← Chapters

အခန်း ၃၅၆

Vol. 36 Ch. 356

အခန်း ၃၅၆

Vol. 36 Ch. 356

အခန်း(၃၅၆)

“အားလုံး အဆင်ပြေရဲ့လား” လို့ ဂျုံဂျင် က အထဲကို ဝင်လာရင်း မေးလိုက်တယ်။

သူက လက်တိုတီရှပ်ရယ်၊ ဘောင်းဘီတိုရယ်၊ ဈေးပေါတဲ့ ဖိနပ်အစုတ်တစ်ရံကို စီးထားတော့ ရပ်ကွက်ထဲက အလုပ်လက်မဲ့တစ်ယောက်နဲ့ တူနေတယ်။

“မင်းက ဘာလို့ ဒီလိုပုံစံနဲ့ လျှောက်သွားနေရတာလဲ။ ရုပ်ရှင်ဒါရိုက်တာတွေရဲ့ ဂုဏ်သိက္ခာက ဘယ်ရောက်သွားပြီလဲ”

“အဲဒီလို အသေးအမွှားလေးတွေကအစ လိုက်စဉ်းစားနေရတာ ပင်ပန်းလွန်းလို့ပါ။ လောလောဆယ် အချိန်ပြည့် ဝတ်စုံပြည့်ဝတ်နေရတော့ တော်တော်လေးကို ဒုက္ခရောက်နေပြီ” လို့ ဂျုံဂျင် က သူ့မုတ်ဆိတ်မွေးကြမ်းကြမ်းတွေကို ပွတ်သပ်ရင်း ပြောလိုက်တယ်။

သူက တကယ်ကို ခန့်မှန်းရခက်တဲ့သူပဲ။ ဝတ်စုံပြည့်ဝတ်ထားရင် ကုမ္ပဏီအကြီးအကဲတစ်ယောက်နဲ့ တူပြီး စတိုင်ကျကျ ဝတ်ထားပြန်ရင်လည်း ခေတ်ပေါ်လူငယ် ရုပ်ရှင်ဒါရိုက်တာတစ်ယောက်နဲ့ တူနေတတ်တယ်။ ဒါပေမဲ့ တကယ် အရေးကြီးတဲ့အချိန်ကလွဲရင် အမြဲတမ်း ပေါ့ပေါ့ပါးပါးပဲ ဝတ်လေ့ရှိတယ်။

“အဲဒီလို နောက်ပြန်ကျတာ တော်တော်နာမှာပဲ”

နောက်ပြန်လဲကျသွားတဲ့ ကျောင်းသားတွေကို ကြည့်ပြီး ဂျုံဂျင် မျက်မှောင်ကြုတ်လိုက်တယ်။

“မင်းက အသက်ဝင်တဲ့ အက်ရှင်အခန်းမျိုး လိုချင်တာဆို။ အသက်ဝင်ချင်ရင်တော့ အနည်းဆုံး သူတို့ကိုယ်သူတို့ ဘယ်လိုကာကွယ်ရမလဲဆိုတာ သိထားဖို့ လိုတယ်လေ”

အဲဒီနောက် ချွန်းဟို က ကျောင်းသားတွေကို ဘေးတစောင်း လဲကျဖို့ ညွှန်ကြားလိုက်တယ်။ ဂျူဒို သင်ထားတဲ့ ဘန်ဂျူး က ကျောင်းသားတွေအတွက် သရုပ်ပြပေးတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ သိတဲ့သူရှိနေတော့ ချွန်းဟို အတွက် တော်တော်လေး လွယ်ကူသွားတယ်။

“မင်းကို လက်ဖက်ရည်နည်းနည်းလောက် ဖျော်ပေးရမလား”

“ကောင်းသားပဲ”

“မင်းတို့တွေ အဲဒါပြီးရင် နားလို့ရပြီ”

သူတို့ ရုံးခန်းထဲကို သွားကြပြီး ချွန်းဟို က ရေနွေးအိုးကို ဖွင့်လိုက်တယ်။

“မင်း အခုတလောရော ကော်ဖီအပြင်းတွေ သောက်နေတုန်းပဲလား”

“အနည်းဆုံး သုံးခွက်ပဲ”

“ဆီးချိုကိုလည်း သတိထားဦး။ မင်းက ငယ်ငယ်ရွယ်ရွယ် မဟုတ်တော့ဘူးနော်”

“လေးဆယ့်လေးနှစ်ဆိုတာ ငယ်သေးတာပါကွာ။ ပြီးတော့ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး။ မကြာခင် ငါးဆယ်ပြည့်တော့မှာဆိုတော့ ကလောင်တွေ၊ စာရွက်တွေနဲ့ လုံးပန်းရမယ့် အရွယ်ရောက်နေပြီ မဟုတ်လား။ ငယ်ငယ်တုန်းက လုပ်ခဲ့သလိုမျိုး လုပ်ရင်းနဲ့ လက်တွေ၊ ခြေထောက်တွေ ကျိုးသွားရင် အရင်ကလောက် မြန်မြန်ပျောက်မှာ မဟုတ်ဘူးနော်”

“ငါ့အရိုးကျိုးသွားရင် ပျောက်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ စမ်းသပ်ကြည့်ရမလား”

