← Chapters

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း(၃၅၂)

ဆဲဆိုတာက တခြားသူတွေကို နောက်တွန့်သွားစေတယ်။ ဆဲတဲ့သူက အဆဲခံရသူထက် ရာထူးပိုကြီးနေရင် တင်းမာမှုက နှစ်ဆတိုးလာတယ်။ အဲဒီလို အထက်စီးကနေ ဆက်ဆံနိုင်တာက အာဏာကြောင့်ဆိုရင်တော့ ပြန်ပြောဖို့ဆိုတာ အိပ်မက်တစ်ခုလိုပါပဲ။

ဟင်းချက်စင်တွေထဲက တစ်ခုရဲ့အနောက်မှာ ရပ်နေတဲ့ လူတစ်ယောက် မျက်နှာဖြူရော်သွားတယ်။ သူက လက်ထောက်ဒါရိုက်တာကို ရုပ်သေးရုပ်တစ်ရုပ်လို တောင့်တောင့်ကြီး ရပ်ကြည့်နေတယ်။ လက်ထောက်ဒါရိုက်တာက အဲဒီလူကို စူးစူးရဲရဲ စိုက်ကြည့်နေတယ်။

"မင်းအတွက် အရာအားလုံးက နောက်စရာလား"

"တောင်းပန်ပါတယ်"

"မင်းအဲဒီလိုပြောတာ ဒါနဲ့ဆို သုံးကြိမ်ရှိပြီ။ ဟေ့ကောင်၊ ဒီ စကားပြောလေးက အဲဒီလောက်တောင် ခက်နေလား။ မင်းမှာပြောစရာ စကားတစ်ခွန်းပဲရှိတာလေ၊ အဲဒါက မင်းအတွက် အရမ်းခက်နေတာလား။ မင်းကိုယ်မင်း ဘာမှတ်နေလဲ။ နာမည်ကြီး မင်းသားလား။ မင်းက ပြန်ရိုက်ရတဲ့အခန်းတွေ အများကြီးလုပ်ရင်တောင် ငါတို့က နားလည်ပေးရမယ့် မင်းသားလား"

"တောင်းပန်ပါတယ်"

"တောင်းပန်သင့်တာပေါ့။ မင်းကြောင့် လူတွေအများကြီး စောင့်နေရတာ။ မင်း စစ်ထဲမဝင်ရသေးဘူးမလား"

"မဝင်ရသေးပါဘူး"

"ဒါကြောင့် လူတွေက စစ်မှုထမ်းဖို့ လိုတာပေါ့"

အဲဒီလူကို ဆဲဆိုနေတဲ့ လက်ထောက်ဒါရိုက်တာက ဒါရိုက်တာ ခေါ်လိုက်တဲ့အချိန် ကင်မရာဆီကို ပြေးသွားတယ်။ အဆူခံလိုက်ရတဲ့လူက အောက်ကို ငုံ့ကြည့်နေတယ်။ မာရူး စိတ်ထဲကနေ စုပ်သပ်လိုက်တယ်။ ဒီနေရာနဲ့ ကလေးထိန်းကျောင်းကြားက ကွာခြားချက်ကို သူ မပြောတတ်တော့ဘူး။

ရိုက်ကူးရေး စစချင်းတုန်းက လေထုက အဲဒီလောက် မဆိုးသေးဘူး။ ကင်မရာ စလည်သွားတဲ့နောက် လက်ထောက်ဒါရိုက်တာက စိတ်ခံစားချက်ကို ဆွပေးတဲ့ စကားလုံးမျိုးတွေ မသုံးခဲ့ဘူး။ Cue တွေ၊ ကတ် တွေကို ဆက်တိုက်ပြောနေခဲ့ပြီး ရိုက်ကူးရေး အတော်လေး ခရီးရောက်လာတဲ့အချိန်မှာ တစ်ခုခု ပေါက်ကွဲထွက်လာတယ်။

အဲဒါက လီမီယွန်း ပြိုင်ပွဲဝင်နေရာတဝိုက်ကို လျှောက်သွားပြီး ပြိုင်ပွဲဝင်တွေရဲ့ အစားအစာတွေကို အကဲဖြတ်တဲ့ အခန်းပဲ။ သူမရဲ့ စကားပြောကို ပြောခါနီးလေးမှာပဲ အစာသီးပြီး ချောင်းစဆိုးတော့တယ်။ ပါးစပ်ထဲက ထမင်းစေ့တွေက ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ရဲ့ မျက်နှာပေါ်ကို စင်သွားတယ်။ ဝန်ထမ်းတွေက အမြန်ပြေးလာပြီး သူ့ကို တစ်ရှူးတွေ ကမ်းပေးကြပေမယ့် ဇာတ်ရံကတော့ မျက်နှာပေါ်က အရာတွေကို တည်တည်ငြိမ်ငြိမ်ပဲ သုတ်ပစ်လိုက်တယ်။ ဒါက ရိုးရှင်းတဲ့ မတော်တဆမှုတစ်ခုပါပဲ၊ မီယွန်း တစ်ခုခု မပြောခင်အထိ ထူးဆန်းတာ ဘာမှမရှိခဲ့ဘူး။

