← Chapters

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း(၃၅၅)

အရင်တုန်းကဆိုရင် မနက်လင်းလို့ နိုးလာတာနဲ့ သူ့ခေါင်းထဲ ပထမဆုံးဝင်လာတဲ့အတွေးက 'ဒီနေ့တစ်နေ့ကို ဘယ်လို ဖြတ်သန်းရမလဲ' ဆိုတာပဲ။ အိပ်မက်တွေ တကယ်မဖြစ်လာခင်တုန်းကတော့ သူ ဒီလိုမျိုး မသိခဲ့ပါဘူး။ ဒါပေမဲ့ တကယ်တမ်း အိပ်မက်တွေ အကောင်အထည်ပေါ်လာပြီး နေ့စဉ်ဘဝဖြစ်လာတဲ့အခါမှာတော့ အိပ်မက်ဆိုတာ စိတ်လှုပ်ရှားစရာ မကောင်းတော့ဘဲ နေ့တိုင်း မဖြစ်မနေ လုပ်ရမယ့် တာဝန်တစ်ခုလို ဖြစ်လာခဲ့တယ်။ သူ့ရဲ့ အပြုံးက ဟန်ဆောင်မှုသက်သက်သာဖြစ်ပြီး မျက်ရည်ကျတာကလည်း ကျွမ်းကျင်မှုတစ်ခုလို ဖြစ်နေတယ်။ သူ့ကို ရှေ့ဆက်သွားဖို့ တွန်းအားပေးနေတဲ့ တစ်ခုတည်းသောအရာကတော့ သူ့ကိုကြည့်နေတဲ့ လူတွေရဲ့ မနာလိုအားကျစိတ်ပါပဲ။ အာရုံစိုက်ခံရမှု - အဲဒါလေးမှ မရှိရင် သူ တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ သူ့ကိုယ်သူ အမြဲပြောနေမိတယ်။

ဒါပေမဲ့ အခုတော့ နည်းနည်း ကွာခြားသွားပြီလေ။

"အစ်မ၊ တကယ်ပဲ ဒီလိုပုံစံနဲ့ လမ်းလျှောက်ထွက်လို့ ရတာလား"

"ငါ ပြောပြီးပြီလေ။ ဒီလိုပုံစံဆို ဘယ်သူမှ မမှတ်မိပါဘူးဆို။ ကြည့်စမ်းပါ၊ မျက်လုံးမှာ လိုင်နာလည်း မဆွဲထားဘူး၊ ပါးနီလည်း မဆိုးထားဘူးဆိုတော့ ငါ့ရုပ်က တော်တော်လေး ကွဲထွက်နေတာ"

"ဒါပေမဲ့ တူတော့တူနေတုန်းပဲကို"

"နင် တစ်ယောက်တည်း အဲဒီလို ထင်နေတာပါ"

ချယ်ရင် က သူ့ရဲ့ ချစ်စရာ ဂျူနီယာလေးကို အဝတ်အစားဆိုင်တစ်ဆိုင်ဆီ ခေါ်သွားတယ်။ နာမည်ကြီးဘရန်းဆိုင်တော့ မဟုတ်ဘူး၊ လမ်းဘေးက ဆိုင်ငယ်လေးတစ်ဆိုင်ပါပဲ။ ဆိုင်နာမည်က စင်ဒရဲလား တဲ့။ သူတို့ ဝင်သွားတော့ ကြောင်ပေါက်လေးတစ်ကောင်နဲ့ ကစားနေတဲ့ အမျိုးသမီးတစ်ယောက်က ဆီးကြိုနှုတ်ဆက်တယ်။

"ဒီတိုင်း လိုက်ကြည့်လို့ ရမလားဟင်"

"ရပါတယ်၊ ကြည့်လေ"

ချယ်ရင် က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ ဂျူနီယာလေးရဲ့ လက်ကိုဆွဲပြီး အဝတ်စင်ရှေ့မှာ ရပ်ခိုင်းလိုက်တယ်။

"ဒီက အဝတ်အစားတွေက လှတယ်နော်"

ဂျူနီယာလေးကလည်း ခဏလောက် တွန့်ဆုတ်နေပြီးမှ အဝတ်အစားတွေကို စကြည့်တယ်။ ဆိုင်သေးသေးလေးဆိုပေမယ့် အဝတ်အစားတွေက တော်တော်လေး စတိုင်ကျတယ်။ ခင်းကျင်းပြသထားတဲ့ အဝတ်အစားတွေကို ကြည့်တာနဲ့တင် သိနိုင်ပါတယ်။ စတိုင်လ်ကို ထည့်မတွက်ဘဲ ရှိသမျှအကုန်လုံးကို ချိတ်ဆွဲပြသထားတတ်တဲ့ တခြားအဝတ်အစားဆိုင်တွေနဲ့တော့ တခြားစီပဲ။

"ဒီဘလောက်စ်လေး ဝတ်ကြည့်လို့ ရမလား"

အမျိုးသမီးက ခေါင်းညိတ်ပြတယ်။ ချယ်ရင် က ဆိုင်ထောင့်မှာရှိတဲ့ အဝတ်လဲခန်းဆီ သွားပြီး ဘလောက်စ်ကို ဝတ်ကြည့်လိုက်တယ်။ ပခုံးလိုင်းတွေက သူ့အတွက် အတော်လေး ကြည့်ကောင်းနေတယ်။ ရတနာသိုက်ကြီး တွေ့လိုက်ရသလို သူ ခံစားလိုက်ရတယ်။ အပြင်ပြန်ထွက်လာတော့ သူ့ဂျူနီယာလေးက ရှပ်အင်္ကျီတစ်ထည်ကို ကိုင်ကြည့်နေတာ တွေ့လိုက်ရတယ်။ အကွက်ဆင် ရှပ်အင်္ကျီလေးဖြစ်ပြီး ခပ်ပွပွစတိုင်လ်က ဂျူနီယာလေးနဲ့ လိုက်ဖက်မယ့်ပုံပဲ။