ချွန်းဟို က သူ့ကို ကန်တော့မလို လုပ်လိုက်တော့ ဂျုံဂျင် က အမြန်လက်ကာပြပြီး နောက်တာပါလို့ ပြောလိုက်တယ်။ အဲဒီနောက် ဆိုဖာပေါ်မှာ တင်ပျဉ်ခွေထိုင်နေတဲ့ ဂျုံဂျင် ကို ချွန်းဟို က ကော်ဖီခွက် ကမ်းပေးလိုက်တယ်။ ကော်ဖီမစ် သုံးထုပ်စာဖျော်ထားတဲ့ ကော်ဖီအပြင်းကြီးပဲ။

ကော်ဖီသောက်နေရင်းနဲ့ ချွန်းဟို က ဂျုံဂျင် ကို အကဲခတ်နေတယ်။ ဒီထူးဆန်းတဲ့ကောင်က ကြည့်နေရုံနဲ့တင် လူတွေရဲ့ စပ်စုချင်စိတ်ကို နှိုးဆွပေးနိုင်တဲ့ ရှားရှားပါးပါး လူစားမျိုးပဲ။ ဂျုံဂျင် က သူ့လက်သန်းကို ထောင်လိုက်ပြီး ကော်ဖီထဲကို နှစ်လိုက်တယ်။ သူက ကော်ဖီကို အမြန်မွှေလိုက်ပြီးနောက် လက်ချောင်းကို ပြန်ဆွဲထုတ်ကာ ပါးစပ်ထဲ ထည့်လိုက်တယ်။

“မပူဘူးလား”

“ပူတာပေါ့”

“မင်းက အကျင့်ဟောင်းတွေကို တကယ်မဖျောက်နိုင်သေးတာပဲ။ အစားအသောက်တိုင်းကို လက်ချောင်းနဲ့ ထိကြည့်ရမှ ကျေနပ်တာ မဟုတ်လား”

“ဒါက ရှင်းနေတာပဲလေ။ ဒီခေတ်လူတွေက အမြင်အာရုံကိုပဲ အရမ်းအာရုံစိုက်လွန်းနေကြတယ်။ လှပတဲ့ အစားအသောက်တွေကို မြင်ရင် စမစားခင် ဓာတ်ပုံအရင်ရိုက်ကြတယ်။ အဲဒါ တော်တော်နှမြောစရာမကောင်းဘူးလား။ သူတို့တွေ အဲဒါကို ထိကြည့်၊ အနံ့ခံကြည့်သင့်တယ်။ တကယ်လို့ ဆူပွက်နေတဲ့ အရာမျိုးဆိုရင် အသံကိုပါ နားထောင်ကြည့်သင့်တာပေါ့။ ဒီလောကကြီးမှာ လှုံ့ဆော်မှုတွေက နေရာတိုင်းမှာ ရှိတယ်။ အဲဒါတွေအားလုံးကို မခံစားနိုင်တာက တကယ်ကို သနားစရာကောင်းတဲ့ ကိစ္စပဲ”

လက်သန်းကို စုပ်ပြီးမှပဲ သူ ကော်ဖီစသောက်တော့တယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကနဲ့ ဘာမှမပြောင်းလဲသေးဘူး။ ဒီလူရဲ့ ထူးဆန်းတဲ့ အပြုအမူတွေက ချွန်းဟို ရဲ့ ခေါင်းထဲမှာ ဖြတ်ပြေးသွားပေမယ့် သူ နှုတ်ကနေတော့ ထုတ်မပြောလိုက်ဘူး။ ပြန်တွေးကြည့်ရုံနဲ့တင် ပင်ပန်းသွားစေမယ့် အဖြစ်အပျက်တွေ အများကြီးရှိခဲ့တာလေ။ အဲဒီအဖြစ်အပျက်တွေကို စကားလုံးတွေအဖြစ် ပြောင်းလဲဖို့ဆိုရင် နေ့လယ် ည သုံးရက်ဆက်တိုက် ပြောရင်တောင် လောက်မှာမဟုတ်ဘူး။

“အရင်တစ်ခေါက်က ငါအရမ်းအလုပ်များနေလို့ မင်းဆီက ဘာသတင်းမှ မကြားလိုက်ရဘူး။ ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး မင်း ဘာတွေလုပ်နေခဲ့တာလဲ။ မင်း တိုင်းပြည်ထဲမှာတောင် ရှိနေပုံမရပါဘူး”

ဂျုံဂျင် က ကော်ဖီကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး စက္ကူခွက်အလွတ်ကို စားပွဲပေါ် ဆောင့်ချလိုက်တယ်။

“တော်တော်ချိုတာပဲ။ အော်... ငါဘာလုပ်နေလဲ မေးလိုက်တာလား။ ရုပ်ရှင်ရိုက်ရတာ ပျင်းလာလို့ ခရီးထွက်နေခဲ့တယ်”

“ခရီးထွက်တယ်”