"မင်း မျက်နှာထားက ဘာဖြစ်နေတာလဲ။ ငါ့ပါးစပ်ထဲက ထွက်လာသမျှက ညစ်ပတ်နေတယ်ပေါ့လေ ဟုတ်လား"

အသက် ငါးဆယ်ကျော် မင်းသမီးတစ်ယောက်က လူမှုအသိုင်းအဝိုင်းထဲကို အခုမှ စဝင်လာပုံရတဲ့ လူတစ်ယောက်ကို ရုတ်တရက် အပြစ်ရှာတော့တယ်။ ဒါရိုက်တာနဲ့ လက်ထောက်ဒါရိုက်တာ အပါအဝင် တခြားဝန်ထမ်းတွေက သူ့ကို တားဖို့တောင် မတွေးရဲကြဘူး။ သူတို့ မတားရဲဘူးလေ။ သူတို့ မျက်နှာကို ကြည့်တာနဲ့ သိသာနေတယ်။

မာရူးရဲ့ အမြင်အရတော့ အဲဒီလူက တော်တော်လေး ကောင်းကောင်း တုံ့ပြန်ခဲ့တာပဲ။ သူ စိတ်ဆိုးတာမျိုး မရှိသလို မျက်မှောင်ကြုတ်တာမျိုးလည်း မလုပ်ဘူး။ မျက်နှာပေါ်က အစားအစာတွေကို အေးအေးဆေးဆေးပဲ သုတ်ပစ်လိုက်တယ်။ 'ခင်ဗျားအတွက်တော့ လန်းဆန်းသွားတာပဲ' ဆိုတာမျိုး သူ ပြောလို့ရတာမှ မဟုတ်တာ။ တိတ်တိတ်လေး နေလိုက်တာက သူ့အနေနဲ့ နားလည်ပေးတဲ့နည်းလမ်းပဲလေ။ လူကြီးတစ်ယောက်အနေနဲ့ တောင်းပန်လိုက်ရင် ပြီးသွားနိုင်တဲ့ကိစ္စကို သူက အပြစ်ရှာဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် အရာအားလုံးက ပိုဆိုးသွားတော့တယ်။

ငါးမိနစ် - အဲဒါက 'မျက်နှာပေါ် ထမင်းစေ့တွေ စင်တာခံလိုက်ရတဲ့' သူ့ရဲ့ 'ပြစ်မှု' ကြောင့် မင်းသမီးဆီကနေ မျိုးစုံသော ဆဲရေးတိုင်းထွာမှုတွေကို အဲဒီလူ နားထောင်ခဲ့ရတဲ့ အချိန်ပမာဏပဲ။ မာရူး အမြင်မှာတော့ အဲဒီလူက ကံမကောင်းရုံပါပဲ။ အဲဒီလူဆီကနေ တာဝန်ယူမှုကို တောင်းဆိုတာက တော်တော်လေး မတရားဘူး။ ကောင်းကင်ကနေ ငှက်ချေးကျလာတာ၊ အဲဒါမှ အရည်တွေ ရွှဲနေတဲ့ဟာမျိုးပေါ့။ အဲဒီကိစ္စကို အဲဒီလို သဘောထားလိုက်ရင် သူ့အတွက် အများကြီး ပိုလွယ်သွားလိမ့်မယ်။ ကံမကောင်းဘူးလို့ပဲ တွေးလိုက်ရင် သူ အနည်းဆုံးတော့ ပြုံးနိုင်သေးတာပေါ့။

ဒါပေမဲ့ အဲဒီနောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကိုတော့ 'ကံမကောင်းတာ' လို့ သတ်မှတ်လို့ မရတော့ဘူး။ မီယွန်းက အဲဒီလူရဲ့စားပွဲရှေ့ ရောက်သွားတိုင်း မျက်မှောင်ကြုတ်တယ်။ သူ့မျက်နှာထားကို မကြိုက်ဘူးဆိုပြီး လက်ကာပြကာ ရိုက်ကူးရေးကို ရပ်ခိုင်းပြီး ပြန်ရိုက်ဖို့ တောင်းဆိုတော့တယ်။ အဲဒီလို ထောက်ပြခံရတဲ့အချိန်မှာ အဲဒီလူက မီယွန်းရှေ့မှာ ပထမဆုံးအကြိမ် သူ့ခံစားချက်ကို ပြသလာတယ်။ သူက ထိတ်လန့်သွားတဲ့ မျက်နှာထား ဖြစ်သွားတယ်။ အဲဒါက ပြဿနာစဖို့ အစပျိုးပေးလိုက်သလိုပဲ။ မီယွန်း နှာခေါင်းရှုံ့လိုက်ပြီး သူ့နေရာကို ပြန်သွားတယ်။ သူ ဘာမှမပြောဘူး။ ဒါပေမဲ့ အားလုံးအတွက်၊ အထူးသဖြင့် ကာယကံရှင်အတွက်တော့ ဒါဟာ ခြိမ်းခြောက်မှုတစ်ခုဆိုတာ ရှင်းနေတယ်။