"ဝတ်ကြည့်လေ"

"ရပါတယ်။ ကိစ္စမရှိပါဘူး"

"ဝတ်သာကြည့်စမ်းပါ"

သူက ဂျူနီယာလေးရဲ့ ကျောကို တွန်းပြီး အဝတ်လဲခန်းထဲ သွင်းပေးလိုက်တယ်။ ခဏကြာတော့ ရှပ်အင်္ကျီကို ဝတ်ထားပြီး ခပ်ရေးရေးအပြုံးလေးနဲ့ ပြန်ထွက်လာတယ်။ အဲဒါက သူဝတ်ထားတဲ့ ဂျင်းဘောင်းဘီနဲ့လည်း အတော်လေး လိုက်ဖက်နေတယ်။

"ဒီနှစ်ထည် ယူမယ်နော်"

သူ့အင်္ကျီဖိုး သူရှင်းမယ်ဆိုတဲ့ ဂျူနီယာလေးကို ပြတ်ပြတ်သားသား ငြင်းလိုက်ပြီး အမျိုးသမီးကို ခရက်ဒစ်ကတ် ပေးလိုက်တယ်။ အမျိုးသမီးက ကတ်ကိုယူပြီး ငွေရှင်းနေတုန်းမှာ သူက ငြိမ်သက်နေတဲ့ ကြောင်ပေါက်လေးရဲ့ မေးစေ့ကို ပွတ်သပ်ပေးနေမိတယ်။ ကြောင်လေး အသံမြည်နေတာက တော်တော်လေး ချစ်စရာကောင်းတယ်။ ဂျူနီယာလေးကလည်း လက်လှမ်းပြီး ကြောင်လေးရဲ့ ခေါင်းကို ပွတ်သပ်ပေးတယ်။

"နောက်လည်း လာခဲ့ဦးနော်"

"ဟုတ်ကဲ့"

သူက စက္ကူအိတ်တစ်လုံးကို ကိုင်ပြီး အပြင်ပြန်ထွက်လာခဲ့တယ်။ ဒါက အချိန်အကြာကြီးနေမှ သူ အတော်လေး ကျေကျေနပ်နပ် ဈေးဝယ်ထွက်ဖြစ်ခဲ့တာပဲ။ ဒီလိုမျိုး အဝတ်အစားဆိုင်တွေဝင်၊ လမ်းဘေးစာတွေစားပြီး လမ်းပေါ်မှာ လွတ်လွတ်လပ်လပ် လျှောက်သွားခဲ့တာ နောက်ဆုံး ဘယ်တုန်းကမှန်းတောင် သူ မမှတ်မိတော့ဘူး။

သူက ဂျူနီယာလေးရဲ့ လက်ကိုဆွဲပြီး ပိုဂျန်းမာချာ ဆီ လမ်းလျှောက်သွားတယ်။ သူက မီနူးကို လက်ညှိုးထိုးပြပြီး အကြော်စုံ၊ တော့ပိုကီ နဲ့ ဆွန်ဒယ် တို့ကို မှာလိုက်တယ်။ ဒီနေ့က သူ စားချင်တာ အကုန်စားမယ့်နေ့ပဲလေ။

(TR Note: ပိုဂျန်းမာချာ ကိုရီးယားမှာ ညဘက်တွေမှာ တွေ့ရလေ့ရှိတဲ့ ရွက်ဖျင်တဲနဲ့လမ်းဘေးစားသောက်ဆိုင်၊ ဆွန်ဒယ် ကိုရီးယားရိုးရာ ဝက်သွေး၊ ကန်စွန်းဆန်နဲ့ အခြားပါဝင်ပစ္စည်းဖြင့်လုပ်တဲ့ ဝက်အူချောင်း၊ )

အကြော်တစ်တုံးကို တော့ပိုကီ အနှစ်ထဲ နှစ်ပြီး သူ စားလိုက်တယ်။ ကြွပ်ရွနေတဲ့ အရသာကြောင့် သူ မသိမသာ ပြုံးလိုက်မိတယ်။

"နင်လည်း စားလေ"

ဂျူနီယာလေးက စားစရာတွေကို ကြည့်ပဲကြည့်နေပြီး မစားဘူးဖြစ်နေတယ်။

"ဟိုလေ၊ အစ်မ"

"ဟင်"

"တစ်ခုခု ဖြစ်ထားလို့လား"

အဲဒီစကားကို ကြားတော့ ချယ်ရင် က ကောက်ကိုင်ထားတဲ့ ဆွန်ဒယ် ကို ပြန်ချလိုက်တယ်။ သူ့ပါးစပ်ကနေ မချိပြုံးပြုံးတဲ့ အသံလေး ထွက်လာတယ်။

"သိသာနေလို့လား"

"နည်းနည်းပါ"

"ငါ အဆင်ပြေပါတယ်လို့ ထင်နေတာ၊ ဒါပေမဲ့ မပြေသေးဘူးထင်တယ်။ အင်း၊ အခုလောလောဆယ်တော့ စားလိုက်ရအောင်။ အေးသွားရင် အရသာပျက်သွားလိမ့်မယ်"