“အေးလေ။ ဥရောပ၊ တရုတ်ပြည် အနှံ့သွားခဲ့ပြီး ဘုရားဖူးတောင် သွားလိုက်သေးတယ်။ ဟေ့ကောင်ရေ... အဲဒီမှာ ရာသီဥတုက တကယ်ကို ရူးချင်စရာကြီးကွ။ မနက်ခင်းလမ်းလျှောက်ထွက်သလိုမျိုး အဘွားကြီးတစ်ယောက် မနက်စောစော ထွက်သွားတာကို ငါလိုက်သွားမိလို့ အပူဒဏ်ကြောင့် သတိတောင် မေ့မလိုဖြစ်သွားတယ်။ ဘုရားဖူးတွေတည်းတဲ့အိမ်မှာ ညဘက်တုန်းက နိုင်ငံခြားသားတစ်ယောက်က ပြင်သစ်လို တစ်ခုခုရှင်းပြနေတာ၊ သိလိုက်ရတာက အတွင်းခံအပို ယူသွားဖို့ ပြောနေတာပဲ။ ချွေးတွေထွက်လွန်းလို့ ငါ့ဘောင်းဘီတိုဆို ရွှဲနေတာပဲ။ ညှစ်ချလိုက်ရင် ရေတစ်ပုံးလောက် ရမယ်လို့တောင် ငါကျိန်ရဲတယ်”

“မင်း မသွားခင် အဲဒါကို ကြိုတောင် မလေ့လာဘူးလား”

“အဲဒါက ခရီးသွားတာမှ မဟုတ်တာ။ ခရီးသွားတယ်ဆိုတာ သွားရင်းနဲ့ သင်ယူရတာလေ။ မသွားခင်ကတည်းက အရာရာကို လေ့လာထားမယ်ဆိုရင် အဲဒီဗဟုသုတတွေက ငါ့ကို ချုပ်နှောင်ထားလိမ့်မယ်။ အဲဒီလိုမျိုးဆိုရင် ခရီးသွားရတာ အဓိပ္ပာယ်မရှိတော့ဘူး။ အိမ်မှာနေပြီး အင်တာနက်က ဓာတ်ပုံတွေကိုပဲ ကြည့်နေလိုက်တော့မှာပေါ့”

“မင်းအရွယ်နဲ့ ဘာရောဂါကြီးကြီးမားမားမှ မဖြစ်ဘဲ ဆေးရုံမရောက်သေးတာ တော်တော်အံ့ဩဖို့ကောင်းတယ်”

“အင်း... ငါ့ခန္ဓာကိုယ်က တောင့်တင်းပါတယ်ကွာ။ အော်... ဆန်တီယာဂို ဒီ ကွန်ပိုစတဲလာ ရှေ့မှာ ငါ ဓာတ်ပုံရိုက်ခဲ့သေးတယ်၊ ကြည့်မလား။ အဲဒါက ဘုရားဖူးခရီးစဉ်အဆုံးမှာရှိတဲ့ ဘုရားကျောင်းကြီးပဲ။ ငါနဲ့အတူပါလာတဲ့ အမေရိကန်လူမျိုးကို ဖက်ပြီး ငါတို့နှစ်ယောက် အတူတူ ငိုခဲ့ကြသေးတယ်”

“ရပါတယ်”

ချွန်းဟို က သူ ကော်ဖီသောက်ထားတဲ့ စက္ကူခွက်အလွတ်ကို ချေမွပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ အဲဒါက နံရံကို ဆောင့်ပြီး အမှိုက်ပုံးထဲ တန်းဝင်သွားတယ်။ ဒါကိုမြင်တော့ ဂျုံဂျင် ကလည်း အဲဒီလိုပဲ လိုက်လုပ်ကြည့်ပေမယ့် မဝင်ဘူး။ စက္ကူခွက် ဝင်သွားတဲ့အထိ ဂျုံဂျင် က သူ့လုပ်ရပ်ကို အကြိမ်ကြိမ် ထပ်လုပ်နေတယ်။ နောက်ဆုံး ဝင်သွားတဲ့အချိန်မှာတော့ သူက 'အခု ငါတို့ကျေသွားပြီ' လို့ ပြောလိုက်တယ်။

ဂျုံဂျင် ကို ကြည့်ရင်း ချွန်းဟို က ပီတာပန် ကို သွားသတိရမိတယ်။ သူက အပြင်ပန်းမှာတော့ အသက်ကြီးလာပေမယ့် အတွင်းစိတ်ကတော့ စွန့်စားချင်စိတ်တွေ မပျောက်သေးတဲ့ စိန်ခေါ်ရတာကို သဘောကျတဲ့ လူငယ်လေးတစ်ယောက်လိုပဲ။ ဒါပေမဲ့ ဒါက သူ အပြစ်ကင်းစင်လွန်းတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

“မင်း ဆေးလိပ်သောက်သေးလား”

“ငါ ဖြတ်လိုက်ပြီ”

“ဘာဖြစ်လို့လဲ”

“ပျင်းစရာကောင်းလို့လေ”

“မင်းက ဆေးလိပ်သောက်တဲ့အထဲမှာ ဘာလို့ ပျော်စရာကို ရှာနေရတာလဲ။ လူတွေက အကြောင်းပြချက်ရှိလို့ ဆေးလိပ်သောက်ကြတာ မဟုတ်ဘူး”