ကျွန်တော် ခရမ်းသီးနည်းနည်း ပြုတ်ပြီး ဒွဲန်ဂျန်းနဲ့ ရောနယ်ထားပါတယ်။ - အဲဒါက အဲဒီလူရဲ့ တစ်ကြောင်းတည်းသော စကားပြောပဲ။ ရိုက်ကူးရေး ပြန်စတယ်။ အဲဒီလူက အဲဒီစကားပြောကို အဆုံးထိ မပြောနိုင်ဘူး။ မီယွန်းက လက်ကာပြပြီး သူ တော်တော်ဆိုးတယ်လို့ ပြောတယ်။

"မင်း အဲဒီလောက်ပဲ လုပ်နိုင်တာလား။ သရုပ်ဆောင်တာကို မသင်ထားဘူးလား။ မင်း အသံထွက်က ဘာဖြစ်နေတာလဲ။ ကလေးထိန်းကျောင်းက ကလေးတောင် မင်းထက် ပိုကောင်းကောင်း လုပ်နိုင်သေးတယ်။ ငါက မင်းကို အကုန်လုံး လိုက်ရှင်းပြနေရဦးမှာလား။ ဟင်။ အဲဒီလိုလား"

သူမက သူ့ကို သိသိသာသာကို အပြစ်ရှာနေတာ။ အဲဒီလူက အဆုံးထိ သည်းခံနေတာကို တွေ့တော့ သူမက ရွံစရာကောင်းတဲ့ မျက်နှာထားမျိုး လုပ်ပြတာကို မာရူး မြင်လိုက်တယ်။ သူမက ဒီအခြေအနေကို သဘောကျနေပုံရတယ်။ မင်း ဘယ်လောက်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့ - သူမရဲ့ မျက်နှာထားက အဲဒီလို ပြောနေသလိုပဲ။

လက်ထောက်ဒါရိုက်တာ ဝင်ပါလာတဲ့အထိ အဲဒီလိုပဲ ထပ်ခါထပ်ခါ ဖြစ်နေတယ်။ လက်ထောက်ဒါရိုက်တာက အဲဒီလူကို ဆူနေရင်းနဲ့တောင် မီယွန်းကို မျက်စိနဲ့ လိုက်ကြည့်နေတယ်။ သူ့ရဲ့ သစ္စာရှိမှုကို သူမ သိအောင် ပြနေသလိုပဲ။ မီယွန်းက ခပ်ရေးရေး ပြုံးပြလိုက်တဲ့အချိန်မှာတော့ လက်ထောက်ဒါရိုက်တာက အဲဒီလူကို ပိုပြီး အပြစ်ရှာတော့တယ်။ အရင်ခေတ် စစ်တပ်ထဲကအတိုင်းပဲ။ တကယ်လို့ ရေဘူးဖုံးသာ ရှိနေမယ်ဆိုရင် လက်ထောက်ဒါရိုက်တာက သူ့ကို အဲဒီရေဘူးဖုံးနဲ့ ခေါင်းကို ဆောင့်ခိုင်းလောက်တယ်။

မာရူးကတော့ အဲဒီလူရဲ့ တည်ငြိမ်မှုကို ချီးကျူးမိတယ်။ ရိုက်ကူးရေး နှောင့်နှေးအောင် မရှိတဲ့ အမှားတွေကို လိုက်ထောက်ပြနေတာက ထာဝရတော့ ခံမှာ မဟုတ်ဘူးလေ။ မင်းသမီးက ဘယ်လောက်ပဲ နာမည်ကြီးပါစေ၊ ဒီက မင်းသားမင်းသမီးတွေနဲ့ ဝန်ထမ်းတွေ အများကြီးရဲ့ အချိန်ကို သူမ ဆွဲဆန့်ထားလို့ မရနိုင်ဘူး။ တစ်ချိန်ချိန်ကျရင်တော့ သူမဘက်က လျှော့ပေးရမှာပဲ။ သူ အဲဒီလို တွေးမိတယ်။

"မင်းက တကယ်ကို ဘာမှ ပြောင်းလဲမလာဘူးပဲ။ ပြန်လုပ်"

