖြစ်ကြောင်း တခြားသူတွေဆီကနေ အတည်ပြုချက်တောင်းနေရတဲ့ လူတစ်ယောက် ရှိနေတယ်၊ ပြီးတော့ အခုလည်း တစ်ဝက်တစ်ပျက် တရားမျှတမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကောင်မလေးတစ်ယောက်လေ။
"ဒါဆိုလည်း သူ့ကို ပြောလိုက်လေ"
"ဟင်"
"သူ့ကို ဒီကို ခေါ်ပေးရမလား။ ခင်ဗျား သူ့ကို မခံနိုင်ဘူးဆိုရင် သူ့ကို ဒီကို ခေါ်ပေးမယ်လေ"
မာရူး က ကောင်မလေး အဖြေပေးမယ့်အချိန်ကို စောင့်မနေဘဲ ခြေလှမ်းစလှမ်းလိုက်တယ်။ အဲဒီအချိန်မှာပဲ ကောင်မလေးက သက်ပြင်းတိုတိုလေး ချရင်း သူ့ပခုံးကို လှမ်းဖမ်းဆွဲထားတယ်။
"ဘာလုပ်နေတာလဲ"
"ခင်ဗျား သူ့ကို မခံနိုင်ဘူး ထင်လို့လေ"
"အဲဒါက..."
မာရူး က အသံကို နှိမ့်ပြီး ပြန်ပြောလိုက်တယ်။
"ဟေ့... တရားမျှတမှုဆိုတာ ခင်ဗျား လိုအပ်တဲ့အချိန်မှသာ ထုတ်သုံးရမယ့် အရာတစ်ခုဆိုရင် တခြားသူတွေအပေါ် အတင်းအကျပ် မလုပ်ပါနဲ့။ အဲဒီလိုလုပ်တာက ဟိုလူနဲ့ ဘာကွာသွားလို့လဲ။ ကိုယ့်ထက် အဆင့်မြင့်တဲ့သူတွေကို ဘာမှမပြောရဲလို့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို လိုက်ပြီး ညည်းတွားနေတာလေ။ အဲဒါက ခင်ဗျားဘဝကို ပိုလွယ်ကူသွားစေလို့လား။ ခင်ဗျားရဲ့ လုပ်ရပ်တွေကို တရားမျှတသွားစေလို့လား။ ခင်ဗျားရဲ့ လိပ်ပြာသန့်မှုဆိုတာ အဲဒါလား။ သူ့အကြောင်းကို ပေါ်တင်ပဲ ဘာလို့ မပြောရဲတာလဲ။ ကျွန်တော် ခင်ဗျားနဲ့အတူ အဲဒီလိုလုပ်ပေးနိုင်တယ်။ ထပ်မေးမယ်။ အဲဒီလူကို အဲဒီလိုမျိုး ဆက်မလုပ်ဖို့ သွားပြောရဲတဲ့ သတ္တိကော ခင်ဗျားမှာ ရှိရဲ့လား"
သူ အဲဒီလိုမေးလိုက်တော့ ကောင်မလေးက အင်အားမဲ့သွားတယ်။ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးတွေလည်း လျော့ရဲသွားတယ်။
"တောင်းပန်ပါတယ်။ ရှင့်အပေါ် ဒေါသမထွက်သင့်ပါဘူး"
သူမက လက်ခံသွားတဲ့အတွက် သူ ထပ်ပြောစရာ ဘာမှမရှိတော့ဘူး။ မာရူး ကလည်း ပြန်တောင်းပန်လိုက်တယ်။
"ဟုတ်ပါတယ်။ ကျွန်မ သည်းခံသင့်တာပေါ့။ အဲဒါမှန်တယ်"
ကောင်မလေးက အားလျော့နေတဲ့ အသံနဲ့ ပြောတယ်။ သူမက သူ ဆိုလိုချင်တဲ့ သဘောကို နည်းနည်းလေးတောင် နားမလည်သေးဘူး။ အဓိကက သည်းခံဖို့ မဟုတ်ဘူး။ သည်းခံခြင်းက လူတွေရဲ့ စိတ်ထဲမှာ အနည်ထိုင်ကျန်ရစ်စေတယ်။ အဲဒီ ခံစားချက် အနည်အနှစ်တွေက အချိန်ကြာလာတာနဲ့အမျှ စုပုံလာပြီး စိတ်ကို ဒုက္ခပေးလိမ့်မယ်။ အဓိကက သည်းခံဖို့ မဟုတ်ဘူး။ လုံးဝကို လျစ်လျူရှုထားလိုက်ဖို့ပဲ။
"ဟို... နူးနာ"
"ဘာလဲ"