မီးခြစ်ဆံပေါ်က မီးခတ်ကျောက်လေး လည်သွားတဲ့အသံ ထွက်လာတယ်။

“ဒါဆို မင်း ကိုရီးယားကို မပြန်လာခင် တစ်ကမ္ဘာလုံး လျှောက်သွားနေခဲ့တာပေါ့”

“အကြမ်းဖျင်းတော့ ဒီလိုပဲ ပြောရမှာပေါ့။ ငါ အဝေးရောက်နေတာ အရမ်းကြာသွားတော့ အိမ်လွမ်းလာလို့ပါ”

“အိမ်လွမ်းရအောင် ဘာရှိလို့လဲ။ မင်း ခရီးသွားရတာကို ပျင်းလာတာ နေမှာပါ”

အဲဒီစကားကို ကြားတော့ ဂျုံဂျင် က ပြုံးစိစိသာ လုပ်နေတယ်။

“ဒါပေမဲ့ မင်း ရင်းနှီးမြှုပ်နှံသူတွေ ရလာတာတော့ ငါ တော်တော်အံ့ဩတယ်”

“ငါ နည်းနည်းပါးပါး လှုပ်ရှားပြီး ပိုက်ဆံရှိတဲ့သူ တချို့ကို အကူအညီတောင်းလိုက်တာပါ”

“ဘယ်သူက ဖြန့်ချိရေးလုပ်ပေးတာလဲ”

“Lucky လေ”

“အဲဒါက ကုမ္ပဏီအသေးလေးပဲလေ။ သူတို့ ရုပ်ရှင်ရုံ အများကြီးကို ဖြန့်နိုင်မှာ မဟုတ်ဘူး”

“ရုပ်ရှင်နဲ့ပတ်သက်တဲ့ ကောလာဟလတွေ ထွက်လာရင် အဆင်ပြေသွားမှာပါ။ ရေငတ်နေတဲ့သူတွေက ငါ့အတွက် ရေတွင်းတူးပေးကြလိမ့်မယ်”

“မင်းက တော်တော်ယုံကြည်ချက်ရှိနေပုံပဲ”

“တကယ်လို့ အဲဒီလို မဖြစ်လာရင်လည်း... အင်း... ဖြစ်လာတဲ့အတိုင်းပေါ့ကွာ”

“မင်းရဲ့ ရင်းနှီးမြှုပ်နှံသူတွေက အဲဒီစကားကို ကြားရင် တော်တော်သဘောကျကြမှာပဲ”

ချွန်းဟို က တစ်ဝက်လောက်လောင်နေပြီဖြစ်တဲ့ ဆေးလိပ်ကို ဆေးလိပ်ပြာခွက်ထဲ ထိုးချေလိုက်တယ်။ အဲဒီလိုစကားတွေ ပြောလိုက်ပေမယ့်လည်း ဒီရုပ်ရှင်က သေချာပေါက် အောင်မြင်မယ်လို့ ချွန်းဟို တွေးနေမိတယ်။ ဘာလို့လဲဆိုတော့ ဒါရိုက်တာက ဂျုံဂျင် ဖြစ်နေလို့ပဲ။ ဒီလူက သာမန်လူတွေနဲ့ မတူဘူးလေ။ လွန်ခဲ့တဲ့ဆယ်နှစ်ကလိုမျိုး သူ လူတွေကို အံ့ဩမှင်တက်သွားအောင် လုပ်ပြနိုင်ဦးမှာပဲ။

“အချိန်ကျပြီပဲ”

ဂျုံဂျင် က နာရီကို ကြည့်ရင်း ပြောလိုက်တယ်။

“တစ်ယောက်ယောက် လာဖို့ရှိလို့လား”

“အေး။ အော်... မင်းလည်း သူ့ကို သိမှာပါ”

ချွန်းဟို က မေးခွန်းထုတ်နေတဲ့ ဂျုံဂျင် ကို စောင့်နေဖို့ ပြောလိုက်တယ်။ စပ်စုချင်စိတ်တွေ ပေါ်လာတဲ့ ဂျုံဂျင် က ရုံးခန်းထဲမှာ ဂနာမငြိမ်စွာနဲ့ လျှောက်သွားနေတယ်။ သူက တစ်ခုခုကို မသိရရင် တကယ်ကို သည်းမခံနိုင်တဲ့သူလေ။

ငါးမိနစ်လောက်ကြာတော့ အပြင်ဘက်ကနေ အသံတချို့ ကြားလိုက်ရတယ်။ ချွန်းဟို က ရုံးခန်းတံခါးကို ဖွင့်လိုက်တယ်။

“အိုဟို”

ဂျုံဂျင် ပြုံးလိုက်ပြီး အပြင်ဘက်မှာ ရပ်နေတဲ့ ဂျူဟယွန်း ကို ကြည့်လိုက်တယ်။ နားနေတဲ့ ကျောင်းသားတွေကို မုန့်တွေ လိုက်ဝေပေးနေတဲ့ ဂျူဟယွန်း ကလည်း ဂျုံဂျင် ကို တွေ့သွားတော့ အံ့ဩသွားတဲ့ မျက်နှာပေးဖြစ်သွားတယ်။

“ဒါရိုက်တာ”