တူတစ်ချောင်းက စားပွဲပေါ်ကနေ လွင့်စင်ပြီး မြေကြီးပေါ် ပြုတ်ကျသွားတယ်။ မီယွန်းက အဲဒီလူကို အကဲခတ်ကြည့်ပြီးမှ လှည့်ထွက်သွားတယ်။ အဲဒီလူကတော့ မြေကြီးပေါ်က တူကိုပဲ ငေးကြည့်နေတယ်။ စောစောလေးကတင် သူ တူကို ကောက်ကိုင်ခဲ့ပေမယ့် အခုတော့ ရုပ်တုကြီးလို အဲဒါကို ငေးကြည့်နေရုံပဲ။

မာရူး ထင်တာ မှားသွားပုံရတယ်။ မာရူး မျက်မှောင်ကြုတ်လိုက်တယ်။ သူမရဲ့ အဆင်သင့်နေရာကို ပြန်ရောက်သွားတော့ မီယွန်းက သူ့မန်နေဂျာနဲ့အတူ ရယ်မောနေတယ်။ သူမရဲ့ လက်တွေက အဲဒီလူဆီကို ညွှန်ပြနေတယ်။

ပရော်ဖက်ရှင်နယ် ဆိုတာ ဒါမျိုးလား။ မီယွန်းက ဂျူနီယာတစ်ယောက်ကို နင်းခြေပြီး ကစားစရာတစ်ခုလို ဆက်ဆံရတာကို တော်တော်လေး ကျေနပ်နေပုံရကာ Cue ကို စောင့်နေတယ်။ ဒါက နောက်ဆုံးအကြိမ် ဖြစ်ဖို့များတယ်။ အဲဒီအချိန်မှာပဲ အဲဒီလူက သူ့ရဲ့ စားဖိုမှူးဦးထုပ်ကို ချွတ်လိုက်ပြီး သူ့နေရာကနေ ထွက်လာခဲ့တယ်။

"ဟေ့ကောင် ခွေးကောင်။ မင်း ဘာလုပ်နေတာလဲ။ မင်းနေရာကို ပြန်သွား" လက်ထောက်ဒါရိုက်တာက ဒီအခွင့်အရေးကို ယူပြီး အော်လိုက်တယ်။

"တောင်းပန်ပါတယ်။ ကျွန်တော် ဆက်မလုပ်နိုင်တော့ဘူး"

အဲဒီလူက ခေါင်းငုံ့ပြီး ပြောလိုက်တယ်။ သူ့မျက်နှာက ဗဟိုခွာစက်ထဲ ရောက်နေသလိုပဲ။ အနည်းငယ် တွန့်လိမ်နေတယ်။ မပေါက်ကွဲရသေးတဲ့ သူ့ရဲ့ စိတ်ပျက်အားငယ်မှုတွေက သူ့တစ်ကိုယ်လုံးကနေ ထွက်ပေါ်နေတယ်။

"အို... ဘုရားရေ။ အခုခေတ် လူငယ်တွေက ဒီလိုတွေလား။ ကြောက်စရာကောင်းလိုက်တာ။ ငါက မင်းကို နည်းနည်းလေး ဆုံးမမိတာနဲ့ ငါ့ကို ပြန်အာခံနေတာလား။ ဒီခေတ် ဖျော်ဖြေရေးလောကကြီးက ဘာတွေ ဖြစ်နေတာလဲ။ တကယ်ကို ခြောက်ကပ်နေတာပဲ"

မီယွန်းက သူကိုယ်တိုင်ပဲ အမှားခံရသူလိုလိုနဲ့ ယပ်ခတ်ရင်း ပြောလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ သူမရဲ့ 'သွန်သင်မှုတွေ' ကို ကာကွယ်ပြောဆိုနေရင်းနဲ့ သူမဆီမှာ ခပ်ရေးရေး လှောင်ပြုံးတစ်ခု ရှိနေတယ်။ တော်တော် ကြည့်ရဆိုးတယ်။ သူမက ကောက်ကျစ်စွာ ကြီးပြင်းလာတာပဲ။ လမ်းကြောင်းပေါ်က လူငယ်တွေကို သူမ မကူညီနိုင်ရင်တောင်မှ အနည်းဆုံးတော့ မပိတ်ပင်သင့်ဘူးလေ။ သူမလို လူမျိုးကို မြင်တော့ မာရူး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတယ်။ သူမလို ကောက်ကျစ်တဲ့သူမျိုး မဖြစ်စေရဘူးလို့ သူ ဆုံးဖြတ်လိုက်တယ်။

လက်ထောက်ဒါရိုက်တာက ဝတ္တရားအရ စကားတချို့ ပြောလိုက်တယ်။ သူ့လေသံကိုက သိသာနေတာပဲ။ သူ့ကို နှင်ထုတ်ဖို့ ရည်ရွယ်ချက် မရှိသလိုလိုနဲ့ သူ ပြောနေတာ။ သူက ဆင်ခြေပေးနေရုံပဲ။ 'ငါ မင်းအတွက် ဒါတွေ ဒါတွေ လုပ်ပေးခဲ့တယ်' ဆိုတဲ့ စကားနည်းနည်းလောက် ပြောပြီး ဟန်ပြနေတာ။