ချယ်ရင် က အကြော်ပန်းကန်ကို ဂျူနီယာလေးဘက်ကို တွန်းပေးလိုက်တယ်။ ဂျူနီယာလေးကလည်း တူကို စကိုင်လိုက်တယ်။ ခဏလောက် သူတို့ ဘာမှစကားမပြောဖြစ်ကြဘူး။

သူ အဆင်ပြေတယ်လို့ ထင်ခဲ့ပေမယ့် သူ့မျက်နှာက ဖွင့်ပြောပြနေသလို ဖြစ်နေတယ်။ စားသောက်ပြီးလို့ မတ်တတ်ရပ်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ဂျူနီယာလေးက ဆိုင်ရှင်ကို မြန်မြန်ဆန်ဆန်ပဲ ပိုက်ဆံရှင်းလိုက်တယ်။

"ငါ ရှင်းလို့ ရပါတယ်ဆို"

"အမြဲတမ်း အကျွေးခံနေရတာကို သဘောမကျလို့ပါ"

ဂျူနီယာလေးရဲ့ ခံစားချက်ကို နားလည်တဲ့အတွက် ချယ်ရင် က ဝမ်တစ်သောင်းတန်ကို ပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်တယ်။ သူတို့ ပိုဂျန်းမာချာ ကနေ ထွက်လာပြီး ဈေးတန်းလမ်းမပေါ်မှာ လမ်းလျှောက်လာခဲ့တယ်။ ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် သူတို့အရွယ် လူတွေ တော်တော်များများ လမ်းလျှောက်နေကြတယ်။

"သူတို့ ဒီနေ့မှ ရုံတင်တဲ့ ရုပ်ရှင်ကို သွားကြည့်ကြမှာ ဖြစ်မယ်" လို့ ဂျူနီယာလေးက ပြောလိုက်တယ်။

ဘာရုပ်ရှင်လဲလို့ မေးလိုက်တော့ နာမည်ကြီး မင်းသားတစ်လက် ပါဝင်တဲ့ အချစ်ရုပ်ရှင်လို့ ဂျူနီယာလေးက ပြန်ဖြေတယ်။ အဲဒါ ချယ်ရင် သိတဲ့ မင်းသားပဲ။ အဲဒီမင်းသားက အရမ်းချောတယ်လို့ နာမည်ကြီးတာလေ။ သူတို့နှစ်ယောက် အဲဒီမင်းသားအကြောင်း ခဏလောက် ပြောဖြစ်ကြတယ်။ ဒါပေမဲ့ အဲဒီစကားဝိုင်းက သိပ်မကြာလိုက်ပါဘူး။ ပျင်းစရာကောင်းတဲ့ အကြောင်းအရာမဟုတ်သလို သူတို့လည်း အဲဒီအကြောင်းတွေ ပြောရတာ သဘောကျပေမယ့် ချယ်ရင် က စကားလမ်းကြောင်းကို အလယ်မှာတင် ဖြတ်လိုက်တယ်။

"ငါ့မှာ အခက်အခဲလေးတွေ ရှိနေလို့ နင့်ကို ရင်ဖွင့်လို့ ရမလား"

သူ အဲဒီစကားတွေ မပြောချင်ပါဘူး။ ဂျူနီယာလေးနဲ့ တွေ့ပြီး စိတ်ကြိုက် ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်ခဲ့တာ။ ဒါက ဂျူနီယာလေးကို ပြောပြရုံနဲ့ ဖြေရှင်းနိုင်မယ့် ပြဿနာမှ မဟုတ်တာ။ ဒါကြောင့် ပြဿနာကို မေ့ထားနိုင်အောင် ဒီအချိန်လေးကို အပြည့်အဝ အသုံးချပြီး ပျော်ပျော်နေမယ်လို့ သူ တွေးခဲ့ပေမယ့် ဂျူနီယာလေးရဲ့ စိုးရိမ်နေတဲ့ မျက်လုံးတွေကို မြင်လိုက်ရတော့ ဖုံးကွယ်ထားဖို့ ခက်ခဲလာတယ်။

"ကျွန်မ နားထောင်ပေးနိုင်ပါတယ်"

ဂျူနီယာလေးက အပြစ်ဆိုဖွယ်မရှိတဲ့ အပြုံးလေးနဲ့ ပြန်ပြုံးပြတယ်။ ဒီစကားလေးအတွက်တင် သူ ကျေးဇူးတင်မိတယ်။ ရင်ဖွင့်စရာလူမရှိလို့ အရာရာကို မြိုသိပ်ထားတာက သူ့အတွက် အကျင့်တစ်ခုလို ဖြစ်နေပေမယ့် အခုတော့ ရင်ဖွင့်နိုင်မယ့်သူ တစ်ယောက် ရှိလာခဲ့ပြီလေ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ဂျူနီယာလေးက အဆောက်အအုံတစ်ခုရဲ့ ဒုတိယထပ်မှာရှိတဲ့ ကော်ဖီဆိုင်တစ်ခုကို လက်ညှိုးထိုးပြရင်း သူ့လက်မောင်းကို လာချိတ်တယ်။

"ဟိုကို သွားရအောင်"

ကော်ဖီဆိုင်ထဲမှာ ဂျက်ဇ်သီချင်းလေး ဖွင့်ထားတယ်။ စုတ်ပြတ်နေတဲ့ ဆိုင်းဘုတ်နဲ့မတူဘဲ ဆိုင်အတွင်းပိုင်းက တော်တော်လေး သန့်ရှင်းသပ်ရပ်ပြီး အဲဒါကြောင့်ပဲ စားသုံးသူ အများစုက လူငယ်တွေ ဖြစ်နေတယ်။