“ဝိုး... မတွေ့ရတာ တော်တော်ကြာပြီနော် ဂျူဟယွန်း”

“ဒီကို ဘာကိစ္စများရှိလို့ လာတာလဲ”

“ငါ့မှာလည်း အကြောင်းကိစ္စလေးတွေ ရှိလို့ပေါ့”

ချွန်းဟို က ဂျူဟယွန်း ကို အရင်ဆုံး အထဲဝင်လာဖို့ ပြောလိုက်တယ်။ ရုံးခန်းထဲ ရောက်သွားပြီးတဲ့နောက် ဂျူဟယွန်း က သူဆောင်းထားတဲ့ ဦးထုပ်ကို ချွတ်လိုက်တယ်။

“ကော်ဖီသောက်မလား” လို့ ချွန်းဟို က မေးလိုက်တယ်။

“ရပါတယ် ကျေးဇူးပဲ။ ဒါထက် ဒါရိုက်တာ ဘယ်တုန်းက ကိုရီးယားကို ပြန်ရောက်တာလဲ”

“သုံးလလောက်ရှိပြီ ထင်တယ်”

“အဲဒါကို ကျွန်မကို လုံးဝမဆက်သွယ်ဘူးပေါ့လေ”

“ဆောရီးပါကွာ။ ငါ တော်တော်လေး အလုပ်များနေလို့ပါ”

“အဲဒါက ဆင်ခြေတွေပါ။ တကယ်တော့ ရှင် ကျွန်မကို ဆက်သွယ်ဖို့တောင် မတွေးခဲ့ဘူး မဟုတ်လား”

“လုံးဝမဟုတ်ရပါဘူးကွာ။ အစွမ်းထက်တဲ့ အန်းဂျူဟယွန်း ကို ငါက ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ မင်းက ငါ့ရုပ်ရှင်ကို တောက်ပလာအောင် လုပ်ပေးခဲ့တဲ့ ဇာတ်ပို့လေ”

ဂျူဟယွန်း က ကုလားထိုင်တစ်လုံးကို ယူလာပြီး ဆိုဖာဘေးမှာ ထိုင်လိုက်တယ်။ ဂျုံဂျင် နဲ့ ဂျူဟယွန်း။ လွန်ခဲ့တဲ့ဆယ်နှစ်က ဂျူဟယွန်း ကို စူပါစတားအဆင့်အထိ ရောက်လာအောင် လုပ်ပေးခဲ့တဲ့သူက ဂျုံဂျင် ပဲ။ ချွန်းဟို က အဲဒီတုန်းက အဖြစ်အပျက်တွေကို ပြန်တွေးနေမိတယ်။ ဂျုံဂျင် ကတော့ အခုနဲ့ ဘာမှမကွာပေမယ့် အဲဒီအချိန်တုန်းက ဂျူဟယွန်း က တော်တော်လေးကို သိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ယောကျ်ားလေးတစ်ယောက်က စကားလာပြောရင်တောင် မျက်နှာရဲတက်သွားတတ်တဲ့ လူစားမျိုးဖြစ်ပေမယ့် အခုတော့ သူမက ပြောင်းလဲသွားခဲ့ပြီ။ သူမ ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာကို ကောလာဟလတွေကတစ်ဆင့် သူ သိထားတယ်။ အဲဒီလိုကိစ္စတွေ ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတောင် ဒီအနုပညာလောကကနေ ထွက်မသွားဘဲ သူမရဲ့ လမ်းကြောင်းကို ဖောက်ထွက်နိုင်ခဲ့တဲ့အတွက် ချွန်းဟို က သူမကို အထင်ကြီးလေးစားမိတယ်။

“နိုင်ငံခြားကို သွားတယ်လို့တော့ ကြားတယ်။ ဒီမှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”

“ငါလည်း မထင်ထားဘူး။ ချွန်းဟိုအစ်ကိုကြီး ငါ့ကို ဒီခေါ်လာတာ ဒါကြောင့်ကိုး။ ဘာပဲဖြစ်ဖြစ် ပြန်တွေ့ရတာ ဝမ်းသာပါတယ် ဂျူဟယွန်း”

ဂျူဟယွန်း က ဂျုံဂျင် နဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်။

“ဝိုး... မင်းလက်တွေ တော်တော်ကြမ်းသွားတာပဲ။ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကဆို ကလေးလေးတစ်ယောက်လို နူးညံ့နေတာ။ မင်း အခု အသက်သုံးဆယ် ပြည့်ပြီမလား”

“သုံးဆယ့်သုံးနှစ်ပါ။ လက်တွေကြမ်းသင့်တဲ့ အရွယ်ရောက်နေပြီလေ။ လောကကြီးက ဘယ်လိုမျိုးလဲဆိုတာကို ကျွန်မ သင်ယူခဲ့ရပြီ။ ဒါထက် ဒါရိုက်တာကတော့ ဘာမှမပြောင်းလဲသေးဘူးပဲ။ ဝတ်ပုံစားပုံကအစ စကားပြောပုံအဆုံးပေါ့။ မျက်နှာကလည်း ပိုမအိုသွားဘူး။ ကျစ်... ချွန်းဟိုအိုပါး နဲ့ ကျွန်မပဲ အသက်ကြီးသွားသလို ဖြစ်နေပြီ။ သူ့ကို ကြည့်လိုက်ဦးလေ။ ဆံပင်ဖြူတွေလည်း ထွက်နေပြီ၊ အရေတွန့်တွေလည်း ရှိလာပြီ၊ ပြီးတော့ ပိုလည်း ဝလာတယ်”