အဲဒီလူ ရိုက်ကွင်းပေါ်ကနေ ထွက်သွားတယ်။ အသက်အောင့်ထားရတဲ့ ဝန်ထမ်းတွေလည်း ပြန်အသက်ရှူနိုင်သွားပြီး အချင်းချင်း တီးတိုးပြောဆိုနေကြတယ်။ ဒါရိုက်တာက ခဏနားဖို့ ကြေညာလိုက်တယ်။ မီယွန်းက ရိုက်ကွင်းရဲ့ ထောင့်တစ်နေရာက ထိုင်ခုံဆီ သွားထိုင်တယ်။ အဲဒါက အဓိကဇာတ်ဆောင်တွေအတွက် သီးသန့်ထားပေးတဲ့ ခုံတွေပဲ။ ဆူယွန်းက သူမအနောက်မှာ ရပ်နေတယ်။ သူမက ကြင်ကြင်နာနာ ပြုံးပြပြီး မီယွန်းရဲ့ ပခုံးတွေကို နှိပ်နယ်ပေးနေတယ်။ မီယွန်းရဲ့ ခပ်ရေးရေး အပြုံးက ရိုက်ကွင်းတစ်ခုလုံးကို ပျံ့နှံ့သွားတယ်။

"နောက်ဆုံးတော့ သူ တစ်ယောက်ကို မောင်းထုတ်လိုက်နိုင်ပြီပဲ"

"ဒါက ပထမဆုံးအကြိမ် ဖြစ်တာမှ မဟုတ်တာ။ အဲဒီ အာဂျီမားက အဲဒီကိစ္စနဲ့ နာမည်ကြီးပဲလေ"

"ဟူး... အဲဒီကောင်လေးကတော့ သနားစရာပဲ။ အဲဒီမိန်းမရဲ့ မျက်စိကျတာကို သူ ခံလိုက်ရတာပဲ"

"ဒါပေမဲ့ ဒီနေ့တော့ တစ်ယောက်တည်းနဲ့ ပြီးသွားမယ် ထင်ပါတယ်"

"ဒါဆိုရင်လည်း ကောင်းတာပေါ့။ ဒါပေမဲ့ သူ့ကို ကြည့်လေ ကြည့်လေ ပိုပြီး ရွံလာလေပဲ"

"မင်းက ဘာတတ်နိုင်မှာလဲ။ ဇာတ်လမ်းတွဲ ဇာတ်ညွှန်းရေးဆရာက သူကလွဲရင် ရွေးစရာမရှိဘူး ပြောတယ် ထင်တာပဲ။ တော်တော် ထူးဆန်းတယ်နော် သိလား။ လူတွေက ဘာလို့များ အဲဒီမိန်းမကို ဆက်သုံးနေကြတာလဲ"

"သူ သရုပ်ဆောင်ကောင်းလို့ပေါ့။ တော်တော်လည်း နာမည်ကြီးတာကိုး။ ငါ့အဖွားက သူ့ကို အရမ်းသဘောကျတာ သိလား။ သူက တအား နူးညံ့သိမ်မွေ့ပြီး မိန်းကလေးတွေအားလုံး သူ့လို နေသင့်တယ်တဲ့လေ"

"အမှန်တရားကိုသာ သိသွားရင် သူ မေ့လဲသွားလောက်တယ်"

"သူ့အကြောင်း ကောလာဟလတွေ ထွက်လာမယ် ထင်လား။ အဲဒီကောင်လေးကတော့ မတရားဘူးလို့ ခံစားရမှာပဲ၊ ဒါပေမဲ့ သူ ဘာတတ်နိုင်မှာလဲ။ ဒီလောကထဲမှာ သူ ဆက်လုပ်ချင်ရင် သည်းခံတာကလွဲပြီး ရွေးချယ်စရာမှ မရှိတာ။ ဒါပေမဲ့ကွာ၊ အဲဒီမိန်းမက သူ့ကို ပြန်မခံနိုင်လောက်ဘူးလို့ ထင်ရတဲ့လူတွေကိုပဲ တကယ်ကို ရွေးချယ်တတ်တာပဲ"