"လတ်တေး တစ်ခွက်ပေးပါ"

"ကျွန်မအတွက်က စတော်ဘယ်ရီ ဖျော်ရည်ပေးပါ"

သူတို့ နေရာမယူခင် အရင်ဆုံး မှာလိုက်ကြတယ်။ သူတို့ထိုင်တာက ပြတင်းပေါက်နားမှာ။ လမ်းပေါ်ကို ငုံ့ကြည့်လိုက်တော့ ခြေတံရှည်တုတ်ကောက်တွေနဲ့ လူရွှင်တော်တစ်ယောက်က ကြော်ငြာတွေ လိုက်ဝေနေတာ တွေ့လိုက်ရတယ်။ အနားမှာ ကလေးတွေလည်း အများကြီးပဲ။

"ဘာဖြစ်လို့လဲဟင်"

အပြင်ဘက်ကို ငေးကြည့်ရင်း သူ ငေးမောနေမိပေမယ့် ဂျူနီယာလေးရဲ့ စကားကြောင့် ခေါင်းလှည့်ကြည့်လိုက်တယ်။

"အင်း..."

ဒါကို သူ ဘယ်လို စပြောရမလဲ။ အစကတည်းက စပြောဖို့က ညည်းတွားနေသလို ဖြစ်မှာဆိုးပေမယ့် အဓိကအချက်လောက်ပဲ ပြောပြရင်လည်း သူ့ရင်ထဲ ပေါ့သွားမှာ မဟုတ်ဘူး။ ကံကောင်းချင်တော့ ဂျူနီယာလေးက သူ့ကို အတင်းအကျပ် မမေးဘဲ သူ စပြောမယ့်အချိန်ကို စောင့်နေပေးတယ်။ သူက တကယ်ကို လိမ္မာတဲ့ ကောင်မလေးပါပဲ။ ဘာကြောင့်မှန်းမသိ၊ ဒီကောင်မလေးက မာရူး အတွက်တော့ အရမ်းကို ကောင်းလွန်းတယ်လို့ သူ ခံစားမိတယ်။

သူတို့မှာထားတာတွေ ရောက်လာတယ်။ ဂျူနီယာလေးက မတ်တတ်ရပ်ပြီး ကော်ဖီနဲ့ စမူသီကို သွားယူတယ်။

"ကျေးဇူးပဲ"

နွေးထွေးနေတဲ့ ခွက်ကို ကိုင်လိုက်တဲ့အချိန်မှာ သူ့အတွေးတွေ ရှင်းလင်းသွားသလို ခံစားလိုက်ရတယ်။

"ဒါကို ဘယ်သူ့ကိုမှ မပြောနဲ့နော်"

"ဒါပေါ့။ ဘယ်သူ့ကိုမှ မပြောပါဘူး"

ဂျူနီယာလေးက သူ့ပါးစပ်ကို ဇစ်ဆွဲပိတ်လိုက်တဲ့ ပုံစံလုပ်ပြတယ်။

"ငါတို့အဖွဲ့ ကွဲတော့မယ်ထင်တယ်"

"ရှင်"

"BLUE လေ။ ငါတို့အတွက်တော့ ပြီးသွားပြီ ထင်ပါတယ်"

"ဘာလို့လဲ"

"အကြောင်းပြချက်တွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ အကြီးဆုံးအကြောင်းပြချက်ကတော့ ငါတို့တွေ အရင်ကလောက် မရင်းနှီးကြတော့လို့ပဲ။ ဒါက တစ်ခုတည်းသော အကြောင်းပြချက်တော့ မဟုတ်ပါဘူး။ အဲဒီထက် ပိုရှုပ်ထွေးတဲ့ ကိစ္စတွေလည်း ရှိသေးတယ်။ အားလုံးက ကိုယ့်လမ်းကိုယ် သွားချင်နေကြတယ်။ အဲဒီလို စလုပ်နေတဲ့ အစ်မတစ်ယောက်တောင် ရှိတယ်။ စာချုပ်ကိစ္စလည်း ပါသေးတာပေါ့"

"အခြေအနေ... ဆိုးလားဟင်"

"ငါလည်း သေချာမသိဘူး။ လွန်ခဲ့တဲ့ အချိန်တိုလေးအထိ ငါ အရမ်းကို စိတ်ပူနေခဲ့တာ။ အစာအိမ်ဆေးတောင် ပြန်သောက်နေရတယ်။ BLUE က ထာဝရ ပျောက်ကွယ်သွားတော့မှာလား၊ ငါ ဖျော်ဖြေရေးလောကမှာ ဆက်ရပ်တည်နိုင်ပါဦးမလား၊ ငါ ဘာတွေဆက်ဖြစ်မလဲ ဆိုပြီး တွေးပူရင်း ခေါင်းတွေတောင် ပေါက်ထွက်တော့မလို ခံစားခဲ့ရတာ။ အခုတော့ အရင်ကလောက်တော့ စိတ်မလေးတော့ဘူး။ ဒါပေမဲ့ စိတ်ပူနေတုန်းပါပဲ"

"ဒါဆို အားလုံးက ကိုယ့်လမ်းကိုယ် ခွဲသွားကြတော့မှာလား"