“အဲဒါက သူ ရုပ်ပိုင်းဆိုင်ရာအရ အရမ်းပင်ပန်းခဲ့လို့လေ။ ငါတို့နှစ်ယောက်လုံး အသက်လေးဆယ်ကျော်တွေဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုက ဒီမှာလာပြီး ကွာခြားသွားတာပဲ”

ချွန်းဟို က ခါးသက်သက် ပြုံးလိုက်တယ်။

“ငါတို့ ဒီလိုမျိုး အတူတူ ပြန်ဆုံရတာ ဆယ်နှစ်လောက် ရှိသွားပြီပေါ့”

“မဟုတ်ဘူး။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က တစ်ခါဆုံဖူးသေးတယ်။ ရုပ်ရှင်ပွဲတော်တုန်းကလေ”

“အာ... ဟုတ်သားပဲ”

အခုလို ကြားလိုက်ရမှပဲ သူ မှတ်မိသွားတယ်။ ဘူဆန် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ သူတို့ဆုံခဲ့ကြပြီး ပိုဂျန်းမာချာ တစ်ခုမှာ သူတို့သုံးယောက်တည်း အရက်သောက်ခဲ့ကြတာလေ။

“ဂျူဟယွန်း... မင်း အဆင်ပြေရဲ့လား”

“အင်း... အဆင်ပြေပါတယ်”

ဂျူဟယွန်း က ဟနေတဲ့ တံခါးပေါက်အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီးမှ စကားစလိုက်တယ်။

“ချွန်းဟိုအိုပါး ပြောတဲ့ ရုပ်ရှင်က ဒါရိုက်တာ့ရဲ့ ရုပ်ရှင်လား”

“အေး... ဟုတ်တယ်”

“ဘာက ရှင် ပြန်လာအောင် လုပ်လိုက်တာလဲ။ ရှင် စီးပွားဖြစ်ရုပ်ရှင်တွေကို စိတ်မဝင်စားဘူးလို့ ကျွန်မ ထင်ထားတာ”

“အသက်ကြီးလာရင် သုံးဖို့ ပိုက်ဆံနည်းနည်းလောက် ရှာချင်လို့ပါ၊ ပြီးတော့ ကမ္ဘာပတ်သွားနေတုန်းကလည်း အရာနှစ်ခုသုံးခုလောက် သင်ယူခဲ့ရလို့လေ။ ဂျူဟယွန်း... အဲဒီနောက်ပိုင်း မင်း အလုပ်တွေ လက်ခံသေးလား”

“ဟုတ်ကဲ့”

“အခုတလော ဘာတွေ ရိုက်နေလဲ”

“လောလောဆယ်တော့ ကျွန်မ နားနေတယ်။ ဇာတ်လမ်းတွဲတစ်ခု ပြီးထားတာဆိုတော့ ရေဒီယိုအစီအစဉ် တစ်ခုပဲ ရှိတော့တယ်”

“အာဟာ... ရေဒီယိုပေါ့။ နောက်မှ ငါ နားထောင်ကြည့်ဦးမယ်”

သူတို့ရဲ့ လတ်တလောကိစ္စတွေအကြောင်း အတော်ကြာအောင် စကားပြောဖြစ်ကြတယ်။ သင်တန်းဆရာကို သင်တန်းသိမ်းဖို့ ပြောဖို့အတွက် ချွန်းဟို က ကြားထဲမှာ ထွက်သွားခဲ့တယ်။

“ဒါဆိုလည်း ငါတို့ အကြောလျှော့ပြီးရင် သိမ်းကြတာပေါ့”

သင်တန်းဆရာနဲ့ ကျောင်းသားတွေ အကြောလျှော့နေတာကို ကြည့်ပြီးတဲ့နောက် သူ ရုံးခန်းထဲကို ပြန်လာခဲ့တယ်။

“ဘန်ဂျူး ရော အဆင်ပြေရဲ့လား”

“မင်းမောင်လေးကို စိတ်ပူနေတာလား”

“ဒါပေါ့”

“သူ အဆင်ပြေပါတယ်။ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီးတော့ ငါ သိပ်မသေချာပေမယ့် သူ့ရဲ့ တုံ့ပြန်မှုတွေကတော့ တကယ်ကို ကောင်းတယ်”

နားထောင်နေတဲ့ ဂျုံဂျင် က ဖြတ်ပြောလိုက်တယ်။

“ဂျူဟယွန်း... မင်းရဲ့မောင်လေးက သူတို့အထဲမှာ ပါနေတာလား”

“ဟုတ်တယ်”

“အာ... အန်ဘန်ဂျူး ပေါ့။ ငါ သူ့ကို မှတ်မိတယ်။ ဒါဆို သူ့ကို ငါ စောင့်ရှောက်ပေးရမှာပေါ့”