ဒါက ကြိုးတွေ ရှင်းလင်းနေတဲ့ ဝန်ထမ်းနှစ်ယောက်ကြားက စကားပြောသံတွေပဲ။ မီယွန်းက ဇာတ်ရံ သရုပ်ဆောင်တွေကို အနိုင်ကျင့်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး ထင်တယ်။ ဖြစ်နိုင်တာက သူမက အဲဒါကို ပျော်စရာလို့ ထင်နေတာ။ ပြန်မချနိုင်တဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ ကစားရတာက သူမအတွက်တော့ ပျော်ရွှင်မှုတစ်မျိုး ဖြစ်နေမှာပဲ။ ဒီမှာရှိတဲ့ လူတိုင်းထက် သူမကိုယ်သူမ အထက်မှာရှိတယ်လို့ တွေးထားပုံရတယ်။ မာရူး မီယွန်းကို ကြည့်လိုက်တယ်။ အဲဒီမိန်းမက ရိုက်ကွင်းဆိုတဲ့ ဒီရဲတိုက်ကြီးကို အုပ်စိုးထားတာ။ ဒါရိုက်တာတောင်မှ သူမကို ဘာမှမတတ်နိုင်တဲ့သူလေ။ သူမက ဒီနေရာမှာ အမြင့်ဆုံး နေရာယူထားတာပဲ။

"အားလုံးပဲ ဆက်လုပ်ကြရအောင်။ လုပ်နိုင်တယ် မဟုတ်လား"

သရုပ်ဆောင်တာက ကြောက်စရာကောင်းတဲ့ အလုပ်တစ်ခုပဲ။ သူမရဲ့ စက်ဆုပ်စရာကောင်းတဲ့ နည်းလမ်းတွေနဲ့ လူငယ်လေးတစ်ယောက်ကို အခုလေးတင် နှင်ထုတ်လိုက်တဲ့ မီယွန်းက ဝန်ထမ်းတွေနဲ့ သရုပ်ဆောင်တွေကို လန်းဆန်းတဲ့ မျက်နှာထားနဲ့ အားပေးနေတယ်။ အကြောင်းစုံ မသိတဲ့လူတစ်ယောက်က သူမကို ကြည့်မယ်ဆိုရင် သူမကို စီနီယာကောင်းတစ်ယောက်လို့ ထင်သွားမှာပဲ။

ရိုက်ကူးရေး ပြန်စတယ်။ ဒီတစ်ခါတော့ အနိုင်ကျင့်တာမျိုး မရှိတော့ဘူး။ အရာအားလုံး အဆင်ပြေပြေ ပြီးသွားတယ်။ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်က အမှားလုပ်မိပေမယ့် ဒီတစ်ကြိမ်မှာတော့ မီယွန်းက သူမကိုယ်စား ဖုံးကွယ်ပေးလိုက်တယ်။ သူမရဲ့ ကျေးဇူးကို ခံယူလိုက်ရတဲ့ ကောင်မလေးက မျက်နှာဖြူရော်သွားတာကို မာရူး မြင်လိုက်တယ်။ နောက်ထပ် ပစ်မှတ်က သူမများ ဖြစ်နေမလားလို့ တွေးနေလောက်တယ်။

ကံကောင်းစွာနဲ့ ပြဿနာ ဘာမှ မဖြစ်ခဲ့ဘူး။ ကတ်... အိုကေ။ အဲဒီစကားလုံး နှစ်လုံးက ဒါရိုက်တာရဲ့ ပါးစပ်ကနေ ထပ်တလဲလဲ ထွက်လာခဲ့တယ်။ သူ အဲဒီလို လုပ်ဖို့ ရပ်လိုက်တာနဲ့ အခြေအနေတွေ ဆိုးသွားမယ်ဆိုတာ သူ သိနေသလိုပဲ။

နောက်တစ်ယောက်က မာရူး အလှည့်ပဲ။ ကင်မရာက သူ့ရှေ့ကို ရွေ့လာတာကို သူ ကြည့်နေပြီး ဒါရိုက်တာရဲ့ အချက်ပြမှုကို ရတာနဲ့ သူ စလှီးတော့တယ်။ သူက ရွှေဖရုံသီးနဲ့ မှိုနည်းနည်းကို လှီးပြီး ပန်းကန်ပြားပေါ် တင်လိုက်တယ်။ မီးဖွင့်ပြီး အိုးတစ်လုံးကို အပေါ်မှာ တင်လိုက်တယ်။ ကင်မရာက နည်းနည်း လည်သွားတာကို သူ မြင်လိုက်တယ်။ အဲဒါက မီယွန်းနဲ့ ဆူယွန်း အတူလမ်းလျှောက်လာတာကို ရိုက်နေတာ ဖြစ်မယ်။ နောက်ဆုံးတော့ မီယွန်း ရောက်လာတယ်။

"ဒွဲန်ဂျန်း ဟင်းချိုပေါ့။ သူ့ရဲ့ ထူးခြားတဲ့ အရသာ ထွက်လာအောင် လုပ်ဖို့ဆိုတာ ခက်ခဲမှာပဲ၊ ဒါပေမဲ့ ဒီနှစ် ပြိုင်ပွဲဝင်တွေက စိန်ခေါ်ချင်တဲ့ စိတ်ဓာတ်တွေ ရှိကြတယ်။ ကောင်းတဲ့အချက်ပဲ"