"အဲဒီလိုပဲ ထင်တာပဲ။ ဥက္ကဋ္ဌကတော့ ငါတို့ရဲ့ သဘောထားတွေကို စုစည်းပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ငါတို့ ငါးယောက်စလုံး BLUE မှာ ဆက်နေချင်ဖို့ဆိုတဲ့ ဖြစ်နိုင်ခြေက လုံးဝမရှိသလောက်ပါပဲ။ မနေ့က ငါ အစ်မတွေနဲ့ စကားမပြောဖြစ်တာ ကြာပြီဖြစ်တဲ့အတွက် စကားပြောကြည့်သေးတယ်။ ဒါပေမဲ့ သူတို့က အဖွဲ့ကို သံယောဇဉ်ရှိပုံ မပေါ်ဘူး။ ငါလည်း သူတို့ရဲ့ အပြုအမူတွေ ကူးစက်လာတာနေမှာပါ"

ချယ်ရင် သက်ပြင်းချလိုက်တယ်။ တကယ်တော့ သူ လုံးဝ အဆင်မပြေပါဘူး။ သူ အရမ်းကို စိတ်ပူနေတယ်ဆိုတာကို ဖွင့်ပြောပြမလို့ လုပ်မိသေးတယ်။ ဂျူနီယာလေးကို သူ စိတ်မပူစေချင်ဘူးလေ။ ဒါပေမဲ့လည်း ဒီကိစ္စကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ အရမ်းခက်ခဲလွန်းလို့ အခုလို ပြောပြလိုက်တာပါ။ ဒီစကားတွေကို ဘယ်သူ့ကိုမှ သူ ပြောပြလို့ မရဘူး၊ သူ့မိဘတွေကိုတောင် ပြောပြလို့ မရဘူးလေ။ သူတို့ကို ပြောပြရင်တောင် အစ်မတွေကို နားချကြည့်ဖို့ပဲ ပြန်ပြောကြမှာ သေချာတယ်။

သူ ဘာမှမလုပ်ဘဲ ကော်ဖီခွက်ကို ငုံ့ကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ ဂျူနီယာလေးရဲ့ လက်က သူ့လက်ဆီ ရောက်လာပြီး သူ့လက်ကို လာဆုပ်ကိုင်ပေးတယ်။

"စိတ်မပူပါနဲ့ အစ်မရယ်။ အရာရာ အဆင်ပြေသွားမှာပါ"

ချယ်ရင် ခေါင်းညိတ်ပြလိုက်တယ်။

"စိတ်ညစ်စရာ စကားတွေကို ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်။ မလိုတာတွေ ပြောပြမိတဲ့အတွက် ဆောရီးနော်"

"ရပါတယ်။ စိတ်လေးနေရင် အချိန်မရွေး ဖုန်းဆက်လို့ရတယ်။ ကျွန်မမှာ အားတဲ့အချိန်တွေ အများကြီးပဲ"

"နင် မာရူး နဲ့ ဒိတ်လုပ်နေရင်တောင် ဖုန်းဆက်လို့ ရလား"

"...အင်းလေ၊ ရပါတယ်"

"နင်က ခံစားချက်တွေကို တကယ် ဖုံးမထားနိုင်ဘူးပဲ"

"တ-တကယ်လား"

သူ ပြုံးလိုက်ပြီး ကော်ဖီကို သောက်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ဘေးစားပွဲဝိုင်းက ကောင်မလေးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။ တိုးတိုးလေး ပြောနေရာကနေ ရုတ်တရက် အသံကျယ်သွားတဲ့အတွက် သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရတာပဲ။

"ငါ ပြောသားပဲ၊ တကယ်ပါဆို"

"တကယ် နင့်သူငယ်ချင်း တကယ်တွေ့လိုက်တာလား"

"အေး၊ တွေ့ခဲ့တာ။ တီဗီမှာတော့ ရိုးရိုးလေးလိုဟန်ဆောင်နေပြီး တကယ်တော့ သူက ကြေးစားမလေးလား"

"ငါ့သူငယ်ချင်းလည်း အစကတော့ သူလို့ မထင်ခဲ့ဘူးတဲ့။ ဒါပေမဲ့ အရမ်းကို တူနေတာ"

"ဟဲ့၊ ဒါပေမဲ့လည်း အသက်ငါးဆယ်လောက်ရှိတဲ့ လူကြီးတစ်ယောက်နဲ့ မိုတယ်ကို သွားတာဆိုတာကတော့။ နင့်သူငယ်ချင်း အမြင်မှားတာ မဟုတ်ဘူးလား"

"ငါက တကယ်ပါဆိုနေ။ အဲဒီ ကွန်းဒါယွန်း ရဲ့ မျက်နှာကို သေချာကြည့်စမ်းပါ။ လုံးဝကို ကောက်ကျစ်မယ့် ရုပ်မျိုးပဲ။ အဲဒီလူကြီးက သူဌေးကုမ္ပဏီဥက္ကဋ္ဌဖြစ်ဖြစ် တစ်ခုခုတော့ ဖြစ်မှာပေါ့"

"မဟုတ်ဘူး၊ အဲဒါ သူ့စပွန်ဆာဖြစ်မှာ သေချာတယ်။ နင် သတင်းတွေ မကြည့်ဘူးလား။ ခန္ဓာကိုယ်ရင်းပြီး ပိုက်ဆံရှာတဲ့ မင်းသမီးတွေနဲ့ အိုင်ဒေါတွေ ရှိတယ်ဆိုတာလေ"

"အဲဒီလိုများ ဖြစ်နေမလား"