“ကျေးဇူးပြုပြီး အဲဒီလို မလုပ်ပါနဲ့။ တကယ်လို့ သူ့ကို သဘောမကျဘူးဆိုရင်လည်း တခြားသူတွေလိုပဲ သဘောထားပြီး အလုပ်ခိုင်းလိုက်ပါ။ တကယ်လို့ သဘောကျတယ်ဆိုရင်တော့ သူ့ကို တစ်ခုခု သင်ပေးလိုက်ပါ။ သူက တခြားသူတွေ သူ့ကို အထူးတလည် ဆက်ဆံတာမျိုးကို သဘောကျတဲ့သူ မဟုတ်ဘူး”

“ကောင်းပြီလေ။ တကယ်တော့ ငါကလည်း စိတ်မဝင်စားစရာကောင်းတဲ့ ကလေးတစ်ယောက်ကို စိတ်ဝင်စားလောက်တဲ့အထိ သဘောကောင်းတဲ့သူ မဟုတ်ပါဘူး”

“အဲဒါကို ကျွန်မ ကောင်းကောင်းကြီး သိပါတယ်”

အဲဒီအချိန်မှာပဲ ဂျုံဂျင် က သူ့ဖုန်းကို ထုတ်လိုက်တယ်။ ပြီးတော့ သူ စာစပို့နေတယ်။

“အင်း... ဒီည မင်းတို့နှစ်ယောက်လုံး ဘာချိန်းထားတာမှ မရှိဘူးဆိုရင် ငါတို့ အရက်နည်းနည်းလောက် သောက်ကြမလား။ အခုတလော ပျင်းစရာကောင်းတဲ့လူတွေနဲ့ပဲ အချိန်ကုန်နေရတော့ ဒီအခွင့်အရေးကို လက်လွတ်မခံချင်လို့ပါ”

သူက သူ့အချိန်ဇယားကို ညှိနေပုံရတယ်။ သူက တခြားသူတွေ သဘောမတူခင်မှာပဲ တစ်ခုခုကို အကောင်အထည်ဖော်တတ်တယ်။ ချွန်းဟို က အဲဒါ တကယ်ကို သူ့စတိုင်ပဲလို့ တွေးလိုက်တယ်။

“ကျွန်မအတွက်တော့ အဆင်ပြေတယ်။ မနက်ဖြန် ရေဒီယိုလည်း မရှိဘူး။ ချွန်းဟိုအိုပါး ရော ဘယ်လိုလဲ”

“တကယ်တော့ ငါက နောက်ထပ်တစ်ယောက်နဲ့အတူ ညစာစားဖို့ စီစဉ်ထားတာ”

ဂျုံဂျင် ခေါင်းမော့လာပြီး မေးလိုက်တယ်။

“ဘယ်သူနဲ့လဲ”

“အစ်ကိုကြီးဂျန်ဆူ နဲ့လေ”

“အို... အဲဒီနာမည်ကို မကြားရတာ တော်တော်ကြာပြီပဲ။ သူရော အဆင်ပြေရဲ့လား”

“ပြေပါတယ်။ သူ မင်းကို ပြန်တွေ့ရရင် ဝမ်းသာနေမှာ သေချာတယ်”

“ဝိုး... လွန်ခဲ့တဲ့ဆယ်နှစ်က အဖွဲ့ဝင်တွေ အတူတူ ပြန်ဆုံကြတော့မှာပေါ့။ အော်... မင်း ဂျောင်းထက် နဲ့ရော အဆက်အသွယ်ရှိသေးလား”

“မွန်းဂျောင်းထက် လား။ ငါ အလုပ်လုပ်နေရင်းနဲ့တော့ သူ့ကို ရံဖန်ရံခါ တွေ့ဖြစ်တယ်။ သူ့ကိုပါ ခေါ်လိုက်ရမလား”

“ဟင်း... သူက ပျော်စရာကောင်းပေမယ့် အသံပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အရမ်းရူးသွပ်လွန်းတယ်။ သူ အလုပ်လုပ်နေပြီဆိုရင် ဘယ်တော့မှ အပြင်ထွက်မလာတတ်ဘူး”

“မင်းက အဲဒီလိုမျိုး ပြောလို့ရမယ့်သူလို့ ငါ မထင်ဘူးနော်”

ချွန်းဟို က ပြုံးလိုက်ပြီး လွန်ခဲ့တဲ့ဆယ်နှစ်က အဖြစ်အပျက်တွေကို ပြန်သတိရသွားတယ်။ 'Spring Calendar' ရဲ့ အဓိကဖန်တီးရှင်တွေ အတူတူပြန်ဆုံကြတော့မယ်ဆိုတာကို တွေးရင်း သူ မသိမသာ ပြုံးလိုက်မိတယ်။

“ဟင်း... ငါ ဟဲဂျူ ကိုလည်း တွေ့ချင်တယ်”

ဂျုံဂျင် ရဲ့ မျက်လုံးတွေက ခဏတာ မှိုင်းကျသွားတယ်။ အဲဒီနာမည်ကို ကြားလိုက်ရတဲ့အချိန်မှာ ချွန်းဟို လည်း မပြုံးနိုင်တော့ဘူး။ ဂျူဟယွန်း လည်း အတူတူပဲ ဖြစ်နေလောက်တယ်။