"ကျေးဇူးတင်ပါတယ်"

"ဒါပေမဲ့ ဒါက ဘာလဲ"

"ပုစွန်ခြောက်မှုန့်ပါ။ ငံပြာရည်နဲ့ ဟင်းရည်လုပ်တဲ့အချိန်ကျရင် သုံးဖို့ စီစဉ်ထားတာပါ"

"ဟင်း... ပုစွန်ခြောက်မှုန့်လား။ အခု စဉ်းစားကြည့်တော့ ဟိုကောင်လေးကလည်း ဒွဲန်ဂျန်းဟင်းချို လုပ်နေတာ မဟုတ်လား"

မီယွန်းနဲ့ ဆူယွန်းက သူ့ဘေးနားက စားပွဲအနောက်မှာ ရပ်နေတဲ့ လူကို ကြည့်ရင်း ပြောလိုက်ကြတယ်။ သူက ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်ပဲ။ မာရူးကတော့ သူ့ရဲ့ စဉ်းတီတုံးကိုပဲ ကြည့်ပြီး ပါဝင်ပစ္စည်းတွေကို လှီးနေတယ်။ ကတ် ဆိုတဲ့ အချက်ပြမှု ကျလာသရွေ့ အဆင်ပြေမှာပါ။

သူ ဒါရိုက်တာရဲ့ အသံကို စောင့်နေတယ်။ အဲဒီအချိန်မှာပဲ အဓိကဇာတ်ဆောင်နဲ့ စကားပြောနေတဲ့ မီယွန်းက အမှားတစ်ခု လုပ်မိသွားလို့ ပြန်ရိုက်ရတဲ့အခန်း ဖြစ်သွားတယ်။

မာရူး သူကိုင်ထားတဲ့ ဓားကို ချပြီး ခါးကို မတ်လိုက်တယ်။ အသစ်ပြန်ရိုက်ဖို့အတွက် ဟင်းချက်စားပွဲအောက်ကနေ ရွှေဖရုံသီးနဲ့ မှိုအသစ် တစ်စုံကို သူ ထုတ်ယူလိုက်တယ်။ မီယွန်းက တော်တော်လေး မကျေနပ်တဲ့ မျက်နှာထား ဖြစ်နေတယ်။ မီယွန်းက သူ့ဆီကို ချဉ်းကပ်လာတယ်။ မာရူး လှည့်ပြီး သူမကို ကြည့်လိုက်တယ်။

"ဟေး။ မင်း ဓားလှီးတဲ့အသံက နည်းနည်း ကျယ်မနေဘူးလား။ အဲဒါကြောင့် ငါ သရုပ်ဆောင်လို့ မရဘူး။ မင်း ငါ့ကို မကောင်းတဲ့ မျက်နှာထားနဲ့ ကြည့်တာကို ငါ မြင်လိုက်တယ်။ ငါ့ကို အာရုံနောက်သွားအောင် တမင်သက်သက် လုပ်တာလား။ အဲဒီလိုလား"

ဒါပေမဲ့ ဒီနေ့တော့ တစ်ယောက်တည်းနဲ့ ပြီးသွားမယ် ထင်ပါတယ် - ဝန်ထမ်းတစ်ယောက်ဆီကနေ ကြားခဲ့ရတဲ့ အဲဒီစကားလုံးတွေက သူ့ခေါင်းထဲ ပေါ်လာတယ်။ တစ်ယောက်တည်းနဲ့ ပြီးသွားမယ့်ပုံ မပေါ်ဘူး။ သူ့ပါးစပ်ထဲမှာ ခါးသက်သက် အရသာကို ခံစားလိုက်ရတယ်။ သူက ဒီမိန်းမရဲ့ နောက်ထပ် ပစ်မှတ် ဖြစ်နေပုံရတယ်။

"ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် ဒီထက်ပိုပြီး ဖွဖွလေး လုပ်သင့်တာ"

"မင်း အသံကျယ်ကျယ် ထွက်သွားအောင် လုပ်မိတယ်ဆိုတာ မင်း သိတယ်ပေါ့"

"ဟုတ်ကဲ့။ အဲဒီအတွက် တကယ်ကို တောင်းပန်ပါတယ်။ ခင်ဗျားရဲ့ ကြီးကျယ်ခမ်းနားတဲ့ သရုပ်ဆောင်မှုကို ကျွန်တော် အနှောင့်အယှက် ပေးမိသွားသလို ဖြစ်သွားတယ်"

"ဒါဆို အနည်းဆုံးတော့ အဲဒါကို မင်း သိသားပဲ"

"တကယ်တော့ ခင်ဗျားရဲ့ သရုပ်ဆောင်မှုကို ကျွန်တော် ကြည့်နေမိလို့ လက်ကို မထိန်းနိုင်ဖြစ်သွားတာပါ"