"ငါ သေချာပေါက် ပြောရဲတယ်။ အခုတလော BLUE အဖွဲ့ရဲ့ အကြပ်အတည်းအကြောင်း ကောလာဟလတွေလည်း ထွက်နေတာပဲ။ တစ်နေ့ ဒီလိုဖြစ်လာမယ်ဆိုတာ ငါ သိပြီးသား။ ငါတို့ အိုပါးတွေနဲ့ ဒိတ်လုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာကတည်းက ငါ မသင်္ကာဖြစ်နေတာ"

ဘယ်သူ။ ခဏလောက်တော့ သူ ကြားတာ မှားသွားသလားလို့ တွေးလိုက်မိတယ်။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ BLUE အဖွဲ့က ကွန်းဒါယွန်း ဆိုတာ တစ်ယောက်ပဲ ရှိတာလေ။ သူ မယုံနိုင်ဘူး။ အစ်မဒါယွန်းနဲ့ သူ့ရဲ့ ဆက်ဆံရေးက အဆင်မပြေဖြစ်လာပြီး အရမ်းကြီး ရင်းရင်းနှီးနှီး စကားမပြောဖြစ်တော့ပေမယ့် သူက အဲဒီလို အလုပ်မျိုး လုပ်မယ့်သူ မဟုတ်ပါဘူး။ သူတို့ အထင်မှားနေတာ ဖြစ်ရမယ်။

အဖွဲ့ကွဲဖို့ ဦးတည်နေပြီး တွေ့တိုင်း ရန်ဖြစ်နေကြပေမယ့် သူတို့ အတူတူ ဖြတ်သန်းလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။ အဲဒီလို ကြိုးစားအားထုတ်ခဲ့မှုတွေကို အခုလို ပုတ်ခတ်ပြောဆိုနေတာကို သူ ခွင့်မလွှတ်နိုင်ဘူး။

သူ မတ်တတ်တောင် ရပ်လိုက်မိမလို့ပဲ။ အဲဒီကောင်မလေးတွေဆီသွားပြီး ကောလာဟလတွေကို အခြေခံပြီး လူတစ်ယောက်ကို မဝေဖန်သင့်ဘူးလို့ သူ အော်ပြောပစ်ချင်နေတယ်။ သူတို့က သူ့အကြောင်း ဘာတွေများ သိလို့လဲ။

အဲဒီအချိန်မှာပဲ ဂျူနီယာလေး မတ်တတ်ရပ်လိုက်တာကို သူ တွေ့လိုက်ရတယ်။ ဂျူနီယာလေးက တော်တော်လေး စိတ်တိုနေတဲ့ပုံပဲ။ ဂျူနီယာလေးက သူ့ကို ငြိမ်ငြိမ်လေးနေဖို့ ပြောပြီး ဘေးဝိုင်းက ကျောင်းသူတွေဆီ လျှောက်သွားတယ်။ အမြဲတမ်း ပြုံးနေတတ်တဲ့ ဂျူနီယာလေးရဲ့ မျက်လုံးတွေက အခုတော့ ဒေါသထွက်နေပုံရတယ်။ မျက်နှာထားကလည်း တော်တော်လေး အေးစက်နေတယ်။ သူလို ကောင်မလေးက ဒီလို မျက်နှာအမူအရာမျိုး လုပ်နိုင်တာကိုက အံ့သြစရာပါပဲ။

စကားများနေတဲ့ ကောင်မလေးတွေက စကားပြောရပ်သွားပြီး ဂျူနီယာလေးကို ကြည့်လာကြတယ်။ အရှိန်ကြောင့် သူတို့ ဘာမှ ပြန်မပြောရဲကြဘူး။

ဂျူနီယာလေးက သူ့ကိုယ်စား ဒေါသထွက်ပေးခဲ့တာ။ အဲဒါကို ကြည့်ပြီး သူ ကျေးဇူးတင်မိသလို တစ်ဖက်မှာလည်း ရယ်ချင်နေမိတယ်။ ခုနကတော့ ဒေါသထွက်လွန်းလို့ သူတို့ကို အော်ပြောချင်နေခဲ့ပေမယ့် အခု စိတ်နည်းနည်း တည်ငြိမ်သွားတဲ့အခါမှာတော့ ဂျူနီယာလေးကို တားရမယ်လို့ပဲ သူ တွေးမိတော့တယ်။

"ဒီမှာ"

ဂျူနီယာလေးက ခပ်တင်းတင်းပဲ စပြောလိုက်တယ်။ ချယ်ရင် က မြန်မြန် မတ်တတ်ရပ်ပြီး ဂျူနီယာလေးရဲ့ လက်မောင်းကို ဆွဲလိုက်တယ်။ ဂျူနီယာလေးက သူ့ကို စိုက်ကြည့်လာတဲ့အခါ သူက ခေါင်းခါပြလိုက်တယ်။

"...တိတ်တိတ်နေပေးကြပါ"

ဂျူနီယာလေးက ပြောမယ့်စကားကို ပြောင်းပြောလိုက်တယ်။ သူတို့နဲ့ ရွယ်တူလောက်ရှိမယ့် ကောင်မလေးတွေက ခေါင်းသာ ညိတ်ပြကြတယ်။ ကော်ဖီဆိုင်ထဲက လူတွေအကုန်လုံးကလည်း သူတို့ကို ဝိုင်းကြည့်နေကြတယ်။

"သွားရအောင်"

သူက ဂျူနီယာလေးကို ခေါ်ပြီး ကော်ဖီဆိုင်ထဲကနေ ထွက်လာခဲ့တယ်။ အပြင်ရောက်ရောက်ချင်းမှာပဲ ဂျူနီယာလေးက သက်ပြင်းချလိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်နေတယ်။ ကြည့်ရတာ သူ ကြောက်နေပုံပဲ။