“ငါတို့ အားလုံး အချိန်လေးပေးပြီး သူ့ဆီ သွားလည်ကြရအောင်”

“ကောင်းပြီလေ”

“ငါတို့ အဲဒီလို လုပ်သင့်တယ်”

သူတို့အတွက် အမှတ်တရတွေ အများကြီးကို ယူဆောင်လာပေးတဲ့ နာမည်တစ်ခုကို ပြောလိုက်မိတဲ့အချိန်မှာ သူတို့သုံးယောက်လုံး ခဏတာ တိတ်ဆိတ်သွားကြတယ်။ အဲဒီအချိန်မှာပဲ ရုံးခန်းတံခါး ပွင့်လာပြီး သင်တန်းဆရာက အထဲကို ချောင်းကြည့်လိုက်တယ်။

“ဆရာ... ကျွန်တော် သူတို့ကို အိမ်ပြန်လွှတ်လိုက်တော့မယ်”

“အော်... အေးအေး။ သူတို့ တော်တော်ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ပြောလိုက်ဦး။ ပြီးတော့ နောက်အပတ် လေ့ကျင့်ရေးကိုလည်း နောက်မကျစေနဲ့လို့ မှာလိုက်ပါ”

“ဟုတ်ကဲ့။ အော်... ပြီးတော့ ဧည့်သည်တစ်ယောက် ရောက်နေပုံရတယ်”

“အစ်ကိုကြီးဂျန်ဆူ ရောက်လာပြီထင်တယ်။ ငါ သွားကြည့်လိုက်ဦးမယ်”

သူ တံခါးကို ဖွင့်ပြီး လေ့ကျင့်ရေးအခန်းအဝင်ဝကို လှမ်းကြည့်လိုက်တယ်။ ဂျန်ဆူ လက်ပြနေတာကို သူ တွေ့လိုက်တယ်။ လေ့ကျင့်ရေးအခန်းထဲကနေ ထွက်လာတဲ့ ကျောင်းသားတွေထဲက တစ်ယောက်က ဂျန်ဆူ ရဲ့ ဘေးမှာ ရပ်နေတယ်။ အဲဒါက မာရူး ပဲ။

“ဒီနေ့ ငါ သူ့ကို ခေါ်သွားမလို့။ အဆင်ပြေရဲ့လား”

“မာရူး ကိုပါလား”

“ဘာဖြစ်လို့လဲ။ ငါတို့ နှစ်ယောက်တည်းဆိုတော့ အရမ်းပျင်းစရာကောင်းနေမှာပေါ့”

ချွန်းဟို က ပခုံးတွန့်ပြလိုက်ပြီး ရုံးခန်းကို လက်ညှိုးထိုးပြလိုက်တယ်။ ဂျန်ဆူ က အထဲမှာ ဂျူဟယွန်း နဲ့ ဂျုံဂျင် ကို တွေ့လိုက်ရလို့ အံ့ဩသွားတယ်။

“ဟေး ဟေး... ပတ်ဂျုံဂျင်”

“ဟားဟား... အစ်ကိုကြီးဂျန်ဆူ။ မတွေ့ရတာ ကြာပြီနော်”

“မင်းကတော့ တော်တော်ဆိုးတဲ့ကောင်ပဲ။ ဘာအဆက်အသွယ်မှလည်း မလုပ်တော့ ငါက မင်း သေပြီလို့တောင် ထင်နေတာ။ ကိုရီးယားကို ဘယ်တုန်းက ပြန်ရောက်တာလဲ”

ဂျန်ဆူ က ပြေးသွားပြီး ဂျုံဂျင် ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်တယ်။

“ကျွန်တော် လိုက်မလာသင့်ဘူး ထင်တယ်” လို့ မာရူး က တည်ငြိမ်တဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။

ချွန်းဟို က ခဏလောက် စဉ်းစားလိုက်ပြီးမှ သူ့ကို လိုက်ခဲ့ဖို့ ပြောလိုက်တယ်။ တကယ်လို့ တခြားတစ်ယောက်ယောက်သာဆိုရင် အိမ်ပြန်ခိုင်းလိုက်မှာဖြစ်ပေမယ့် မာရူး လိုက်လာရင်တော့ အဆင်ပြေလောက်မယ်လို့ သူ ခံစားလိုက်ရတယ်။

“သွားကြစို့။ ဂျူဟယွန်း လည်း ဒီမှာရှိနေတာဆိုတော့ ကောင်းကောင်းမွန်မွန်တစ်ခုခု သွားစားကြရအောင်”

ဂျန်ဆူ က ရယ်မောရင်း ဦးဆောင်ပြီး ထွက်သွားတယ်။ မာရူး က သူ့ကို ကြည့်ပြီး တကယ်ပဲ လိုက်လို့ အဆင်ပြေပါ့မလားလို့ မေးလိုက်တဲ့အချိန်မှာ ချွန်းဟို က မာရူး ရဲ့ ပခုံးကို ဖက်ပြီး ဆွဲခေါ်သွားလိုက်တယ်။

* * * * * * * * *

All Chapters