"လူတွေက ခွေးစကားကို နားမလည်ကြဘူးလေ။ အစကတည်းက ဘာမှနားမလည်တဲ့ အရာတစ်ခုကို ဘယ်လိုလုပ်ပြီး သည်းခံရမှာလဲ။ ဆိုးသွမ်းတဲ့ ခွေးတစ်ကောင်က ခင်ဗျားကို ဟောင်နေတယ်ဆိုရင် အဲဒီအနားသွားပြီး 'ငါ သည်းခံသင့်တယ်' လို့ သွားပြောမှာလား။ မပြောဘူးမလား။ အဲဒါကို လျစ်လျူရှုလိုက်တာ၊ ဒါမှမဟုတ် လမ်းလွှဲသွားလိုက်တာပဲ ရှိမယ်"
အဲဒီစကားကို ကြားတော့ ကောင်မလေးက သူ့ကို ခဏလောက် စိုက်ကြည့်နေပြီးနောက် ခပ်ဟဟ ရယ်လိုက်တယ်။
"အာဟာ... ခွေးစကားပေါ့"
"လူစကားပြောတတ်တဲ့ လူတွေနဲ့ပဲ စကားပြောသင့်တာပါ။ လူတစ်ယောက်က ခွေးတစ်ကောင်ကို ရင်ဆိုင်ချင်တယ်ဆိုရင် အဲဒီလူကလည်း ခွေးစကား ပြောတတ်ဖို့ လိုလိမ့်မယ်၊ ဒါပေမယ့် အဲဒါက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ သူ့ကို ဒီအတိုင်း လျစ်လျူရှုလိုက်စမ်းပါ။ ခွေးတစ်ကောင်ရဲ့ ဆဲဆိုတာကို ခံရလို့ ဘာမှဖြစ်မသွားပါဘူး"
ကောင်မလေးက ခေါင်းညိတ်တယ်။ ပြီးတော့ တစ်ခုခုကို တွေးမိသွားသလို မျက်လုံးပြူးသွားပြီး မေးလိုက်တယ်။
"ဒါပေမယ့် အဲဒီခွေးက ကိုက်ဖို့ ကြိုးစားလာရင်ကော"
"ခွေးက ကိုယ်ရင်ဆိုင်နိုင်တာထက် ပိုကြီးနေတယ်ဆိုရင်တော့ အေးအေးဆေးဆေးပဲ အကိုက်ခံလိုက်ပေါ့။ ခင်ဗျား ဘာတတ်နိုင်မှာလဲ။ သူက ကိုက်ချင်နေပြီး ခင်ဗျားက ဘာမှမလုပ်နိုင်ဘူးလေ"
"ဒါဆို ကျွန်မတို့လို လူတွေက အမြဲတမ်း အကိုက်ခံနေရတော့မှာလား"
"ဟုတ်တယ်။ အကိုက်ခံရသလောက်သာ ခံလိုက်။ ပြီးရင် အဲဒီဒဏ်ရာကို သိမ်းထားပြီး ခွေးပိုင်ရှင်ဆီကို သွား။ ကိုယ်မရိုက်နိုင်တဲ့ ခွေးတစ်ကောင် ရှိနေတဲ့အခါ လူစကား ပြောလို့ရမယ့် အဲဒီခွေးရဲ့ ပိုင်ရှင်ကို သွားရှာရမယ်"
"ဟားဟား... ဒါဆို ကျွန်မ ရိုက်နိုင်တဲ့ခွေးဆိုရင်ကော"
"ဘာတွေ တွေဝေနေစရာရှိလို့လဲ။ အားရပါးရသာ ကန်ပစ်လိုက်ပြီး ဘယ်သူက ဆရာလဲဆိုတာကို ပြောပြလိုက်ပေါ့"
"ဒါဆို ရှင့်အမြင်အရ ဟိုလူကကော ဘယ်လိုလဲ။ သူက ခွေးကြီးလား၊ ခွေးလေးလား"
"ခင်ဗျားအမြင်ကကော ဘယ်လိုလဲ"
"ခွေးကြီးကြီး တစ်ကောင်ပဲ"
"ဒါဆို သူက ခွေးကြီးပေါ့"
"ဒါဆို ရှင်ကကော ဘယ်လိုလဲ"
"မသိဘူးလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အကိုက်မခံရမှာ သေချာတော့ သူက ကြီးကြီး၊ သေးသေး ကိစ္စမရှိပါဘူး"
"ဒါပေမယ့် အဲဒီခွေးက ရှင့်ကို ကိုက်ဖို့ ကြိုးစားလာရင်ကော"
"အဲဒီအချိန်ကျရင်..."
မာရူး က ရိုက်ကွင်းအဝင်ဝမှာ ရပ်နေတဲ့ ပရိုဂျူဆာနဲ့ မင်းသမီးကို လှမ်းကြည့်လိုက်တယ်။
"ခွေးပိုင်ရှင်ပဲဖြစ်ဖြစ်၊ ခွေးထိန်းတဲ့သူပဲဖြစ်ဖြစ် ကျွန်တော် အသုံးပြုလို့ရမယ့် တစ်ယောက်ယောက်ကို အသုံးပြုရမှာပေါ့"
* * * * * * * * *