"အဆင်ပြေရဲ့လား"

"အာ၊ ဟုတ်ကဲ့"

သူ ခပ်ရေးရေးလေး ပြုံးလိုက်တယ်။

"နင် ရန်ဖြစ်တာ တော်လို့လား"

"ဟင့်အင်း"

"ဒါဆို ဘာလို့ အဲဒီလို လုပ်လိုက်တာလဲ"

"သူတို့ တော်တော်လေး လွန်သွားလို့လေ။ နာမည်ကြီးတွေကို ဘယ်လောက်ပဲ အထင်သေးပါစေ၊ အဲဒီလိုမျိုး ပြောတာကတော့..." လို့ ဂျူနီယာလေးက ဒုတိယထပ်ကို မော့ကြည့်ရင်း ပြောလိုက်တယ်။

"ဒီလိုဖြစ်နေတာ တစ်ရက်နှစ်ရက်မှ မဟုတ်တာ"

"အစ်မလည်း အဲဒီလိုမျိုးတွေ ကြားခဲ့ရတာလား"

"အင်တာနက်ပေါ်မှာ နေရာတိုင်းမှာ ရှိပါတယ်။ ဘယ်သူက ဘယ်သူနဲ့ အိပ်တယ်၊ ဘယ်သူက ကျောင်းတုန်းက လူမိုက်၊ ဘယ်သူက ဘယ်သူ့ကို ယုတ်မာတယ် ဆိုတာမျိုးတွေလေ"

"ဘယ်သူမဆို နာမည်ကြီးဖြစ်လာနိုင်တာ မဟုတ်ဘူးပဲ"

"အချိန်ကြာလာရင်တော့ အသားကျသွားမှာပါ။ ဒါပေမဲ့... အသားကျသွားတယ်ဆိုတာ မနာကျင်ဘူးလို့ ပြောတာမှ မဟုတ်တာ။ ဒါပေမဲ့ ငါက ဘာလုပ်နိုင်မှာလဲ။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းပဲလေ"

ချယ်ရင် က စိတ်ဓာတ်ကျနေတဲ့ပုံပေါက်နေတဲ့ ဂျူနီယာလေးကို လမ်းမပေါ်ဆွဲခေါ်လာခဲ့တယ်။ အချိန်အကြာကြီးနေမှ ဈေးဝယ်ထွက်ရတာကို ပျော်နေတာမို့လို့ ဒီလိုအကြောင်းတွေပြောရင်း အချိန်မကုန်ချင်ဘူးလေ။ ဒါယွန်း အကြောင်း မကောင်းတဲ့အတွေးတွေ ခေါင်းထဲ ခဏခဏ ဝင်လာပေမယ့် သူ တတ်နိုင်သမျှ ဖိနှိပ်ထားလိုက်တယ်။ တကယ်တော့ အစ်မတွေနဲ့ ရန်ဖြစ်တဲ့အခါမျိုးမှာ သူတို့ အဲဒီအကြောင်းတွေ တစ်ခါတလေ ပြောဖြစ်ကြတယ်။ တခြားတစ်ယောက်ယောက်ကို အရက်ငှဲ့ပေးခဲ့ရလို့ သူတို့ အဖွဲ့ထဲ ရောက်လာတာလား ဆိုတာမျိုးတွေလေ။ သူတို့ လွန်သွားပြီလို့တွေးမိပြီး ချက်ချင်းပြန်တောင်းပန်တတ်ကြပေမယ့် အဲဒီအကြောင်းပြောတိုင်း ဒါယွန်း က ဘာမှ ပြန်မပြောဘူး။ ဒါယွန်းရဲ့ စတိုင်လ်က အချက်တစ်ချက်ချင်းစီကို ထောက်ပြပြီး ပြန်ချေပတတ်ပေမယ့် အဲဒီအချိန်မှာတော့ သူက နှုတ်ပိတ်နေတတ်တယ်။

"ဒီလို မဖြစ်သင့်ပါဘူး"

"ဘာကိုလဲ"

"ဘာမှမဟုတ်ပါဘူး၊ ကိုယ့်ဘာသာကိုယ် ပြောနေတာပါ"

သူတို့က ကြိုးစားအားထုတ်မှုနဲ့ လေ့ကျင့်မှုတွေကြောင့် ဒီနေရာနဲ့ အောင်မြင်မှုကို ရခဲ့ကြတာလေ။ အဲဒီမှာ လိမ်လည်လှည့်ဖြားမှုတွေအတွက် နေရာမရှိပါဘူး။ ဒါယွန်း နဲ့ ပတ်သက်တဲ့ ကောလာဟလတွေက ကောလာဟလတွေ သက်သက်ပါပဲ။ မဟုတ်ဘူး၊ အဲဒါတွေက အဓိပ္ပာယ်မရှိတာတွေချည်းပဲ။ သူတို့ မှားနေတာ ဖြစ်ရမယ်။ အဲဒီလိုပဲ ဖြစ်ရမှာပေါ့။

* * * * * * * * *

သူ အက်ရှင်ကျောင်း ဖွင့်ထားတာ ကြာပြီဖြစ်ပေမယ့် ဒီလောက်တော်တဲ့သူကို အခုမှ ပထမဆုံး မြင်ဖူးတာပဲ။

"အဲဒီကနေ ခါးကို နည်းနည်း ထပ်လှည့်ကြည့်။ အင်္ကျီအောက်နားစလေး လွင့်သွားအောင် ကြိုးစားကြည့်"