"ငါ့ သရုပ်ဆောင်မှုကို ကြည့်နေတယ်"

မီယွန်းရဲ့ နှုတ်ခမ်းတွေ အပေါ်ကို ကော့တက်သွားတာကို သူ မြင်လိုက်တယ်။

"ဟုတ်ကဲ့။ ခင်ဗျား သဘာဝကျကျ သရုပ်ဆောင်သွားတဲ့ပုံစံကို လေ့လာချင်လို့ အာရုံလွင့်သွားတာပါ။ ကျွန်တော့်အလုပ်ကိုပဲ ကျွန်တော် အာရုံစိုက်သင့်တာ"

"ကောင်းပြီလေ... လေ့လာသင်ယူဖို့ ကြိုးစားတာက ပြစ်မှုမှ မဟုတ်တာ"

"အခုလို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်။ အို... ဓားလှီးတဲ့အသံကို တတ်နိုင်သလောက် ကျွန်တော် လျှော့ပါ့မယ်"

"ဟင်း... ရပါတယ်၊ မင်း အဲဒီလို လုပ်စရာ မလိုပါဘူး။ ငါ အခု အဲဒါနဲ့ ယဉ်ပါးသွားပါပြီ။ ငါ့လို မင်းသမီးတစ်ယောက်က အမှားတစ်ခုကို နှစ်ခါ မလုပ်ပါဘူး၊ ဒါကြောင့် အရင်လုပ်သလိုမျိုးပဲ မင်း ဆက်လုပ်လို့ ရပါတယ်။ သရုပ်ဆောင်ပိုင်းက စီနီယာတစ်ယောက်အနေနဲ့ အဲဒီလောက်တော့ ငါ ကူညီပေးရမှာပေါ့"

"အခုလို ကိုယ်ချင်းစာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမှားမဖြစ်အောင် ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"

"အိုကေ။ ဒီခေတ်က ကလေးအများစုနဲ့ မတူဘဲ မင်းက တော်တော်လေး ယဉ်ကျေးတာပဲ။ ဟင်း... ဒီခေတ် လူငယ်တွေက သူတို့ရဲ့ အတ္တနဲ့သူတို့ ရှင်သန်နေကြတာ၊ ငါ့လို အားနွဲ့တဲ့ မိန်းမတစ်ယောက်က သူတို့ကို ရင်ဆိုင်ဖို့ တကယ်ကို အခက်တွေ့ရတယ်"

မာရူး ဘာမှမပြောဘဲ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်တယ်။

"မင်း နာမည် ဘယ်လိုခေါ်လဲ"

"ကျွန်တော့်နာမည် ဟန်မာရူး ပါ"

"အေး... မာရူး။ နာမည်ကောင်းလေးပဲ။ ငါ မှတ်ထားမယ်၊ အကောင်းဆုံး ကြိုးစားပါ။ မင်းက အလားအလာရှိပုံရတယ်"

မီယွန်းက သဘောကျတဲ့ အပြုံးလေးနဲ့ သူ့ပခုံးတွေကို ပုတ်ပေးလိုက်တယ်။ မီယွန်းနဲ့ ဝန်ထမ်းတွေ လူစုကွဲသွားတဲ့အထိ မာရူး သူ့ရဲ့ တည်ငြိမ်တဲ့ မျက်နှာထားကို ထိန်းထားခဲ့တယ်။ အဲဒီနောက် သူ့ဆီကနေ အာရုံစိုက်မှုတွေ လျော့သွားပြီး ကင်မရာကလည်း သူ့ကို မရိုက်တော့တဲ့အချိန်ကျမှ သူ လှောင်ပြုံးလေး ပြုံးလိုက်တယ်။

'ဟုတ်တာပေါ့၊ သေချာပေါက် ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ။ ခင်ဗျား နာမည်ကိုလည်း ကျွန်တော် မှတ်ထားမှာပါ'

မာရူး သက်ပြင်းချလိုက်ရင်း ဓားကို ကောက်ကိုင်လိုက်တယ်။ သူ အကျပ်အတည်းကို ဖြေရှင်းနိုင်သွားပုံရတယ်။ ကန်ထရိုက်တာတွေကို ခေါင်းငုံ့ပေးရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ စိတ်နေသဘောထားက တော်တော်လေး အသုံးဝင်တာပဲ။ သူ လိုချင်သလောက် အတုအယောင် အပြုံးတွေကို ရောင်းစားလို့ ရနေပြီလေ။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ မာနက အခုအချိန်မှာတော့ တော်တော်လေး ဈေးပေါနေတာကိုး။

"အဆင်သင့် လုပ်ထားကြ"

ဒါရိုက်တာက အော်လိုက်တယ်။

* * * * * * * * *

All Chapters