ခေါင်းညိတ်ပြပြီးနောက် မာရူး က နေရာယူလိုက်တယ်။ တွဲပြီး သရုပ်ဆောင်မယ့် သူတွေကလည်း သူတို့နေရာ သူတို့ ယူကြတယ်။ သူတို့က အလှည့်ကျ ဇာတ်လိုက်နေရာကနေ သရုပ်ဆောင်နေကြတာဖြစ်ပြီး မာရူး တစ်ယောက်ပဲ တော်တော်လေး ကြည့်ကောင်းနေတယ်။ ဒီရုပ်ရှင်က အက်ရှင်ခန်းတွေ အများကြီးပါတဲ့အတွက် သူတို့က ခန္ဓာကိုယ်ကို ကောင်းကောင်း အသုံးချနိုင်ရမယ်လေ။ အဲဒီသဘောနဲ့ဆိုရင်တော့ မာရူး ကို သူ အမှတ်ပြည့်ပေးလို့ ရတယ်။

သူတို့ အချင်းချင်း အကဲခတ်ကြည့်လိုက်ပုံထောက်ရင် ပြင်ဆင်မှုတွေ ပြီးသွားပြီထင်တယ်။ အားလုံးက လေးလေးနက်နက် ဖြစ်နေကြတယ်။ သင်တန်းသားတွေက လေးလေးနက်နက်ရှိလေ၊ ချွန်းဟို က သူတို့ကို သင်ပေးချင်စိတ် ပိုဖြစ်လာလေပဲ။

"မင်း ခွေးကောင်"

သူ ပြောထားတဲ့အတိုင်းပဲ၊ မာရူး က ပထမဆုံး တိုက်ခိုက်လာသူရဲ့ ညာလက်သီးကို ရှောင်ဖို့ အရင်ဆုံး ခေါင်းငုံ့လိုက်ပြီး ရှေ့ကို လိမ့်ချလိုက်တယ်။ ကျန်တဲ့သူတွေကလည်း သူ့ဆီ အမြန်ပြေးဝင်လာကြတယ်။ တစ်ယောက်က အရမ်းမြန်သွားတဲ့အတွက် နေရာယူထားတာတွေ ရှုပ်ယှက်ခတ်သွားပေမယ့် အဲဒီအချိန်တိုလေးအတွင်းမှာပဲ အက်ရှင်ကွက်တွေ မပျက်သွားအောင် မာရူး က အချိန်ကိုက် ချိန်ညှိလိုက်တယ်။ လက်တွေ ခြေထောက်တွေ အားလုံးက သူ့ကို ပွတ်တိုက်သွားကြတယ်။ ကင်မရာကသာ သူ့အနောက်ကနေ ရိုက်မယ်ဆိုရင် သူ တကယ်ကြီး အရိုက်ခံလိုက်ရသလို မြင်ရမှာပဲ။

အချိန်တိုလေးအတွင်း တိုက်ခိုက်တာက ပြီးဆုံးသွားတယ်။ သူတို့က အစပိုင်းအဆင့်မှာပဲ ရှိနေသေးတဲ့အတွက် အတူတူ သရုပ်ဆောင်ဖို့ သင်ပေးဖို့ ချွန်းဟို မှာ အစီအစဉ်မရှိသေးဘဲ သူတို့ နည်းနည်းပျင်းနေတဲ့ပုံ ပေါက်နေလို့ နမူနာပြလိုက်ရုံပါပဲ။ ဒါပေမဲ့ သူတို့က ကောင်းကောင်း နားလည်သဘောပေါက်နေကြတယ်။ သင်တန်းရဲ့ ပြင်းအားကို မြှင့်တင်ဖို့ သူ စဉ်းစားလိုက်တယ်။

"ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ တခြားသူတွေနဲ့ တွဲပြီး သရုပ်ဆောင်ရတာ ဘယ်လိုမျိုးလဲဆိုတာ မင်းတို့ သဘောပေါက်ပြီလို့ ထင်လား"

"ဟုတ်ကဲ့"

"ခန္ဓာကိုယ်ကို ပိုပြီး သက်တောင့်သက်သာ အသုံးချနိုင်လာပြီဆိုရင်တော့ ငါတို့ သင်ခန်းစာတွေပြောင်းပြီး အတူတူ သရုပ်ဆောင်တာကို လေ့ကျင့်ကြမယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် အခြေခံကို ခိုင်မာအောင် အရင်တည်ဆောက်ဖို့ လိုတယ်။ အနိမ့်ဆုံးအမြင့်ကနေတောင် မှားယွင်းပြီး ပြုတ်ကျရင် ဒဏ်ရာရနိုင်တယ်။ အခု ဒီကို ရောက်နေပြီဆိုတော့ ပြုတ်ကျတဲ့ နည်းစနစ်တွေကို ပြန်လေ့ကျင့်ကြရအောင်" လို့ ချွန်းဟို က ဖျာကို လက်ညှိုးထိုးပြရင်း ပြောလိုက်တယ်။

အဲဒီအချိန်မှာပဲ အဆောက်အအုံထဲကို လူတစ်ယောက် ဝင်လာတယ်။ သူကတော့ မျက်နှာပေါ်မှာ အမြဲတမ်း နားလည်ရခက်တဲ့ အပြုံးတစ်ခုကို ဆင်မြန်းထားတတ်တဲ့ ဂျုံဂျင် ပါပဲ။

* * * * * * * * *

All Chapters